အစိမ်းရောင် ချစ်သူ ကြယ်ပွင့်များ

ဟောလီးဝုဒ်ဆိုရင် ကမ္ဘာကျော် သရုပ်ဆောင်တွေ ပျော်တဲ့ကမ္ဘာ မသိသူ မကြားဘူးသူ မရှိ။
ကမ္ဘာကျော်အောင် ဆန်းပြား သစ်လွင်တဲ့ အရာတွေကို ဟောလီးဝုဒ်စတားတွေက မက်မောနှစ်ခြိုက်ကြသည်လေ။

ဟောလီးဝုဒ် မင်းသမီးတွေ ဖက်ရှင်ဒီဇိုင်း အသစ် အဆန်း မျိုးစုံနဲ့ ခေတ်ရှေ့ပြေးဖို့ ကြိုးစားနေချိန်မှာ အသားတစ်တွေနဲ့ ဒီဇိုင်းထွင်ထားတဲ့ လေဒီဂါဂါရဲ့ ဖက်ရှင်ဆန်းက ခေတ်ရှေ့ပြေးနေတဲ့ ဖက်ရှင်လောကကိုတောင် ဂယက်ရိုက်သွားခဲ့ဘူးပါတယ်။

အခြားအခြားသော မင်းသမီးတွေ မော်ဒယ်လ်တွေလဲ ကျားသစ်အရေခွံ မိကျောင်းအရေခွံ မြွေအရေခွံတွေနဲ့ လှသည်ထက်လှအောင် ဖက်ရှင် အသစ်အသစ်တွေကို ဆန်းသစ်တီထွင် ပြီး နာမည်ကျော်သထက်ကျော်အောင် ကြိုးစားနေတာကိုလဲ မမြင်ချင် မကြားချင်လို့မရ။

ဒါမှဟောလီးဝုဒ် စတား လို့ လက်မထောင်နိုင်မည် လို့ စာချိုးချရမလို။။။။
အဝတ်အစား အသုံးအဆောင်သာမက မော်တော်ကား ဇိမ်ခံ ရွက်လှေ ကစလို့ အပျော်စီးသင်္ဘော ကိုယ်ပိုင်လေယာဉ်ပျံအဆုံး သူ့ထက်ငါ အပြိုင်ကြဲပြီး ဝယ်ယူနေကြတဲ့ ဟောလီးဝုဒ်လို့လဲ ပြောကြပါသေးသည်။

တကယ်တော့ အနုပညာရှင်ဆိုတာ လူထုပရိတ်သတ်ရဲ့ ရှေ့ဆောင်လမ်းပြဖြစ်နေတာမို့ အနုပညာရှင်တွေ ထွင်လိုက်တဲ့ လမ်းကြောင်းတွေ ဆင်ယင်လိုက်တဲ့ ဖက်ရှင်တွေ ဆန်းသစ်လိုက်တဲ့ အပြုအမူတွေဟာ ပရိတ်သတ်တွေ ကြားမှာ စိမ့်ဝင်ပြန့်နှံ့ဖို့ အတုယူဖို့ အင်မတန်မှ လွယ်ကူပါတယ်။

ဒီတစ်လမှာတော့ ဟောလီးဝုဒ် မင်းသား မင်းသမီးအချို့ရဲ့ အင်မတန်အဖိုးတန်ပြီး လူသိနည်းတဲ့ အစိမ်းရောင်ကမ္ဘာမြေ ( Green Environment) အတွက် ကြိုးစားအားထုတ်မှုလေးတွေကို ဝေမျှချင်ပါတယ်။
ကမ္ဘာကြီး အိုမင်းနာမကျန်းဖြစ်နေတဲ့အကြောင်း နေရာတိုင်းမှာ ပြောနေကြတာ ကြာခဲ့ပါပြီ။

ဒီနာဖျားနေတဲ့ ကမ္ဘာမြေနဲ့ ပက်သက်ပြီး ဟောလီးဝုဒ်အကျော်အမော်အချို့ ဘယ်လို တာဝန်ကျေခဲ့သလဲ ဘယ်လို တာဝန်ကျေနေကြသလဲဆိုတာကို သိခွင့်ရသူ အလွန်နည်းလှပါသည်။

ဘယ်သူတွေ ကမ္ဘာမြေကို ဘယ်လိုချစ်ကြတယ်ဆိုတာ မပြောခင်မှာ တကယ့်ကို အခြေခံကျတဲ့ အကြောင်းဏ္ဍလေး နှစ်ခုကို အရင်မိတ်ဆက်ပေးပါ့မယ်။

ဗီဂန် ( Vegan) ဆိုတာ သက်သက်လွတ်စားပြီး ပိုး သားရေ စသည် တိရိစ္ဆာန်နှင့်မကင်းသည့် အသုံးအဆောင်များ သုံးစွဲခြင်းမှ ရှောင်ကြဉ်သူတွေကို ပြောတာပါ။

Environmentalist ဆိုတာကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ ပုဂိုလ်တွေကိုခေါ်တာပါ။
ဒီနေရာမှာလဲ ကျွန်မကြားဘူးနားဝရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားစစ်စစ်တွေရဲ့ အကြောင်းကို အကြောင်းတိုက်ဆိုင်လို့ ပြောပြချင်ပါသေးတယ်။

အချို့အချို့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား စစ်စစ်တွေဟာ လောင်စာဆီ အသုံးလျော့ချရေးအတွက် မော်တော်ကားကိုတောင်မစီးပါဘူး။ မော်တော်ကားစီးခဲ့ရင်လဲ ဆိုလာစနစ်နဲ့ မောင်းနှင်တဲ့ မော်တော်ကားမျိုးကိုသာ စီးလေ့ရှိကြပါတယ်။

(ဆိုလာကားဆိုတာကတော့ ဓါတ်ဆီ ဒီဇယ်ဆီ သဘာဝ ဓါတ်ငွေ့တွေ မသုံးပဲ သဘာဝကလာတဲ့ နေရောင်ခြည်ကိုသုံးပြီး ဘထ္ထရီကား မောင်းခြင်းပဲ ဖြစ်ပါတယ်။) မော်တော်ကားထုတ်လုပ်သူတွေ လောကမှာတော့ Hybrid Car လို့ လူသိများပါတယ်။

Hybird ကားတွေဟာ ဘက်ထရီကိုသုံးတဲ့အတွက် (လောင်စာဆီကို လောင်ကျွမ်းစေပြီး အင်ဂျင်နဲ့ လည်ပတ်တဲ့ ကားတွေနဲ့မတူပဲ ) အိတ်ဇောပိုက်က ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လုပ်မှု ပမာဏကို ရာနှုန်းပြည့် လျော့ကျစေပါတယ်။

Hybird ကား

လေထုထဲကို ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို လျော့ချနိုင်ခြင်းအတွက် Hybird ကားသုံးစွဲသူတွေက သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ အဖြစ် ဂုဏ်ယူလေ့ရှိပါတယ်။

အချို့အချို့သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကတော့ မော်တော်ကားနေရာမှာ စက်ဘီးကို အစားထိုးပြီး သွားလာကြသူတွေများပါတယ်။ သူတို့ဟာ လေယာဉ်စီးပြီး ခရီးသွားရတဲ့ ခရီးလမ်းပန်းတွေကိုတောင် ရှောင်ရှားလေ့ရှိကြပါတယ်။

နေအိမ်ဆိုရင်လဲ သာမန်အိမ်တွေနဲ့ မတူတဲ့ အစိမ်းရောင်အိမ် ( ဖန်လုံအိမ်) တွေကို ဆောက်လုပ်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ကာဘွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားဘေးထွက်ဆိုးကျိုး နည်းနိုင်သမျှနည်းအောင် ဆောက်လုပ်နေထိုင်ကြသူတွေပါ။

ဖန်လုံအိမ် စီမံကိန်းတွေဟာ ဓါတ်ငွေ့လျှော့ချရေးနဲ့ လေထု အရည်အသွေး တိုးတက်စေဖို့ စွန့်ပစ်ပစ္စည်းလျှော့ချစေဖို့ ရေမြေသယံဇာတနဲ့ ဇီဝ မျိုးကွဲများကို တနည်းတဖုံ စောင့်ရှောက်ဖို့ ရည်ရွယ်ချက်ကောင်းတွေနဲ့ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေလဲဖြစ်ပါတယ်။

အိမ်မှာဆိုရင်လဲ လျှပ်စစ်နဲ့ သုံးရတဲ့ အသုံးအဆောင်တွေကို မသုံးပဲ အဝတ်အစားကို လက်နဲ့ လျှော်ဖွတ်ပြီး ဝတ်လေ့ရှိပါတယ်။ သစ်ကိုင်းသစ်ခက်တွေ လက်သမားခုံက ထွက်လာတဲ့ အသုံးမလိုတော့တဲ့ သစ်တိုသစ်စတွေကိုသာ လောင်စာအဖြစ်အသုံးပြုပြီး ထမင်းဟင်းချက်စားလေ့ရှိပါတယ်။

အိမ်ရဲ့ အလင်းရောင်အတွက် အိမ်ခေါင်မိုးမှာ ဆိုလာပြားတွေ တပ်ဆင်ထားပြီး ဆိုလာပြားတွေဆီကလာတဲ့ စွမ်းအင်နဲ့ မီးချောင်းများကို အသုံးပြုကြပါတယ်။ ( လျှပ်စစ်မီးကတော့ သဘာဝဓါတ်ငွေ့တွေကို ကျွမ်းလောင်စေပြီး ထုတ်လုပ်ထားတာတာမို့ လျှပ်စစ်မီးကို မသုံးစွဲတာဟာ မြေအောက် သဘာဝ သယံဇာတတွေကို ထိန်းသိမ်းခြင်း တမျိုးပါပဲ)

ဗီဂန်စစ်စစ်တွေဟာ သားရဲတိရိစ္ဆာန်ပြုန်းတီးခြင်းကို ကာကွယ်ဖို့အတွက် ရာသက်ပန် သက်သက်လွတ်စားလေ့ရှိပါတယ်။ သူတို့တွေဟာ တိရိစ္ဆာကရတဲ့ ပိုး သားရေနဲ့ တိရိစ္ဆာန်တွေရဲ့ အခြားအစိတ်အပိုင်းတွေက ရရှိတဲ့ ပစ္စည်းအသုံးအဆောင်တွေကို သုံးစွဲခြင်းက ရှောင်ကြဉ်ကြသူတွေပါ။
အဲဒီလို အစိမ်းရောင်ကမ္ဘာမြေကို ချစ်ခင်သူတွေထဲမှာ ကျွန်မတို့ အသည်းစွဲ ဟောလီးဝုဒ်စတားတွေလဲ ရှိနေခဲ့ပါတယ်။

ကမ္ဘာမြေအတွက် သဘာဝက ဖန်ဆင်းပေးထားတဲ့ သက်ရှိတိရိစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ကိုယ်ပိုင် အသိစိတ်ဓါတ်နဲ့ ထိန်းသိမ်းစောင့်ရှောက်နေသူ ( အစိမ်းရောင်ချစ်သူ) ကမ္ဘာကျော် သရုပ်ဆောင်တွေကတော့

(၁) ဘရက်ပစ် (Brad Pitt)


မြန်မာပရိတ်သတ်တွေနဲ့ မစိမ်းတဲ ညှိုအားအကောင်းဆုံး ဟောလီးဝုဒ် မင်းသားကြီး ဘရက်ပစ်ကို အစိမ်းရောင်နှလုံးလှ ပိုင်ရှင် (သို့) တကယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားလို့ တင်စားကြပါတယ်။

သူဟာ ၂၀၀၅ သြဂုတ်လမှာ တိုက်ခတ်ခဲ့တဲ့ ကက်တရီနာ ဟာရီကိန်းမုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးဆုံးရှုံးခဲ့တဲ့ နယူးအော်လန်းပြည်နယ်ကို ပြန်လည်ထူထောင်ဖို့ ပေးထားတဲ့ ကတိကဝတ်တွေနဲ့ညီအောင် အားသွန်ခွန်စိုက် ကူညီခဲ့သူဖြစ်ပါတယ်။

ဘရက်ပစ် တည်ထောင်ထားတဲ့ Make it Right ဖောင်ဒေးရှင်းက မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်တွေထဲက လူနေအိမ်ပေါင်း တစ်ရာ့ငါးဆယ်ကို ဆောက်လုပ်ပေးခဲ့ပါတယ်။

သူဆောက်လုပ်ပေးခဲ့တဲ့ အိမ်တွေက သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ( အစိမ်းရောင် အိမ်ယာ (ဖန်လုံအိမ်) တွေပဲဖြစ်ပါတယ်။ သဘာဝ ပန်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ညီညွတ်အောင် အိမ်အမိုးတွေမှာ ဆိုလာပြားတွေတပ်ဆင်ပြီး ဆောက်ထားသလို အိမ်တွေမှာ အခြားသော ရေ မီး စနစ်တွေကိုလဲ စနစ်တကျ ထည့်သွင်း တပ်ဆင် ပေးခဲ့ပါတယ်။

ဆိုလာပြားတွေနဲ့ဆောက်တဲ့ ဖန်လုံအိမ်

ဘရက်ပစ်ဟာ ၂၀၀၉ ခုနှစ်မတ်လတုန်းက သမ္မတ အိုဘားမားနဲ့ တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုအစိုးရ အကူအညီနဲ့ တည်ဆောက်မယ့် အစိမ်းရောင်အိမ် (ဖန်လုံအိမ်) စီမံကိန်းအတွက် ဆွေးနွေးခဲ့ပါသေးတယ်။

လီယိုနာဒို (Leonardo DiCaprio)



ကမ္ဘာကျော် တိုင်တန်းနစ်မင်းသားတစ်ပါးဖြစ်တဲ့ လီယိုနာဒိုကလဲ အစိမ်းရောင်ကမ္ဘာမြေကို ချစ်မြတ်နိုးသူတစ်ဦးပါတဲ့။

သူဟာ ဆိုလာစနစ်နဲ့ မောင်းနှင်တဲ့ မော်တော်ကား ( Hybird Car) ကိုသာ စီးနင်းသူဖြစ်ပြီး ဆိုလာပြားတွေ တပ်ဆင်ထားတဲ့ အိမ်မှာ နေထိုင်ပါတယ်။ လောင်စာဆီအသုံးလျှော့ချရေးအတွက်လဲ ကိုယ်ပိုင် လေယာဉ်ပျံကို အသုံးပြုခြင်းက ရှောင်ရှားပြီး အများနဲ့တန်းတူ အခပေးပြီးစီးရတဲ့ လေကြောင်းလိုင်းတွေနဲ့ပဲ ခရီးသွားပါသတဲ့။

လီယိုနာဒိုဟာ ၂၀၀၇ ခုနှစ်မှာ ကိုယ်တိုင်ရေး ကိုယ်တိုင် ဇာတ်ကြောင်းပြောထားတဲ့ “ The 11th Hour (၁၁ နာရီ)” ဆိုတဲ့ ဂေဟ မှတ်တမ်း ( Documentary) ကို ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်။

အဲဒီ ဇာတ်လမ်းတိုလေးဟာ ဂေဟ ဖြစ်စဉ် အပြောင်းအလဲတွေကြောင့် ပြောင်းလဲလာတဲ့ ရာသီဥတုတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စွန့်ဦးတီထွင်သူများကို ထောက်ခံပြီး Leonardo DiCaprio ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပါတယ်။

လီယိုနာဒိုဟာ ၂၀၁၁ အတွက် အစိမ်းရောင်နှလုံးသားပိုင်ရှင်ဆု ( Heart of green awards) အတွက် လူထုပရိတ်သတ်က ရွေးချယ် တစ်ပေးခြင်းခံရသူပါ။

သူဟာ ၂၀၁၀ မှာ Save Tigers Now အစီအစဉ်အတွက် ကမ္ဘာ့ တောရိုင်းတိရိစ္ဆာန် ရံပုံငွေအဖွဲ့အစည်းနဲ့ လက်တွဲလိုက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူအဖြစ် ထင်ရှားကျော်ဇောလာခဲ့ပြန်ပါတယ်။

လီယိုနာဒိုဟာ တောတွင်းနေ ကျားရဲ ကယ်တင်စောင့်ရှောက်ရေး အစီအစဉ်မှာ ပညာရေးကဏ္ဍသာမက စီးပွားရေးကဏ္ဍ နိုင်ငံရေးကဏ္ဍ စာမျက်နှာတွေမှာ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်ခဲ့သူပါ။ အဲဒီအစီအစဉ်ကနေ ၂၀၂၂ ကာလမှာ သဘာဝ ကျားရဲအရေအတွက် ရဲ့နှစ်ဆ အကောင်ရေ ၆၄၀၀ အထိ တိုးတက်လာဖို့ မျှော်လင့်ထားကြပါတယ်။

( ဆက်ရန် )

2 comments:

Unknown said...

ကျေးဇူးပါ နောက်ပိုင်းတွေကိုလဲ မျှော်နေပါ့မယ်
အစိမ်းရောင်ကို ချစ်တဲ့သူတွေ များလာပါစေ

ခင်မင်တဲ့
seesein

အမ်တီအန် said...

သူတို့ဆီက နာမည်ကျော်အနုပညာရှင်တွေက သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးအတွက် အခုလို ရှေ့ဆောင်လမ်းပြလုပ်ပေးနေကြတာ အားရစရာ နှင်းရေ..။ ဒီမှာတော့ အဲ့တာနဲ့ ပတ်သက်ပြီး တွင်တွင်ကျယ်ကျယ် ဦးဆောင်လုပ်မယ့် အနုပညာရှင်တွေ အခုထိ မပေါ်ထွက်လာသေးဘူး။

My Blog List