ဧရာဝတီကို စုန်သော်




















ဧရာဝတီနှင့်အတူ မြန်မာ့သမိုင်းသည် နှစ်ပေါင်းရာချီ စုန်ချည် ဆန်ချည် စီးဆင်းခဲ့သည်။
ပထဝီ မြေမျက်နှာ သွင်ပြင်သည် အပြောင်းအလဲဖြင့် ကွေ့ဝိုက်ကာကျန်ရစ်ခဲ့သည်။
မြန်မာ့ယဉ်ကျေးမှုသည် နူးညံ့စွာ သိမ်မွေ့စွာ စီးဆင်းခဲ့သည်။
အတုမရှိသော အနုပညာသည် လှပစွာ သို့သော် ဂန္တဝင်မြောက်စွာ စီးဆင်းခဲ့သည်။
သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက်တွင် ဧရာဝတီကို မှီတည်ကြကုန်သော စီးပွားရေးလုပ်ငန်းများသည် တခါတရံ တည်ငြိမ်စွာ တခါတရံ အရှိန်အဟုန်ပြင်းစွာ စီးဆင်းခဲ့သည်။
ဧရာဝတီနှင့်အတူ ရှင်သန်ကြကုန်သော လူနေမှုဘဝများသည် မြစ်ရေပြင်တကြောတွင် နိမ့်တုံ မြင့်တုံ ရှိခဲ့ကြကုန်၏

ဧရာဝတီတွင် မွေ့လျော်ကြကုန်သောငါးမျိုးစိတ်ပေါင်း ခုနစ်ဆယ့်ကိုးမျိုး နှင့် ငှက်စားကျက်နယ်မြေ လေးမျိုးတွင် ရှင်သန်ပေါက်ဖွားကြကုန်သော ငှက်သတ္တဝါအပေါင်းတို့သည်လည်း မြစ်မင်းဧရာ တကြောတွင် ဇီဝသတ္တတို့၏ ပြယုဂ်အဖြစ် ရှိခဲ့ကြသည်။
ကျွန်မအတွက်တော့ ဧရာဝတီသည် ရံဖန်ရံခါ မြင်မက်ခဲ့ဘူးသော အိပ်မက်မျှသာဖြစ်ခဲ့ဘူးသည်။ ကျွန်မ၏ အိပ်မက်တို့တွင် ဧရာဝတီကို ပုံစံမျိုးစုံ အခင်းအကျင်းစုံလင်စွာ မြင်မက်ခဲ့ဘူးသည်။
ဧရာဝတီသည် ကျွန်မတို့မိသားစုအတွက် ဘိုးစဉ်ဘောင်ဆက် စီးဆင်းပေးခဲ့သော မြစ်ကြီးတစ်စင်းဟု ဆိုမည်ဆိုက ဆိုနိုင်ပေလိမ့်မည်။ ကျွန်မ လူ့ဘဝထဲကို မရောက်မီကတည်းက အဘိုးသည် ဧရာဝတီတွင် ပျော်မွေ့ခဲ့သည်။ ကျွန်မဖေဖေ ပြောပြခဲ့ဘူးသော သူ၏ ဧရာဝတီ နေ့များတွင် ကိုသန်းလှိုင်နှင့်အတူ ရေဒီယို ဓါတ်ပြားရ သီချင်းများစွာ ပျော်ဝင်ခဲ့ဘူးသည်။

အိပ်မက်၌သာ အခါခါ မြင်မက်ခဲ့ဘူးသော ဧရာဝတီကို လက်တွေ့စုန်ဆင်းရသော အခိုက်အတန့်သည် တင်စားရန် စကားလုံးများ ပျောက်ဆုံးကုန်သည်အထိ ဆန်းကြယ်ခဲ့သည်။ အိပ်မက်ပေါ် အိပ်မက်ဆင့်ရသလို ဧရာဝတီ အစုန်ခရီးသည် ရသမြောက်စွာ အနုပညာဆန်လွန်းလှစွာ လှပ ခမ်းနားခဲ့ပါသည်။

ဧရာဝတီ ခရီးစဉ် အစ
ဧရာဝတီ ခရီးစဉ် အကြောင်း မရေးခင် ခရီးရှည်သွားသူများအတွက် စာအုပ်များ၏ အရေးပါပုံကို ပထမဆုံးပြောပြချင်ပါသည်။ ကျွန်မ ကိုယ်တိုင်က ခရီးတိုခရီးရှည်များ မကြာမကြာ သွားတတ်သူဆိုပေသည့် ခရီးသွားတိုင်း ဖတ်စရာစာအုပ်များများစားစား သယ်လေ့ရှိသူမဟုတ်ပါ။ ခရီးစဉ်အတွက် သိသင့်သိထိုက်သည်များကို ခရီးမထွက်မီ ကြိုတင် ဖတ်ရှုလေ့လာခြင်းမျိုးကိုသာ မဖြစ်မနေ လုပ်လေ့ရှိခဲ့ပါသည်။
စာဖတ်ခြင်း၌ မွေ့လျော်သော်လည်း ခရီးစဉ်အတွင်း စာအုပ်များများစားစား ဖတ်ဖို့ကို စိတ်အားမထက်သန်လှပါ။ ခရီးသွားမှတ်တမ်း ဓါတ်ပုံများကိုသာ မက်မက်မောမောရိုက်ကူးလိုသော အာသီသက ပိုခဲ့ပါသည်၊

ကျွန်မ၏ ဧရာဝတီ ခရီးစဉ်တွင်တော့ စာအုပ်ပေါင်းများစွာ သယ်ဆောင်လာသော ဂျာမာန်ခရီးသွား စုံတွဲတတွဲကို လေးစားစရာ အားကျစရာ တွေ့ခဲ့ရပါသည်။ ဂျာမန် စုံတွဲသယ်ဆောင်လာသော စာအုပ်များအားလုံးမှာ မြန်မာပြည်အကြောင်း ရေးထားသော ကမ္ဘာကျော် စာအုပ်များဖြစ်ကြသည်။ ဧရာဝတီ ခရီးစဉ်တလျှောက် သဘောင်္အပေါ်ထပ်ရှိ စားပွဲပေါ်တွင် မြန်မာပြည် မြေပုံကြီးနှင့် စာအုပ်စာတမ်းများစွာတို့ကို စိတ်ဝင်တစား ဖတ်ရှုလေ့လာရင်း မှတ်တမ်းတင်ခြင်း လေ့လာစူးစမ်းခြင်းများကို မပျင်းမရိ ဝီရိယကောင်းစွာ ငါးရက်လုံးလုံး လုံ့လထုတ်ခဲ့ကြသည်။

မှတ်မှတ်ရရ ဆိုရသော်ခရီးစဉ် ဒုတိယနေ့တွင် ကသာမြို့ကို ဝင်ရောက်လည်ပါတ်ပြီး နေ့လည်စာ စားပြီးချိန်လောက်တွင် သူတို့စားပွဲကြီးပေါ်၌တင်ထားသော မြေပုံကြီးကို ခဲတံဖြင့်ထောက်ကာထောက်ကာဖြင့် ရွှေလီမြစ်ကို ရောက်ပြီလား ဘယ်တော့မြင်ရမှာလဲဟု မေးလာကြသည်။
ကသာမြို့မှ စုန်ဆင်းပြီး ထီးချို့င့်မြို့မရောက်မီအရှေ့ဘက်မှ ရွှေလီမြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်သည်။ ရွှေလီမြစ်ကြောင်းမှ တဆင့်သစ်ဖောင်ဝါးဖောင်များ မျှောလေ့ရှိကြသည်ဟု ဆိုကြသည်။
ဂျာမန်ဧည့်သည်နှစ်ယောက် မေးလာသောအချိန်တွင် ကျွန်မတို့ သင်္ဘောမှာ ထီးချို့င့်တံတားကို ခပ်ပြပြမြင်နေရသောနေရာသို့ရောက်နေခဲ့ပြီး ရွှေလီမြစ်ကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း ဝမ်းနည်းစွာသိခဲ့ရသည်။

ဗန်းမော် မန္တလေး
ခရီးစဉ်၏ပထမဆုံးနေ့ကို ကချင်ပြည်နယ် ဗန်းမော်မြို့မှ အစပြုခဲ့ပါသည်။ ဗန်းမော်မြို့လေးသည် အထက်မြန်မာပြည်တွင် ဧရာဝတီမြစ်၏ သမိုင်းနှင့်အတူ ထင်ရှားခဲ့ဘူးသော မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး ဆိတ်ငြိမ်အေးချမ်းခြင်းအတိပြီးသော မြို့တမြို့ဖြစ်သည်။ ထိုမြို့လေးမှ အစပြုကာ Chindwin Discovery သင်္ဘောဖြင့် ဗန်းမော်မြို့မှ ဧရာဝတီကို စတင်စုန်ဆင်းခဲ့ကြပါသည်။ ချင်းတွင်း ဒစ်စ်ကာဗာရီ သင်္ဘောလေးမှာ နှစ်ထပ် သင်္ဘောလေးဖြစ်ပြီး အောက်ထပ်တွင် အိပ်ခန်းငါးခန်းပါရှိကာ အပေါ်ထပ်တွင် စားသောက်ခန်းနှင့် သဘောင်္ဦးမှသည် အပေါ်ထပ်တထပ်လုံး အနားယူအပန်းဖြေနိုင်ရန် ထိုင်ခုံများအပြည့်ပါရှိပါသည်။

ခရီးစဉ်တွင်လိုက်ပါမည့် ဂျာမာန်စုံတွဲမှာ သဘောင်္ထွက်မည့်နေ့ မနက်ပိုင်းတွင် ဟဲဟိုးမှ ဗန်းမော်သို့ လေယာဉ်ဖြင့်လာခဲ့ကြသည်။ ဗန်းမော်ခရီးစဉ်တွင် လေယာဉ်ကြန့်ကြာခဲ့သဖြင့် မနက် ၁၀ နာရီ စတင်မည့်ခရီးစဉ်ကို နေ့လည် ၁ နာရီခန့်တွင် စတင်ခဲ့ကြသည်။ ထိုနေ့က မြစ်ရေ သတိပေးချက် ထုတ်ပြန်ထားသော်လည်း ဗန်းမော်ဆိပ်ကမ်းတွင် ရေကျနေသောကြောင့် ရေစူး နှစ်တောင်သာရှိသော သင်္ဘောငယ်မှာ ဗန်းမော်ဆိပ်ကမ်းကို မကပ်နိုင်ပဲ မြစ်လယ်တွင် စောင့်ဆိုင်းနေခဲ့ရသည်။

ဧရာဝတီမြစ်ကြောင်းတလျှောက်တွင် မြစ်ကြမ်းပြင်များ မြင့်တက်လာမှု သဲသောင်ပြင်များ နေရာအနှံ့တွင် ပေါ်ထွန်းလာမှုတို့ကြောင့် မြစ်ကြောင်းသွားလာရေးမှာ ထင်သလောက် မချောမွေ့လှပါ။ သင်္ဘောများဆိုက်ကပ်ရန် အခက်အခဲရှိသော ဆိပ်ကမ်းများကို လှေငယ်လေးဖြင့်တဆင့် တဆင့်သွားခဲ့ရသည်ကများသည်။
ခရီးစဉ် မစမီ ဗန်းမော်ဆိပ်ကမ်းတွင် ဧရာဝတီ၏ မြေပုံကို ဂူဂယ်မှတဆင့် ဝင်ကြည့်သော် သောင်အထပ်ထပ်ကို ကွေ့ကာဝိုက်ကာ ခက်ခဲ ပင်ပန်းစွာ စီးဆင်းနေရသော မြစ်တစ်စင်းကို သနားစဖွယ်တွေ့ရပြန်သည်။

ဗန်းမော် ဆိပ်ကမ်းတွင် မြစ်လယ်တွင်စောင့်နေသော သင်္ဘောသို့ လှေငယ်ဖြင့်တဆင့် သွားခဲ့ရသည်။ နေ့လည်တစ်နာရီခန့်တွင် သဘောင်္စထွက်သဖြင့် နေ့လည်စာစားရင်း ဧရာဝတီ၏ အလှအပများကို စတင် စတင်ခံစားခွင့်ရခဲ့သည်။ ဗန်းမော်မှ ထွက်ခွာပြီး မကြာမီ စင်းခမ်းတံတားကို စတင်တွေ့မြင်ရသည်။

ဒုတိယ မြစ်ကျဉ်း
တဆက်တည်းမှာပင် ဧရာဝတီမြစ်၏ ဒုတိယ မြစ်ကျဉ်းကို စတင်တွေ့မြင်ရသည်။ ၁၄ မိုင်ရှည်လျားသော ဒုတိယမြစ်ကျဉ်းသည် စင်းခမ်းရွာတွင် အစပြုကာ ဝဲမရွာတွင် အဆုံးသတ်သည်။ ဒုတိယ မြစ်ကျဉ်းအတွင်း မြစ်၏အကျယ်မှာ ကိုက် ၁၅၀ ခန့်သာရှိပြီး မြစ်ကြောင်းသည် တောင်မြင့် ကမ်းပါးများကြားမှ စီးဆင်းရသည်။ မြစ်ကျဉ်းတလျှောက်လုံး တောင်တန်းများအကြားမှ စီးဆင်းနေသော ဧရာဝတီ၏အလှမှာ တင်စားစရာ စကားလုံးရှာမတွေ့လောက်အောင် လှပလွန်းသည်။
မြစ်ကျဉ်းကို ဖြတ်ကျော်နေသောအချိန်တွင် နာမည်ကျော် ကြက်တူရွေးနှုတ်သီးကို တွေ့ရသည်။

ကမ်း၏ ညာဘက်ခြမ်းတွင် ပြူထွက်နေသော ကျောက်ဆောင်ငယ်မှာ ကြက်တူရွေးငှက်၏ နှုတ်သီးနှင့် ဆင်လှသည်။ မြစ်ရေတက်ချိန်တွင် မြစ်ရေသည် ကြက်တူရွေး နှုတ်သီးပုံစံ ရေထဲသို့ တိုးထွက်နေသော ကျောက်ဆောင်အထိ ရေမျက်နှာပြင် မြင့်တက်လေ့ရှိကာ ရေစီးကြမ်းတတ်သည်။
ကြက်တူရွေး နှုတ်သီးမှလွန်သော် မလှမ်းမကမ်းတွင် မြစ်အတွင်းသို့ တိတိပြတ်ပြတ် ထိုးဆင်းနေသော ကျောက်သားအတိပြီးသော နတ်သမီး ကမ်းပါးကို တွေ့ရသည်။ နတ်သမီး ကမ်းပါးကို နတ်မျက်နှာတောင်ဟုလည်း ခေါ်ကြသည်။ နတ်သမီးကမ်းပါး ၏ နောက်ကွယ်မှ ဒဏ္ဍာရီ ပုံပြင်တစ်ပုဒ်ကလည်း ကျွန်မတို့ ငယ်စဉ်က ကြားခဲ့ဘူးသော အိပ်ယာဝင်ပုံပြင်များလို နားထောင်ကောင်းလှသည်။

ဒုတိယ မြစ်ကျဉ်းတလျှောက်တွင် တောအုပ်တောင်တန်းများ အုပ်မိုးကာရံထားသော မြစ်ရေ၏အရောင်မှာ စိမ်းဖန့်ဖန့်ဖြစ်ပြီး မြစ်ပြင်ကိုဖြတ်သန်းလာသော လေပြေလေညှင်းများမှာ အေးမြခြင်းအတိပြီးသော လေများဖြစ်သည်။
ညနေ လေးနာရီခန့်တွင် ရွှေပေါ်ကျွန်းဘုရားသို့ရောက်ခဲ့သည်။ ရွှေပေါ်ကျွန်းစေတီများသည် အာသောကမင်းကြီး၏ကောင်းမှူတော်များဟု ဆိုခဲ့ကြသည်။ အာသောကမင်းကြီး၏ ကောင်းမှုတော်ဆိုပေသော်ငြား အာသောက မင်းကြီးကိုယ်တိုင် တည်ထားခြင်းမဟုတ်ပဲ သာသနာပြုအဖွဲ့မှ သမင်း ဆင် ကျား မိကျောင်း တို့၏ အကူအညီဖြင့် ဓါတ်တော် မွေတော်များကို ပင့်ဆောင်လာပြီး ရွှေပေါ်ကျွန်းရွာကြီးတွင် စေတီများတည်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

ဓါတ်တော်မွေတော် ( ၇၇၇၇) ဆူအနက်မှ ( ၇၇၇၃) ဆူကို ဌာပနာကာ ရွှေပေါ်ကျွန်းရွာတွင် စေတီပေါင်း (၇၇၇၃) ဆူတည်ခဲ့သည်။ ပင်မစေတီတော်ကြီး၌ ဌာပနာများကို သယ်ဆောင်လာသော သမင် ဆင် ကျား မိကျောင်း ရုပ်တုများအတွင်း၌ ဓါတ်တော်မွေတော် ၄ ဆူကို အသီးသီးဌာပနာသွင်းကာ ပင်မစေတီတည်ထားခဲ့သည်ဟု ဆိုကြသည်။ ခေတ်အဆက်ဆက်တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် အချို့စေတီများမှာ မြစ်အတွင်းကျရောက်ခဲ့ကြသည်။ လက်ကျန်ရှိနေသေးသော စေတီတော်များစွာကို ခြုံနွယ်ပိတ်ပေါင်းများအကြားတွင်တွေ့ခဲ့ရသည်။

စေတီတော်အများစုမှာ ရှမ်းပြည်နယ်တွင် တွေ့ရလေ့ရှိသော ရှမ်းစေတီများနှင့် ပုံစံတူလှသည်။ အလှူရှင်များမှ အသစ်ပြန်လည် မွမ်းမံပြင်ဆင်ခဲ့ကြသော စေတီတော်အချို့ကို မတူညီသော ပုံစံများဖြင့် ထူးထူးခြားခြားတွေ့မြင်ရပြန်သည်။ ထူးခြားချက်တခုမှာ အမြင့်ပေ ခြောက်လက်မခန့်ရှိသော ရှေးဟောင်း ဗုဒ္ဒဆင်းတုတော်အများအပြားကို စေတီများကြားတွင် တွေ့ရသလို ဘုရားဝင်းအတွင်းရှိ ကျောင်းဆောင်များအတွင်းတွင်လည်း အစုလိုက် အပြုံလိုက်တွေ့ရသည်။
အဆိုပါ ဆင်းတုငယ်များကို ဘုရားဝင်းအတွင်းမှ တိတ်တဆိတ် ယူအောင်သွားသူတိုင်း ရေလမ်းသွားပါက ရေလမ်းအန္တရာယ် ကုန်းလမ်းသွားပါက ကုန်းလမ်းကပ်ဆိုးကျရောက်တတ်သည်ဟု ဆိုကြသဖြင့် မည်သူမျှ မယူဆောင်ရဲကြဟု သိရသည်။

ရွှေပေါ်ကျွန်းရွာတွင် ခန့်မှန်း အိမ်ခြေ တစ်ရာ့ငါးဆယ်ခန့်တွေ့ရပြီး မူလတန်းကျောင်းတစ်ကျောင်းတွေ့ရသည်။ အထက်တန်းကျောင်းမှာ အနီးအနားရှိ ရွှေကူမြို့တွင်ရှိသည်။
ရွှေပေါ်ကျွန်းစေတီ၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသည်။ ဘုရားပွဲနီးချိန်တွင် စေတီတို့ကို အုပ်မိုး ပိတ်ဆို့နေသော ချုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းပြီး ပြုပြင်ထိန်းသိမ်းမှု အစုစုကို ပြုကြသည်ဟု သိရသည်။ ရွှေပေါ်ကျွန်း စေတီအနီးတွင် နှီးဘုရားနှင့် သီလရှင်ကျောင်းကိုလည်း တွေ့ရသည်။ ရွှေပေါ်ကျွန်းစေတီမှအပြန်လမ်းတွင် ရွာတွင်းမှပြန်ခဲ့ကြရာ လမ်းဘေးဝဲယာတွင် ခြုံနွယ်ပိတ်ပေါင်းများဖြင့် ဖုံးလွှမ်းနေသော စေတီများ အုတ်ပုံများကို လူနေအိမ်များကြားတွင် ထပ်မံတွေ့ခဲ့ရသည်။

ရွှေပေါ်ကျွန်းရွာမှ ထွက်ခွာပြီး မကြာမီ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်တွင် သဘောင်္ကျောက်ချရပ်နားပြီး ဧရာဝတီမြစ်ပေါ်တွင် တညတာ အနားယူခဲ့ကြသည်။ ထိုညသည် တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ဖြစ်သဖြင့် စူပါမွန်း၏ အရောင်အဝါဖြင့် မြစ်အတွင်း လရိပ်ခိုခွင့်ရခဲ့သော ညတညလည်းဖြစ်သည်။
လမထွက်မီကာလအပိုင်းအခြားတခု၌ ကောင်းကင်တခွင်လုံးကြယ်များအားလုံး ပြိုကျလာသယောင် ကြယ်စင်အပေါင်းခညောင်းသော ညတစ်ညကို ဘဝတွင် ပထမဆုံး မြင်တွေ့ခွင့်ရခြင်းလည်းဖြစ်သည်။

ဧရာဝတီ ဖလော်တီလာ
ဗန်းမော်မှ စုန်ဆင်းလာပြီး ဒုတိယမြစ်ကျဉ်းဆုံးသောနေရာနှင့် ရွှေကူမြို့အကြားတွင် ၁၈၈၃ ခုနှစ်က ဧရာဝတီ ဖလော်တီရာပိုင် ရတနာပုံခေတ် နာမည်ကျော် မြနန်းစင်္ကြာနှင့် ရေနန်းစင်္ကြာ သဘောင်္နှစ်စင်း နစ်မြုပ်ခဲ့သည်။ အဆိုပါနေရာတွင် နှစ်ပေါင်း တစ်ရာကျော်ကြာပြီးနောက် ၁၉၉၀ ခုနှစ်တွင် နစ်မြုပ်ခဲ့သော သင်္ဘောနှစ်စင်းကို ပြန်ဆယ်ယူခဲ့သည်ဟု သိရသည်။

ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်တပ်များ မြန်မာပြည်မှ ဆုတ်ခွာချိန်၌ ဧရာဝတီ မြစ်ကြောင်းတလျှောက် မန္တလေး ကျောက်မြောင်း ကသာ ဗန်းမော် မြို့များတွင် ဧရာဝင်္တီ ဖလော်တီလာ ကုမ္ပဏီပိုင် မီးသဘောင်္များ ကုန်သင်္ဘောများ တွဲသမ္ဗာန်များ ဆိပ်ခံတံတားများ စုစုပေါင်း အစင်းရေ (၅၅၀) ကျော်ကို နှစ်မြှုပ်ဖျက်စီးခဲ့ကြသည်။

ဗန်းမော်မြို့ နှင့် ကသာမြို့များတွင် သဘောင်္များစွာ နှစ်မြှုပ် ဖျက်စီးခဲ့ပြီး ၁၉၉၀ အလွန်ကာလများအထိ သင်္ဘောများကို ပြန်ဆယ်ယူခဲ့ကြသော သမိုင်းမှတ်တမ်းများစွာရှိခဲ့သည်။
ပြန်လည် ဆယ်ယူရရှိလာသောသင်္ဘော၏ အစိတ်အပိုင်းများကို ဆန်စက် ဆီစက်များဆောက်လုပ်ရာတွင် သုံးကြသည် အချို့သင်္ဘောများကို တွန်းသင်္ဘောများအဖြစ် အသွင်ပြောင်းခဲ့ကြသည်။
ပြန်ဆယ်ယူရရှိသော သင်္ဘောများကို လက်ရှိ ဧရာမြစ်ပြင်ကြောတွင် သယ်ယူပို့ဆောင်ရေးအတွက် ပြန်လည်အသုံးပြုနေကြသည်လည်းရှိခဲ့သည်။
ချင်းတွင်းမြစ်အတွင်းတွင် နှစ်မြှုပ်ခဲ့ကြသော ဧရာဝတီဖလော်တီလာ သဘောင်္များလည်းရှိခဲ့သည်။
ကံကောင်းထောက်မစွာ ဧရာဝတီဖလော်တီလာပိုင် သဘောင်္တစ်စီးကို ကျွန်မ၏ခရီးစဉ် တတိယနေ့တွင် ဧရာဝတီမြစ်အတွင်း ပြန်လည်မြင်တွေ့ခွင့်ရခဲ့သည်။

ခရီးစဉ်၏ ဒုတိယနေ့တွင် မနက် ခြောက်နာရီခွဲခန့်တွင် မြစ်ကို ဆက်လက် စုန်ဆင်းကြသည်။ ခရီးစဉ်စတင်ပြီး မကြာမီ မနက် ခုနစ်နာရီခန့်တွင် မင်းချောင်းကုန်းရွာအနီးတွင် ဧရာဝတီလင်းပိုင်များကို စတင်တွေ့ရှိခဲ့သည်။ အေးချမ်းလှသော ဧရာဝတီမနက်ခင်းတွင် ဧရာဝတီလင်းပိုင် ခြောက်ကောင်ခန့် မြူးတူးပျော်ပါးနေသည်ကို မြူများကြားမှ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရခြင်းဖြစ်သည်။

နံနက်စာစားချိန်၌ ခရီးသွား ဂျာမာန်စုံတွဲထံတွင် ကမ္ဘာကျော် စာရေးဆရာ ဂျော့အော်ဝဲ ၏ မြန်မာကို ကမ္ဘာက သိစေခဲ့သော မြန်မာပြည်နေ့ရက်များစာအုပ်နှင့် Amitav Ghosh ၏ The Glass Palace စာအုပ်များကို ဂျာမာန်ဘာသာများဖြင့် တွေ့လိုက်ရသည်။ မကြာမီ ကသာမြို့ကို ဝင်ရောက် လည်ပါတ်မည်ဖြစ်သဖြင့် ဂျော့အိုဝယ်၏ စာအုပ်ကို ကြေညက်အောင် လေ့လာထားကြပုံရသည်။
တိုက်ဆိုင်လှစွာပင် ဆရာနေဝင်းမြင့်ထံမှ လက်ဆောင်ရထားသော The Glass Palace ကို မြန်မာဘာသာပြန်ထားသည့် ရေကန်သာ ကြာတိုင်းအေး စာအုပ်နှင့် ဆရာ ကျော်ဦးလှ ဘာသာပြန်သော ဧရာဝတီဖလော်တီလာစာအုပ်တို့ ကျွန်မလက်ထဲတွင် ရှိနေခဲ့သည်။

ခရီးစဉ် ဒုတိယနေ့ မနက်စာစားချိန်မှစကာ ကသာမြို့ကို ရောက်သည်အထိ ဂျာမာန်စုံတွဲနှင့် ကျွန်မတို့ သယ်ဆောင်လာကြသော စာအုပ်များအကြောင်း စိတ်ဝင်တစား ဆွေးနွေးဖြစ်ကြသည်။
ထူးဆန်းသည်မှာ မြန်မာပြည်နှင့်သက်ဆိုင်သော စာအုပ်များကို ကျေညက်စွာဖတ်ထားသူများပီပီ ဧရာဝတီနှင့် မြန်မာ့သမိုင်းကို ဂျာမန်ဧည့်သည်များက ကျွန်မတို့ထက် ပိုပိုရင်းနှီးနေကြပြီး ကျွန်မတို့က သူတို့မေးသမျှမေးခွန်းတွေကို အံ့သြခြင်းကြီးစွာဖြင့် ပြန်ဖြေနေရခြင်းပင်ဖြစ်သည်။
ဂျာမာန်အမျိုးသမီးက ဂျော့အော်ဝဲလ်၏ မြန်မာပြည်နေ့ရက်များနှင့် သူ၏စာအုပ်အကြောင်းကို တသသဖြင့် ပြောမဆုံး။

ဂျော့အိုဝယ်ရဲ့ ကျောက်တံတားမြို့လေး ( မြို့ ကသာ)

နာမည်ကျော် အင်္ဂလိပ်စာရေးသူ ဂျော့ခ်ျအောဝဲလ်၏ ကမ္ဘာကျော် စာအုပ်ဖြစ်သည့် မြန်မာပြည်နေ့ရက်များ စာအုပ်ဖြင့် ကသာမြို့ကို ကမ္ဘာက သိစေခဲ့သည်။ ထိုစာအုပ်ကို အခြေခံပြီး အော်ဝဲလ် ခြေရာခံသူများ အော်ဝဲလ်၏ စာအုပ်နောက်ဆက်တွဲများစွာလည်း ရှိခဲ့ဘူးသည်။
ဂျော့ခ်ျအောဝဲလ် စာအုပ်ကြောင့် ကသာမြို့ကို လာရောက်လေ့လာခဲ့သူ နိုင်ငံခြားသား အများအပြားရှိခဲ့ဘူးသလို အော်ဝဲလ်၏ အိမ်နှင့် အော်ဝဲလ်တာဝန်ထမ်းဆောင်ခဲ့ဘူးသော ကသာမြို့လေးအကြောင်း ကမ္ဘာ့မီဒီယာတွေက စိတ်ဝင်တစား တင်ဆက်ခဲ့ကြသည်။

အမေရိကန်စာရေးဆရာမ Emma Larkin ကလည်း Finding George Orwell in Burma ဆိုတဲ့စာအုပ်လေးနဲ့ ကသာမြို့ကို ထပ်မံ ညွှန်းဆိုခဲ့ပြန်သည်။ အနောက်တိုင်းစာရေးသူများ ညွှန်းဆိုခဲ့သော မြန်မာပြည်မြောက်ပိုင်းမှ မြို့တော် ကသာကို ဧရာဝတီ ခရီးစဉ်ကြောင့်သာ တခေါက်ရောက်ခွင့်ရခဲ့ပါသည်။
ဒုတိယနေ့တွင် မနက် ၁၀ နာရီမှစကာ ကသာဆိပ်ကမ်းကို ကပ်ပြီး ကသာမြို့ဈေးကြီးကို စတင်ကြည့်ရှုကြပါသည်။
နယ်မြို့လေးများတွင် တွေ့နေကျ ဈေးများ၏ အသွင်အပြင်အတိုင်း ကသာဈေးကြီးက သက်ဝင်လှုပ်ရှားနေခဲ့ပါသည်။ ရှမ်းပြည်နယ်တွင် တွေ့နေကျ ခေါပုတ်များနှင့် ရန်ကုန်သူများနှင့်ရင်းနှီးနေသော ကောက်ညှင်းကျည်တောက်များကို တွေ့ရသည်။ ဒေသထွက် အသီးအနှံအချို့ကိုလည်းတွေ့ရသည်။

ကျွန်မတို့ ကြည့်ရှုလည်ပါတ်လိုသော နေရာများမှာ ကမ်းနားနှင့် မဝေးလှသောကြောင့် ကသာမြို့ကို လမ်းလျှောက်ရင်း လည်ပါတ်ခဲ့ကြသည်။
ဂျာမာန်စုံတွဲနှင့်အတူ ဈေးတဈေးလုံး လှည့်ပါတ် ကြည့်ရှုပြီးစီးနောက် ကသာမြို့တွင်းရှိ အထင်ကရ နေရာများသို့ ခရီးဆက်ခဲ့ကြပါသည်။
စကားမစပ် ဆိုရသော် ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ဂ်ျအော်ဝဲလ်ကို သူရေးခဲ့သော ဆင်ပစ်ခြင်း အက်ဆေးဖြင့် စတင်ရင်းနှီးခဲ့ဘူးသည်။ ဆင်ပစ်ခြင်းအက်ဆေးကို မြန်မာဘာသာသို့ပြန်ဆိုသူများစွာ ရှိခဲ့သော်လည်း ခင်မင်ရင်းနှီးသော ဘလော့ဂါ အိမ့်ချမ်းမြေ့ဘာသာပြန်သော ဆင်ပစ်ခြင်းကို စတင် ဖတ်မိခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်စာရေးဆရာကြီး ဂျော့ခ်ျအော်ဝဲလ် တချိန်တခါက နေထိုင်ခဲ့ဘူးသော အိမ်ကြီးမှာ အိုဟောင်း ယိုယွင်းစပြုနေပြီဖြစ်သော ကိုလိုနီခေတ် အိမ်ကြီးတစ်အိမ်ဖြစ်ပြီး ကသာမြို့တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းနှစ်ဦး နေထိုင်လျှက်ရှိသည်။ အဆိုပါ ဝန်ထမ်းများမှ အိမ်ကြီးတခုလုံး အပေါ်ထပ် အောက်ထပ် နေရာအနှံ့ လိုက်လံပြသခဲ့ပါသည်။ အိမ်အပေါ်ထပ်တွင် လက်ရှိနေထိုင်သူမရှိသဖြင့် အိမ်အသုံးအဆောင် အဆောင်အယောင်များမရှိပဲ ရှင်းလင်းနေသော ခန်းမကျယ်ကြီးများအဖြစ်သာ တွေ့မြင်ခဲ့ရသည်။

အိမ်အောက်ထပ်တွင် ကိုလိုနီခေတ်လက်ကျန် ပန်ကာကြီးတစ်စင်း ဝတ္တရားမပျက် လည်ပါတ်နေသည်ကို မြင်တွေ့ရသည်။ အိမ်နောက်ဖက်တွင် အမဲလိုက်ရာတွင် အသုံးပြုသော သေနတ်အဟောင်းတစ်လက်ကို ထောင်ရက်သား တွေ့ခဲ့ရသည်။ ဂျော့အော်ဝဲလ် နေထိုင်စဉ်ကာလတည်းက အသုံးပြုခဲ့သော သန့်စင်ခန်းကို ယနေ့အချိန်ထိ ဆက်လက်အသုံးပြုနေသည်ကိုလည်း တွေ့ခဲ့ရသည်။

မြန်မာနိုင်ငံတွင် တချိန်က အမှန်တကယ် နေထိုင်ခဲ့ဘူးသူ ကမ္ဘာကျော် စာရေးဆရာကြီး၏ အိမ်ကြီး တနည်းအားဖြင့် မြန်မာပြည်နေ့ရက်များစာအုပ် အခြေတည်မွေးဖွားခဲ့သော အိမ်ကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရခြင်းအတွက် အတိုင်းမသိ ပီတိဖြစ်ရသည်။ ဂျော့ဂ်ျအော်ဝဲ၏ မိတ်ဆွေများပြောကြားချက်အရ မြန်မာပြည်နေ့ရက်များစာအုပ်ကို အဆိုပါအိမ်ကြီးတွင် ဂျော့ဂ်ျအော်ဝဲလ်သည် ရေနံဆီမီးခွက်ထွန်းပြီး ရေးခဲ့သည်ဟုသိရသည်။
ဂျော့ခ်ျအော်ဝဲ အိမ်မှတဆင့် ကသာ တင်းနစ်ကွင်းသို့ရောက်ခဲ့ပြန်သည်။ ကိုလိုနီခေတ်လက်ကျန် တင်းနစ်ကွင်းကို မူလလက်ရာမပျက် မပျက်မစီးအောင် ထိန်းသိမ်းထားသောကြောင့် မျက်မှောက်ကာလတွင် အသက်ဝင်နေဆဲ တင်းနစ်ကွင်းတစ်ကွင်းလည်းဖြစ်သည်။ ကိုလိုနီခေတ်တွင် ကသာမြို့မှ အင်္ဂလိပ်အရာရှိများကစားခဲ့သော တင်းနစ်ကွင်းသည် ဂျော့အော်ဝဲလ်၏ အရှိန်အဝါကြောင့် ယနေ့အချိန်ထိ နာမည်ကြီးနေဆဲဖြစ်သည်။

ထိုမှတဆင့် ကသာမြို့မှ ကိုလိုနီခေတ်လက်ကျန် ရှေးဟောင်းအိမ်နီကြီးဆီသို့ ရောက်ခဲ့ကြသည်။ ထိုအိမ်ကြီးမှာ ခရိုင်ဝန် (သို့) အရေးပိုင်မင်း အဆက်ဆက် နေထိုင်ခဲ့သော အိမ်ကြီးဖြစ်ပြီး အင်တာနက်တွင် ထိုအိမ်ကြီး၏ ဓါတ်ပုံကို နှစ်ဒေါ်လာခွဲဖြင့် ဝယ်ယူသူများပြားလှသဖြင့် နာမည်ကျော် အိမ်ကြီးတစ်လုံးလည်းဖြစ်ပြန်သည်။
သမိုင်းမှတ်တမ်း အခက်အခဲများကြောင့် လွန်ခဲ့သော ၂၀၁၃ ကာလများအထိ အရေးပိုင်မင်းနေထိုင်ခဲ့သောအိမ်ကို စာရေးဆရာကြီး ဂျော့ဂ်ျအော်ဝဲလ်၏ နေအိမ်အဖြစ် ထင်မှတ်မှားကာ ကမ္ဘာလှည့်ခရီးသွားများအား ပြသခဲ့သည့် အဖြစ်များ ကမ္ဘာ့မီဒီယာများတွင် လွဲမှားဖော်ပြခဲ့ခြင်းများရှိခဲ့ဘူးသည်။

ကသာမြို့မှ စာရေးသူ ကိုညိုကိုနိုင်မှ ကသာမြို့၏ သမိုင်းမှတ်တမ်းများနှင့်အတူ စာရေးသူ ဂျော့ဂ်ျအောဝဲလ် မြန်မာပြည်တွင်းနေထိုင်ခဲ့သော မှတ်တမ်းမှတ်ရာများကို ခက်ခက်ခဲခဲ ရှာဖွေဖော်ထုတ်ပြီး ၂၀၁၄ ခုနှစ်တွင် အရေးပိုင်မင်းနေအိမ်နှင့် ဂျော့ဂ်ျအော်ဝဲ၏နေအိမ်နေရာများကို ခွဲခြားမှတ်တမ်းတင်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါအိမ်ကြီးကို လေ့လာလိုသူများအနေဖြင့် အရေးပိုင်မင်းအိမ်ရှေ့တွင်နေထိုင်သော အငြိမ်းစား သူနာပြုဆရာမကြီး ဒေါ်ဂျိမ်းမေထံမှ အိမ်သော့နှင့် ခြံသော့များ တောင်းယူပြီး အခမဲ့လေ့လာကြည့်ရှုနိုင်ပါသည်။

ရှေးဟောင်းအဆောက်အဦးများကို မူလလက်ရာမပျက် သမိုင်းတန်ဖိုးမလျော့အောင် ထိန်းသိမ်းထားခဲ့သော ကသာမြို့မှ စာရေးသူ ဆရာညိုကိုနိုင်နှင့် ကသာမြို့သားများ၏ တာဝန်ကျေမှုကြောင့် ကသာမြို့သည် ဧရာဝတီမြစ်ကြောင်း ခရီးစဉ်တလျောက် နိုင်ငံခြားခရီးသွားများအတွက် သပ်ယပ် သန့်ရှင်းလှပသောမြို့တမြို့ဟု ဆိုနိုင်သည်။
ကသာမြို့တွင်း လည်ပါတ်ခြင်း အစီအစဉ်ကို ကျွန်မတို့ ကသာဘူတာတွင် အဆုံးသတ်ခဲ့ကြသည်။ မြို့တွင်း လူနေရပ်ကွက်များကြားမှ တနေရာပြီးတနေရာ ကြည့်ရှုခဲ့ရာ ကသာမြို့တွင် နှစ်ပေါင်းရာချီ မပျက်မစီး မယိုမယွင်း ကျန်ရှိနေဆဲ ကိုလိုနီခေတ် လက်ကျန်အိမ်နီ အိမ်မည်းကြီးများကို တွေ့ခဲ့ရသည်။

သဘောင်္ဆိပ်သို့ပြန်ဆင်းချိန်တွင် ကမ်းနား၌တွေ့မိသော ဒေသခံများကို စစ်ပြီးခေတ် ဧရာဝတီ ဖလော်တီလာသဘောင်္များ ဆယ်ယူခြင်းလုပ်ငန်းများအကြောင်း ထပ်မံမေးမြန်းစပ်စုခဲ့ကြသေးသည်။
ကသာမြို့တွင် အင်္ဂလိပ်တို့ ဆုတ်ခွာစဉ်တွင် နှစ်မြှုပ်ဖျက်စီးခဲ့သော သဘောင်္များကို ပြန်လည်ဆယ်ယူခြင်းကို ၁၉၉၀ ကာလများအထိ ပြုလုပ်ခဲ့ကြသည်ဟု မြို့ခံများကဆိုကြသည်။
ပြန်လည်ဆယ်ယူရရှိလာသော ဧရာဝတီ ဖလော်တီရာကိုမ္ပဏီပိုင် သင်္ဘောများထဲမှ သမိုင်းဝင် သဘောင်္နှစ်စင်းဖြစ်သော Japan နှင့် Taping သင်္ဘောများမှ ခေါင်းလောင်းများကို ကသာမြို့ မီးသတ်ဌာနတွင် ယနေ့ချိန်ထိ ဆက်လက် အသုံးပြုနေကြဆဲဖြစ်သည်။

ဧရာဝတီ လင်းပိုင်
ကသာမြို့မှတဆင့် ခရီးဆက်ခဲ့ရာတွင် နေ့လည်၃ နာရီခန့်တွင် ထီးချိုင့်တံတားကို လှမ်းမြင်ရသည်။ ညနေစောင်းနေမဝင်မီ ဗိုလ်ကုန်းရွာအနီးတွင် ဧရာဝတီ လင်းပိုင်များကို ထပ်မံတွေ့ရသည်။ မင်းချောင်းကုန်းရွာ ဗိုလ်ကုန်းရွာများအနီးတွင် ဧရာဝတီလင်းပိုင်များကို အများဆုံးတွေ့ရလေ့ရှိပြီး လင်းပိုင်များကို လှေငယ်များဖြင့် သီးသန့်သွားရောက်ကြည့်ရှုနိုင်သော အစီအစဉ်များလည်း ဧရာဝတီမြစ်အတွင်းတွင်ရှိပါသည်။

ဧရာဝတီ မြစ်ကြောင်းတလျောက်တွင် မင်းကွန်းရောက်သည်အထိ ဧရာဝတီလင်းပိုင်များကို တွေ့ရတတ်သည်။
လှေနံရံကို ခေါက်ပြီး ခေါ်သံပြုကာ လင်းပိုင်များကို ခေါ်နိုင်သည်ဟု ဆိုကြသည်။ ညနေ ခြောက်နာရီခွဲခန့်တွင် တကောင်းမြို့အနီးကျောက်ချရပ်နားခဲ့ကြပါသည်။
ဧရာဝတီ၏ ဒုတိယညသည်လည်း ပထမညထက်မလျော့သောအလှဖြင့် ကြယ်ရောင်လရောင်စုံစုံလင်လင်ဖြင့် အေးချမ်းလှပနေခဲ့သည်။ ကောင်းကင်တခွင်လုံး ကြယ်တွေပြိုဆင်းမတတ် အိကျနေသော ည၏အလှကို ဧရာဝတီတွင်သာ မြင်တွေ့ခွင့်ရခဲ့သည်။

ပျူနိုင်ငံ တကောင်းမြို့
ခရီးစဉ်၏ တတိယနေ့တွင် တကောင်းမြို့ဟောင်းသို့ မနက်စာစားပြီးချိန်တွင်ရောက်ခဲ့ကြသည်။ ရာဇဝင်ထဲက မြို့တကောင်းသည် ကမ်းပေါ်စတက်ချိန်မှအစပြုကာ ကျွန်မတို့ ခရီးသွားဧည့်သည်များကို ထူးခြားစွာ ဧည့်ဝတ်ပြုခဲ့သည်။ မြန်မာပြည်တွင်းရှိ ရောက်ခဲ့ဘူးသော ဆိပ်ကမ်း ကမ်းနားများတွင် တကောင်းဆိပ်ကမ်းသည် တမူထူးခြား၏။ ကမ်းနားတလျှောက်လုံး အမှိုက်များဖြင့် ဖွေးဖွေးလှုပ်နေသည်။ ကမ်းနားမှ တက်လာရာလမ်းတွင် သစ်ပုံတချို့ကိုတွေ့သည်။ ဖမ်းဆီးထားသောသစ်များကို ကမ်းနားတွင်ပုံထားခြင်းဖြစ်ပြီး မလှမ်းမကမ်းတွင် အမှိုက်များကို မီးရှို့ထားသော မီးပုံတချို့ကိုတွေ့သည်။
တကောင်းမြို့အဝင်၌ နတ်ကွန်းကြီးတစ်ခုကို ခမ်းနားစွာတွေ့ရသည်။

အဆိုပါနတ်ကွန်းတွင် နိုင်ငံခြားခရီးသွားများကြည့်ရှုနိုင်ရန် နတ်ပွဲများ စီစဉ်ပေးလေ့ရှိသည်ဟု သိရသည်။ နန်းကွန်း၏အရှေ့တည့်တည့်တွင် စေတီငယ် တစ်ဆူရှိပြီး အဆိုပါစေတီငယ်နှင့် နတ်ကွန်းကို အမှိုက်ပုံတစ်ခုက ခြားထားပုံကလည်း တမူထူးနေခဲ့သည်။
ထိုနတ်ကွန်းမှလွန်သော် ဥတ္တရ ယဉ်စွန်းတန်း ( မြောက်ယဉ်စွန်းတန်း ခေါ် မြောက်လတ္တီကျု မျဉ်း) ၂၃ံ ၃၀' ၀၀" ဖြတ်သန်းသွားရာနေရာသို့ရောက်သည်။
ဥတ္တရ ယဉ်စွန်းတန်းသည် မြန်မာနိုင်ငံတွင် ချင်းပြည်နယ် တီးတိန်မြို့ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နှင့် ဧရာဝတီမြစ်ကမ်းပေါ်ရှိ တကောင်းမြို့တို့ကို ဖြတ်သန်းသွားသောမျဉ်းဖြစ်သည်။

ဥတ္တရ ယဉ်စွန်းတန်း ဖြတ်သန်းသွားသော အမှတ်အသား ကဗ္မည်းတိုင်၏အနောက်တည့်တည့်တွင် သစ်ပင်များဖုံးလွှမ်းနေသော ပြိုကျပျက်စီးနေသည့် ပထမ တကောင်းမြို့ဟောင်း၏မြို့ရိုးကိုတွေ့ရသည်။ ပထမ တကောင်းမြို့ဟောင်း၏ အစိတ်အပိုင်းတချို့မှာ ဧရာဝတီ မြစ်အောက်ကိုရောက်နေခဲ့ပြီး ဒုတိယတကောင်း တတိယ တကောင်း မြို့ရိုးများကို အုတ်ပုံများအဖြစ် နေရာအနှံ့အပြားတွင်တွေ့မြင်ခဲ့ရသည်။
ထိုမှလွန်သော် တကောင်းဈေးသို့ရောက်ခဲ့ပြန်သည်။ တကောင်းဈေးထဲတွင် မြေပဲ ပြောင်း နှမ်း ပဲမျိုးစုံ မျိုးစေ့များကို အများအပြားတွေ့ရသည်။ တကောင်းမြို့နှင်းအနီးအဝိုက်ရှိ ရွာများမှာ စိုက်ပျိုးရေးဖြင့် အသက်မွေးကြသည့်ရွာများဖြစ်ကြသည်။ ဧရာဝတီ၏ အရှေ့ဘက်ကမ်း အနောက်ဘက်ကမ်း တလျှောက်လုံး စိုက်ခင်းများဖြင့် စိမ်းစိုနေ၏။ ဧရာဝတီမြစ်ပေါ်ရှိ သောင်ကျွန်များတွင်လည်း စိုက်ခင်းများကို မျက်စိတဆုံးတွေ့ခဲ့ရသည်။

တကောင်းမြို့ရှိ လေးမျက်နှာဘုရားကိုရောက်သော် လေးမျက်နှာဘုရားကြီး၏ သမိုင်းနှင့်အတူ မူလရှေးဟောင်း ဆင်းတုတော်ကြီးကို အသစ်ပြန်လည်မွမ်းမံထားသော အသွင်သစ်လက်ရာသစ်ဖြင့် နှမြောစရာ တွေ့ရပြန်၏။
ရှေးဟောင်းရုပ်ပွားတော်ကြီး၏ သမိုင်းအမွေအနှစ်အဖြစ် ၂၀၀၂ ခုနှစ်က တူးဖော်တွေ့ရှိထားသော ဓါတ်ပုံများကိုသာ ထူးထူးခြားခြား မြင်တွေ့ခွင့်ရခဲ့သည်။
တကောင်းယဉ်ကျေးမှုပြတိုက်ကိုတော့ တခမ်းတနားတွေ့ခဲ့ရသည်။ ပြတိုက်မှ ဝန်ထမ်းများလည်း ပျူငှာလှသည်။ ပြတိုက်အတွင်းတွင် ပျူခေတ်တွင် တူးဖော်ရရှိခဲ့သော အိုးခြမ်းပဲ့ အနည်းငယ် ဒဂါင်္ပြားတချို့နှင့် သံချက်ဖိုကြီးကို တွေ့ခဲ့ရသည်။ ခေတ်အဆက်ဆက်တွင် တွေ့ရှိထားသော အခြားသော သမိုင်းဝင် ရှေးဟောင်းပြစ္စည်းများကိုလည်း ပြသထားခဲ့သည်။

တကောင်းမြို့မှ ဆက်လက်စုန်ဆင်းကြရာ လမ်းတလျာက်တွင် ဝါးဖောင်များ မျောလာသည်ကိုတွေ့ရသည်။ မြစ်တကြောတွင် သောင်ပြင်ဖွေးဖွေးများကို ရှုမဆုံးအောင်မြင်တွေ့ရသည်။
သဘောင်္ငယ်မှာ သောင်များကိုရှောင်ကာ ကွေ့ကာဝိုက်ကာ ခရီးဆက်ရ၏။ မြစ်ကို တည့်တည့် စုန်ဆင်းရန် သောင်ပြင်များက တားဆီးထားသဖြင့် ရေကြောင်းခရီးမှာ မူလရေမိုင်ထက်ပိုရှည်လျားခဲ့သည်။
နေ့လည်ပိုင်းတွင် ဧရာဝတီမြစ်၏ တတိယ မြစ်ကျဉ်းကို စဖြတ်ခဲ့သည်။ တတိယမြစ်ကျဉ်းသည်လည်း ဒုတိယမြစ်ကျဉ်းကဲ့သို့ လှပသော တောတောင်သဘာဝအလှများဖြင့်ပြည့်နှက်နေသည်။ ၃၇ မိုင်ရှည်လျားသော တတိယမြစ်ကျဉ်းသည် မလယ်ရွာတွင် စတင်ပြီး ကျောက်မြောင်းမြို့တွင် အဆုံးသတ်သည်။

တတိယမြစ်ကျဉ်းကိုဝင်ပြီး မကြာမီ သပိတ်ကျင်းမြို့ကို လှမ်းမြင်ရသည်။ သပိတ်ကျင်းမှတဆင့် မိုးကုတ်သို့ ကားလမ်းပေါက်သော်လည်း နိုင်ငံခြားသားများအတွက် သီးခြားခွင့်ပြုမိန့်ရမှသာ မိုးကုတ်သို့ ခရီးဆက်နိုင်သည်ဟု သိရသည်။
အညာသီဟတောဘုရား
သပိတ်ကျဉ်းမြို့ကိုဖြတ်ပြီးနောက် စဉ့်ကူးမင်းထီးနန်းကျရာ အညာသီဟတော ဘုရားသို့ရောက်ခဲ့ကြသည်။ သီဟတောဘုရားသည် ဧရာဝတီမြစ်၏ အလယ်တည့်တည့်တွင်ရှိပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် လူသိများ စည်ကားလာသည်ဟု ဆိုကြသည်။

အလောင်းစည်သူမင်းကြီး၏ ကောင်းမှုတော်ဖြစ်သော သီဟတောဘုရားသည်လည်း စိတ်ဝင်စားဖွယ် ခေတ်ဟောင်းသမိုင်း ခေတ်သစ်သမိုင်းများနှင့် ပြည့်နှက်နေခဲ့သည်။ သီဟတောဘုရားကို ခေတ်အဆက်ဆက်က ပြုပြင်မွမ်းမံခဲ့ကြသော အုပ်ချုပ်သူ အကြီးအကဲများ၏ ထူးထွေဆန်းပြားလှသော အလှူဒါနများကို ဘုရားဂေါပကတစ်ဦးထံမှ အချိန်တစ်နာရီနီးပါး ကြားသိခွင့်ရခဲ့သည်။
အညာသီဟတော ဘုရားရင်ပြင်ပေါ်တွင် ဧရာမကျောက်ပြင်ကြီးများနှင့် သနပ်ခါးတုံးများကို တွေ့မြင်ရသည်။ ဧရာမကျောက်ပြင်ကြီးအနားတွင် ကျောက်ပြင်ကြီးများအကြောင်းဆွေးနွေးကြသောအခါ မတူညီသော ရှုထောင့်များမှ ထင်မြင်ချက်များပေးကြသည်ကို ကြားသိရ၏။

မျက်မှောက်ကာလတွင် ဘုရားဖူးသူများသနပ်ခါးသွေးရန် ရင်ပြင်ပေါ်တွင်ထားရှိသော ကျောက်ပြင်များမှာ တချိန်တခါဆီက မြန်မာရဲမက်များ ဓါးလှံများသွေးသော ကျောက်ပြင်ကြီးလည်း ဖြစ်နိုင်သည်ဟု ဆင်ခြင်သုံးသတ်ကြသည်။ မှန်သည် မှားသည် တုတ်ထမ်းဓါးထမ်းငြင်းစရာမရှိသော်လည်း ဖောက်ထွက် စဉ်းစားခြင်းဖြင့် ဦးနှောက်ကို အလုပ်ပေးခြင်းမည်ပေသည်။
မည်သို့ပင်ဆိုစေကာမူ အဆိုပါ ကျောက်ပြင်ကြီးများမှာ ဘုရားဖူးသူများအတွက် အလွန်အဆင်ပြေလှ၏။ ရှင်မတောင်သနပ်ခါးများမှာလည်း သင်းပျံမွှေးကြိုင်လှသည်။ တပေါင်းလ ဘုရားပွဲတော်ကာလများတွင် ဘုရားဖူးလာကြသော ပရိတ်သတ်အပေါင်းတို့သည် မြစ်ကမ်းနဖူးတွင် ရေချိုးကာ ဘုရားရင်ပြင်ရှိ ကျောက်ပြင်ကြီးများတွင် သနပ်ခါးလိမ်းလေ့ရှိကြသည်ဟုဆိုကြသည်။

သီဟတောဘုရားမှ စိတ်ဝင်စားဖွယ်အချက်မှာ ဘုရားတည်စဉ်က ဌာပနာအဖြစ် သိကြားမင်းဆက်သခဲ့သည့် သရခံဘုရားဆင်းတုတော်ငယ်လေးကို မန္တလေးမြို့တွင် လုံခြုံစွာ သိမ်းဆည်းထားပြီး တပေါင်းလ ဘုရားပွဲတော်ရက်နီးမှ ပြန်လည်ပင့်ဆောင် အပူဇော်ခံခြင်းပင်ဖြစ်သည်။
သီဟတောဘုရားပေါ်မှ လှမ်းမြင်ရသော ဧရာဝတီသည်လည်း မရိုးနိုင်အောင်လှပါပေ၏
ထိုမှတဖန် စုန်ဆင်းကြသော် မအူရွာကိုဖြတ်ပြီး ဧရာဝတီတံတား (ရတနာသိင်္ဃ) ကို ခပ်ပြပြ မြင်ရသော ကျောက်မြောင်း အနီးတွင် တညတာ ရပ်နားခဲ့ကြသည်။

ခရီးစဉ်တလျှောက်လုံး ဧရာဝတီ၏ သမိုင်း ဧရာဝတီ၏ ပုံပြင်တို့ကား ပြောမကုန် ဆွေးနွေးမကုန် အောင် များပြားလှ၏။ အင်္ဂလိပ်မြန်မာ တတိယ ကျူးကျော်စစ် မှသည် ဒုတိယ ကမ္ဘာစစ်၏ အနိဌာရုံများအဆုံး ဧရာဝတီသည် ဇာတ်လိုက်ကျော်ကြီးနေရာမှ ဖန်တရာတေအောင် ပါဝင်ခဲ့သူ ဇာတ်လိုက်ကျော်ကြီးလည်း ဖြစ်ခဲ့၏။
ကမ္ဘာကျော် ဝတ္ထုများတွင်လည်း ဧရာဝတီ နှင့် မန္တလေး ဗန်းမော် ရှိန်းမကား မိုးတား ကသာ စစ်ကိုင်း မင်းကွန်းမြို့များကို ကြိမ်ဖန်များစွာတွေ့မြင်ရသည်။ ကမ္ဘာကျော်အောင် သမိုင်းတွင်ခဲ့သည့်ဧရာဝတီသည် သူစီးဆင်းရာ လမ်းတလျောက်လုံးတွင်မတူညီသော သမိုင်းအမွေအနှစ်များကို ချန်ရစ်ထားခဲ့သေးသည်။

ကျွန်မတို့က သမိုင်းခြေရာကောက်သူများဟု မဟုတ်ပါ။ ထိုသမိုင်းများ ဖြစ်စဉ်များကို မြင်ခွင့်ကြားခွင့်ရသော သာမာန် ခရီးသွားတစ်ဦးသာဖြစ်ပြီး သမိုင်းစာအုပ်များဆီက ပြောပြခဲ့သော ပုံပြင်များကို လက်တွေ့ကျကျ မြင်တွေ့ခွင့်ကိုသာရခဲ့ပါသည်။

 တွေးစရာ ငေးစရာ ဧရာနဒီ
ကျွန်မတို့ရဲ့ ခရီးစဉ်တလျှောက် မြစ်ဧရာတွင်းက ဘဝတွေကို မျက်ဝါးထင်ထင်တွေ့ရသလို မြစ်ရဲ့ အရှေ့ဘက်ကမ်း အနောက်ဘက်ကမ်းဆီမှ သစ်တောများနဲ့ တောင်တန်းများပေါ်မှ သတ္တုစက်ရုံများကိုပါ တွေ့မြင်ခဲ့ရပါသည်။ ဝါးဖောင်များ ခရီးသည်တင်သင်္ဘော ကုန်တင်သဘောင်္ တွန်းသင်္ဘော သဗ္မာန်များအပြင် ကွန်တိန်နာတင်သင်္ဘောတချို့ကိုလည်း တွေ့ခဲ့ရပါသည်။
မြစ်ကမ်းတဖက်တချက်စီက သစ်တောများနဲ့ သစ်ထုတ်လုပ်ငန်းတွေ အကြောင်းကတော့ မရိုးနိုင်တဲ့ အိပ်ယာဝင်ပုံပြင်တွေလို။ ကသာမြို့အနီးမှ သစ်ထုတ်လုပ်ရေးစခန်းများအားလုံး ကိုလိုနီခေတ်ကအစပြုလို့ နာမည်ကြီးခဲ့တဲ့ သစ်စခန်းတွေဟု သိရသည်။ မျက်မှောက်ခေတ်မှာလည်း ဧရာဝတီတကြော သစ်ထုတ်လုပ်မှုများရှိနေခဲ့သည်။ မြစ်ကမ်းနဖူးတနေရာမှ မြင်ရသော တောအုပ်တစ်ခုအတွင်း သစ်ထုတ်လုပ်မှုများကြောင့် တောင်ဂတုံးဖြစ်နေတာကို မြင်တွေ့ခဲ့ရသည်။

တနေရာတွင်တော့ ယူကလစ်ပင်များ ပြန်စိုက်ထားကြသည်ဟုသိရသည်။ ထင်းရှူးနှင့် ယူကလစ်ပင်များသည် မြေဆီလွှာပျက်စီးစေသည်ဟု ကြားဘူးနားဝရှိခဲ့သည်မို့ စိတ်မသက်မသာဖြစ်မိရသည်။ ဂေဟ စနစ် ပျက်စီးခြင်းအကြောင်းတရားများကို ဧရာနဒီတကြောမှ လှိုင်းထနေသော သဲသောင်ခုံများက ကျွန်မတို့ထက် ပိုသိကြပါလိမ့်မည်။တဖန် မြစ်တွင်းမှ ကွန်တိန်နာသင်္ဘောကြီးတွေနဲ့ ပါသွားတာ ဘာတွေများပါလိမ့်လို့ တွေးစရာ အတွေးတစနဲ့ ရင်မောမိခဲ့ရသည်။

နွယ်ငြိမ်းရွာ အိုးလုပ်ငန်း
ခရီးစဉ်၏ စတုထ္တနေ့တွင် မနက်စောစောထကာ မြူနှင်းများကြားမှ ဧရာဝတီကို စူးစမ်းမိသည်။ မြူနှင်းများမကွဲသေးသော မနက်ခင်းမို့ သဘောင်္အပေါ်ထပ် တထပ်လုံး နှင်းရည်များဖြင့် ရွှဲရွှဲစိုနေသေးသည်။
မြူနှင်းများပိတ်ဆို့နေသောကြောင့် ဘေးပါတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မမြင်နိုင်သေး အေးချမ်းစိုစွတ်သော နံနက်ခင်းတစ်ခုကိုသာ ရိုးစင်းစွာတွေ့မြင်ရသည်။
နံနက်စာစားပြီးချိန် နှင်းကွဲချိန်တွင် အိုးလုပ်ငန်းဖြင့် နာမည်ကျော်သော နွယ်ငြိမ်းရွာသို့ ရောက်ခဲ့ကြပြန်သည်။

ပထမဆုံး ရောက်သွားသော အိုးဖိုကြီးတွင် အိုးများဖုတ်နေသည်ကို စတင်တွေ့ရှိရသည်။ ရာဝင်အိုး အလုံး ၈၀ ကျော်နှင့် အခြား အိုးငယ်များစွာ ဆံ့သော ဧရာမအိုးဖိုကြီးသည် အိမ်တစ်လုံးစာမျှ ကြီးမားကျယ်ပြန့်လှသည်။ အိုးများဖုတ်ရာတွင် ၄၈ နာရီတိတိ မီးပေးရသည်ဖြစ်ရာ ထင်းမီးထည့်ပေးရသော မီးကင်းစောင့်သူများက အလှည့်ကျ တာဝန်ယူပြီး ၄၈ နာရီလုံးလုံး မျက်ခြေမပြတ်စောင့်ကြည့်နေကြရသည်။
နွယ်ငြိမ်းရွာတရွာလုံး အိုးလုပ်ငန်းဖြင့် အသက်မွေးကြရာ ရွာလုံးကျွတ် ထင်းများလှောင်ထားကြသည်။ ထင်းလောင်စာများ ထင်းဂိုထောင်များဖြင့် တရွာလုံး ပြည့်နှက်နေခဲ့သည်။ ကျောင်းနေအရွယ် ကလေးများမှလွဲကာ ယောက်ျားမိန်းမမရွေး အရွယ်ရှိသူတိုင်း အိုးလုပ်ငန်းတွင် ဘက်စုံက ပါဝင်အားဖြည့်နေကြသည်ကို တွေ့ရသည်။

စဉ့်အိုးတစ်လုံးအတွက် ရွှံ့နှဲသည်မှအစပြုကာ နောက်ဆုံးအဆင့် စဉ့်ဆေးသုတ်သည်အထိ တက်ညီလက်ညီ လုပ်ကိုင်ကြသည်။ ရွာသူတဦးမှ စဉ့်အိုးအပြင်ဘက်၌ ဆေးသုတ်ရန် ကျောက်မှုန့်များနှင့် ခဲကာဗွန်နိတ်တို့ကို လက်ဗလာဖြင့် ဇကာစစ်တိုက်ချနေသည်ကို စိတ်မကောင်းစွာတွေ့ရသည်။ ဓါတုဆိုးဆေးများ၏ အန္တရာယ်ကို လက်လှမ်းမမီသည်သော မမှုသည်လော မသိရချေ။

နွယ်ငြိမ်းရွာမှပြန်ထွက်သော် အတူပါလာသော ဂျာမာန်ခရီးသည်နှစ်ယောက် မျက်စိမျက်နှာမကောင်းလှ။ တရွာလုံးမှာ မြင်တွေ့ခဲ့ရသော လောင်စာများနှင့် အန္တရာယ်များအကြောင်း ခပ်ဆဆ ပြောလာကြသည်။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး တကိုယ်ရေ သန့်ရှင်းရေး အိုးအိမ်လုံခြုံရေးတို့အတွက် စိုးရမ်ပူပန်ကြောင်းသာ တဖွဖွ ဆိုကြသည်။ သို့သော် မိရိုးဖလာ လုပ်ကိုင်လာကြသော အိမ်တွင်းစီးပွားရေးအဖြစ်သာ မြင်ပါလေဟု ပြန်လည်နှစ်သိမ့်ရ၏
နောက်ဆုံးနေ့ အစုန်ခရီးဖြစ်သောကြောင့် နေ့လည် ၃နာရီခွဲခန့်တွင် မင်းကွန်းသို့ရောက်ခဲ့သည်။ မင်းကွန်းပုထိုးတော်ကြီး မင်းကွန်းခေါင်းလောင်းကြီး မြသိန်းတန်စေတီ နှင့် မင်းကွန်းအနီးပါတ်ဝန်းကျင်ကို နေမဝင်မီ လှည့်လည်ကြည့်ရှုခဲ့ကြသည်။
မင်းကွန်းမှ ပြန်ထွက်ပြီးနောက် လှပသော သောင်ပြင်တခုအနီးတွင် သဘောင်္ဆိုက်ကပ်ပြီး သဲသောင်ပြင် ဘာဘီကျူး ညစာအတွက် ပြင်ဆင်ကြသည်။

သဘောင်္ယာယီဆိုက်ထားသော သဲသောင်ပြင်စပ်တွင် မြေပဲခင်းတစ်ခင်းသာရှိပြီး ခပ်လှမ်းလှမ်းတွင် တဲရှည်ကြီးတစ်လုံးကိုမြင်ရသည်။ နေဝင်သွားပြီးမကြာမီ ခပ်လှမ်းလှမ်းမှ လက်နှိပ်ဓါတ်မီးများ ဟိုတစု သည်တစု မြင်တွေ့ရသည်။ မကြာမီ ဘယ်အရပ်ဆီမှ ရောက်လာမှန်းမသိသော ရွာသားများ သဲသောင်ပြင်ပေါ်ရောက်လာပြီး အချင်းချင်းစပ်စုမေးမြန်းနေသံကို ကြားရသည်။ ခပ်ရဲရဲတစ်ယောက်က သဘောင်္ပေါ်တက်ကြည့်ရအောင်ဟု ဆော်သြသံကိုပါကြားရ၏။

ရွာသားများ တစတစများလာချိန်တွင် သဘောင်္မန်နေဂျာမှ ဆင်းသွားပြီး ရွာသားများနှင့်စကားစမြည်ပြောနေသည်ကို သဘောင်္ပေါ်မှမြင်တွေ့နေရသည်။ သာကြောင်းမာကြောင်းမေးမြန်းရင်း သဘောင်္ကို စပ်စုရန်ဟန်ပြင်နေကြသော ရွာသားများကို ပြန်လည်အင်တာဗျူးလုပ်နေသည်ကို သဘောကျစွာတွေ့ရပြန်သည်။
သဲသောင်ပြင်တွေပေါ်မှာ ရာသီချိန်အတွင်း ဖရဲသီးစိုက်ရန် မကွေးဘက်မှလာကြသော စိုက်ပျိုးရေးလုပ်သားများဖြစ်ကြပြီး တနေ့စာအတွက် လုပ်အားခ သုံးထောင်စီရကြသည်ဟု ဆိုကြသည်။ ဖရဲခင်းပိုင်ရှင်မှာ တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး အဆိုပါဖရဲခင်းမှ ဖရဲသီးများကို တရုတ်ပြည်သို့ တိုက်ရိုက်တင်ပို့သည်ဟုသိရသည်။ ဖရဲစိုက်ခင်းတွင် လာရောက်လုပ်ကိုင်ခြင်းဖြင့် ရွာမှာထက် ဝင်ငွေပိုရကြသည်ဟုသိရသည်။

ရိုးသားသော ရွာသားများပီပီ သောင်ပြင်မှ ညစာစားပွဲတွင် အဆိုအတီးအကများ ပါပါရဲ့လားဟု စပ်စုကြသည်။ ပွဲငတ်နေသဖြင့် ပွဲကြည့်ရန်လာကြသည်ဟု ဘွင်းဘွင်းဆိုကြသည်။
ထိုညက ချင်းတွင်းသဘောင်္မှ တည်ခင်းဧည့်ခံသော ဘာဘီကျူးညစာကို သဲသောင်ပြင်ဖွေးဖွေးပေါ်တွင် စားသုံးကြပြီးနောက် မီးဖိုကြီးဘေးတွင် မီးလှုံကာ မပြီးဆုံးနိုင်သော စကားများကို ပြောကြပြန်သည်။
ဂျာမန်ဧည့်သည်တို့က ဝိုင်တစ်လုံးပြီးတစ်လုံးသောက်ရင်း သဲသောင်ပြင်ပေါ်မှ ဧရာဝတီရဲ့အလှကို အပြည့်အဝခံစားကြမှာ ည သန်းခေါင်အထိဖြစ်သည်။

နောက်နေ့မနက်စောစော မနက်စာ စားပြီးချိန်တွင် မန္တလေးဆိပ်ကမ်းသို့အောင်မြင်စွာ ရောက်ရှိခဲ့ကြသည်။
မန္တလေးသို့ သဘောင်္မဆိုက်မီ မန္တလေးဘက်မှ ထွက်ခွာလာသော သဘောင်္တင်္စစီးနှင့် မြစ်ထဲတွင် ဆုံကြရာ အဆိုပါသဘောင်္ဆီမှ မနော၏ ဗိုလ်အောင်ဒင် သီချင်းကို ဧရာဝတီဖြစ်ထဲတွင် ပီသစွာ ကြားရပြန်၏။
ဧရာဝတီမြစ်ပေါ်ရှိ မြို့တမြို့သို့ ကထိန်လှည့်သော သဘောင်္ဖြစ်ကြောင်း အနီးကပ်မှသိလိုက်ရလေရာ ဗိုလ်အောင်ဒင်၏ ကျော်စောခြင်းသည် တောရော မြို့ပါမကျန် ဧရာဝတီမြစ်အတွင်းသို့ပင် သက်ဆင်းလာချေပြီဟု ကောင်းချီးပေးရပြန်သည်။
မန္တလေးရောက်ချိန်တွင် ချင်းတွင်းသင်္ဘောပေါ်မှ ဧည့်ဝတ်ကျေလွန်းလှသော ဝန်ထမ်းများအားလုံးကို နှုတ်ဆက်ခဲ့ရသည်။

ခရီးစဉ်တလျှောက်လုံး နေ့ရောညပါ ကျွန်မတို့ မေးမြန်းလေသမျှ စိတ်ရှည်စွာ ဖြေကြားပေးကြသော သဘော်မာလိန်မှူး သဘောင်္မန်နေဂျာနှင့် ဝန်ထမ်းအပေါင်းတို့ကို ကျေးဇူးစကားအခါခါဆိုရင်း လမ်းခွဲခဲ့ရသည်။
တလက်စတည်း ချီးမွမ်းစကားဆိုရသော် ချင်းတွင်းသဘောင်္မှ ပေးလာသောဝန်ဆောင်မှုများသည် နိုင်ငံတကာအဆင့်မီသည်။ ရန်ကုန်မြို့ရှိ နာမည်ကျော်စားသောက်ဆိုင်ကြီးများတွင် ဝန်ဆောင်မှု လျော့ရဲကြသော ဝန်ထမ်းများကြောင့် အကြိမ်ကြိမ် စိတ်ပျက်ခဲ့ရသမျှ ဧရာဝတီခရီးတလျှောက် ကြယ်ငါးပွင့်အဆင့်နှင့်ညီမျှသော ဝန်ဆောင်မှုကောင်းများကို ရခဲ့သဖြင့် သဘောင်္ဝန်ထမ်းများအားလုံးကို မချီးမွမ်းပဲ မနေနိုင်ခဲ့ပါ။

အချုပ်အားဖြင့်ဆိုရသော် ဧရာဝတီ၏ သမိုင်းနှင့် ဧရာဝတီခရီးရှည်ကြီးကို ချင်းတွင်းဒစ်စ်ကာဗာရီမှ သူငယ်ချင်းဖြစ်သူ စီစဉ်ပေးသောကြောင့်သာ မျက်ဝါးထင်ထင် သိခွင့်မြင်ခွင့် ခံစားခွင့်ရခဲ့ခြင်းဖြစ်သဖြင့် Discovery မိသာစုဝင်များအားလုံးကို အထူးကျေးဇူးတင်ရပါသည်။ ခရီးစဉ်တလျှောက်လုံး သမိုင်းဆိုင်ရာ အချက်အလက်များကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သော မန်နေဂျာ ကိုထင်ကြောင့် ဧရာဝတီခရီးစဉ်တစ်ခုလုံးပြီးပြည့်စုံခြင်းသို့ရောက်ခဲ့ရပါသည်။

နှင်း ( မာယာ)
30 Dec 2016

0 comments:

My Blog List