နောက်ဆုံးကော်ဖီဆိုင်

မနက်စောစောနိုးနေကျထုံးစံအတိုင်း နှိုးစက်အကူအညီ မပါပဲ အိပ်ယာကနိုးလာတဲ့အချိန်က မနက် ငါးနာရီခွဲတိတိ။
မျက်စိစုံမှိတ်ပြီး ပြန်အိပ်ဖို့ကြိုးစားရင်း နောက်ထပ်နာရီဝက်နေရင် ခေါ်လာမယ့် ဖုန်းခေါ်သံတစ်ခုကို ကြားရလို ကြားရငြား နားစွင့်ချင်ပါသေးသည်။
ခါတိုင်းနေ့တွေတုန်းကတော့ ခြောက်နာရီထိုးရင် ထုံးစံအတိုင်း ဖယ်ရီကားဆီက ပထမဆုံး Missed call တစ်ခုကို လက်ခံရရှိတတ်ပါသည်။
နောက်ထပ်ဆယ်မိနစ်နေရင် ဒုတိယ Missed call နဲ့အတူ ဖယ်ရီကားက တိုက်အောက်ကို ရောက်လာတတ်ပါသည်။
ဒီနေ့မှာတော့ ကော်ဖီဆိုင်ကို သွားစရာမလိုတော့ဘူးဆိုတာ ဖယ်ရီသမားကို အသေအချာ မှာထားပြီးသားမို့ မနက်စောစောမှာ ကြားရမယ့် ဖုန်းခေါ်သံကို စောင့်စရာမလိုတော့ပါ။
ပြီးတော့ ခါတိုင်းလို ကော်ဖီနံ့သင်းပျံ့နေတဲ့ မနက်ခင်းတွေကိုလဲ ထပ်ဆုံနိုင်ဖို့ အခွင့်အရေးမရှိတော့ပါ။
ကျွန်မရဲ့ နောက်ဆုံးကော်ဖီဆိုင်နဲ့အတူ နောက်ဆုံးကော်ဖီခွက်တွေကို မနေ့ကမှ လက်ပြနှုတ်ဆက်ခဲ့ပြီးပြီပဲ။
မနက်ငါးနာရီခွဲမှာ ပြန်အိပ်မရတဲ့ မျက်လုံးတွေက ကြည်စင်နေတဲ့အပြင် ဦးနှောက်တစ်ခုလုံးကလဲ လန်းဆန်းနိုးကြားနေခဲ့ပါသည်။
မနေ့ကမှ နှုတ်ဆက်ခဲ့တဲ့ ကော်ဖီဆိုင်ရဲ့ အငွေ့အသက်လေးတွေကို ကျွန်မရဲ့ မှတ်ဥာဏ်တွေက မမေ့နိုင်သေးဘူးထင်ပါရဲ့။
မနက်ခြောက်နာရီခွဲကနေ ခုနစ်နာရီခွဲလောက်အထိ ဆိုင်ပေါက်ဝကနေ ကော်ဖီဖျော်တဲ့ ဘားကောင်တာအထိရောက်အောင် ရှည်လျားလှတဲ့ လူတန်းကြီးကို ကျွန်မရဲ့သူငယ်ချင်းတွေက အရင်လိုပဲ သွက်သွက်လက်လက် ဝန်ဆောင်မှု ပေးနေမှာသေချာပါသည်။
ကျွန်မရဲ့ ကော်ဖီဆိုင်လေးက ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုတွေပေးတဲ့ မြို့သေးသေးလေးထဲမှာ ရှိတာမို့ မနက်မိုးလင်းကနေ ဆိုင်းသိမ်းချိန်အထိ ကျွန်မတို့ဆီရောက်လာတတ်သူတွေက ဆရာဝန်တွေ ပါရဂူတွေ လူနာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းတွေက ဝန်ထမ်းတွေပဲ ဖြစ်နေတတ်ပါသည်။
ကျွန်မတို့ကော်ဖီဆိုင်ကို အမှီသဟဲ ပြုနေကြတဲ့ ဆရာဝန်တွေနဲ့ ဆေးဘက်ပညာရှင်တွေ အားလုံး အလုပ်မဝင်ခင် အချိန်အတွင်းမှာ ရှည်လျားလှတဲ့ လူတန်းကြီးထဲမှာ ကလေးတွေလို စိတ်ရှည်လက်ရှည်တန်းစီပြီး ကော်ဖီဝယ်ယူလေ့ရှိပါသည်။
ကော်ဖီဆိုင်မှာ ကျွန်မမရှိနိုင်တော့တဲ့ ဒီလိုမနက်ခင်းတွေမှာလဲ ဟိုးအရင်နေ့ရက်တွေတုန်းကလိုပဲ ကျွန်မရဲ့ ကော်ဖီဆိုင်လေးက ကော်ဖီချစ်သူတွေနဲ့ စည်ကားနေမှာသေချာပါသည်။
ဆိုင်တံခါးစဖွင့်ချိန်မှာ အသင့်ရောက်နေတတ်တဲ့ ဒေါက်တာ နိုဝယ်ကလဲ ထုံးစံအတိုင်း သူ့ရဲ့ လှပတဲ့ မနက်ခင်းလေးကို ဘလက်ကော်ဖီတစ်ခွက်ကို သတင်းစာတစ်စောင်နဲ့ ကုန်ဆုံးစေတတ်ပါသည်။
ဒေါက်တာနိုဝယ်နဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရောက်လာတတ်တဲ့ မစ္စတာ ဂျိမ်းစ်ကလဲ ခပ်ပျင်းပျင်း ဘလက်ကော်ဖီတစ်ခွက်ကို အော်ဒါမှာပြီး သူ့ရုံးခန်းဆီကို လေးကန်ကန်ခြေလှမ်းတွေနဲ့ လျှောက်သွားနေမှာ သေချာပါသည်။
အနည်းငယ် ကဂျီကဂျောင်ကျချင်တဲ့ အမေရိကန်နိုင်ငံသား ဝီလျံကလဲ မနက်စောစောမှာ ကျန်းမာရေးလေ့ကျင့်ခန်းအတွက် လမ်းလျှောက်ထွက်ရင်း espresso ကော်ဖီတခွက်ကို အားကစားဂျာနယ်တွေနဲ့ မြည်းစမ်းနေအုံးမှာ သေချာပါသည်။
မနက်စာ ဘရိတ်ဖတ်စ်အတွက် အမြဲစိတ်တိုင်းမကျ ဖြစ်နေတတ်တဲ့ မစ္စမဂီလဲ သူမရဲ့ ထုံးစံအတိုင်း အသားညှပ်ဆန်းစဝှစ်ခ်ျတစ်ခုကို တစ်မိနစ်တိတိ မိုက်ခရိုဝေ့မီးဖိုထဲမှာထည့်ခိုင်းပြီး အဲဒီ ဆန်းဒဝစ်ခ်ျကိုပဲ အခြားမီးကင်စက်မှာ နောက်ထပ် တစ်မိနစ်တိတိ မီးကင်ခိုင်းပါလိမ့်မည်။
ဂျော်ဒန်သူ အလုပ်သင်ဆရာဝန်မလေး ဆာရာကလဲ သူမမှာယူနေကျ အဆီမပါလုံးဝ မပါတဲ့ နွားနို့နဲ့ ဖျော်ထားတဲ့ ကော်ဖီကို မှာပြီး သူမစားနေကျ ကိတ်မုန့်တွေကို ကယ်လိုရီတွက်ချက်ပြီး မှာယူစားသုံးနေအုံးမှာ သေချာပါသည်။
အရေပြားအထူးကု ဒေါက်တာမိုက်ကယ်ကလဲ ကဖိန်းမပါတဲ့ ကော်ဖီကို အဆီအနှစ်လုံးဝ မပါတဲ့ နွားနို့နဲ့ နှစ်ခွက်တိတိ ဆင့်ပြီး မှာနေမှာ သေချာပါသည်။
မနက် ရှစ်နာရီ ထိုးခါနီးဆိုရင်တော့ ဂျာမန်ဆေးခန်းက ကတယ်လီဖုန်းကို လက်ခံရရှိပါလိမ့်မည်။ ဂျာမန်လူမျိုး ဒေါက်တာ နစ်ခ်ရဲ့ အကြိုက် ပထမဆုံး Semi dry Cappuccino ကော်ဖီ တစ်ခွက်ကို ဖုန်းခေါ်သံအဆုံး မနက်ရှစ်နာရီတိတိမှာ အသင့်ပြင်ထားပေးရပါလိမ့်မည်။
နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာလဲ ဒေါက်တာနစ်ခ်က သူနှစ်သက်တဲ့ ကော်ဖီတွေရဖို့ ဆိုင်ကို အကြိမ်ကြိမ် ရောက်လာအုံးမှာ သေချာပါသည်။
မနက်စာ ဘရိတ်ဖတ်စားချိန်နဲ့ နေ့လည်စာစားချိန်ကြားမှာတော့ ကော်ဖီဆိုင်ဝန်ထမ်းတွေဖြစ်တဲ့ ကျွန်မတို့တွေရဲ့ ကိုယ်ပိုင် ကော်ဖီမြည်းစမ်းချိန်ပဲဖြစ်ပါသည်။
အသစ်အသစ်ရောက်လာတဲ့ ကော်ဖီတွေအကြောင်း ဖတ်ရှုမှတ်သားပြီး ကော်ဖီတစ်မျိုးချင်းစီရဲ့ အနံ့အရသာနဲ့ ထူးခြားချက်တွေကို ရှာဖွေလေ့လာရတဲ့ အချိန်လေးက ကျွန်မတို့ဝန်ထမ်းတွေရဲ့ ကော်ဖီပညာ သင်ယူချိန်လဲဖြစ်ပါသည်။
တခါတရံ ညနေပိုင်း လူရှင်းချိန်တွေမှာ ဆိုင်ကိုရောက်လာတတ်တဲ့ ကော်ဖီချစ်သူအချို့နဲ့အတူတွဲပြီး ကော်ဖီ ဆွေးနွေးဝိုင်းလေးတွေ ရှိတတ်ပါသည်။ ကော်ဖီကျွမ်းကျင်သူတွေနဲ့ ကော်ဖီချစ်သူတွေကြားက ချစ်စရာ စကားဝိုင်းလေးမို့ ကျွန်မတို့အားလုံးအတွက် အကောင်းဆုံးအချိန်လေးတွေလဲ ဖြစ်ခဲ့ပါသည်။
နေ့လည်စာစားချိန်ဆိုရင်တော့ နော်ဝေနိုင်ငံသား မစ္စတာ ဘရိုင်ယန်က သုံးထပ်ချိစ်ဆမ်းဒဝစ်ခ်ျ တစ်ခုနဲ့အတူ ချောကလက်များများပါတဲ့ ကော်ဖီတစ်ခွက်ကို ခပ်သုတ်သုတ်စားပြီး သူ့ရုံးခန်းဆီကို အလောသုံးဆယ် ပြန်သွားပါလိမ့်မည်။
လက်ဘနွန်နိုင်ငံသား အတိုင်ပင်ခံဆရာဝန်ကြီးတစ်ယောက်ကတော့ အာရှဒေသကထွက်တဲ့ ကော်ဖီခပ်ပြင်းပြင်းကို အရသာ ပြင်းပြင်းရစေဖို့ဖျော်ပေးထားတဲ့ ပြင်သစ်ကော်ဖီအိုးတစ်လုံးကို မကုန်မချင်းသောက်ပြီး သူ့ရဲ့ သူငယ်ချင်းတွေ ဆိုင်ကိုလာမယ့်အချိန်ကို စောင့်မျှော်နေပါလိမ့်မည်။
သူနာပြုဆရာမပေါက်စ မိုနာကလဲ နွားနို့နဲ့ မတည့်သူမို့ ပဲနို့ရည်နဲ့ ဖျော်ထားတဲ့ ကော်ဖီကို နေ့လည်စာစားပြီးချိန်မှာ အချိန်မှန်လာသောက်သုံးလေ့ရှိပါသည်....
မိုနာနဲ့အမြဲတမ်းတတွဲတွဲရှိတတ်တဲ့ မာရီယာကတော့ ကိုယ်ဝန်ဆောင်မိခင်လောင်းပီပီ ကဖိန်းမပါတဲ့ ကော်ဖီကို အဆီမပါတဲ့ နွားနို့နဲ့မနက်တစ်ကြိမ် နေ့လည်တကြိမ် လာသောက်မှာ သေချာနေပါသည်။
မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာစမစ်ကလဲ ကဖိန်းတဝတ် ကဖိန်းမပါတဲ့ ကော်ဖီတဝက် ရောဖျော်ထားတဲ့ ဘလက်ကော်ဖီခွက်ကြီးကြီးကို မှာယူပြီး စီးပွားရေး အထူးထုတ် သတင်းစာစောင်တွေနဲ့အတူ သူ့ရဲ့ နေ့လည်စာစားချိန်တွေကို ကုန်ဆုံးစေတတ်ပါသည်။
မနက်ပိုင်းနဲ့ နေ့လည်ပိုင်းတွေမှာ လာနေကျမဟုတ်တဲ့ အခြားအခြားသော ကော်ဖီချစ်သူတွေကိုလဲ မကြာခဏဆိုသလို ကျွန်မတို့ဆီမှာ တွေ့ရတတ်ပါသည်။
ဆိုင်ကို ရံဖန်ရံခါ ရောက်လာတတ်တဲ့ အထူးကုဆရာဝန်ကြီးတစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်သူ ကူဝိတ်နိုင်ငံဖွား အမေရိကန်တစ်ယောက်ဖြစ်တဲ့ မစ္စတာ အီဗန်ကိုတော့ သူ့ရဲ့ အဝါရောင်စာမျက်နှာတွေကြောင့် ကျွန်မတို့တွေအားလုံး သတိထားမိခဲ့ကြပါသည်။
ဂျစ်ကားမကျ ပါဂျဲရိုးမကျ အဝါရောင် ကားခပ်ဆန်းဆန်း တစ်စင်း ဆိုင်ရှေ့မှာ ရပ်လာပြီဆိုတာနဲ့ အဲဒါ အီဗန်ပဲဆိုတာ ကျွန်မတို့ အတတ်ပြောနိုင်ခဲ့ပါသည်။
ကားထဲကဆင်းလာတဲ့ အီဗန်ရဲ့ လက်ထဲမှာ ကျောပိုးအိတ်အဝါရောင်တစ်လုံးနဲ့ သူ့ရဲ့လက်စွဲတော် အဝါရောင် အိတ်ဆောင်ကွန်ပြူတာတစ်လုံးပါလာတတ်ပါသည်။
ကိုယ်အလေးချိန် ကီလို ၁၅၀ ကျော်ရှိတဲ့ အီဗန်ရဲ့ အပြင်အဆင်ကလဲ ဘယ်လိုအချိန်မှာတွေ့တွေ့ ဘယ်တော့မှမပြောင်းလဲတဲ့ အပြင်အဆင်နဲ့မို့ အများနဲ့ယှဉ်ရင် ထင်ရှားပေါ်လွင်နေပါသည်။ အဝါရောင် ဦးထုတ် အဝါရောင်တီရှပ် ဆန်းပြားလှတဲ့ အဆင်တန်ဆာ ရတနာတွေနဲ့အတူ အဝါရောင်ဝေါ့ကင်းရှုးက အီဗန်ရဲ့ အဝါရောင်စာမျက်နှာတွေရဲ့ သင်္ကေတ တစ်ခုပဲ ဖြစ်ပါသည်။
အီဗန်ကတော့ ကော်ဖီအရသာ မဆိုစလောက်သာပါတဲ့ ချောကလက်မစ်ရှိတ်ကို နှစ်သက်စွာမှာယူတတ်ပါသည်။
တခါတရံမှာတော့ အမေရိကန်တဝက် အိန္ဒိယတဝက်လို့ ခပ်ကြွားကြွားပြောတတ်တဲ့ မြီးကောင်ပေါက်မလေးတွေကို ကျွန်မတို့ ကော်ဖီဆိုင်ရဲ့ ထောင့်တနေရာမှာ ရွယ်တူချာတိတ်လေးတွေအများကြီးနဲ့ တွေ့ရတတ်ပါသည်။
အမည်မသိ အာရပ်ပျိုဖြူ တစ်ဦးကလဲ အရောင်အသွေးစုံလှတဲ့ ပန်းစည်းတွေကို မရိုးရလေအောင်ယူလာတတ်ပြီး သူမနှစ်သက်စွဲလမ်းနေတဲ့ အာရပ်လူမျိုး ဆရာဝန်ပေါက်စလေးနဲ့ စကားစမြည်ပြောဖို့ ကျွန်မတို့ ကော်ဖီဆိုင်လေးမှာ မကြာခဏဆိုသလို လာစောင့်နေတတ်ပါသေးသည်။
အမေရိကန်ဆေးရုံက ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ မစ္စတာလင်းကလဲ သူတို့ဆေးရုံက ကော်ဖီစက်အတွက်လိုအပ်တဲ့ ကော်ဖီမှုန့်တွေကို တစ်လတစ်ကြိမ်လောက် လာဝယ်တတ်ပါသေးသည်။
ကဖိန်းမပါတဲ့ အရသာ သိပ်မစူးလှတဲ့ အမေရိကန် ကော်ဖီတွေကို အမေရိကန်ဆေးရုံက ကော်ဖီစက်မှာ အသင့်ထည့်ဖျော်လို့ရအောင် အမှုန့်ကြိတ်ပေးတဲ့ အလုပ်ကို ကျွန်မရှိတဲ့ အချိန်မှာ ကျွန်မရဲ့ သူငယ်ချင်းတွေက တာဝန်ယူပေးရမှာ သေချာပါသည်။
ကျွန်မတို့ဆိုင်မှာ ကော်ဖီချစ်သူတွေအားလုံးအတွက် အမျိုးစုံလင်လှတဲ့ ကော်ဖီမျိုးစုံကိုရနိုင်တာမို့ အရောင်စုံလင်လှတဲ့ လူတွေရဲ့ မတူညီမှုတွေကို ကျွန်မတို့ တွေ့မြင်ရတတ်ပါသည်။
ဘလက်ကော်ဖီ ခပ်ပြင်းပြင်းတွေကို ချစ်မြတ်နိုးသူတွေကို တွေ့ရသလို ၊ နွားနို့စစ်စစ်နဲ့ ဖျော်ထားတဲ့ ကော်ဖီ၊ ပဲနို့နဲ့ ဖျော်တဲ့ ကော်ဖီ၊ အဆီမပါတဲ့နွားနို့နဲ့ ဖျော်ထားတဲ့ကော်ဖီ၊ ချောကလက်နဲ့ဖျော်ထားတဲ့ ကော်ဖီ၊ အနံ့အရသာပေါင်းစုံနဲ့ဖျော်တဲ့ကော်ဖီတွေကို ချစ်မြတ်နိုးသူတွေကိုလဲ တွေ့ရတတ်ပါသည်။
ကော်ဖီစစ်စစ်ရဲ့ အရသာကို ခံစားတတ်ကြသူတွေရှိသလို ကျန်းမာရေးအတွက် ကဖိန်းထုတ်ထားတဲ့ ကော်ဖီတွေနဲ့ အာသီသကိုဖြေသိမ့်နေရသူတွေလဲရှိပါသည်။
အာရှတိုက်ကလာတဲ့ ကော်ဖီပြင်းပြင်းလေးကို နှစ်သက်သူတွေရှိသလို အာဖရိကတိုက်ကလာတဲ့ အချဉ်အရသာမဆိုစလောက်လေးပါတဲ့ ကော်ဖီကို မြတ်နိုးသူတွေလဲရှိပါသည်။
အမေရိကန်ကော်ဖီ ဘရာဇီးကော်ဖီ ပြင်သစ်ကော်ဖီမှ ကော်ဖီစစ်တယ်လို့ လက်ခံပြီး အမေရိကန် ကော်ဖီ ဘရာဇီးကော်ဖီ ပြင်သစ်ကော်ဖီ တွေကိုသာ ရွေးချယ်တတ်သူတွေလဲ ရှိပါသည်။
ကမ္ဘာပေါ်မှာ ဈေးအမြင့်ဆုံးပေးရတဲ့ Jamaica Blue Mountain က ကော်ဖီကိုမှ ကော်ဖီလို့ ထင်မှတ်နေသူတွေကိုလဲ တွေ့ရမြင်ရပါသေးသည်။
ကျွန်မတို့ ကော်ဖီဆိုင်မှာ ရတတ်တဲ့ အချစ်ရဲ့ သင်္ကေတဖြစ်တဲ့ ကော်ဖီတစ်မျိုးကိုလဲ ချစ်သူခင်သူတွေအတွက် ရွေးချယ်ဝယ်ယူတတ်သူတွေလဲ ရှိခဲ့ပါသည်။
ဂိုထောင်ထဲမှာ နှစ်ပေါင်းများစွာ သိမ်းဆည်းထားပြီး စနစ်တကျ ထုတ်လုပ်ထားတဲ့ သက်တမ်းရင့် ကော်ဖီတွေကို ဈေးကွက်မှာ ဈေးကြီးကြီးပေးပြီး ဝယ်ယူသောက်သုံးတတ်သူတွေလဲ ရှိပါသည်။
သက်တမ်းရင့်ဝိုင်တွေလိုပဲ တန်ဖိုးရှိတဲ့ သက်တမ်းရင့်ကော်ဖီတွေက အနံ့အရသာနဲ့ ပိုမိုပြည့်စုံတယ်လို့ ခံယူထားကြသည်လေ။
ကော်ဖီဖျော်ပြီးချိန်မှာ စက်ထဲက ထွက်လာတဲ့ ကော်ဖီမှုန့်ခပ်စိုစိုတွေကို သစ်ပင်စိုက်တဲ့ နေရာမှာ မြေသြဇာအဖြစ်သုံးဖို့ လာရောက်မှာယူသူ ကော်ဖီချစ်သူတွေကိုလဲ ကျွန်မတို့ ကော်ဖီဆိုင်လေးမှာ တခါတရံ တွေ့ရတတ်ပါသေးသည်။
ကော်ဖီမပါတဲ့ မနက်ခင်းတွေကို မသိမသာ ဖြတ်ကျော်နိုင်သူတွေရှိသလို နံနက်ခင်းတိုင်းမှာ ကော်ဖီတခွက်ကို မရှိမဖြစ် လိုအပ်နေသူတွေလဲ ရှိပါသည်။
ကျွန်မရဲ့ ကော်ဖီဆိုင်လေးကို ကျွန်မ ချစ်ပါသည်။ ကော်ဖီဆိုင်လေးမှာ တွေ့ရတတ်တဲ့ အရောင်စုံလှတဲ့ ကော်ဖီချစ်သူတွေကို ကျွန်မချစ်ပါသည်။
ကော်ဖီတွေကို ကော်ဖီစေ့အဖြစ် ချစ်ခင်သူတွေ ကော်ဖီမှုန့်အဖြစ် မြတ်နိုးသူတွေ နောက်ဆုံးအချိန် အမှိုက်ပုံးထဲရောက်ခါနီးအထိ ကော်ဖီတွေကို အကျိုးရှိရှိ အသုံးချတတ်သူတွေကို ကျွန်မ ချစ်ပါသည်။
ဒါပေမယ့် ကော်ဖီဆိုင်လေးက ကျွန်မကို မလိုအပ်တော့တဲ့ အချိန်မှာပဲ ဖြစ်ဖြစ်.... ကျွန်မဘဝရပ်တည်ရေးအတွက် ကော်ဖီဆိုင်လေးကို မှီခိုနေဖို့ မလိုအပ်တဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ကော်ဖီဆိုင်လေးကို ခွဲခွာရမှာ ဖြစ်ပါသည်။
ကော်ဖီဆိုင်လေးကို ကျောခိုင်းပြီးချိန်မှာ ကျွန်မဆက်လျှောက်ရမယ့် လမ်းတွေက ကော်ဖီခါးခါးတွေလို ခါးသက်ပြင်းရှ နိုင်ပါသည်။ တခါတရံမှာလဲ ကော်ဖီနံ့ သင်းသင်းလေးလို မွှေးပျံ့ချိုမြိန်နိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးကော်ဖီဆိုင်လေးနဲ့အတူ အရောင်စုံ ကော်ဖီချစ်သူတွေကို တိုက်ဆိုင်မှုတွေရှိလာတိုင်း လွမ်းဆွတ်နေမှာ သေချာပါသည်။
Friday, October 07, 2011
|
Labels:
အမှတ်တရလေးတွေ
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
8 comments:
မနှင်းရေ..
တွေ့ဆုံကြုံကွဲဟာ ဖြစ်မြဲဓမ္မတာပါဘဲ။ တွေ့ဆုံတာကိုက ခွဲခွါခြင်းရဲ့ နိဒါန်းဘဲ မဟုတ်လား။ ကော်ဖီဆိုင်လေးကလဲ မနှင်းကို လွမ်းဆွတ်အမှတ်ရနေမှာ သေချာပါတယ်။
ခင်မင်လျှက်
အမရေ..
ကော်ဖီနံလေးသင်းပျံနေတဲ့Post လေးကို
ကော်ဖီတစိမ့်စိမ့်သောက်၇င်းနဲ့ဖတ်သွားတယ်..
လူ့ဘဝဆိုတာကတော့
တွေ့ဆုံကြုံကွဲ ပါဘဲ..
တနေ့မှာဘာတွေဖြစ်ကြမယ်ဆိုတာ
ဘယ်သူမှကြိုမသိနိုင်ပါဘူး..
ကော်ဖီဆိုင်လေးကလည်းလွမ်းနေမှာပါအမရယ်.
ကော်ဖီချစ်သူ တစ်ဦးမို့ လွမ်းမောစရာ အပြည့်နဲ့ အားပေးသွားပါတယ်မမ ... လမ်းခွဲံဆိုတာ လူတိုင်းအတွက် ရှိနေမှာ သေချာပေမယ့် ... ခွဲရမယ်မှန်းသိရင် မဆုံလာပါနဲ့လားလို့ အပြစ်တင်လို့လဲ မရပြန်ဘူး..
ကော်ဖီနံ့သင်းတဲ့ လမ်းခွဲမှာ . . အညိုရောင် မနက်ခင်းတွေ မွေးပျံ့ချိုသင်း နိုင်ပါစေ
ခင်မင်တဲ့
ဗညားရှိန်
ကော်ဖီ တွေကလည်း အမျိုးမျိုးနော် ကျနော် တို့ ကတော့ ဒီမှာ သရီးအင်ဝမ်း စူပါကော်ဖီ ဘဲသောက်တယ် မနှင်း နဲ့ အတူ ကော်ဖီလေး တခွက် အတူသောက်ချင်ပါရဲ့
ခင်မင်တဲ့
ရွှေစင်ဦး
နှင်းရဲ့ ကော်ဖီဆိုင်လေးက မမြသွေးတို့ ဘလော့ဂ်ရွာကြီးလိုပါဘဲလားနော်...။ အသွင်အမျိုးမျိုး အရသာအမျိုးမျိုး လူအမျိုးမျိုး...နဲ့..။ အင်း.. ကော်ဖီကြိုက်တတ်သူတစ်ယောက်မို့ ကော်ဖီမအေးခင် အချိန်မှီ သောက်ရင်း ဘလော့ဂ်လေးရသလောက် လည်လိုက်ဦးမယ် နှင်းရေ...။ နှင်းနဲ့လည်း ကော်ဖီပူပူလေး အတူတူ သောက်ချင်ပါသေးတယ်ရှင်....။
ခါးသက်သက် အရသာကိုမှ
စွဲမက်မိတဲ့ငါမို့
နေပါစေ.. ညဘက်တွေ လမထွက်လည်း
ကော်ဖီတစ်ခွက်နဲ့ တသက်သက်လွမ်းမယ်
အင်းးးး ခါးနိုင်သမျှတော့ ခါးပေးပါကော်ဖီ။။။
ကော်ဖီချစ်တဲ့ မနှင်းလည်း ကော်ဖီကိုသောက်တိုင်း ဒီဆိုင်ကလေးနဲ့ ကော်ဖီချစ်သူတွေကို အမှတ်ရနေမယ်ထင်ပါတယ် ဘာပဲဖြစ်ဖြစ် ကောင်းသော အမှတ်တရလေးတွေရှိခွင့်ပေးခဲ့တဲ့ ကော်ဖီဆိုင်လေးကလည်း ကျေးဇူးတင်စရာနော့် ။
ရှေ့ဆက်လမ်းတွေ ကော်ဖီလို သင်းပျံ့လန်းဆန်းပါစေဗျာ။
Post a Comment