ရောင်းရန် (သို့) လဲရန်ရှိသည်


ကျွန်မ အခန်းထောင့်တစ်နေရာမှာ ပါကင်မဖောက်ရသေးသော ပရင်တာတစ်လုံး ငြိမ်သက်စွာ လဲလျောင်းလျက်ရှိပါသည်။ လွန်ခဲ့သော လေးလခန့်က ဝယ်ထားခဲ့သော ပရင်တာမှာ Cannon အမျိုးအစားဖြစ်ပြီး Copier, Fax , Scanner နှင့် Printer အဖြစ် ဘက်စုံ အသုံးပြုလို့ရသော အရွယ်အစား ခပ်သေးသေး ကာလာပရင်တာဖြစ်ပါသည်။

သို့သော်
ထိုပရင်တာကို စဝယ်သည့်နေ့မှစပြီး ယနေ့အချိန်အထိ မိတ္တူကူးစရာလဲ မရှိ Scan ဖတ်စရာလဲမရှိ print ထုတ်စရာ အကြောင်းကိစ္စလဲ မရှိတာမို့ ဝယ်လာစဉ်က ပုံစံအတိုင်း ကတ်ထူစက္ကူပုံးထဲတွင် လက်ရာမပျက် သိမ်းဆည်းထားခဲ့မိပါသည်။

တခါတရံတွင် အခန်းထောင့်တနေရာတွင် ငြိမ်သက်နေသော ပရင်တာတစ်လုံးကို ရက်ပေါင်းအတန်ကြာ မေ့ထားခဲ့မိသော်လည်း တခါတရံတွင်တော့ ထိုပရင်တာနှင့်ပက်သက်ပြီး အတွေးအမျှင်ပေါင်းများစွာ ဖြန့်ကျက်မိပါသည်။

လူတိုင်းအတွက် ကွန်ပြူတာတစ်လုံး မရှိမဖြစ်လိုအပ်နေချိန်တွင် ပရင်တာတစ်လုံးကတော့ မရှိမဖြစ်စာရင်းထဲတွင် ရှိမနေခဲ့ပါ။ အိမ်တိုင်းအိမ်တိုင်းတွင် အဝတ်လျှော်စက်များကို အလွယ်တကူ တွေ့နိုင်သော်လည်း ပရင်တာတစ်လုံးကိုတော့ တွေ့မြင်ရဖို့ မလွယ်လှပါ။

ရုံးသုံးပစ္စည်းများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့စဉ်အချိန်တုန်းက Compact ဖြစ်သော ရုံးသုံးပစ္စည်းများအကြား Compact ရောဂါဝင်ခဲ့ဘူးသူမို့ Compact ရောဂါပိုးကို ပြန်သတိရမိသော်လည်း ရုံးသုံးပစ္စည်းများနှင့် အဝေးကို ရောက်နေချိန်မှာတော့ ကာလာပရင်တာတစ်လုံးက ကျွန်မအတွက် နောင်တပေါင်းများစွာကို ဖန်တီးပေးခဲ့ပါသည်။

ပထမဆုံး နောင်တကတော့ ကျွန်မအတွက် မရှိမဖြစ် မလိုအပ်ခဲ့သော ပရင်တာတစ်လုံးကို စိတ်မြန်လက်မြန် ဝယ်မိခြင်းအတွက် ရမိသော အချိန်လွန် နောင်တ ပဲဖြစ်ပါသည်။

ဒုတိယနောင်တကတော့ အိပ်ခန်းခပ်ကျဉ်းကျဉ်းလေးထဲတွင် ကျပ်ကျပ်သတ်သတ် နေရာယူနေခဲ့သော ပရင်တာကိုမြင်တိုင်း စွန့်ပစ်ရခက် သိမ်းထားရခက်သော အမှိုက်တစ်ခုကို မချစ်သော်လည်း အောင့်ကာ နမ်းနေမိသည့် ခပ်ကြောင်ကြောင် နောင်တ တစ်ခုဖြစ်ပါသည်။

တတိယ နောင်တကတော့ ပထမ နောင်တနှင့် ခပ်ဆင်ဆင်တူပါသည်။ ကျွန်မအတွက် အမှိုက်တစ်ခု ဖြစ်စေမည့် အသုံးအဆောင်တစ်ခုအတွက် သေသေချာချာ မစဉ်းစားပဲ ရင်းနှီးမြှုပ်နှံလိုက်မိသော မပြောပလောက်သည့် ငွေကြေးပမာဏ တစ်ခုကြောင့် ရမိသော နောင်တပဲဖြစ်ပါသည်။ ကျွန်မရဲ့ လက်သုံးစကားအရဆိုလျှင် အသုံးမဟုတ်ပဲ အဖြုန်းတစ်ခုအဖြစ် ကိုယ်တိုင်သတ်မှတ်ပြီး ရမိသော နောင်တပဲ ဖြစ်ပါသည်

စတုတ္ထနောင်တကလဲ နည်းနည်းအူကြောင်ကြောင်နိုင်လှသော နောင်တတစ်မျိုးဖြစ်ပါသည်။ သစ်တောသစ်ပင်ထိန်းသိမ်းရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် Printing Material အချို့ကို Recycle များကို အသုံးပြုဖို့ ကြိုးစားနေချိန်တွင် ပရင်တာတစ်ခုကို ရွေးပြီး ဝယ်မိခြင်းအတွက် ရမိသော နောင်တပဲဖြစ်ပါသည်။

ကျွန်မတို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် Printing material များကို အတတ်နိုင်ဆုံး လျှော့ချဖို့ ကြိုးစားနေသလို မဖြစ်မနေ Printing လုပ်ရမည့်အခါတွင်လည်း Recycle များကို ပြန်သုံးနေကြချိန်တွင် အများနှင့်ဆန့်ကျင်စွာ Printing material များကို အားပေးသလို ဖြစ်အောင် ပရင်တာတစ်လုံး ဝယ်မိခြင်းအတွက် စိတ်ထဲတွင် မသိုးမသန့် ခံစားမိပါသည်။

ATM စက်များတွင် ငွေထုတ်သည့်အခါတိုင်း Print out လုပ် မလုပ် မေးသည့်အခါ အမြဲတမ်း No ခလုပ်ကို နှိပ်မိသည့်လက်ချောင်းလေးများကို ပြန်ပြီး ရှက်ရွံ့မိပါသည်။ သစ်တော သစ်ပင် ထိန်းသိမ်းရေးအတွက် ATM စက်များတွင် ကျွန်မ ချွေတာမိသော လေးလက်မအရွယ်ခန့် စာရွက်တိုလေးများအတွက် လိပ်ပြာလုံချင်သည့်စိတ်ကို ပရင်တာ တစ်လုံးက ပြန်ပြီး ခြောက်လှန့်နေခဲ့ပါသည်။

ပထမနောင်တ တစ်ခုအတွက်တော့ ကျွန်မဆီမှာ ခိုင်လုံသော အကြောင်းပြချက်တစ်ခု ရှိပါသည်။ တခါတရံတွင် ကျွန်မတို့အတွက် ပရင်တာတစ်လုံးက မရှိမဖြစ် လိုအပ်နေတတ်ပါသည်။ ထို တခါတရံကိုတော့ ရှားပါးလှသော တခါတရံဟုလဲ ပြောနိုင်ပါသေးသည်။

လွန်ခဲ့သောတစ်နှစ်ခန့်က online သင်ခန်းစာများအတွက် Self-study လုပ်ခဲ့ရပါသည်။ သို့သော် စာမေးပွဲအတွက် စာကျက်ရချိန်တွင် သင်ရိုးအချို့ကို မဖြစ်မနေ Print out လုပ်ရဖို့ အကြောင်းဖန်လာခဲ့ပါသည်။ စာရွက်အရေအတွက်က တစ်ရာကျော်နီးပါး ဖြစ်နေသည့်အပြင် အခြားသူငယ်ချင်းများထုတ်လာသည့် စာရွက်များကို မြင်ရချိန်တွင်တော့ ကျွန်မကိုယ်တိုင်လဲ Print out ထုတ်ဖို့ စဉ်းစားမိပါသည်။

Print out လုပ်ရန် ကုန်ကျစရိတ်ကို တွက်မိချိန်တွင်တော့ ပရင်တာတစ်လုံးအတွက် ကုန်ကျမည့် စရိတ်ဧ။် သုံးပုံနှစ်ပုံစာခန့်ရှိနေတာကို တွေ့လိုက်ရပါသည်။ သို့သော် ပရင်တာတစ်လုံး အပြေးအလွားဝယ်ရလောက်အောင်လဲ အရေးမကြီးသလို ပရင်တာရွေးဝယ်ဖို့ အချိန်လဲ မရတာမို့ ပရင်တာဝယ်ထားသော သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး အကူအညီတောင်းမိပါသည်။

ကံဆိုးလှစွာပင် သူငယ်ချင်းအိမ်မှ ပရင်တာမှာ မင်ကုန်နေသောကြောင့် သူငယ်ချင်းက မင်ဘူးဝယ်လာပြီး ထုတ်ရန် ပြောပါသည်။ ကျွန်မ ဝယ်ရမည့် မင်ဘူးတစ်ဘူးအတွက် ကုန်ကျစရိတ်ကလဲ အပြင်ဆိုင်တွင် Print out လုပ်လျင် သုံးရမည့် ကုန်ကျမည့်စရိတ်ထက် ထက်ဝက်မျှ သက်သာနေပါသေးသည်။

သို့သော် သူတပါးထံမှ အကူအညီတောင်းဖို့ စဉ်းစားမိတိုင်း သူငယ်ချင်း မိတ်ဆွေများအပေါ် အမြဲတမ်းအားနာနေတတ်သူပီပီ နောက်ဆုံးတွင် အပြင်ဆိုင်တစ်ဆိုင်သို့ ပြေးပြီး တန်ရာတန်ကြေးဖြင့် စာရွက်ပေါင်း ၁၀၀ ကျော်ကို Print ထုတ်ခဲ့ရပါသည်။ ထိုစဉ်အချိန်ကတည်းက Printer တစ်လုံးဝယ်ဖြစ်အောင် ဝယ်မည်ဟု ဆုံးဖြတ်ထားမိသူမို့ စူပါမားကတ်တစ်ခုတွင် Cannon Printer ပရိုမိုးရှင်းလုပ်နေချိန်တွင် နှစ်ခါမစဉ်းစားပဲ ထိုပရင်တာကို မျက်စိစုံမှိတ်ပြီး ဝယ်ခဲ့မိပါသည်။

ကျွန်မ တစ်ခါတုန်းက တက်ခဲ့ဘူးသော Saving skills workshop တွင် Shopping list မပါပဲ ဈေးမဝယ်ဖို့….ပစ္စည်းတစ်ခုကို ဝယ်ရန်စဉ်းစားမိတိုင်း အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်အထိတကယ်လိုအပ်လို့လားလို့ ပြန်မေးခွန်းထုတ်သင့်ကြောင်း မှတ်သားခဲ့ဘူးပါသည်။

Shopping list လုပ်ကြည့်ခြင်းဖြင့် မိမိ၏ Needs and Wants များကို ကိုယ်တိုင် ရေရေရာရာ သိနေပြီး မလိုအပ်ပဲ အပိုငွေသုံးခြင်းနှင့် အမှိုက်များကို အိမ်အလေးခံပြီး ဝယ်ယူသိုလှောင်ခြင်းမှလဲ ရှောင်ကြဉ်နိုင်မည်ဖြစ်ပါသည်။

အထူးသဖြင့် မိမိတို့၏မွေးရပ်မြေကိုစွန့်ပြီး ဒုတိယကမ္ဘာ( Second home) တစ်ခုတွင် အသက်မွေးဝမ်းကျောင်း ပြုနေသူများအနေဖြင့် မိမိတို့အတွက် မလိုအပ်သော အမှိုက်များကို မသိမသာ ဝယ်ယူစုဆောင်းမိတတ်ကြပါသည်။

မိမိတို့လာစဉ်က ကီလို ၃၀ ထက်မပိုသော တကိုယ်ရေ အသုံးအဆောင်များဖြင့် လာခဲ့ကြသော်လည်း အနေကြာလာသည်နှင့်အမျှ အသုံးအဆောင်ပစ္စည်းများမှာ တိုးသည်ထက်တိုး ပွားသည်ထက်ပွားလာတတ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြန်ရချိန်တွင် မိမိ ဝယ်ယူစုဆောင်းထားသော ပစ္စည်းများအပေါ် စွဲလမ်းစိတ်ဖြင့် သယ်ရခက် စွန့်ရခက် ဒုက္ခရောက်လေ့ရှိတတ်ပါသည်။

နိုင်ငံတကာလေဆိပ်တစ်ခု၏ ပြည်ပထွက်ခွာတွင် နေ့စဉ်ကြုံတွေ့နေရသော အတွေ့အကြုံများထဲမှ ကျွန်မအတွက် ရိုးအီနေပြီဖြစ်သည့် အတွေ့အကြုံတစ်ခုက အလုပ်လက်မဲ့ အိမ်ပြန်သူများ၏ ပြဿနာပင်ဖြစ်ပါသည်။ Visa cancel ဖြစ်လို့ပါ ဆိုသောခရီးသည်များကို နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်အောင် တွေ့နေရသော်လည်း သူတို့သယ်ယူမည့် ပစ္စည်းများအတွက်တော့ စည်းကမ်းဘောင်များကို ကျော်လွန်ပြီး ကူညီပေးနိုင်မည့်သူမရှိတာက သေချာပါသည်။

အသုံးနှင့် အဖြုန်းကို ခွဲခြမ်းစိတ်ဖြာပြီး စည်းကမ်းတကျ ကျစ်ကျစ်လျစ်လျစ် နေထိုင်တတ်သော အချို့သော မိန်းကလေးများပင် အဝတ်အစားများနှင့် ဖိနပ်များတစတစ ပွားများလာသော ပြဿနာကို မလွဲမသွေ ရင်ဆိုင်ရလေ့ရှိပါသည်။

အချိန်တန်လို့အိမ်ပြန်သူများဖြစ်စေ အချိန်မတန်ပဲ အိမ်ပြန်သူများပင်ဖြစ်စေ အိမ်ပြန်ချိန်တွင် မိမိတကိုယ်စာ အသုံးအဆောင်များကို ခဲခဲယဉ်းယဉ်း ရှာဖွေပြီး မလိုသည်များကို စွန့်ပစ်ဖွှို လှူတန်းဖို့ တဆင့်ပြန်လည် ရောင်းချဖို့ အလုပ်ရှုပ်လေ့ရှိကြပါသည်။

ကျွန်မကိုယ်တိုင်လဲ မပျော်လဲနေ ပျော်လဲနေ မနေမဖြစ် နေနေရသည့် second home တစ်ခုတွင် သုံးနှစ်ကျော် လေးနှစ်နီးပါးကာလအတွင်း တစတစ ပွားများလာသည့် အသုံးအဆောင်များအကြား အမှိုက်တစ်ခုလို ဖြစ်နေသည့် ပရင်တာတစ်လုံးကြောင့် မကြာခဏဆိုသလို စိတ်အနှာင့်အယှက် ဖြစ်နေရပါသည်။

မကြာမီအချိန်တစ်ခုတွင် အိမ်ပြောင်းရန် အကြောင်းပေါ်လာသည့်အတွက်လဲ ကျွန်မတို့အတွက် တကယ်မလိုအပ်ပဲ စိတ်အလိုလိုက်ပြီးဝယ်ယူခဲ့မိသည့် အသုံးအဆောင် အမှိုက်အချို့အတွက် ကြိုတင် ရင်လေးနေမိပါသည်။

ကျွန်မလို ဒုတိယနေရာတစ်ခုတွင် နေထိုင်လျှက်ရှိသော အမတစ်ယောက် အိမ်ပြောင်းရန်အတွက် ခုနစ်နှစ်အတွင်း တိုးပွားလာသည့် ပစ္စည်းများကို ခုနစ်ရက်လုံးလုံး စီမံခန့်ခွဲပြီးသည့်အချိန်တွင် ကီလို ၅၀မကရှိသော ကတ်ထူပုံး ၁၀လုံးကို နေရာသစ်သို့သယ်ယူရန်ဆုံးဖြတ်ပြီး သူမအတွက် မရှိမဖြစ် မလိုအပ်သော အသုံးအဆောင်ပေါင်းများစွာကို အမှိုက်ပုံးထဲသို့ နှမြောတသခြင်းများစွာဖြင့် စွန့်ပစ်နေခဲ့ပါသည်။

ကျွန်မကတော့ ရတောင့်ရခဲ ရခဲ့သော နောင်တတစ်ခုနှင့်အတူ ကျွန်မအတွက် မရှိမဖြစ် လိုအပ်ချက် မဟုတ်သော ပရင်တာတစ်လုံးကို ပြန်ရောင်းရန် မရောင်းရန် အကြိမ်ကြိမ်စဉ်းစားနေရင်း wants and Needs စာရင်းတစ်ခုကို ချရေးမိတော့ လတ်တလော ကျွန်မအတွက် မရှိမဖြစ်လိုအပ်နေသော ဖျော်ရည်စက်တစ်လုံးကို စာရင်းစာရွက်၏ ထိပ်ဆုံးတွင် တွေ့လိုက်မိပါသည်။

အကြိမ်ကြိမ်ဝယ်ယူဖို့ ကြိုးစားနေခဲ့သော Blender တစ်ခုကတော့ ကျွန်မရဲ့ အပိုအမှိုက်စုဆောင်းခြင်း တစ်ကိုယ်တော် campaign တစ်ခုတွင် မြုပ်ချည်ပေါ်ချည်ဖြစ်နေသည်မှာ နှစ်နှစ်နီးပါးရှိနေပြီဖြစ်ပေမယ့် နေ့စဉ်မရိုးနိုင်အောင် ဝယ်သောက်မိနေသော ဖရဲသီးဖျော်ရည်ခွက်များကို ပြန်လည်ရေတွက်မိချိန်မှာတော့ မရှိမဖြစ်ဝယ်ယူရမည့် စာရင်းထဲတွင် ထိပ်ဆုံးမှ နေရာယူသွားခဲ့ပါသည်။

စူပါမားကတ်တစ်ခုတွင် ကျွန်မ ငေးမောခဲ့ဘူးသော Blender တစ်လုံးတွင် မီးဖိုချောင်သုံး ကြိတ်စက်ငယ်တစ်လုံးကိုပါ တွဲလျက်တွေ့ခဲ့ဘူးပါသည်။ ကျွန်မအတွက် နေ့စဉ်အသုံးပြုနိုင်မည့် အသုံးအဆောင်တစ်ခု ဖြစ်သော Blender တစ်လုံးကို ဝယ်ယူဖို့ နှောင့်နှေးကြန့်ကြာနေခဲ့သော အချိန်များအတွက် ထပ်မံ နောင်တမရချင်တော့ပါ။

ကျွန်မ၏ နေ့စဉ်လိုအပ်ချက်တစ်ခုဖြစ်သော ဖရဲသီးဖျော်ရည် ခွက် ၁၅ ခွက်စာတန်ဘိုးနှင့်ညီမျှသော Blender တစ်လုံးဝယ်ယူခြင်းအတွက်တော့ နောင်တရစရာမရှိနိုင်တာ သေချာနေပါသည်။

ကျွန်မတို့ဘဝတွင် အဓိက မကျသော လိုအပ်ချက်များအတွက် သုံးစွဲမိခဲ့သော ငွေကြေးများအတွက် အချိန်လွန်မှ အမှားအဖြစ်ပြန်မြင်တတ်ကြသလို မလိုအပ်ပဲ သိုလှောင် သိမ်းဆည်းမိတတ်သော အသုံးအဆောင်များအတွက်လဲ အချိန်လွန်မှ နောင်တ ရတတ်ကြပါသည်။

ကျွန်မကို နောင်တကြီးစွာ ဖြစ်စေခဲ့သော ပရင်တာ တစ်လုံးကို အမှန်တကယ် အသုံးလိုသူတစ်ဦးကို ပြန်ရောင်းချခွင့်ရလျှင် သို့မဟုတ် သူ့တန်ဘိုးနှင့် မတိမ်းမယိမ်းဖြစ်သော ဖျော်ရည်စက်တစ်လုံးနှင့် လဲလှယ်ခွင့်ရမည်ဆိုလျှင်တော့……..

8 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

နှင်းရေ
တို့ဆီမှာတော့ Blender ရှိတယ် Printer (ရုံးသုံးတော့ရှိ) ကိုယ်ပိုင် မရှိဘူး..
လဲကြမလား... အပြန်အလှန်ပို့ခတော့ printer အသစ်တစ်လုံးစာထက်များ များနေမလား မသိဘူးနော်။
ဒီမှာရောက်စတုန်းကလည်း နှင်းလိုလဲ တွေးမိတယ်.. ပစ္စည်းတွေ အများကြီးဖြစ်လာရင် အိမ်ပြန်တဲ့အခါ သယ်ရခက်မယ်ဆိုပြီး မ၀ယ်မ၀ယ်နဲ့ နေခဲ့တာ။။ ခု ၃နှစ်လောက်လဲ နေပြီးရော အပြန်အတွက် အတော်စဉ်းစားဖို့ခက်နေပြီ။
ဒါပေမဲ့ ကံကောင်းတာက အိမ်ပြန်ရင် ကုန်ချိန်ကန့်သတ်ထားတာ မဟုတ်တဲ့အတွက်တော့ အများကြီး အသက်ရှူချောင်ပါတယ်.. ဘာဘဲဖြစ်ဖြစ် စွန့်ပစ်ခဲ့ရမဲ့ပစ္စည်းတွေတော့ အများကြီး ဖြစ်နေဦးမှာပါဘဲလေ။ အဲဒီလို လိုအပ်ရဲ့လား၊ မရှိမဖြစ် ဟုတ်ရဲ့လားလို့ သေချာမစဉ်းစားမိဘဲ ၀ယ်မိတဲ့ပစ္စည်းတွေ အတော်များနေပြီ။

ရွှေရတုမှတ်တမ်း said...

ဝယ်လိုက်...ပစ်လိုက်သံသရာနဲ့နေလာတော့ကြာပေါ့..
ခုမှထူးပြီးနောင်တရမနေတော့ပါဘူး...ဈေးဝယ်လို့ စိတ်အညောင်းပြေတာက အနှိပ်ခန်းသွားရသလိုမျိုး..
ပြီးတော့ ဝဲပစ်လိုက်တာက လမ်းကြိတ်စက်နဲ့ အနှိပ်ခံရသလိုမျိုး..

Beauty Studio USA Branded Store said...

မနှင်းရေ မရောက်တာကြာလို့ စာလာဖတ်တာ ဖောင့်တွေက မမြင်ရဘူးဖြစ်နေတယ်။ Ayer နဲ့ရေးထားတာလား။

Maung Myo said...

လိုတော့ လိုချင်တယ် အကြွေးရောင်းပါလားဗျး)

ကိုဇော် said...

ကောင်းလိုက်တဲ့ Marketing ပဲ..
ပို့စ်တင်ရင်းနဲ့ အရောင်းအဝယ် ၊ အလဲအလှယ် ကြော်ငြာဝင်သွားတယ်။

ငြိမ်းစိုးဦး said...

မလိုအပ်တာတွေ အတွက် နောင်တမရဘဲ နောက်ဆိုဆုံးဖြတ်မှု မချခင် အလျင်တလို မလုပ်ဖြစ်အောင် စဉ်းစားဖို့ သတိပေးတာကို
နားလည်ခဲ့ါတယ် ...
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com

~ဏီလင်းညို~ said...

ဟုတ်တယ်ဗျ......။
တစ်ခါတစ်လေတော့လည်း.....လိုမယ်ထင်ပြီး..၀ယ်ထားမိတာတွေက သိပ်မသုံးဖြစ်တတ်တာမျိုးးတွေရယ်.....း))
ကြုံဖူးတယ်......။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

Anonymous said...

အမရေ...ညီမကတော့ရှုးရှုးဒိုင်းဒိုင်းဆိုတော့ကိုယ်ကြိုက်ရင်ဝယ်လိုက်တာများတယ်...တခါတခါတော့နောင်တရတယ်..ဘာလို့ များပိုက်ဆံကိုမစုပဲဖြုန်းနေတာလည်းလို့ ဒါပေမဲ့ကိုယ်သုံးချင်တာကိုသုံးနေရတော့လည်းပျော်နေမိတာပဲလေ...

My Blog List