မျက်စိအစုံကိုမှိတ်ထားပေမယ့်
မျက်နှာကျက်ပေါ်က ပန်ကာကြီး တဝီဝီနဲ့ လည်နေတာကို အာရုံက ခံစားပြီးသိနေသည်။ လေးပေ မီးချောင်း
နှစ်ချောင်းအပြိုင်ထွန်းထားတဲ့ မျက်နှာကျက်ဖြူဖြူကို ကြည့်ချင်ပေမယ့် မသိစိတ်က တစုံတရာကို
စိုးထိတ်နေမိပြန်သည်။ ကျွန်မ တကယ်ပဲ ကြောက်နေခဲ့ပါသည်။ ကျွန်မ မသိစိတ်နဲ့ အသိစိတ် အားပြိုင်နေချိန်မှာ
မြင်တွေ့လိုက်ခဲ့ရတဲ့ မြင်ကွင်းတစ်ခုကို ပြန်မစဉ်းစားရဲလောက်အောင် ကြောက်နေခဲ့ပါသည်။
ကျွန်မက ပန်ကာအောက်မှာ အိပ်နေသလို ဘေးနားမှာထိုင်နေတဲ့ ညီမလေးက ယပ်တောင်တချောင်းနဲ့
ကျွန်မကို ယပ်ခပ်ပေးနေတဲ့အတွက် ချွေးထွက်စရာအကြောင်းကိစ္စမရှိပေမယ့် ကျွန်မလက်ဖဝါးတွေ
ချွေးတွေနဲ့ စေးကပ်နေခဲ့သည်။ ကျွန်မ ကျောပြင်တခုလုံးလည်း ချွေးတွေနဲ့ ရွှဲရွဲစိုနေသေးသည်။
လက်ဖမိုးပေါ်မှာ
ဆေးသွင်းဖို့ထိုးထည့်ထားတဲ့ ဆေးပိုက်တွေကြောင့် ဘယ်ဘက်လက်က လှုပ်မရအောင် တောင့်တင်းနေခဲ့သည်။
ပက်လက်အနေအထားနဲ့ ကြာကြာအိပ်ရင် ထိတ်လန့်တတ်တဲ့အတွက် အမေက ကျွန်မ ရင်ဘတ်ပေါ်မှာ ခေါင်းအုံးသေးသေးလေးတင်ပေးထားသေးသည်။
ဒါပေမယ့် ထုံးစံအတိုင်း အစဉ်အလာမပျက် ကျွန်မ ကြောက်လန့်စိတ်တွေက တားမနိုင်ဆီးမရ။ ကျွန်မ
အိမ်ပြန်ချင်ပြီ။ ၂၄ နာရီမပြောနဲ့ နာရီဝက်လောက်တောင် ဒီလိုနေရာမျိုးမှာ မနေချင်ပါ။
လက်ထဲမှာ ထိုးထည့်ထားတဲ့ ဆေးထိုးအပ်တွေအားလုံးကို ဆွဲဖြုတ်ပြီး အိမ်ပြန်ချင်လှပြီ။
ကျွန်မ အသက်ရှုကျပ်ပြီး ဇောချွေးတွေပြန်နေတာကို ဘေးမှာထိုင်နေတဲ့ ညီမတွေဘာလို့ မသိကြပါလိမ့်။
မျက်နှာကျက်ဖြူဖြူကို
မော့ကြည့်ချင်နေမိသည်။ မျက်နှာကျက်ပေါ်က ထုတ်တန်းပေါ်မှာ သူတို့ တကယ်ပဲရှိနေလေသလား။ သူတို့ဘာလို့ကျွန်မကို
ထိတ်လန့်အောင် ခြောက်လှန့်ခဲ့တာလဲ။ သူတို့ဘယ်သူတွေလဲ... ဘာလို့ဒီနေရာမှာတပြုံတမကြီးရောက်နေကြတာလဲ။
ကျွန်မကို ငုံ့ကြည့်နေကြတဲ့ သူတို့တွေ ကျွန်မကို လှောင်ပြောင်နေကြတာလား... ခြောက်လှန့်နေကြတာလား...
ကျွန်မကို ကျေးဇူးပြုပြီး ထပ်မလှန့်ပါနဲ့တော့။ ကျွန်မ ဒီနေရာမှာ ခဏလေးပဲ နေမှာပါ ကျွန်မကို
ဆရာဝန်ကြီးက ၂၄ နာရီပဲထားမှာပါလို့ ပြောထားလို့ပါ... အကြာကြီး မနေပါဘူး... ကျေးဇူးပြုပြီး
ထပ်မခြောက်ပါနဲ့တော့။
"မမငယ်
မမငယ် နိုးပြီလား...."
ညီမလေးရဲ့
အသံနဲ့အတူ နဖူးပေါ်ကို ခပ်ဖွဖွ ပွတ်သတ်လာတဲ့ လက်အစုံကြောင့် အမှောင်ကမ္ဘာက လွတ်မြောက်လာသလို
ထိတ်လန့်တကြား မျက်လုံးအစုံကို ဖွင့်ကြည့်မိသည်။ ကျွန်မဘေးမှာ ညီမနှစ်ယောက်နဲ့ အမတစ်ယောက်ရှိနေသည်။
ဒါပေမယ့် ကြောက်စိတ်က မပြယ်သေး။ ကျွန်မဘေးနားကကုတင်မှာလည်း ဗိုက်ခွဲထားတဲ့ ကျောင်းသူလေးဘေးမှာ
အဒေါ်တွေ ညီမတွေဝိုင်းနေသည်။ ဒီလောက်လူတွေအများကြီးရှိနေတဲ့ အခန်းကြီးထဲမှာ နေ့ခင်းကြောင်တောင်
ကျွန်မတစ်ယောက်တည်း ဇောချွေးပြန်နေခဲ့သည်။
ကျွန်မသိချင်စိတ်
စူးစမ်းချင်စိတ်တွေနဲ့ မျက်နှာကျက်ဖြူဖြူကို မော့ကြည့်ချင်နေမိသည်။ ဘေးနားမှာ လူတွေအများကြီးရှိနေပေမယ့်
မျက်နှာကျက်ဖြူဖြူကို မော့ကြည့်ဖို့ ခွန်အားတွေ ပျောက်ဆုံးနေခဲ့သည်။ ညီမလေးရဲ့ လက်အစုံကို
ဆုပ်ကိုင်ပြီး အားဆေးပုလင်းတွေချိတ်ဆွဲထားတဲ့ ခုတင်ဘေးက တိုင်ကိုအရင်မော့ကြည့်မိသည်။
အားဆေးလက်နှစ်လုံးလောက်ကျန်နေသေးသည်။ အားဆေးဗူးဆီကနေတဆင့် မျက်နှာကျက်ပေါ်ကိုမော့ကြည့်မိတော့
ကျွန်မရဲ့ အပေါ်တည့်တည့်မှာ ဆေးဖြူဖြူ သုတ်ထားတဲ့ ထုတ်တန်းတစ်ခု.... အိုး တကယ်ပါပဲ ကျွန်မ
စောစောကလေးတင် မြင်လိုက်ရတဲ့ ထုတ်တန်း။ အဲဒီထုတ်တန်းပေါ်မှာ တွဲလောင်းခိုနေတဲ့ ကလေး
လေးယောက်ကိုတော့ မတွေ့တော့ပါ။ သူတို့ ဘယ်မှာပုန်းနေကြပြန်ပြီလဲ။ ဘာလို့ဒီထုတ်တန်းပေါ်မှာ
တွဲလောင်းခိုနေကြတာလဲ...
တကယ်ဆို ကျွန်မက
ဘယ်အရာကိုမှ မကြောက်တတ်တဲ့ မိန်းမသားတစ်ယောက်။ ဆယ်တန်းအောင်လို့ တက္ကသိုလ်ရောက်ပီဆိုကတည်းက
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ အားမွေးပြီး ရပ်တည်နိုင်အောင်လည်းကြိုးစားခဲ့သူ။ အလုပ်ခွင်ရောက်တဲ့အချိန်မှာ
အသက်က ဆယ့်ကိုးနှစ် တကယ့်ချာတိတ်မလေး။ ဒါပေမယ့် ရောက်လေရာအရပ်မှာ ဘယ်သူ့ကိုမှမကြောက်ခဲ့
မလန့်ခဲ့။ အထက်အရာရှိတွေ သူဌေးတွေကစလို့ ဌာနဆိုင်ရာက တကယ့်လူကြီးတွေနဲ့တွေ့တိုင်းလည်း
ကိုယ့်မိဘကိုတွေ့ရသလို စိတ်အေးလက်အေးရှိနေတတ်သူ။ ကြောက်စိတ်ရွံ့စိတ် စိုးစဉ်းမှမရှိ။
အန္တရာယ်တွေ အခက်အခဲတွေကို စိတ်နှလုံးအေးအေးထားပြီး ကျော်ဖြတ်လာသူ သွေးအေးသူ။
လောကကြီးမှာ
ဘယ်လိုအရာကို စိုးထိတ်ရမယ်မှန်းမသိအောင် အေးချမ်းလွန်းသူ။ ယာဉ်မတော်တဆမှု နှစ်ကြိမ်လောက်
ကြုံခဲ့ဘူးပေမယ့် ရင်တုန်ပန်းတုန်တောင်မဖြစ်ခဲ့။
ဟိုင်းဝေးလမ်းပေါ်မှာ ကားရဲ့ ညာဘက်ဘီးတစ်လုံး
ပြုတ်ထွက်ပြီး ကားက နှစ်ပတ်လောက်လည် လမ်းဘေးတောင်စောင်းကို ဝင်တိုက်ပြီး အဖော်ပါလာသူတွေ
ငယ်သံပါအောင် အော်နေတဲ့အထိ ကျွန်မက ခပ်အေးအေး အပြုံးမပျက်ခဲ့သူ။
ဒါပေမယ့်
ကျွန်မတုန်နေအောင်ကြောက်ရတဲ့ အရာတစ်ခုက ကျွန်မ မထင်မှတ်ထားတဲ့ ထောင့်တစ်နေရာမှာ ကျွန်မကိုဆီးကြိုခဲ့သည်။
သူကြိုဆိုပုံကလည်း
တစ်ကြိမ် တစ်ခါမက ... အတွေ့အကြုံတွေက ကြမ်းတမ်းလှသည်။ ပထမဆုံးအကြိမ်က မှိုင်းညို့ဆိုင်းတဲ့
မောတို့်တိုင်းမှာ တစ်ညလုံးလိုလို အိပ်နေတဲ့ ကုတင်ကို လှုပ်ရမ်းပြီး ကျောကုန်းကို တဖုန်းဖုန်းနဲ့ထုရိုက်ခဲ့ဘူးသည်။
နေပြည်တော်မှာတော့
အိပ်နေတဲ့အချိန်မှာ အိပ်ယာထဲက ဆွဲထုတ်သွားခဲ့ဘူးသည်။ သူတို့တွေက ကိုယ်ထင်မပြပေမယ့်
ရောက်လေရာ အရပ်တိုင်းမှာလည်း ပုံစံမျိုးစုံနဲ့ ကျွန်မကို နှိပ်စက်ကလူပြုတတ်သည်။
နိုင်ငံရပ်ခြား
တထောက်တနားသွားလည်း သွားလေရာ နိုင်ငံတိုင်းမှာ မတူညီတဲ့ ပုံစံတွေနဲ့ နှိပ်စက်ကြစမြဲ။
ကျွန်မအိမ်ကလွဲလို့
နေရာစိမ်းကိုမသွားရဲသလောက် ကြောက်ရွံ့ရသည်။ နေရာသစ်ကိုရောက်တိုင်း ခေါင်းအုံးပေါ်မှာခေါင်းတင်လို့
နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်ရဲတဲ့ ဒုက္ခက စိတ္တဇဖြစ်ရသည်။ ကြာလာတော့ နယ်မြေသစ် နေရာသစ်
သွားလေတိုင်း ညလုံးပေါက် ငုတ်တုတ်ထိုင်လို့ မိုးလင်းခဲ့ရတဲ့ ညတွေဆက်လာသည်။ ကျွန်မရင်ထဲက
အကြောက်တရားက မပြေခဲ့။
အခုလည်း ကျန်းမာရေး
အခြေအနေတခုကြောင့် ပုဂလိဂ္ဂဆေးရုံတစ်ခုမှာ တစ်ညတာ အိပ်စက်ရအုံးမည်။ တညတာအိပ်စက်ဖို့ တွေဝေနေရင်း
ဆေးအရှိန်နဲ့ တခဏတာ မေ့ကနဲဖြစ်သွားချိန်မှာ ထုံးစံအတိုင်း ထိတ်လန့်စရာ အဖြစ်နဲ့ ကြုံရပြန်သည်။
ညတညလုံးကို ဘယ်လိုဖြတ်သန်းရမယ်မသိ။ ကြောက်စိတ်ကြောင့် ဇောချွေးတွေပြန်နေပေမယ့် ညီမတွေကို
မပြောရဲ ပြောမထွက်။
ညနေစောင်းချိန်မှာ
အကိုကြီးရောက်လာပြီး ကျွန်မကို အားပေးစကားပြောရင်း ဘေးဘီဝဲယာကို လျှောက်ကြည့်နေသည်။
ပြီးတော့ ကျွန်မ မျက်နှာကို စေ့စေ့ကြည့်ပြီး
"အခြေအနေဘယ်လိုလဲ
ထုံးစံအတိုင်း ပြဿနာဖြစ်နေပြီလား"
မြန်မာပြည်မှာသာမက
ကမ္ဘာပတ်ပြီး ကြောက်စရာ အတွေ့အကြုံတွေကို သယ်လာတတ်သူကျွန်မကို အကိုကြီးက နားလည်စွာနဲ့
အားပေးနေကျ။
အိမ်မဟုတ်တဲ့ နေရာတိုင်းမှာ ကျွန်မအတွက် ဇာတ်လမ်းသစ်တွေ ရှိနေတာကို မိသားစုဝင်တိုင်းသိနေကြသည်။
အခုလည်း ကျန်တဲ့ မိသားစုဝင်တွေ မမေးခင် အကိုကြီးက အရင်ဆုံးမေးလာတော့ မျက်ရည်ဝိုင်းပြီး
ခေါင်းငြိမ့်ပြမိသည်။
"ဘာတတ်နိုင်မလဲ
ညီမလေးရယ် ခဏလေးပါ မနက်ကျရင်အိမ်ပြန်ရမယ်လေ...
ငါညီမကတော့
ဒီစိတ္တဇနဲ့ ဘယ်တော့ ဘာဖြစ်မယ်မသိ... ငါတို့လည်း ညည်းကို ဘယ်လို ကူညီရမယ်မသိတော့ပါဘူးဟာ...
ကိုကြီးပြောပြမယ် သေချာမှတ်ထား...
လူဆိုတာ လူ့ဘဝမှာ
တစ်ခါပဲ သေရမယ်... အေး ဒါပေမယ့် ကြောက်တတ်တဲ့သူကတော့ နှစ်ခါပြန် သေရတတ်တယ်.. ကြောက်တဲ့စိတ်က
သူ့ကို အလိုလိုသတ်လိုက်တဲ့အတွက် တစ်ခါသေရတာမျိုး... အဲလို အဖြစ်မျိုးတွေ အများကြီးရှိဘူးတယ်...
အဲတော့ မကြောက်ပါနဲ့... ဘယ်တော့မှ မကြောက်နဲ့... ဘာကိုမှ မကြောက်နဲ့ အိုကေ..."
အကိုရှင်းပြတဲ့
အဓိပ္ပါယ်ကို ကျွန်မ သေသေချာချာ နားလည်ပါသည်.... ကြောက်တဲ့ စိတ်နဲ့ အကြိမ်ကြိမ်လည်း
သေဆုံးခဲ့ဘူးပါသည်။
အကြောက်တရားတခု
ရင်ထဲမှာ ကိန်းအောင်းနေသရွေ့ ကျွန်မ လွတ်လွတ်လပ်လပ် အသက်ရှုနိုင်မည်မထင်ပါ။
သဲသဲကွဲကွဲ
မသိမမြင်ရတဲ့ အရာတွေကိုကြောက်ခဲ့တဲ့ အကြောက်တရားအတွက် ရခဲ့တဲ့ ဒါဏ်ရာတွေ ရင်ထဲမှာ အပြည့်။
ဒါဏ်ရာတွေကို
အချိန်က ကုစားပါလိမ့်မည်... ကျွန်မကတော့ ရခဲ့ဘူးတဲ့ ဒဏ်ရာတွေကိုမေ့ပစ်ပြီး နောက်ထပ်
နောက်ထပ် အကြောက်တရားမဝင်ရအောင် ကြိုးစားရမည်။ ကြောက်စိတ်တွေကို တွန်းလှန်ပစ်ဖို့ ခွန်အားသစ်တွေ
မွေးရပါအုံးမည်။
အကြောက်တရားဟူသည်စိတ်ကဖြစ်သော
စိတ္တဇသာ....မွေးမြူထားတာနဲ့အမျှ ကြီးထွားလာတတ်သည့်အရာ..ကြောက်ရွံ့စိတ်ကို မမွေးလေးကောင်းလေ...ကြောက်စရာတွေကို
မတွေးလေကောင်းလေ...
စိတ်ဓါတ်ကြံ့ခိုင်နေမယ်ဆိုရင်
ကြိုတင် သိနိုင်သော အကြောက်တရားဖြစ်ဖြစ် ကြိုတင် မသိနိုင်သော အကြောက်တရားဖြစ်ဖြစ် ဘယ်အရာကမှ
ကျွန်မတို့ကို ခြောက်လှန့်နိုင်မည်မဟုတ်တာ သေချာသည်လေ ။
နှင်း (မာယာ)
9 comments:
အင်း.ဟုတ်တယ် စိတ်ဓာတ်သာကြံ့ခိုင်နေမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အကြောက်တရားကို တော်လှန်နိုင်မှာပါ
တဂ်ပို့စ်လေး ကောင်းတယ် Bravo !
စနိုးလေးရေ..တဂ်ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။ဘလော့ဂါ အယောက် ၁၀၀မှာ အခက်အခဲအမျိုးမျိုးကြောင့် ၁၀ယောက်လောက်ဆီက ပို့စ်လေးတွေ ဖတ်ခွင့်ရရင် ကျေနပ်ပါပြီ ....
မေတ္တာဖြင်
တီတင့်
နှင်းလိုမျိုး တစ်ခါမှမကြုံဘူးသေးဘူးရယ်။ ယောင်းမတစ်ယောက်ကတော့ အဲ့လို ကြုံဘူးတယ်။ သူပြောပြတာနားထောင်ပြီး ကြက်သီးတောင် ထမိတယ်။ သူက အားလုံးမြင်တွေ့ခဲ့ရတာကိုး။ ကြောက်တတ်သူက နှစ်ခါပြန်သေရတယ်ဆိုတာမျိုး အမေလည်း ပြောဖူးတယ် နှင်းရေ..။ ကြောက်စိတ်ဆိုတာမျိုးက ရုတ်တရက် ထွက်ပေါ်ချင် ထွက်ပေါ်လာတတ်တာမျိုးဆိုတော့ ခက်သားကလားနော်။ အသက်ရှင်သန်ချိန် နောက်ဆုံးအချိန်အထိ ကြောက်စိတ်နဲ့ ကျော်ဖြတ်ရမယ်ထင်တာပဲနှင်းရေ..။
ချစ်သော -
မြသွေးနီ
အမလဲကြောက်တတ်လို့ ကြောက်စရာတွေကိုမတွေးမိအောင်ကြိုးစားတယ်.....
ကြုံတဲ့အခါတော့ ကြောက်မိမှာသေချာပါရဲ့...လူဆိုတာကလည်း အကြောက်တရားနဲ့ ဖွဲ့စည်းထားတာကိုး...သို့ပေမင့် ကြိုတွေးပြီး ထိုင်ကြောက်မနေဖြစ်အောင်တော့ သတိထားပါသဗျား...
အမနှင်းရေ
ကြောက်ခြင်းကို သတ္တိရှိရှိဘဲ ရင်ဆိုင်ကြရအောင်လားနော်..
ရှောင်လွဲလို့ မရတဲ့အတူတော့
ရဲဝံလိုက်တာက ပိုကောင်းမယ်နော်..
Tag post လေးကိုကော ကော်မန့်လေးတွေရော သေသေချာချာလေး ဖတ်သွားခဲ့တယ်နော် နှင်း။ အတွေးလေးတွေလည်း ကျန်ရစ်ခဲ့တယ်။ နှင်းလိုမျိုး မြတ် မကြုံဖူးသလို ကြုံလည်း မကြုံရဲပါဘူး။ :)
နှစ်ခြိုက်စွာ အားပေးသွားပါတယ် မမ ။
ခိုင်လေး ( ရွှေတောင် )
အမလေး... မမလိုသာဆို ညီမလေးတော့ အသက်တောင် ကျန်မယ်မထင်ဘူး... အဟီး.. အဲ့လောက် သတ္တိရှိတာ.. :) မမရေ လက်လှမ်းမှီသလောက် ခုမှပဲ tag post လေးတွေ ဖတ်ဖြစ်တယ်. ... မရေးဖြစ်တာကို အားနာမိပါတယ်မမ .. ဖုန်းနဲ့သုံးနေရချိန်က ပိုများနေတာမို့ ရေးဖို့ အဆင်မပြေတာကများနေတာမို့ ကတိမပေးရဲလို့ပါမမ .. ကြိုးစားပါ့မယ်နော်မမ
Post a Comment