မြန်မာပြည်မှာနွေဝင်ပြီဆိုတာနဲ့ မီးလန့်တဲ့ သတင်း မီးလောင်တဲ့
သတင်းလေးတွေ နေရာတိုင်းမှကြားရတတ်ပါတယ်။ဒူဘိုင်းမှာတော့ ကားထဲမှာ
ကလေးတွေမေ့ကျန်ခဲ့တဲ့ သတင်းလေးတွေကို နွေရာသီသတင်းတွေအဖြစ်မြင်ရ
ကြားရပါတယ်။
အရှေ့အလယ်ပိုင်းဒေသတွေမှာ နွေရာသီရဲ့
အပူဆုံးအချိန်မှာ အမြင့်ဆုံးအပူချိန်က ၅၀ ဒီဂရီ C ကျော်အထိရှိတတ်ပါတယ်။
ဒီလိုအချိန်တွေမှာ နေပူထဲမှာ ရပ်ထားတဲ့ ကားတွေရဲ့
အတွင်းပိုင်းအပူချိန်ဟာပြင်ပ အပူချိန်ထက် ၂၀ ဒီဂရီခန့်ပိုတယ်လို့
ဆိုကြပါတယ်။ ဥပမာအားဖြင့် ပြင်ပ အပူချိန်၃၀ ဒီဂရီစင်တီဂရိတ်ရှိနေတဲ့
အချိန်မှာ နေပူထဲမှာ ရပ်ထားတဲ့ကားတွေရဲ့ အတွင်းပိုင်း အပူချိန်ဟာ၅၀
ဒီဂရီစင်တီဂရိတ်ရှိပါတယ်။
အသေးစိတ်ပြောရမယ်ဆိုရင်တော့ပြင်ပ
အပူချိန် ၃၂ ဒီဂရီ စင်တီဂရိတ် ရှိနေတဲ့ အချိန်မှာ ကားကို မှန်အလုံပိတ်ပြီး
နေပူထဲကပါကင်မှာ ရပ်ထားမယ်ဆိုရင် ကားရဲ့အတွင်းပိုင်းအပိုချိန်ဟာ
အချိန်ကြာလာတာနဲ့အမျှ တစတစတိုးလာတာတွေ့ရပါတယ်။ ကားရပ်ထားပြီး
ဆယ်မိနစ်ကြာတဲ့အချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ် မိနစ်နှစ်ဆယ် ကြာတဲ့အချိန်မှာ
၄၈ ဒီဂရီစင်တီဂရိတ် မိနစ် သုံးဆယ်ကြာတဲ့အချိန်မှာ ၅၁ ဒီဂရီစင်တီဂရိတ်
တစ်နာရီကြာတဲ့အချိန်မှာ ၅၆ ဒီဂရီစင်တီဂရိတ်နဲ့ မိနစ် ကိုးဆယ်
ကြာတဲ့အချိန်မှာတော့၅၉ ဒီဂရီ စင်တီဂရိတ်အထိ တက်လာနိုင်ပါတယ်။
ဒါ့ကြောင့်လည်းနေပူထဲမှာ
ကြာကြာရပ်ထားပြီးရင် ကားကို မှန်တံခါးတွေအကုန်ဖွင့်ပြီး
လေပူတွေထွက်အောင်အရင် လုပ်ပြီးမှကားစီးသင့်တယ်လို့ ဆိုကြသလို ကားထဲမှာ
ကြာကြာထည့်ထားတဲ့ သောက်ရေတွေကိုမသောက်ရဘူးလို့ဆိုကြတာပါ။
ဇူလိုင်လ
တစ်လတည်းမှာအလုံပိတ်ထားတဲ့ ကားတွေထဲမှာ မေ့ပြီးထားတဲ့ ကလေးငယ် သေဆုံးမှု
သုံးမှုအကြောင်းကို ဖတ်လိုက်ရပါတယ်။လူကြီးမိဘတွေရဲ့ ပေါဆမှု
မေ့လျော့မှုကြောင့်ကလေးတွေ သေဆုံးရချိန်မှာ
မိဘတွေအနေနဲ့လည်းအပြစ်မကင်းတဲ့အတွက် ရာဇဝတ်မှုအတွက် အစစ်ဆေးခံရပါတယ်။
လောလောလတ်လတ်ဖြစ်ပွားခဲ့တဲ့
ကလေးသေဆုံးမှုကတော့ ဆယ့်ကိုးလအရွယ် မိန်းကလေးတစ်ယောက်ကို ဖခင်က
ကားထဲမှာမေ့ထားခဲ့တဲ့အတွက် ကလေးငယ် သေဆုံးခဲ့ရပါတယ်။ နွေရာသီ
ကလေးသေဆုံးမှုတွေထဲမှာတော့ အသက်အငယ်ဆုံးကလေးငယ်သေဆုံးမှုလို့ဆိုကြပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က
ဖြစ်ခဲ့တဲ့ နောက်အမှုကတော့ Umm Al Quwain မှာ ဖြစ်ခဲ့တာပါ။ အဘွားဖြစ်သူက
မြေးသုံးယောက်ကို ခေါ်ပြီး သူငယ်ချင်းအိမ်ကိုသွားလည်ပါတယ်။
သူငယ်ချင်းအိမ်ရောက်တော့ မြေးအကြီးလေး နှစ်ယောက်က အနားမှာရှိတဲ့
စူပါမားကတ်မှာမုန့်သွားဝယ်စားဖို့ ခွင့်တောင်းတော့
ကလေးတွေအကုန်သွားကြမယ်အထင်နဲ့ အဘွားက ခွင့်ပြုပြီးကားတံခါးပိတ်လို့
သူငယ်ချင်းအိမ်မှာ စကားလက်ဆုံကျနေခဲ့ပါတယ်။
နှစ်နာရီလောက်ကြာတော့ကလေးအကြီးနှစ်ယောက်က အဘွားဆီပြန်လာပြီး သူတို့ရဲ့
ငါးနှစ်အရွယ်ညီမလေး ကားထဲမှာ အိပ်ပျော်နေတယ်လို့လာပြောတာနဲ့
ကားဆီအပြေးသွားပြီးကြည့်ချိန်မှာ ကလေးမလေးဟာ အသက်မရှိတော့ပါဘူး။
ဇူလိုင်လ
နှစ်ရက်နေ့တုန်းကလည်း သုံးနှစ်အရွယ် ကလေးငယ်လေးတစ်ယောက်ကိုမိသားစုက
ကားထဲမှာ မေ့ပြီးထားခဲ့ကြပါတယ်။ နေ့လည်သုံးနာရီလောက်မှာ
မိသားစုတစ်စုလုံးအပြင်ကပြန်လာကြပြီးကားကို အိမ်ရှေ့က ဂိုဒေါင်ထဲမှာ
ထည့်ထားခဲ့ပါတယ်။ ညနေ ခြောက်နာရီလောက်ကျမှ
သုံးနှစ်အရွယ်ကလေးတစ်ယောက်ပျောက်နေတာကို သတိထားမိကြပြီး လိုက်ရှာတော့မှ
ဂိုဒေါင်ထဲမှာ ရ်ထားတဲ့ကားထဲမှာ သေဆုံးနေတဲ့ကလေးကို တွေ့ကြတာပါ။
ဖြစ်ပွားခဲ့သမျှသော
ကလေးသေဆုံးမှုတွေကို လူကြီးတွေရဲ့ မေ့လျော့ပေါ့ဆမှုရယ်လို့ အများက
ခေါင်းစဉ်တပ်ကြပါတယ်။ ၁၉၉၉ ကနေ ၂၀၁၄ အထိ ယူအေအီးနိုင်ငံမှာ
ကားထဲမှာမေ့ကျန်တဲ့ ကလေးမတော်တဆ သေဆုံးမှု ခုနစ်မှု ရှိခဲ့ပါတယ် ။
အမေရိကန်မှာတော့ ၁၉၉၈ ကနေ ၂၀၁၃အထိ ကလေးသေဆုံးမှု ၆၂၃ မှုအထိ ရှိခဲ့ပါတယ်။
အမေရိကန်
အခြေစိုက် ရာသီဥတုသိပ္ပံဌာနရဲ့ လေ့လာတွေ့ရှိချက်တွေအရကလေးငယ် သေဆုံးမှု ၆၂၃
မှုမှာ ၅၁ ရာခိုင်နှုန်းဖြစ်တဲ့ ၃၁၂ ယောက်က အုပ်ထိန်းသူတွေရဲ့
မေ့လျော့မှုကြောင့်ဖြစ်ပြီး၂၉ ရာခိုင်နှုန်းဖြစ်တဲ့ ၁၇၇ ယောက်ကတော့
မိဘအုပ်ထိန်းသူ မပါပဲ ကားထဲမှာ ဆော့ကစားချင်ကြတဲ့ကလေးတွေရဲ့
သဘာဝကြောင့်ဖြစ်ပါတယ်။ ကျန်တဲ့ ၁၁၁ ယောက်ကတော့ လူကြီးတွေက
တမင်တကာချန်ထားခဲ့ကြတဲ့အတွက်သေဆုံးရခြင်းဖြစ်ပြီး ၆ယောက်ကတော့
အမျိုးအမည်မသိတဲ့ သေဆုံးခြင်းလို့ ဆိုပါတယ်။
မေ့လျော့ပေါ့ဆမှုတွေအတွက်
မိဘတွေ အုပ်ထိန်းသူတွေကို အပြစ်မဆိုကြပါဘူး။တိုးတက်လာတဲ့
လူနေမှုစနစ်အောက်မှာ လူတွေဟာ စိတ်ဖိစီးမှုနဲ့ ဖိအားပေးမှုတွေရဲ့
ဒဏ်ကြောင့်အရာရာကို မေ့လျော့တတ်လာတယ်လို့ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် အပြစ်မဲ့
ကလေးငယ်တွေ သေဆုံးခြင်းဟာနိုင်ငံတကာမှာ ရာဇဝတ်မှု မြောက်တဲ့အတွက်
မိဘအုပ်ထိန်းသူတွေအနေနဲ့လည်း အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။
မတော်တဆမှုတွေဟာ
အနည်းနဲ့အများဖြစ်တတ်တယ်လို့ ကလေးမိဘတွေက ဆိုကြပါတယ်။"တခါတုန်းကလည်း
ငါတို့လင်မယား ကလေးကို နောက်ထိုင်ခုံမှာထားပြီး
စတိုးဆိုင်မှာဈေးဝင်ဝယ်ဖို့ ကားပါကင်ကြေးအရင်ပေးပါတယ်
ကားပါကင်ကြေးပေးပြီးကလေးကို ပြန်ခေါ်ဖို့ပြင်နေတဲ့ အချိန်မှာ
မတော်တဆဆိုသလိုကားက သော့ကျသွားခဲ့တယ်။ ကံကောင်းချင်တော့ ငါ့အမျိုးသားက
ကားကို စက်နှိုးပြီး လေအေးစက်ဖွင့်ထားခဲ့တဲ့အတွက်ကလေးကတော့ အန္တရယ်
မရှိခဲ့ပါဘူး။အခက်အခဲကြုံနေတဲ့အချိန်မှာ ကားသော့အပိုက
အိမ်မှာကျန်နေခဲ့ပါတယ် အဲဒီသော့ကိုပြန်ယူဖို့အချိန် နှစ်နာရီလောက်လိုပါတယ်။
ကလေးကို စိတ်ပူလွန်းတဲ့အတွက်အိမ်ကသော့ကိုပြန်မယူတော့ပဲ
ရဲကိုဖုန်းဆက်တော့ ရဲကားက ချက်ချင်းရောက်လာပြီး သော့ကျသွားခဲ့တဲ့ကားကို
ပြန်ဖွင့်နိုင်ဖို့ကူညီခဲ့ပါတယ်။ ကားသော့ပြန်ပွင့်ဖို့ အချိန်
နာရီဝက်လောက်ကြာပါတယ်။ဒါပေမယ့် ကားလေအေးစက်ကြောင့် အထဲမှာကျန်နေခဲ့တဲ့
သမီးလေးက ဘာမှမထိခိုက်ခဲ့ပါဘူး။ ဒါဟာသူ့ရဲ့ကံကောင်းခြင်းပါပဲ။"
ဒီလိုကလေးငယ်တွေ
ကားထဲမှာ အသက်ရှုမွန်းကျပ်ပြီး သေဆုံးခဲ့တဲ့အမှုတွေ နိုင်ငံတကာမှာ
ဖြစ်ပွားနေခဲ့ပါတယ်။ ဒီလို မတော်တဆမှုတွေဟာ နွေမိုးဆောင်း
ရာသီသုံးပါးလုံးမှာ ဖြစ်နိုင်သလို ဖြစ်လည်းဖြစ်ခဲ့ဘူးပါတယ်။ ဒါပေမယ့်
အပူချိန်လွန်ကဲတဲ့နွေရာသီတွေမှာတော့ ကလေးသေဆုံးမှုနှုန်း
အများဆုံးလို့ဆိုကြပါတယ်။
2011 တုန်းကတော့ ဒူဘိုင်းက
အဆင့်မြင့်အိမ်ယာတစ်ခုမှာ အသက် ငါးနှစ်အရွယ်ရှိတဲ့ကလေးလေးတစ်ယောက်
အထပ်မြင့်ကွန်ဒိုပေါ်က မတော်တဆပြုတ်ကျပြီး သေဆုံးခဲ့ပါသေးတယ်။
ကလေးရဲ့
အမေဟာ သမီးအကြီးလေး ကျောင်းသွားဖို့
အောက်ထပ်မှာဖယ်ရီစောင့်ပေးနေချိန်မှာအိမ်မှာတစ်ယောက်တည်း ကျန်နေခဲ့တဲ့
ငါးနှစ်သားလေးက ရှစ်ထပ်အမြင့်မှာရှိတဲ့ ပြတင်းပေါက်တစ်ခုကနေမတော်တဆ
ပြုတ်ကျခဲ့တာပါ။ မြေပြင်မှာ တာဝန်ကျနေတဲ့ လုံခြုံရေးဝန်ထမ်းတစ်ယောက်က
အမှတ်မထင်လှမ်းမြင်တဲ့အတွက် အောက်ကနေ အော်ဟစ်တားဆီးပြီး ဆီးကြိုဖမ်းထားဖို့
ကြိုးစားခဲ့ပါသေးတယ်ဒါပေမယ့် လုံခြုံရေးဝန်ထမ်းရဲ့ လက်နဲ့ ထိတယ်ဆိုရုံ
ဖမ်းမိပြီး ကျလာတဲ့ အရှိန်နဲ့ ကလေးကတော့သေဆုံးခဲ့ပါတယ်။
ကလေးသေဆုံးခဲ့တဲ့
ဖြစ်စဉ်ကို အစအဆုံး သိခွင့်ရလိုက်တဲ့ မိခင်ကတော့ကလေးပြုတ်ကျခဲ့တဲ့
မြေပြင်ကနေ အပေါ်က သူ့အခန်းရှိရာကို ပြန်တက်သွားပြီး
သူမကိုယ်တိုင်လည်းအဲ့ဒီပြတင်းပေါက်က ခုန်ချပြီး အဆုံးစီရင်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း သားအမိနှစ်ယောက် အဆင့်မြင့်ကွန်ဒိုတစ်ခုရဲ့ဝရန်တာကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ သတင်းလေးကို တွေ့ခဲ့ပါသေးတယ်။
Ref;Gulf News
0 comments:
Post a Comment