အလုပ်နားရက်တစ်ရက် စူပါမားကတ်မှာ ဈေးဝယ်ထွက်ဖြစ်တော့ အိမ်မှာ အလွယ်တကူ ဖောက်စားလို့ရတဲ့ ပြောင်းဖူးပေါက်ပေါက်ဘူးတွေ စီထားတဲ့ စင်တွေနားကို
မထင်မှတ်ပဲ ရောက်သွားခဲ့ပါသည်။
အိမ်မှာ တစ်ခါမှ
ဖောက်မစားဘူးပေမယ့် မိုက်ခရိုဝေ့မီးဖိုထဲကို ထည့်ပြီး သုံးမိနစ်လောက်အပူပေးရုံနဲ့ ပူပူနွေးနွေး အသင့်စားသုံးနိုင်တယ်လို့ ရေးထားတဲ့
အညွှန်းကို ဖတ်လိုက်မိတော့ စမ်းသပ်ချင်စိတ်က ထိန်းလို့မရတော့။ စင်ပေါ်မှာ အမျိုးအစားမတူတဲ့ တံဆိပ်တွေ
အများကြီးရှိနေပေမယ့် အမေရိကန်နိုင်ငံကထုတ်တဲ့ နာမည်ကြီး တံဆိပ်တစ်ခုကို သေသေချာချာ
ရွေးပြီး ဝယ်လာမိပါသည်။
နောက်တစ်နေ့ နေ့လည်ခင်းမှာတော့
အိမ်မှာ တစ်ယောက်တည်း အားနေသလို ဗိုက်လဲ ဆာလာတာမို့ ပြောင်းဖူးပေါက်ပေါက်တွေကို
သတိတရ နဲ့ ဖွင့်ကြည့်မိပါသည်။
စက္ကူပါကင်ဘူးအဝါရောင်လေးထဲမှာတော့ စက္ကူဖြူဖြူလးတွေနဲ့ ထုပ်ပိုးထားတဲ့ ပြောင်းဖူးပေါက်ပေါက်ထုတ် ပြားပြားလေး သုံးထုပ်ပါပါသည်။
ပထမဆုံး အထုပ်ကို အညွှန်းမှာ ပြထားတဲ့ အတိုင်း အပေါ်အောက်
နေရာမှန်အောင် ချိန်ညှိပြီး မိုက်ခရိုဝေ့မီးဖိုထဲကို ထည့်လိုက်ပါသည်။ ပြောင်းဖူးထုပ်ပေါ်မှာ
ညွှန်းထားတဲ့ စာတွေအရ မီးအပူချိန်ပြင်းပြင်းမှာ သုံးမိနစ်တိတိ ထည့်ပြီး အပူပေးရမည်ဖြစ်ပြီး သုံးမိနစ်မှ ငါးမိနစ်ထက်ပိုပြီး အပူမပေးရဟု သတိပေးညွှန်ကြားထားတာကို တွေ့ရပါသည်။
ကျွန်မအိမ်က မိုက်ခရိုဝေ့ကို စိတ်မချရဲတာမို့ အပူချိန် ကို အမြင့်ဆုံးကိုတင်ပြီး နှစ်မိနစ်တိတိ ချိန်ညှိလိုက်ပါသည်။ တစ်မိနစ်ကျော်ကျော် နှစ်မိနစ် ပြည့်ကာနီးချိန်မှာတော့ မိုက်ခရိုဝေ့ထဲမှ ပြောင်းဖူးစေ့ပေါက်ထွက်သံ တဖောက်ဖောက် ဆူဆူညံညံ ကြားရပြီး ပြောင်းဖူးအိတ်ကလေး သိသိသာသာ
ဖောင်းစပြုလာတာမို့ အလန့်တကြားနဲ့ ခလုတ်ကိုပိတ်လိုက်မိပါသည်။
မိုက်ခရိုဝေ့ မီးဖိုထဲက ပြောင်းဖူးပေါက်ပေါက်ထုတ်လေးကို စက္ကူအိတ်အစွန်းနှစ်ဖက်က အသာလေးမပြီး ဆွဲထုတ်လိုက်ချိန်မှာတော့ ဘေးဘက်က အလိုလို ကွဲထွက်လာတဲ့ အပေါက်ဆီမှ မပေါက်သေးတဲ့ ပြောင်းဖူးစေ့လေးတွေ ကြမ်းပြင်ပေါ်ကို ဝေါကနဲထွတ်ကျလာခဲ့ပါသည်။
ပွင့်လာတဲ့ စက္ကူအိတ်ရဲ့ အစွန်းတစ်ဘက်ကနေ မြင်နေရတာက တပိုင်းတစ ပေါက်စပြုနေတဲ့ ပြောင်းဖူးပေါက်ပေါက် အချို့နဲ့ လုံးဝ မပေါက်သေးတဲ့ ပြောင်းဖူးစေ့လေးတွေ။ ပြီးတော့ ကြမ်းခင်း ကြွေပြားဖြူဖြူတွေပေါ်မှာ တစစီ ကြဲနေတဲ့ ပြောင်းဖူးစေ့ ဝါဝါလေးတွေ။
လက်ထဲမှာ ကိုင်ထားမိတဲ့ ဘယ်လိုမှ စားလို့မရနိုင်သေးတဲ့ တပိုင်းတစ ပွင့်အာနေတဲ့ ပြောင်းဖူးပေါက်ပေါက်တွေနဲ့ လုံးဝမပေါက်သေးတဲ့ ပြောင်းဖူးစေ့တွေကို ကြာကြာစဉ်းစားမနေပဲ အမိုက်ပုံးထဲကို ပစ်ထည့်လိုက်ပြီး ကြမ်းပြင်ပေါ်က ပြောင်းဖူးစေ့တွေကိုပါ တံမြက်စည်းနဲ့ လှည်းကျင်းသန့်စင်လိုက်ပါသည်။
စားပွဲပေါ်မှာ တင်ထားတဲ့ မဖောက်ရသေးတဲ့ ပြောင်းဖူးပေါက်ပေါက်နှစ်ထုတ်ဆီကို အကြည့်ရောက်သွားချိန်မှာတော့ နောက်တစ်တစ်ထုတ် ထပ်ဖောက်ဖို့ စိတ်ကူးဝင်လာပြန်ပါသည်။
နောက်တစ်ထုတ်ကို မိုက်ခရိုဝေ့မီးဖိုထဲကို နေရာတကျ ထည့်ပြီး အပူချိန်အမြင့်ဆုံးကိုတင်ပြီး နှစ်မိနစ်တိတိထားဖို့ ဆုံးဖြတ်လိုက်ပါသည်။
နှစ်မိနစ်ပြည့်ခါနီးမှာတော့ ထုံးစံအတိုင်း ပြောင်းဖူးစေ့လေးပေါက်ထွက်လာတဲ့ အသံတဖောက်ဖောက်ကို ကြားရပြန်ပါသည်။
ပြောင်းဖူးစေ့ပေါက်သံတွေ ဆူညံလာတာနဲ့အမျှ ပြောင်းဖူးစေ့အိတ်ပြားပြားလေးက တစတစ ဖောင်းကားလာတာကို မှန်သားပြင်ကနေတဆင့် မြင်နေရပါသည်။
နှစ်မိနစ်ပြည့်လို့ မီးဖိုပိတ်သွားပေမယ့် ပြောင်းဖူးအိတ်က အပြည့်အဝ ဖောင်းကားမလာသေးတာမို့ မီးဖိုကိုမဖွင့်သေးပဲ နောက်ထပ် မိနစ်ဝက်ထားဖို့ ခလုတ်ကို ချိန်ညှိလိုက်ပါသည်။ (
အညွှန်းအရဆိုရင် သုံးမိနစ်တိတိ ထားရမှာ ဖြစ်တာမို့ နှစ်မိနစ်ခွဲလောက်အထိ ထားရုံနဲ့
ဘာမှမဖြစ်နိုင်တာ သေချာပါသည်။)
နောက်ထပ်၁၀ စက္ကန့်ကျော်လာချိန်မှာတော့ ပေါက်ကွဲသံ တဖောက်ဖောက်နဲ့အတူ ပြောင်းဖူးအိတ်က သိသိသာသာ ဖောင်းကားလာပြီး တဖက်စွန်းဆီမှ မီးခိုးငွေ့အချို့ထွက်လာတာကိုတွေ့လိုက်ရပါသည်။ စက္ကန့် အနည်းငယ်အတွင်း မီးခိုးငွေ့အချို့ကို သေသေချာချာ မြင်လိုက်ရချိန်မှာတော့ မီးဖိုခလုတ်ကို အလန့်တကြား ထပိတ်လိုက်မိပြန်ပါသည်။
ပြောင်းဖူးစေ့တွေ တူးခြစ်ပြီး ကျွမ်းသွားပြီလားဆိုတဲ့ အတွေးနဲ့ မီးဖိုခလုတ်ကို ရုတ်တရက်မဖွင့်ရဲတာမို့ မီးခိုးငွေ့စဲသွားတဲ့ အထိ စောင့်ကြည့်နေမိပါသည်။
မီးဖိုထဲက ထွက်လာတဲ့ ပြောင်းဖူးထုတ်မှာ မီးကျွမ်းနံ့အချို့ ခံစားမိတာမို့ အနည်းငယ်ဟနေတဲ့ အထုပ်ကို သေသေချာချာဖွင့်ကြည့်လိုက်တော့ ပြောင်းဖူးပေါက်ပေါက် ခပ်ဝါဝါလေးတွေကို အပေါ်ယံမှာ တွေ့ရပြီး အောက်ခြေဆီမှာတော့ မီးကျွမ်းနေတဲ့ ပြောင်းဖူးပေါက်ပေါက် အမည်းရောင်တွေကို တွေ့လိုက်ရပါသည်။
အပေါ်ယံဆီက ပြောင်းဖူးပေါက်ပေါက် ဝါဝါကျင်ကျင်လေးတွေကို အရသာခံပြီး မြည်းကြည့်တော့ အနည်းငယ် ငန်တဲ့ ထောပတ်အရသာ နဲ့အတူ ပြောင်းဖူးပေါက်ပေါက်အရသာ ခပ်စိမ့်စိမ့်လေးကို ခံစားလိုက်ရတာမို့ ပြောင်းဖူးပေါက်ပေါက်အားလုံးကို လွင့်မပစ်ပဲ စားလို့ရသလောက် ဆက်စားဖို့ ဆုံးဖြတ်လိုက်ပါသည်။
အထုပ် အောက်ခြေဆီက မီးကျွမ်းနေတဲ့ ပြောင်းဖူးပေါက်ပေါက်တွေကို ဖယ်ထုတ်ပြီး အပေါ်ယံက မတူးသေးတဲ့ ဝါကျင်ကျင် ပြောင်းဖူးပေါက်ပါက်တွေကို လက်တစ်ဆုတ်သာသာလောက် ဆက်စားမိတော့ ခပ်စိမ့်စိမ့်အရသာနဲ့အတူ မီးခိုးနံ့ဝင်ရောနေတဲ့ စူးရှရှ အရသာတစ်ခုကိုပါ ထပ်ရလိုက်ပါသည်။
ကျွန်မစားချင်တဲ့ ပြောင်းဖူးပေါက်ပေါက်က အရသာပြည့်ဝတဲ့ အဖြူရောင် ပြောင်းဖူးပေါက်ပေါက်တစ်ထုပ်။ စားနေရတာက တူးလုတူးခင် တူးနံ့အချို့ ဝင်ချင်နေတဲ့ ခပ်ရှရှ ဝါကျင်ကျင် ပြောင်းဖူးပေါက်ပေါက် လက်တစ်ဆုပ်။
လက်ထဲက စားလက်စ အရသာပေါင်းစုံ ရောနေတဲ့ ပေါက်ပေါက်ကို လက်စသတ်ပြီး ချိန်မှာတော့ ဆက်စားလို့ မရနိုင်တော့မယ့် ပြောင်းဖူးပေါက်ပေါက် တစ်ထုပ်လုံးကို အမှိုက်ပုံးထဲကို ဒုတိယအကြိမ် ပစ်လိုက်ရပြန်ပါသည်။
စားပွဲပေါ်မှာ ကျန်နေတဲ့ နောက်ဆုံး ပြောင်းဖူးထုပ်ကိုတော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်သိမ်းလိုက်ပြီး အိမ်လုပ် ပြောင်းဖူးပေါက်ပေါက်စားချင်စိတ်ကို တစ်ခါတည်း မေ့ပစ်လိုက်ပါသည်။
ရက်အချို့ ကုန်လွန်ပြီး နောက်တစ်ပတ် အလုပ်အားရက် နေ့လည်ခင်း စားစရာတွေ စဉ်းစားမိချိန်မှာတော့ ပြောင်းဖူးပေါက်ပေါက်တစ်ထုပ်ကို ပြန်သတိရလာပြန်ပါသည်။
ဒီတစ်ခါကတော့ နောက်ဆုံးတစ်ထုပ်ဖြစ်တာမို့ သတိကြီးစွာထားပြီး ပြောင်းဖူးပေါက်ပေါက်ကို မိုက်ခရိုဝေ့မီးဖိုထဲကို ထည့်လိုက်ပါသည်။ မီးဖိုထဲထည့်ပြီးမှ တစုံတရာကို စိုးရိမ်လာပြန်တာမို့ ပြန်ထုတ်ပြီး အထုပ်ပေါ်က အညွှန်းကို သေသေချာချာ အစအဆုံး ပြန်ဖတ်ပါသည်။
အညွှန်းအရဆိုရင် ကျွန်မ မမှားပါ။ အညွှန်းမှာပြောထားတဲ့ မီးပြင်းပြင်းနဲ့ သုံးမိနစ်အစား မီးပြင်းပြင်းနဲ့ အလယ်အလတ်ကြား ဟိုမရောက် သည်မရောက် ချိန်ညှိပြီး နှစ်မိနစ်ကျော်လောက် ထားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
မိုက်ခရိုဝေ့မီးဖိုထဲမှာ ပြောင်းဖူးထုတ်လေး ချာချာလည်နေတာကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ကြည့်နေချိန်မှာ အသက်ရှုဖို့တောင် သတိမရလိုက်ပါ။
ပြောင်းဖူးစေ့ပေါက်ထွက်သံတွေ ဆူညံလာလေ ကျွန်မရဲ့ ရင်ခုန်သံတွေဆူညံလာလေ။
နှစ်မိနစ်ပြည့်ခါနီးမှာတော့ ပေါက်ပေါက်သံတွေ ဆူညံလာပြီး ပြောင်းဖူးထုပ်လေးကလဲ သိသိသာသာ ဖောင်းကားလာပြန်ပါသည်။ နှစ်မိနစ်ခွဲလောက်မှာ အချိန်စေ့လို့ မီးဖို ရပ်သွားတော့ တူးနံ့ရမရ ပြောင်းဖူးထုပ်လေး အပြည့်အဝ ဖောင်းပွ မပွ စိတ်မဝင်စားနိုင်တော့ပါ။
ပြောင်းဖူးထုပ်လေးကို စိတ်ချလက်ချ ဆွဲထုတ်လိုက်ပါသည်။
မီးဖိုထဲကထွက်လာတဲ့ ပြောင်းဖူးထုပ်လေးကို အထုပ်ရဲ့ နှစ်ဘက်စွန်းကနေ ခပ်ဖွဖွလေးကိုင်ပြီး အပေါ်အောက် သမသွားအောင် ကိုင်လှုပ်ပြီး ပန်းကန်တစ်ချပ်ပေါ်ကို တင်လိုက်ပါသည်။
ပြောင်းဖူးပေါက်ပေါက်တွေကို ပန်းကန်ထဲကိုထည့်ပြီး ကျကျနနစားဖို့ စိတ်ကူးမိပေယ့် ထောပတ်နံ့သင်းသင်းနေတဲ့ စက္ကူထုတ်လေးကို နှမြောနေမိတာမို့ မူလစက္ကူထုပ်လေးထဲကပဲ နှိုက်စားဖို့ ဆုံးဖြတ်လိုက်ပါသည်။
နောက်ဆုံးအထုပ်ကတော့ မဆိုးလှပါ ကျွန်မမျှော်လင့်ထားတဲ့ ဖြူဖြူဖွေးဖွေး ပြောင်းဖူးပေါက်ပေါက်လေးတွေကို ထောပတ်အရသာ စိမ့်စိမ့်လေးနဲ့ ကျေကျေနပ်နပ် စားလိုက်ရပါသည်။ အချို့ ပြောင်းဖူးလေးတွေက အပြည့်အဝ မပေါက်သေးပဲ ခပ်ဟဟ ခပ်အာအာလေးတွေဆိုပေမယ့် မူလအရသာမပျက်။ ပြောင်းဖူးပေါက်ပေါက် တစ်ထုပ်လုံး ကုန်သွားချိန်မှာတော့ စက္ကူအိတ်ထဲမှာ မပေါက်ပဲ ကျန်နေသေးတဲ့ ပြောင်းဖူးစေ့အချို့ကို တအံ့သြတွေ့လိုက်ရပြန်ပါသည်။
မပေါက်သေးတဲ့ ပြောင်းဖူးစေ့လေးတစ်စေ့ကို ဝါးကြည့်တော့ မွမွ ကြွပ်ကြွပ်နဲ့ ဝါးစားလို့ရတာကို တွေ့လိုက်ရပါသည်။ ဒါပေမယ့် ပေါက်ပေါက်ဘဝ လုံးဝမရောက်သေးရှာတဲ့ ပြောင်းဖူးစေ့တွေဖြစ်နေတာမို့ ဒီအတိုင်းဝါးစားရမလား အမှိုက်ပုံးထဲပဲ ပစ်ထည့်ရမလား ဝေခွဲမရ ဖြစ်ရပြန်ပါသည်။
ကျွန်မရဲ့ အောင်မြင်တဲ့ ပြောင်းဖူးပေါက်ပေါက်ကို အားပေးနေတဲ့ အခန်းဖော် သူငယ်ချင်းက မိုက်ခရိုဝေ့ထဲ ပြန်ထည့်ပြီး ဖောက်ကြည့်ဖို့ အကြံပြုတာမို့ လက်တဆုတ်စာမရှိတရှိ ပြောင်းဖူးစေ့တွေ ထည့်ထားတဲ့ အိတ်ကို စက္ကူတိပ်နဲ့ ပြန်ပိတ်ပြီး မိုက်ခရိုဝေ့မီးဖိုထဲကို ပြန်ထည့်လိုက်ပါသည်။
မီးဖိုကို စက္ကန့်သုံးဆယ် ချိန်ညှိပြီး ဆူညံပေါက်ကွဲသံတွေနဲ့ ပြောင်းဖူးတွေ ပေါက်ထွက်လာတာကို စောင့်ကြည့်နေရပြန်ပါသည်။ စက္ကန့် သုံးဆယ်ပြည့်လို့ အထုပ်ကို မီးဖိုထဲက ဆွဲထုတ်လိုက်ချိန်မှာတော့ ကျွန်မနှစ်သက်မိတဲ့ ပြောင်းဖူးပေါက်ပေါက်အချို့ကို ပြန်တွေ့လိုက်ရပြန်ပါသည်။
နောက်ဆုံးပြောင်းဖူးထုတ်လေးကို အလွင့်အစင်မရှိ တစေ့မကျန် စားလိုက်ရချိန်မှာတော့ ကျွန်မရဲ့ မကျွမ်းကျင်မှုကြောင့် ပစ်ထုတ်လိုက်ရတဲ့ ပြောင်းဖူး ပေါက်ပေါက် နှစ်ထုပ်ကို နှမြောမိပါသည်။
တဆက်တည်းမှာပဲ ကျွန်မရဲ့ ဘဝ သက်တမ်းတစ်လျှောက်မှာ တွေ့ကြုံလာတဲ့ အတွေ့အကြုံတွေအရ ပြောင်းဖူးသုံးထုပ်နဲ့ အလားသဏ္ဍန်တူတဲ့ သင်ခန်းစာအချို့ကိုလဲ ပြန်ပြောင်းသတိရမိလိုက်ပါသည်။
ပထမဆုံး ပြောင်းဖူးပေါက်ပေါက်ထုပ်ကတော့ ကျွန်မတို့ နေ့စဉ်တွေ့ကြုံနေရတဲ့
ပတ်ဝန်းကျင်က မိတ်ဆွေတွေရဲ့ ဆက်ဆံရေးနဲ့ တူပါသည်။
ဘယ်သူ့ကြောင့်ပဲ
ဖြစ်ဖြစ် ကျွန်မတို့ဘက်မှာ အားနည်းချက် ချွတ်ယွင်းချက်တွေရှိလာပြီဆိုတာနဲ့ ပတ်ဝန်းကျင်က
မိတ်ဆွေတွေဟာ ချက်ချင်း လက်ငင်းဆိုသလို စွန့်ပစ်လိုက်ဖို့ ဝန်မလေးကြပါ။
ဘာကြောင့်လဲ
ဘာအတွက်လဲ လို့ အကြောင်းရင်းရှာဖို့ အချိန်မပေး ဘယ်သူမှားသလဲ ဘယ်သူမှန်လဲ သုံးသပ်ဝေဖန်ဖို့
အချိန်မပေးချင်ကြတော့ပါ။
ဒုတိယ ပြောင်းဖူးပေါက်ပေါက်ထုပ်လေးကတော့ ကျွန်မတို့နဲ့ ဆွေမျိုးသားချင်းတွေကြားက
ဆက်ဆံရေးနဲ့ တူပါသည်။
ကျွန်မတို့မှာ အားနည်းချက်အနည်းငယ် ရှိကောင်းရှိပေမယ့် အဲဒီအားနည်းချက်ကို
အတိုင်းအတာ တစ်ခုအထိတော့ လက်ခံ နားလည်ပေးကြပါသည်။ ဒါပေမယ့် လုံးဝ နားလည်ပေးလို့ မဖြစ်နိုင်ဘူးဆိုရင်တော့ ဆွေမျိုးစာရင်းမှ အချိန်မရွေး ပစ်ပယ်လိုက်ဖို့ ဝန်မလေးတတ်သူတွေလဲ ဖြစ်ပါသည်။
တတိယ ပြောင်းဖူးပေါက်ပေါက်ထုပ်လေးကတော့ ကျွန်မတို့ကို အမြဲတမ်းနားလည်
ပေးလေ့ရှိတဲ့  မိဘနဲ့ သားသမီးတွေရဲ့ ဆက်ဆံရေးနဲ့ တူပါသည်။
သားသမီးတွေနဲ့ ပက်သက်လာရင် နည်းနည်းလေးမှ အတိမ်းအစောင်းမခံပဲ
သည်းသည်းလှုပ် ချစ်ခင်ကြတဲ့ မိဘတွေက သားသမီးတွေကို ပိုးမွေးသလို တယုတယ ပြုစုပျိုးထောင်ခဲ့ကြပါသည်။
သူတို့ရဲ့ အသက်အရွယ် အတွေ့အကြုံတွေအရ အထိအခိုက် အဖိတ်အစင်မရှိအောင်
တယုတယနဲ့ ကိုင်တွယ်ကြသလို လိုအပ်ချိန်တွေတိုင်းမှာလဲ အကောင်းဆုံးအခြေအနေရောက်အောင်
ပံ့ပိုးကူညီတတ်ကြသူတွေပဲ ဖြစ်ပါသည်။
တခါတရံ သုံးလို့မရအောင် ပျက်စီးယိုယွင်းသွားချိန်တွေမှာတောင်
မပစ်ရက် မစွန့်ရက်ပဲ ပြန်လည်ပြုပြင်ဖို့ ပဲ့ကိုင်နိုင်စွမ်းရှိသူတွေပဲ ဖြစ်ပါသည်။
( လောကကြီးမှာ မရှိတော့တဲ့ ဖခင်ကြီးအပါအဝင် ကျွန်မချစ်ခင်ရတဲ့
Gemini များအတွက် မေလမှာ မှတ်မှတ်ရရ ရေးဖြစ်တဲ့ ပို့စ်လေးပါ။)
2 comments:
နှင်းရေ....
ပြောင်းဖူးပေါက်ပေါက်ကနေ ရလိုက်တဲ့ အတွေးလေးတွေက တန်ဘိုးရှိလိုက်တာ..။ အစ်မတို့ ပတ်ဝန်းကျင်မှာ အခုလို အမှတ်တမဲ့ရလိုက်တဲ့ အတွေးလေးတွေကနေ စဉ်းစားဆင်ခြင်စရာတွေ ရလိုက်တတ်ကြတယ်နော်။
အစ်မလည်း အလုပ်တွေ ပိနေလို့ အခုမှ စာတွေ လိုက်ဖတ်နိုင်တယ်..။ နှင်းပို့စ်လေးကို သဘောကျလို့ အစ်မရဲ့ facebook မှာ Linkနဲ့တကွ shareခွင့်ပြုပါနော်..။
ကျေးဇူးပါမမ။
နှင်း
Post a Comment