ကလေးတို့ နဲ့ တစ်နေ့တာ


ဘောလုံးဖောက်ဖို့ ရယ်ဒီ.......


မငိုပါနဲ့ ကလေးရယ်.....


သူငယ်ချင်းတွေ စုံစုံညီညီ


ဘယ်အဖွဲ့က နိုင်မလဲ.....


စန်တာကြီးနဲ့ ဓါတ်ပုံရိုက်မယ်...


ဝင်အောင်ပစ်နိုင်ရင် လက်ဆောင်လှလှလေးရမယ်.......


အမှတ်တရ ခရစ်စ္စမတ်ပါတီလေးပါ။
မသန်မစွမ်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မဖွံ့ဖြိုးတဲ့ ကလေးတွေနဲ့ကျင်းပတဲ့ ပါတီလေးပေါ့။
၂၀၀၈ ခရစ္စမတ်ဟာ ဒီကလေးတွေကြောင့်ပိုလို့ပြည့်စုံခဲ့ပါတယ်။
ဒူဘိုင်းမှာရှိတဲ့ အယ်လ်နောလ် လို့ခေါ်တဲ့ကျောင်းမှာ ကလေးတွေအတွက် ပါတီလုပ်ပေးဖို့ စိတ်ဝင်စားတဲ့လူရှိရင်ဆက်သွယ်ပါ ဆိုတဲ့ မေလ်းရောက်လာတာနဲ့ စာရင်းပေးပြီး CSR အစီအစဉ် မှာတက်တက်ကြွကြွပါဝင်ခဲ့တာပါ။
CSR ဆိုတာက Corporate Social Responsibility ပါ။ လူမှုဝန်ထမ်း ပုဂ္ဂလိက လုပ်ငန်းတွေ မှာကူညီရတာပါ။
ပုံမှန်လုပ်နေကျက ကမ်းခြေသန့်ရှင်းရေး တို့ စုပေါင်းလမ်းလျှောက်တာတို့ ကလေးဆေးရုံတွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးတာတို့ပါ။

ဒီတစ်ခေါက် ခရစ္စမတ်မှာတော့ အယ်လ်နောလ် ကိုရွေးလိုက်တာပါ။ စိတ်ဝင်စားစရာကောင်းသလို စိတ်မကောင်းစရာတွေလဲ အများကြီးတွေ့ခဲ့ရပါတယ်။
ဒါပေမယ့် ပါတီမတိုင်ခင်တစ်ရက် အစည်းအဝေးလုပ်ပါတယ်။ အစီအစဉ်လေးတွေ ကြိုဆွဲပါတယ်။ သူတို့အတွက် သင့်တော်မယ့် ကစားနည်းလေးတွေ စဉ်းစားကြပါတယ်။ တော်တော်လေးကို ဦးနှောက်စားလိုက်ပါတယ်။ ပြီးတော့ ဆောင်ရန် ရှောင်ရန်လေးတွေပါ ပြောပြပါတယ်။ ကလေးတွေနဲ့တွေ့တဲ့ အခါ စိတ်မကောင်းဖြစ်တဲ့ အမူအရာမပြဖို့ ကြိုးစားပြီး သူတို့စိတ်ပျော်အောင် ဖန်တီးပေးဖို့ စုံလို့ပါပဲ မှာတမ်းတွေက။

တကယ်တမ်း သွားကြတော့လဲ အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ ကျောင်းမှာရှိတဲ့ ကလေးအရေအတွက်က ၂၁၆ ယောက် ဆရာက အရေအတွက်က ၁၀၀ကျော်။ တကယ့်ကို အားရစရာပါ။
ကလေး၂၀၀ ကျော်မှာမှ တကယ်တမ်း ကစားနိုင်ခဲ့တာဟာ အယောက် ၃၀ ထက်မပိုခဲ့ပါဘူး။ ဒါတောင် တစ်ချို့ကလေးတွေက ဆရာမတွေအကူအညီနဲ့ ကစားရတာပါ။

အလွယ်ဆုံး ကစားနည်းဖြစ်တဲ့ ဘောလုံးပစ် ကစားတာတောင် ပေးထားတဲ့ခြင်းတောင်းအကြီးကြီးထဲကို ၂ပေလောက်ရှိတဲ့ အကွာအဝေးကနေ မပစ်ထည့် နိုင်ကြပါဘူး။ တစ်ချို့ ကလေးတွေကိုတော့ တစ်ပေလောက်အကွာအဝေး ကနေပြီးပစ်ထည့်ခိုင်းလိုက်ပါတယ်။

ကလေးတွေထဲမှာမှ ဝှီးချဲအကူအညီနဲ့ သွားလာနေရတဲ့ ကလေးလေးတွေက အယောက်၂၀ လောက်ရှိပါတယ်။
တစ်ချို့ဆိုရင် ပွဲပြီးသွားတဲ့အထိ ဘာမှကိုမသိလိုက်ကြပါဘူး။ ဝှီးချဲပေါ်မှာ မိန်းမောပြီး အိပ်ပျော်နေကြသလိုပါပဲ။
အကယ်မှာတော့ အာရုံခံစားမှုကင်းမဲ့နေကြတာပါ။ အရမ်းကိုသနားစရာကောင်းပါတယ်။ ဂျပန်ကလေးလေး တစ်ယောက်ကဆို မွေးရာပါမဟုတ်ပဲ အသက် ၇နှစ်လောက်မှာမှ ရေကူးကန်မှာချော်လဲပြီး မစွမ်းမသန် ဖြစ်တဲ့အပြင် အာရုံကြောကိုပါ ထိခိုက်သွားတာပါ။ သူကပင်ကိုက ထူးချွန်တဲ့ ကလေးတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်မတို့တွေ့တဲ့ အချိန်မှာတော့ သူဟာအာရုံခံစားမှုတွေ ကင်းမဲ့လို့ ဘာမှကိုမသိတော့ပါဘူး။
ဝှီးချဲ အဖွဲ့ အတွက် စီစဉ်ထားတဲ့ ကစားနည်းက ဖွင့်ထားတဲ့ သီချင်းနဲ့အညီ ခေါင်းအုံးလေးကို လက်ဆင့်ကမ်းရတာပါ။ ပါဆယ်ဂိမ်းကစားသလိုပါပဲ။ သီချင်းရပ်သွားတဲ့ အချိန် ခေါင်းအုံးလေး ကိုင်ထားတဲ့သူက ကစားပွဲကနေထွက်ပေးရတာပါ။ ကလေး ၁၈ ယောက်ကနေ စလိုက်တာပါ။ နောက်ဆုံးကျန်နေတဲ့ ကလေး ၆ယောက်လောက်ကို ဆုပေးပါတယ်။
ဒါပေမယ့် ကလေး အားလုံးနီးပါးက လက်ချောင်းလေးတွေအလုပ်မလုပ်ပါဘူး။ ခေါင်းအုံးလေးကို ကိုင်ဖို့မဆိုထားနဲ့ ထိဖို့တောင်အနိုင်နိုင်ပါ။ နောက်ဆုံးတော့ ဒီကစားနည်းလေးက ဆရာမတွေအတွက်လို ဖြစ်သွားပါတယ်။ ကလေးတွေက ဘာဆိုတာကို မသိကြသလိ ဘာကိုမှလဲ မခံစားနိုင်ကြပါဘူး။ သူတို့ကိုပေးတဲ့ လက်ဆောင်လေးတွေအပေါ် ခံစားပျော်ရွှင်ကြတာဟာ ဆရာမတွေပါပဲ။

ပြီးတော့ သူတို့ကျောင်းကအခေါ်အရ စီနီယာတန်း အတန်းကြီးတွေ အစီအစဉ်ပါ။ အသက် ၁၄နှစ်ကနေ ၁၈ နှစ်လောက်အထိ ကလေးတွေပါ။ သူတို့က လမ်းလျှောက်နိုင်ပေမယ့် ဘေးကအဖော်ရဲ့ အကူအညီပါမှ သွားဆိုသွား ရပ်ဆိုရပ် ဒါမှမဟုတ် ကိုယ်သွားချင်တဲ့ ဆီကိုတွဲခေါ်ရပါတယ်။
သူတို့ ကစားနည်းကတော့ ဖန်ဂေါ်လီလုံးလေးကို ပလတ်စတစ် ဇွန်းလေးထဲထည့်ပြီး လမ်းလျှောက်ရတာပါ။ အမြန်ဆုံးပန်းဝင်တဲ့ သူကဆုရမှာပါ။ ဘာရယ်မဟုတ်ပဲ ကျွန်မတွဲခေါ်မိတဲ့ ကောင်လေးက ဦးဆုံးပန်းဝင်ပြီး ဆုရပါတယ်။ ကျန်တဲ့ ကလေးတွေကို ဆုတွေမကုန်မချင်း ထပ်ကာထပ်ကာ လမ်းလျှောက်ခိုင်းရပါတယ်။
တစ်ယောက်ပြီးတစ်ယောက် ပြိုင်သမျှ လူကုန်ဆုပေးခဲ့တာပါ။

ကစားပွဲတွေအားလုံးပြီးတော့ တာဝန်ခံ တစ်ယောက်က တစ်ကျောင်းလုံးအနှံ့ လိုက်ပြပါတယ်။ သူတို့ကျောင်းမှာ ကအစစအရာရာ ပြည့်စုံပါတယ်။ စကားပြောလေ့ကျင့်ခန်း ကွန်ပြူတာခန်း အိမ်တွင်းမှူခန်း ကစားကွင်း ပန်းချီဆွဲခန်း အခြား စိတ်ပညာအရ အသုံးပြုတဲ့ အထူးခန်းလေးတွေအပါအဝင် စုံစုံလင်လင်ရှိပါတယ်။

အဲဒီကျောင်းက ပြန်လာတဲ့လမ်းမှာတော့ အတွေးတွေတစ်သီကြီးနဲ့ သက်ပျင်းတွေအခါခါလို့ ရင်ထဲမှာ ဟာနေခဲ့ပါတယ်။
အိမ်ကိုပြန်တဲ့လမ်းမှာ Pizza Hut မှနေ့လည်စာ စားခဲ့ကြပါတယ်။ အတွေ့အကြုံတွေ ဖလှယ်ကြရင်း ဘယ်သူတွေငိုခဲ့ ကြလဲဆိုတော့ အင်ဒိုနီးရှားမလေးတစ်ယောက်နဲ့ အခြားကောင်လေးတစ်ယောက် လက်ထောင်လို့ အရမ်းခံစားလိုက်ရလို့ပါတဲ့။ မငိုရဘူးလို့ပြောတဲ့ အစည်းအဝေးကို သူတို့ မလာနိုင်ခဲ့လို့ပါ။
တကယ်ဆို တစ်ချိန်လုံးကြောက်လန့်တကြား ငိုနေတဲ့ ကလေးတွေရှိသလို ကလေးတွေနဲ့ရောပြီးငိုနေတဲ့ မိဘတွေကိုပါ တွေ့ရပါတယ်။ ဘယ်သူတွေကရော ဘယ်လောက် စိတ်ဓါတ်ခိုင်မာနိုင်မှာလဲ။ပါတီမှာ ကလေးတွေနဲ့ ကစားဖို့လိုက်ခဲ့ တဲ့သူတိုင်းက ကလေးချစ်တဲ့သူတွေပါ။
မျှဝေခံစားတတ်တဲ့ သူတွေပါ။

ကျွန်မဓါတ်ပုံတွေရိုက်နေတုန်း ကျွန်မရှေ့က ကလေးလေး တစ်ယောက် ထိုင်ခုံပေါ်က ဘုန်းကနဲ ပြုတ်ကျပြီ အတွင်းတက် တက်နေတာကို တွေ့ရတာနဲ့ ကျွန်မကင်မရာကိုင်လို့ ငိုင်သွားပါတယ် ကလေးက သားရေတွေကျပြီး လုံးဝသတိမရှိတော့တာပါ။ ကလေးကို ဝိုင်းပြီးပြုစုပေးနေတာက ဆရာမတစ်ချို့ ရုတ်တရက် ကျွန်မတို့ အဖွဲ့ကတစ်ယောက်က ခပ်တိုးတိုးလေးပြောပြီး ရှောင်ထွက်သွားတယ်။ ငါ့မှာလဲ ကလေးရှိတယ်တဲ့ ဘယ်လိုစွမ်းအားတွေနဲ့ ငါကြည့်နေနိုင်မှာလဲတဲ့။ အဲဒီကလေးလေးကိုတော့ ခန်းမထဲကနေ ခေါ်ထုတ်သွားကြပါတယ်။

၂၀၀၈ ခရစ္စမတ်ရဲ့ အမှတ်တရ လေးတွေပါ။
ကလေးတွေဆိုတာ နိုင်ငံတိုင်းအတွက် အနာဂတ်တွေပါ။
တစ်ခါတုန်းက ILBC ကကျင်းပတဲ့ ကလေးတွေသီချင်းဆိုပြိုင်ပွဲမှာ ဇော်ဝင်းထွဋ္ဋ်ကပြောဘူးပါတယ်။
ကလေးတွေငိုနေတဲ့အသံကို ဘယ်သူမှမကြားချင်ပါဘူးတဲ့ ။
ကလေးတွေသီချင်းဆိုပြီး အမြဲတမ်းပျော်ရွှင်စေချင်ပါတယ်တဲ့။
ကျွန်မရဲ့ဆန္ဒကလဲ သူနဲ့တထပ်တည်းပါပဲ။



ွှဲ

1 comments:

တင့်ထူးရွှေ said...

တကယ်ကို စိတ်မကောင်းစရာပါပဲခင်ဗျာ ။

My Blog List