ကျေးဇူးမှတ်တမ်း

မင်္ဂလာနှစ်သစ်ပါရှင်....
ဒီဇင်ဘာဆောင်းတညမှာ နှင်းကိုစပြီး ဖန်တီးခဲ့တာမို့ မှတ်မှတ်ရရ သင်္ကြန်ကြိုဖြစ်တဲ့ ဒီနေ့လေးမှာတော့ ဒီဘလော့လေးရဲ့ သက်တမ်းကလဲ လေးလ တိတိပြည့်ပါတယ်။
နှင်းနဲ့မာယာ ဘလော့လေးကို စပြီးရေးခဲ့တဲ့ အချိန်ကစလို့ ဒီနေ့အထိ အကြောင်းအရာမျိုးစုံနဲ့ ပို့စ်ပေါင်း ၇၀ တိတိကို ရေးဖြစ်ခဲ့ပါတယ်။

တကယ်တော့ စာရေးချင်တဲ့ ဝါသနာလေးတစ်ခုကြောင့် လူမသိ သူမသိ စာတွေရေးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘလော့ပင်လယ်ပြင်ကြီးထဲက ဝါသနာတူ ဘလော့မိတ်ဆွေတွေ အများကြီးဆီက အားပေး ကူညီမှုတွေ ရခဲ့ပါတယ်။ ခွန်အားတွေ ရခဲ့ပါတယ်။

စာတွေစရေးတဲ့ အချိန်ကစလို့ ဘလော့ပေါ်မှာ ကောက်ရခဲ့တဲ့ သူငယ်ချင်းတွေ...
ခင်မင်လေးစားရတဲ့ ဘလော့ရေးဖော်ရေးဖက် မိတ်ဆွေတွေ ရဲ့ စဉ်ဆက်မပြတ် အားပေးမှု ကူညီဖေးမမှုတွေကို
ရင်ထဲကနေ လေးလေးနက်နက် ကျေးဇူးတင်မိတာကို အရင်ဆုံးပြောပါရစေ။

ဒီကျေးဇူးမှတ်တမ်းလေးကတော့....
မအားလပ်တဲ့ ကြားက အချိန်တွေပေးပြီး စာလာဖတ်ကြတဲ့ စာဖတ်သူတွေအားလုံး ....
အချိန်တွေလုပြီး စာတွေရေးနေရင်းက ရတဲ့အချိန်လေးတွေမှာ
လာရောက်အားပေးကြတဲ့ လက်တွဲခေါ်ခဲ့ကြတဲ့
ဘဝတူ ဘလော့ဂါ ညီအကို မောင်နှမများ အားလုံး...
အသိအမှတ်ပြုပြီး လင့်ခ်လုပ်ပေးခဲ့ကြတဲ့ စာရေးဖော်များ...
စီဘောက်စ်တွေမှာခြေရာ ချန်ခဲ့တဲ့ စာဖတ်သူများ....
အသံမပေးပဲ တိတ်တဆိတ် လာလည်ပြီး စာတွေဖတ်ခဲ့သူများ ....
ဘာတွေပဲရေးရေး အမြဲအားပေးနေတတ်တဲ့ နှင်းရဲ့ ချစ်သူငယ်ချင်းများ...
ခင်မင်မှုနဲ့ လာရောက်အားပေးသူများ...
မသိမမြင်ဖူးပေမယ့် တကူးတက အားပေးကြသူများ...
စာတွေရေးနိုင်ဖို့ အမြဲတမ်း အားပေးကူညီခဲ့သူတစ်ဦး...
မေးလ်ကနေတဆင့် ဖတ်ပြီး အားပေးနေခဲ့တဲ့ နှင်းရဲ့မိသားစုနဲ့
ဘလော့လေး ဖြစ်မြောက်ရေးအတွက် အစမှအဆုံးအထိ
အသံတိတ် ကူညီခဲ့တဲ့ ကူညီနေဆဲဖြစ်တဲ့ ကျေးဇူးတင်မခံချင်တဲ့ ဘလော့ဂါ ကိုကြီး...
တို့အတွက်ပါ....

နှင်းအနေနဲ့ အခုလို လေးစားစွာ လှိုက်လှဲစွာ ရင်ထဲက ကျေးဇူးတင်ချင်တဲ့ ကျေးဇူးတင်မိတဲ့ အဓိက အကြောင်းအရာလေး တစ်ခုလဲ ရှိပါသေးတယ်...

ကဗျာတို ကဗျာရှည် အပါအဝင် ဘယ်လိုပို့စ်မျိုးကိုပဲ ဖတ်ဖတ် ပို့စ်တစ်ခုကို သေသေချာချာ ဖတ်မယ်ဆိုရင် စာဖတ်သူအနေနဲ့ မိမိရဲ့ ကိုယ်ပိုင်အချိန်တစ်ခုကို စပြီးရင်းနှီးရပါတယ်။

နောက်တဆင့်အနေနဲ့ မိမိရောက်ရှိကြောင်း စီဘောက်စ်မှာ မှတ်တမ်းရေးမယ်ဆိုရင် ပို့စ်လေးအပေါ် ကောမန့်ပေးမယ်ဆိုရင်လဲ ထိုက်တန်တဲ့ အချိန်တခုကို ထပ်ပြီးပေးရပါတယ်။

ဒီပို့စ်လေးကိုရေးနေချိန်မှာ ကောင်တာမှာပြနေတဲ့ ကိန်းဂဏန်းအရေအတွက် တစ်ခုအရ စာဖတ်သူတွေ နှင်းအတွက် ပေးခဲ့ကြတဲ့ အချိန်တွေကိုလဲ မှန်းဆ တွက်ချက်မိပါတယ်။ ကြည်နှုးခြင်းအပြည့်နဲ့ ထပ်ပြီး ဝမ်းသာ ကျေးဇူးတင်မိပြန်ပါတယ်။

တန်ဘိုးရှိလှတဲ့ အချိန် မိနစ်တိုင်း စက္ကန့်တိုင်းကို ရင်းနှီးလို့ ပို့စ်တိုင်းကို ရင်ထဲကနေ ခံစားပြီး ဖတ်ခဲ့ကြတဲ့ စာဖတ်သူများအားလုံးကို ဒီပို့စ်လေးကနေ တဆင့် လေးစားစွာ ခင်မင်စွာ အသိအမှတ်ပြုပြီး အထူးကျေးဇူးတင်မိပါတယ်။

စာဖတ်သူအားလုံး မင်္ဂလာရှိသောနှစ်သစ်မှာ စိတ်ရော ကိုယ်ပါ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။


3 comments:

ATN said...

၎ လပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင် ဆက်လက် ဘလော့နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်...

yehtutnaung said...

လေးလပြည့်မှသည် စိတ်ရောကိုယ်ပါ ဆန္ဒရှိသ၍ blogging လုပ်နိုင်ပါစေလို့  ဆုတောင်းလိုက်ပါတယ်ဗျာ။

thaingarra said...

ယုံကြည်ရာ တလျှောက်

အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း

ဆုတောင်းပေးပါတယ် မနှင်းရေ ... :)

My Blog List