အားငယ်သူအားပေးပါ


World Down Syndrome Day- awareness walk
ဆိုတဲ့ ဖိတ်စာလေးကိုကြည့်ပြီး သွားဖို့မသွားဖို့ စဉ်းစားနေမိပါသည်။ တီရှပ်ဆင်တူဝတ် ဦးထုတ်ဆင်တူဆောင်းပြီး သတ်မှတ်ထားတဲ့ စုရပ်နေရာမှာ စုပေါင်းလမ်းလျှောက်ကြမယ်။ မီဒီယာတွေကလာပြီး သတင်းယူကြမယ် ဓါတ်ပုံတွေရိုက်ပြီး သတင်းစာတွေ တီဗီအစီအစဉ်တွေမှာ ထည့်ကြမယ်။

ရောဂါခံစားနေရတဲ့ ဝေဒနာရှင်နဲ့ သူတို့မိသားစုတွေကို အလေးအနက်ထားပြီး အသိအမှတ်ပြုနေတဲ့သူတွေရှိကြောင်းပြမယ်။ နိုင်ငံကြီးသားတွေပီပီ (Humanity) လူသားချင်းစာနာထောက်ထားမှုကို ပြကြမယ်။ပြီးတော့ ဒီလမ်းလျှောက်ပွဲလေးမှာ အခြားသောရည်ရွယ်ချက်လေးတွေလဲ ရှိရင်ရှိနေနိုင်တာမို့ အချိန်ရရင်တော့ ဒီလမ်းလျှောက်ပွဲလေးကို သွားဖို့ဆုံးဖြတ်လိုက်မိပါသည်။

မေးလ်နဲ့အတူ ပူးတွဲပေးပို့လာတဲ့ လင့်ခ်လေးထဲက ကလေးတွေရဲ့ ဓါတ်ပုံလေးတွေကို တဆက်တည်း တွေ့လိုက်မိချိန်မှာ တော့တစ်ခါတုန်းက Volunteer လုပ်ခဲ့ဘူးတဲ့ CSR ( Corporate Social Responsibility) Activity တစ်ခုကိုပြန်ပြီး အမှတ်ရလိုက်မိပါသည်။

တခါတုန်းက Al Noor ကျောင်းမှာ ကလေးတွေကို ခရစ္စမတ်အထိမ်းအမှတ် ပါတီလေးလုပ်ပေးဖို့ Volunteer တွေခေါ်တာမို့ သူငယ်ချင်းတွေနဲ့ အတူလိုက်သွားဖြစ်ခဲ့ပါသည်။ ဒူဘိုင်းမှာရှိတဲ့ Al Noor ကျောင်းကတော့ ( Center for children with special needs) အထူးပြုစုစောင့်ရှောက်မှု လိုအပ်တဲ့ ကလေးတွေအတွက် သီးသန့်ဖွင့်ထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မသန်မစွမ်းဖြစ်နေတဲ့ ကလေးပေါင်း နှစ်ရာ ကျော်နဲ့အတူ ကလေးတွေကို အနီးကပ် ပြုစုစောင့်ရှောက်နေကြတဲ့ ဆရာမပေါင်း ၁၀၀ ကျော်ရှိပါသည်။

Al Noor ကျောင်းကို မရောက်ခင်လေးအထိ ကျွန်မသိခဲ့တာက ကလေးတွေဆိုတာ ကြယ်ပွင့်သေးသေးလေးတွေ ကောင်းကင်မှာ မှိတ်တုတ်မှိတ်တုတ် လင်းနေတဲ့ ကြယ်သေးသေးလေးတွေ ပြီးတော့ အနာဂတ်အတွက် အိပ်မက် ပိုင်ရှင်လေးတွေလေ။ သူတို့ဆီမှာ ယုံကြည်ချက်တွေကိုယ်စီရှိကြသလို အိပ်မက်တွေလဲ ကိုယ်စီကိုယ်စီ ပိုင်ဆိုင်ကြပါသည်။ကျွန်မတို့ကလဲ ကျွန်မတို့ ပတ်ဝန်းကျင်က ကလေးလေးတွေအတွက် အိပ်မက်တွေဝိုင်းမက်ပေးတတ်ကြသလို ယုံကြည်ချက်တွေလဲ အများကြီး ထားပေးတတ်ကြပါသည်။

ဒါပေမယ့် Al Noor ကျောင်းက ကလေးတွေကို တွေ့လိုက်ရတဲ့ အချိန်မှာတော့ ကလေးတွေနဲ့ ပက်သက်ပြီး တွေးထင်ထားတဲ့ အတွေးအချို့ မျှော်လင့်ချက်အချို့ လွဲမှားနေတာကို သိလိုက်ရပါသည်။ Al Noor ကျောင်းက ကလေးလေးတွေက အခြားကလေးတွေနဲ့ မတူ ကြယ်ပွင့်လေးတွေချင်းအတူတူ မလင်းလက်နိုင်တဲ့ ကြယ်ပွင့်လေးတွေ ဘဝအိပ်မက်တွေမက်ခွင့်ရှိတယ်ဆိုပေမယ့် အိပ်မက် ပျောက်ဆုံးနေတဲ့ကလေးတွေ ဖြစ်နေခဲ့ပါသည်။




ကစားပွဲ အစီအစဉ်မစခင်လေးမှာ ခန်းမကျယ်ကြီးထဲကို တဖွဲဖွဲ ဝင်လာတဲ့ ကလေးတွေကို မြင်လိုက်တဲ့ အချိန်လေးမှာတော့ ကျွန်မရင်ထဲမှာ ဖော်ပြလို့မရတဲ့ ဝေဒနာဆိုးတစ်ခုနဲ့ အတူ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းစိတ်ကို ထိန်းလို့မရခဲ့ပါ။



ကျွန်မမြင်တွေ့လိုက်တဲ့ ကလေးတွေကတော့ စကားမပြောနိုင်တဲ့ ကလေးလေးတွေ လမ်းမလျှောက်နိုင်တဲ့ ကလေးတွေ။ တချို့ကလေးလေးတွေဆိုရင် အိပ်ယာထဲမှာ အိပ်နေသလို မိန်းမောနေကြပြီး အာရုံခံစားမှုလုံးဝ မရှိကြပါ။ ကလေးအားလုံးနီးပါးက ဝှီးချဲ အကူအညီနဲ့ ခန်းမကြီးထဲကိုဝင်လာတာဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ လမ်းလျှောက်ပြီး ဝင်လာနိုင်တဲ့ကလေးတွေကို လိုက်ရေတွက်မိတော့ လက်ဆယ်ချောင်းတောင်မပြည့်ချင်ပါ။ အထူးသဖြင့် ကျွန်မတွေ့ခဲ့ရတဲ့ Al Noor ကျောင်းက ကလေးအများစုက Down Syndome ဝေဒနာသည်လေးတွေဖြစ်နေခဲ့ပါသည်။



Down Syndome ဝေဒနာသည်တွေရဲ့ အဓိက အားနည်းချက်တွကတော့ ရုပ်ပိုင်းဆိုင်ရာမှာ မြင်ရုံကြည့်ရုံနဲ့ Down Syndome ဝေဒနာသည်မှန်းသိသာစေတဲ့ အားနည်းချက်အချို့နဲ့ ပညာသင်ယူဖို့အခက်အခဲ ကြီးကြီးမားမားဖြစ်စေတဲ့ အသိဥာဏ်ပိုင်းဆိုင်ရာ အားနည်းချက် တွေပဲဖြစ်ပါသည်။ သူတို့အနေနဲ့ သာမန်လူသားတွေလိုပဲ လှုပ်ရှားသွားလာနိုင်ကြပါသည်။ သာမန်နေထိုင်ကြီးပြင်းခွင့်ရှိပါသည်။ သို့သော် အခြား ကျန်းမာသန်စွမ်းသူတွေလိုတော့ အနာဂတ်အတွက် အိပ်မက်မက်ခွင့် မရှိကြပါ။ သူတို့အတွက် သတ်သတ်မှတ်မှတ် ရွေးချယ်ထားတဲ့ လျှောက်စရာလမ်းတွေမရှိသလို အကောင်အထည်ဖော်စရာ အိပ်မက်တွေလဲ ပျောက်ဆုံးနေပါသည်။



ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ကလေးတွေနဲ့ ကစားဖို့အတွက် သွားခဲ့တာဆိုပေမယ့် တကယ်တမ်းမှာတော့ ကျွန်မတို့နဲ့ ကစားနိုင်တဲ့ ကလေးအရေအတွက်က အင်မတန် နည်းပါးခဲ့ပါသည်။ကလေးတွေအတွက် အလွယ်ကူဆုံးဖြစ်တဲ့ ကစားနည်းတွေကို ကြိုတင် စီစဉ်ထားပေမယ့် လက်တွေ့ကျကျ ကစားကြချိန်မှာတော့ ရိုးရှင်းလွန်းတဲ့ ကစားနည်းတွေကိုတောင် လူကြီးတွေ အကူအညီနဲ့ တော်တော်ခက်ခက်ခဲခဲ ကစားခဲ့ရပါသည်။



အဲဒီနေ့က ကျွန်မတို့ရောက်နေခဲ့တဲ့ ခန်းမကျယ်ကြီးထဲမှာ ကလေးတချို့ ငိုနေခဲ့ကြသလို တချို့ကလေးတွေကျတော့ ငိုလို့တောင်မရကြပါ။တစ်ချို့ကလေးတွေက တွေဝေငေးမောပြီး ငြိမ်သက်နေခဲ့ သလို တစ်ချို့ကလေးတွေကျတော့ ဝှီးချဲပေါ်မှာ အိပ်မောကျနေသလို မိန်းမောနေခဲ့ကြပါသည်။

ကျွန်မဓါတ်ပုံတွေ လိုက်ရိုက်နေဆဲမှာပဲ ကျွန်မရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ကလေးတစ်ယောက် ခုံပေါ်မှာ ထိုင်နေရင်း ဝုန်းကနဲ ပြုတ်ကျပြီး အတွင်းတက် တက်သွားတာကိုတွေ့လိုက်ရပြန်ပါသည်။ ကလေးကို လှမ်းထူဖို့ ထိုင်ချလိုက်ချိန်မှာ ဆရာမတွေရောက်လာပြီး ကလေးကို ပြုစုနေတာမို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ မျက်နှာလွဲမိပေမယ့် ကျွန်မရဲ့ စိတ်တွေက ကောဇောပေါ်မှာ ခွေခွေလေးလဲနေတဲ့ သုံးနှစ်အရွယ် ကလေးလေးဆီမှာ ကျန်နေခဲ့ပါသည်။

ကလေးကို သနားစိတ်နဲ့ ရုတ်တရက် မျက်ရည်တွေဝိုင်းလာတာမို့ လူတွေရှေ့မှာ မျက်ရည်မကျမိအောင် ကျောခိုင်းပြီး လှည့်ထွက်မိချိန်မှာ “ဒီကလေးက ဒီတစ်ကြိမ်နဲ့ဆိုရင် ဒီနှစ်ထဲမှာ ဒုတိယအကြိမ်ပဲ ဆေးရုံသွားမှဖြစ်မယ်”ဆိုတဲ့ ဆရာမတစ်ယောက်ရဲ့ အသံက ကျွန်မနောက်နားကျောမှာ ခပ်ဝါးဝါးကျန်နေခဲ့ပါသည်။

ကလေးတွေနဲ့ လမ်းခွဲပြီး ပြန်လာချိန်မှာတော့ ကားပေါ်မှာ သူငယ်ချင်းတွေနဲ့ အတွေ့အကြုံဖလှယ်ဖြစ်ကြပါသည်။ ခပ်နောက်နောက်သူငယ်ချင်းတစ်ယောက်က ဘယ်သူတွေငိုခဲ့ကြလဲ ငိုခဲ့တဲ့သူ လက်ထောင်လို့မေးရင်း သူကိုယ်တိုင်ပါ လက်ထောင်ပြလာတော့ သူငယ်ချင်းတွေ အားလုံးနီးပါး လက်ထောင်ပြီး ကလေးတွေနဲ့ကစားရင်း စိတ်မထိန်းနိုင်လို့ မျက်ရည်ကျမိခဲ့တယ်တဲ့။

“ငါ့မှာလဲ ကလေးနှစ်ယောက်ရှိတယ် ဒီကလေးတွေကို တွေ့တော့ ဘယ်လိုမှ မခံစားနိုင်ခဲ့ဘူး”လို့ ပြောရင်း ထပ်ငိုတဲ့သူက ကလေးတွေကို မျက်နှာဆေးခြယ်ပေးခဲ့တဲ့ ကောင်လေးတစ်ယောက်။ ကလေးတွေကို မျက်နှာမှာ ဆေးခြယ်ပေးနေခဲ့ဆိုတော့ စုတ်တံကိုင်ရင်း တချိန်လုံးအလုပ်ရှုပ်နေတာမို့ သူ့အတွက် ငိုချိန်မရခဲ့ပါတဲ့။

အပြန်လမ်းတစ်လျှောက်လုံးမှာတော့ ကလေးတွေနဲ့ပက်သက်ပြီး အခြားစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို ကျွန်မတို့ ဆက်ပြီးဆွေးနွေးဖြစ်ခဲ့ကြပါသည်။
အထူးသဖြင့် ကျွန်မတို့ နေ့စဉ်မြင်တွေ့နေရတဲ့ ကလေးတွေကို ဆူတဲ့ ရိုက်တဲ့ကိစ္စ အော်တဲ့ဟောက်တဲ့ ကိစ္စတွေဖြစ်ပါသည်။

တကယ်ဆို ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိနေကြတဲ့ ကလေးတိုင်း ပြေးလွားဆော့ကစားခွင့်မရှိပါ ။ ဆူပူအော်ဟစ်ခွင့်မရှိကြပါ။ ကဗျာရွတ်ခွင့်မရှိပါ သီချင်းဆိုခွင့်မရှိပါ ပုံပြင်နားထောင်ဖို့ အခွင့်အရေးမရှိကြပါ။

ကျန်းမာရေးကောင်းတဲ့ ကလေးတွေမှသာ ငိုခွင့်ရှိပါသည် ပြေးလွားကစားခွင့်ရှိပါသည် ဆူညံအော်ဟစ်ခွင့်ရှိပါသည်။ သီချင်းဆိုခွင့် ကဗျာရွတ်ခွင့်ရှိပါသည် ပုံပြင်တွေနားထောင်ခွင့်ရှိပါသည်။

ဒါတွေကို လူတိုင်းလဲ မသိနိုင်ကြပါ။ ကျွန်မကိုယ်တိုင်လဲ အရင်အချိန်တွေတုန်းက မသိခဲ့ပါ။ ကလေးကို အလွန်အမင်းချစ်စိတ်နဲ့ ကလေးတွေ ငိုမှာကို တချိန်လုံးစိုးရိမ်နေခဲ့ဘူးပါသည်။ ကလေးတွေရဲ့ ငိုသံတွေကို မခံစားနိုင်အောင်လဲ ကျွန်မနှလုံးသားက ပျော့ညံ့ခဲ့ဘူးပါသည်။

ငိုဖို့ မစွမ်းတဲ့ ကလေးတွေ မငိုနိုင်လောက်အောင်ကို ကျန်းမာရေးချို့ယွင်းနေတဲ့ ကလေးတွေတွေကို တွေ့လာချိန်ကျမှ ငိုနိုင်တဲ့ ကလေးတွေကိုတွေ့တိုင်း ငိုနေတဲ့ ကလေးတွေကို တွေ့တိုင်း သူတို့ပိုင်ဆိုင်ထားတဲ့ ကျန်းမာခြင်းဆုလာဘ်အတွက် ဝမ်းသာမိပါသည်။

ကျွန်မတို့ လူ့ဘောင်အဖွဲ့အစည်းမှာ
အစာငတ်မွတ်နေတဲ့ ကလေးတွေကို လမ်းမှာတွေ့ခဲ့ရင် အစာကျွေးခွင့် ရှိပါသည်။
အဝတ်အစားချို့နေတဲ့ ကလေးတွေကို အဝတ်အစားဝယ်ပေးခွင့်ရှိပါသည်။
ပညာရေးချို့တဲ့နေတဲ့ကလေးတွေကို ပညာဒါန ပြုခွင့်ရှိပါသည်။
အကျင့်စာရိတ္တချို့တဲ့နေတဲ့ ကလေးတွေကို လမ်းပေါ်မှာတွေ့ရင် စိတ်ဓါတ်ကောင်းအောင် ပြုပြင်ပေးခွင့်ရှိပါသည်။
မိဘမဲ့ ခိုကိုးရာမဲ့ဖြစ်နေတဲ့ကလေးတွေကို တွေ့ခဲ့ရင် ခေါ်ပြီး ကျွေးမွေးစောင့်ရှောက်ခွင့်ရှိပါသည်။

လဲနေသူကို ထူပေးခွင့်ရှိပါသည်။ စိတ်ဓါတ်ကျ အားငယ်သူတွေကို အားပေးခွင့်ရှိပါသည်…

အသက်ရှင်လျှက် ဘဝသေနေတဲ့ ကလေးတွေအတွက်တော့ ကျွန်မတို့ဘက်က ကူညီပေးချင်သည့် တိုင်အောင် လုပ်ပေးနိုင်တဲ့ အခွင့်အလမ်းနည်းပါးလွန်းပါသည်။

ဆေးဝါး နည်းပညာနဲ့ သိပ္ပံပညာရပ်တွေမှာ အံ့သြဖွယ်ကောင်းလောက်အောင် တိုးတက်နေချိန်ဖြစ်ပေမယ့် ဝေဒနာသည် ကလေးငယ်များကို ပြုံးအောင်ရယ်အောင်လုပ်ဖို့ ငိုအောင်လုပ်ဖို့အတွက် မိဘများနဲ့အတူ လူမှုရေးအဖွဲ့အစည်းပေါင်းများစွာမှ ရွှေငွေ စည်းစိမ်တွေ ပုံအောပြီး ကြိုးစားနေကြဆဲ… ယနေ့ချိန်အထိ အကောင်းဆုံးကုသပေးနိုင်မယ့် နည်းလမ်းတွေ ရှာနေကြဆဲ ဖြစ်ပါသည်။

ကလေးချင်း အတူတူဆိုပေမယ့် အခြားကလေးတွေလို အိပ်မက်မက်ခွင့်မရှိတဲ့ ကလေးတွေ…
ကြယ်ပွင့်ချင်းအတူတူဆိုပေမယ့် အခြားကြယ်ပွင့်လေးတွေလို အရောင်မတောက်ပတဲ့ ကြယ်ပွင့်လေးတွေ….
အခန်းကျယ်ကြီးရဲ့ ထောင့်တစ်နေရာမှာ ငြိမ်သက် မိန်းမောနေတာကို ပြန်မြင်ယောင်နေရင်း ဖော်မပြနိုင်တဲ့ ဝေဒနာတစ်ခုနဲ့အတူ ဝမ်းနည်းနာကျင်နေရဆဲ....


(Down Syndome အပါအဝင် အခြားအခြားသော ဝေဒနာဆိုးတွေ ခံစားနေရတဲ့ ကလေးတွေ လျော့နည်းစေဖို့ ဆန္ဒပြုရင်း ဒီပို့စ်လေးကို မတ်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ World Down Syndome Day အမှတ်တရ ရေးပါသည်။)

15 comments:

Anonymous said...

ကိုယ်တိုင်မြင်တွေ့ရသလိုခံစားမိပြီး မျက်ရည်တလည်လည်နဲ့ ဖတ်သွားခဲ့ပါတယ်
သားသမီးရတနာ ဒါကြောင့်လည်း မိဘတွေက ဆုတောင်းကြတာနေမှာနော်

စာများရေးပေးကြသော ဘလော့ဂါများအား
ကျေးဇူးတင်စွာဖြင့်

seesein

သူကြီးမင်း (တုံးဖလား) said...

ဖတ်ရတာ စိတ်မကောင်းဖြစ်မိတယ်။ ကလေးချင်းတူပေမဲ့ ကလေးအခွင့်အရေးအပြည့်အ၀ မရရှာကြဘူး။ တစ်သက်လုံးလဲ လူ့ဘ၀ဆိုတာကြီးကို သူတို့ ဘယ်လိုမှ ခံစားနားလည်လို့ ရမှာ မဟုတ်တော့ဘူး။ အော်... ဒီလို ကလေးတွေအကြောင်း ဖတ်ရကြားရပြန်တော့လဲ ခြေလက်အင်္ဂါအစုံအလင် သန်သန်မာမာနဲ့ မွေးဖွားပေးခဲ့တဲ့ မိဘကျေးဇူးနှင့်ကိုယ်ပိုင်ကံတရားကို ကျေးဇူးတင်လို့မဆုံးဖြစ်မိပါတော့တယ်။

မြစ်ကျိုးအင်း said...

ထူးခြားတဲ့ သူတို့ရဲ့ မျက်နာသွင်ပြင်က မြင်ရသူ စိတ်မကောင်း စရာပါပဲ။ အရွယ်အလိုက် အများနည်းတူ ရှင်သန်ခွင့်မရကြတဲ့ သူတို့ အတွက် အနာဂါတ်လှပါပစေလို့ ဆုတောင်းပါတယ်။ ခေတ်မှီဆေးဝါးတွေ ပေါ်ပေါက် ပြီး ကျန်ရှိနေတဲ့ ဘဝသက်တမ်းကို အများနည်းတူ ဖြတ်သန်းခွင့် ရစေချင်ပါတယ်။
ခဏတာဖြစ်ဖြစ် သူတို့ပျော်ရွှင်အောင် စွမ်းဆောင် ပေးတာဟာ မွန်မြတ်ပါတယ်။

Angel Shaper said...

ကလေးချင်း အတူတူဆိုပေမယ့် အခြားကလေးတွေလို အိပ်မက်မက်ခွင့်မရှိတဲ့ကလေးတွေ......
ကြယ်ပွင့်ချင်းအတူတူဆိုပေမယ့် အခြားကြယ်ပွင့်လေးတွေလို အရောင်မတောက်ပတဲ့ ကြယ်ပွင့်လေးတွေ တဲ့လားးးးးးးးး
သူတို့ဘဝလေးတွေကိုကြည့်ပြီး တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ သနားစရာ အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေပါ။ ကလေးမြို့က သူငယ်ချင်းမိသားစု တစ်စု တနိုင်ပြုစုပျိုးထောင်ခဲ့တဲ့ အဲလိုကလေးတွေကို သွားသတိရမိတယ်။ အရင်တုန်းက စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တိုင်း သူတို့ဂေဟာသွားပြီး ကလေးတွေနဲ့ သွားပြီးကစားပေးတယ်၊ ပုံပြင်တွေပြောပြတယ်၊ သီချင်းလေးတွေသွားပြီး သင်ပေးခဲ့ဖူးတယ်။ သူတို့လေးတွေက စနေ၊ တနင်္ဂနွေအမြဲတမ်း မြန်မြန်ရောက်စေချင်ကြတယ်။ သမီးသွားတတ်လို့တဲ့လေ။ အဲဒီကလေးလေးတွေကို သွားသတိရမိပါတယ်။ သူတို့လေးတွေကို သူငယ်ချင်းမိသားစုကပဲ တတ်နိုင်သလောက် ကျောင်းတွေထားပေးတယ်။ သူတို့ဝါသနာပါရာ.....အတတ်ပညာ၊ လက်မှုပညာလေးတွေ သင်ပေးတယ်။ အရွယ်ရောက်လို့ သူတို့ဘဝရပ်တည်နိုင်ဖို့အတွက် ပါတဲ့။ သင်ပေးသမျှကိုလဲ အာရုံစူးစိုက်ပြီး သင်ယူကြရှာတယ်။ တကယ်ကို စာနာမိတယ်။ စိတ်မကောင်းဘူး။
သူတို့တွေရဲ့ အနာဂတ် ဘဝ...ဘဝလေးတွေ ရှင်သန်လှပပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

. said...

Down Syndrome ထင်တယ်..။

လင်းကြယ်ဖြူ said...

အားငယ်သူအားပေးရင်း လဲနေသူ ထူပေးလိုစိတ်
ထက်ထက်သန်သန်နဲ့ ရေးပြထားတဲ့ စာစု ကိုဖတ်လိုက်
ရတော့ ပွင့်ချင်တိုင်းမပွင့်နိုင်တဲ့ ပန်းကလေးတွေ ကို
စာနာမိရင်း...နွေးထွေးမှုပေးတတ်တဲ့ ကြင်နာခြင်းတရား
ိုဆိုတာတွေ ဆပွါး တိုးတက်လာ နိုင်ကြပါစေ..ဒီ
ကမ္ဘာမြေပေါ်မှာပေါ့...
သူတို့လေးတွေ မှာ အဓိက နေရာက စိတ်ဓါတ်ပိုင်း ကို မြှင့်တင်ပေးကြ ဖို့ အလွန်အရေးကြီးပါတယ်...
အခုလို အကျိုးပြု စာပေ တွေ အကျိုးပြု လုပ်ငန်း တွေ ဆထက်တပိုးလုပ်ကိုင်နိုင်ရင်း
ပျော်ပါစေ မနှင်းရေ.......

*.*.*

ရွှေရတုမှတ်တမ်း said...

ကလေးများကိုယ်စား..ကျေးဇူးတင်ပါတယ်

kiki said...

ဒီ ဒေါင်း(Down) ကလေး လေးတွေ ဘဝ က ၊ သနားဖို့ ကောင်းပါတယ် ။ တိုးတက်တဲ့နိုင်ငံတွေမှာတော့ သူတို့ ကို ပြုစု စောင့်ရှောက်ပေးကြတဲ့  အဖွဲ့ အစည်းတွေ ရှိနေကြလို့ တော်သေးတာပေါ့ ။
တို့  ရွှေပြည်ကြီးမှာ တော့ ဒီလို ဒေါင်းကလေး လေးတွေ ဘဝ တင်မက ၊ကျန်းမာနေတဲ့ ကလေးတွေ တောင် ဆင်းရဲမွဲတေ နေတဲ့မိသားစုမှာ ရှိနေကြရင် ၊ တိုးတက်တဲ့နိုင်ငံတွေက ဒေါင်းကလေး လေးတွေ ဘဝထက် ပိုဆိုးနေကြရတယ် လို့ မြင်မိတယ် မနှင်းရေ ..

ခုဆို ဒီလို ဒေါင်းကလေးလေးတွေ မမွေးဖွားလာအောင် ကြိုတင် စစ်ဆေးလို့ ရနေကြ ပါပြီ ။ သန္ဓေသား နုနု အချိန်မှာ ရေမွှာ အရည်( Amniotic Fluid ) ကို စစ်ဆေးပြီး ဒေါင်းကလေးလေးတွေ မွေးမလာအောင် တားဆီးနိုင်ကြဖို့  မိဘလောင်းတွေမှာ တာဝန်ရှိတယ် ဆိုတာ နားလည်နိုင်ကြရင် ပိုကောင်းပါလိမ့်မယ်။ မွေးပြီးကာမှ ရောဂါသည် ဘဝ နဲ့တသက်လုံးနေရမယ်ဆိုရင် ကလေးအတွက်ရော ၊ မိဘ အတွက်ပါ စိတ်မကောင်းစရာပဲလေ။

~ဏီလင်းညို~ said...

မနှင်းရေ....
ဒီစာလေးဖတ်၊ ဓာတ်ပုံလေးတွေကြည့်ရင်း တစ်ကယ်ရောက်ခဲ့သူတွေမပြောနဲ့ ... ကျွန်တော်တောင် အတော်စိတ်မကောင်းဖြစ်မိရတယ်...။
နေရာအနှံ့မှာကျွန်တော်တို့ မလုပ်နိုင်ခဲ့တဲ့...၊ ကလေးလေးတွေကို စောင့်ရှောက်နေတဲ့ လူတွေအားလုံးကို လေးစားစွာ ကျေးဇူးတင်နေမိဆဲပါ....။
ခင်မင်တဲ့
ဏီလင်းညို

ကိုလူထွေး said...

အမှတ်တရ နေ့မှာ အခုလို မှတ်မှတ်ရရ ရေးပေးတဲ့အတွက် ကျေးဇူးပါညီမ...

စာဖတ်ပြီးတော့ရော၊ ပုံတွေကို ကြည့်ပြီးတော့ရော အဲဒီကလေးတွေကို စာနာသနားမိပါတယ်...

းဝ)

သဒ္ဓါလှိုင်း said...

ကလေးတွေအတွက်စိတ်မကောင်းဖြစ်ပြီး အကူအညီပေးပြီး
ကလေးတွေရဲ့စိတ်ကိုစောင့်ရှောက်ပေးနေတဲ့သူတွေကို
လေးစားတယ်။ကျေးဇူးတင်ပါတယ်။

ခင်တဲ့
သဒ္ဓါ

emayarKhin said...

ကိုယ့်အမရေ..တကယ့်ကိုဖတ်ပြီးစိတ်
မကောင်းဖြစ်ရတယ်.......

မြသွေးနီ said...

မနှင်းရေ...
သနားစရာကလေးငယ်တွေပါနော်။
ဖတ်ပြီးစိတ်ထဲထိခိုက်ရပါတယ်။
နောင် ဘ၀ ဘ၀ဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုးတွေ သူတို့လေးတွေ မပိုင်ဆိုင်ရပါစေနဲ့လို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိပါတယ်ရှင်...။

ခင်မင်စွာ..

မြသွေးနီ
www.myathwayyni.com

Nyi Nyi said...

ခံစားချက်ခြင်း...တော်တော်ဆင်တယ်။ ကလေးတွေပျော်တဲ့ကမ္ဘာကြီးတစ်ခုရှိပါစေ။

Unknown said...

ဝေဒနာသည် ကလေးငယ် အကြောင်း ဖတ်ရတာ စိတ်ဝင်စားလို့ ဒုတိယ အကြိမ် လာဖတ်ခဲ့ပါတယ်။ ထပ်တူ ဝမ်းနည်းမိတယ်။ ဒီလို ဝေဒနာရှင် ကလေးငယ်တွေလည်း ကိုယ့်နိုင်ငံမှာ ဘယ်လောက်များ ရှိနေမလဲ၊ ကိုယ်အင်္ဂါ အစိတ်ပိုင်း အားလုံး ပြည့်စုံပေမဲ့ ပြုစုပျိုးထောင် မြေတောင် မြှောက်ပေးမဲ့ လူမှု့ ကူညီရေး အဖွဲ့အစည်းတွေ မရှိလို့ လမ်းဘေးမှာ ဘဝကို ရေစုန်မျောနေရတဲ့ ကလေးတွေရော ဘယ်လောက်များ ရှိမလဲလို့ အတွေးတွေ တသီတတန်းကြီးနဲ့..................


ခင်မင်တဲ့

တော်ဝင်ထွန်း

My Blog List