ကျွန်မငယ်ငယ်က အဖြစ်အပျက်လေးတစ်ခုပါ။
တိတိကျကျ ပြောရရင် ကျွန်မ သုံးတန်းစာမေးပွဲဖြေပြီး မြိတ်မြို့က အဘိုးအဘွားတွေဆီ သွားလည်နေတဲ့အချိန်။
မေမေ့ဘက်က ဘိုးဘိုးဘွားဘွား တို့က မြိတ်မြို့က အမှတ် (၃) ကျောင်းနားမှာနေပါတယ်။ ဘိုးဘိုးက တိုင်းရင်းမြန်မာ ဆေးဆရာဆိုတော့ နီးစပ်ရာ ပတ်ဝန်းကျင်က လာပင့်ရင် ဆေးလိုက်ကု ဒါမှမဟုတ် တောင်ပေါ်တက်ပြီး တရားထိုင်နေကျ။ ဘွားဘွားက ကုန်သည် ရန်ကုန် မြိတ်ကို ကူးချည်သန်းချည်
ကျွန်မတို့က ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးသူတွေ။ တစ်နှစ်တစ်ခေါက်တော့ မြိတ်ကိုပုံမှန်ရောက်နေကျ။
အဲဒီနှစ်မှာတော့ ဘိုးဘိုးကရွာသစ်ထဲမှာ ဒူးရင်းခြံ ဝယ်ထားတယ်ဆိုလို့ ကျွန်မတို့မိသားစုတွေ ဘိုးဘိုးနဲ့ ရွာထဲလိုက် လည်ဖြစ်ပါတယ်။ ရွာဆိုတာကလဲ မြိတ်မြို့ နဲ့ သိပ်မဝေးပါဘူး ဆိုင်ကယ်နဲ့ဆို နာရီဝက်လောက်ပဲ သွားရတာ။ ဒါပေမယ့် ရွာထဲမှာ ညအိပ်ဖြစ်ခဲ့ပါတယ်။ အဓိက က အဒီရွာထဲမှာ ပြင်တောင် (ပျင်းတောင်လို့လဲ ခေါ်ပါတယ်) ဆိုတဲ့ တောင်တစ်လုံးရှိလို့ပါ။
ဘိုးဘိုးက အဲဒီတောင်ပေါ်မှာ တရားထိုင်နေကျ ဆိုတော့ ကျွန်မတို့ကိုလဲ ဘိုးဘိုးက လိုက်ပြချင်လို့ပါ။
ဘိုးဘိုးရဲ့ ခြံထဲမှာ ကျွန်မချစ်တဲ့ ရေတွင်းလေးတွေရှိပါတယ်။ အဲဒီရေတွင်းလေး သုံးလုံး က တစ်ရွာလုံးအတွက် လှူထားတာမို့ တရွာလုံးကလူတွေက တစ်နေကုန် ခြံထဲကို ဝင်လိုက်ထွက်လိုက်။ ရေတွင်းလေး သုံးလုံးကလဲ တော်တော်ထူးဆန်းပါတယ် ။အနက်က ဒူးဆစ်သာသာ လေးပဲ ရှိပါတယ် သဘာဝစိမ့်ရေတွင်းလေးပါ ။ ဘယ်လောက်ပဲခပ်ခပ် မခမ်းသွားပါဘူး။ ရေကလဲ ကြည်လင်အေးစက် လို့ ကျောက်စက်ရေလို့ ပြောကြပါတယ်။ ကလေး လူကြီး အားလုံး အတွက် ရေချိုးရေခပ် အဆင်ပြေပါတယ်။
အဲဒီရေတွင်းလေးတွေကြောင့် ပဲခြံကို တံခါးမရှိ ဓါးမရှိဖွင့်ထားရပါတယ်။ ရွာထဲကအိမ်မှာက တံခါးမရှိပါဘူး ခြံစည်းရိုးလဲမရှိပါဘူး အိမ်သာလဲမရှိပါဘူး။ ဒူးရင်းခြံမို့လို့ အိမ်သာဆောက်လို့မရပါဘူး။ ဒူးရင်းသီးက အနံ့တွေကို စုပ်ယူတတ်တဲ့ အသီးပါ။ ခြံထဲမှာက ဒူးရင်းပင်တွေက တစ်ခြံလုံး နေရာမလပ်ကို ပေါက်နေတာပါ။
နောက်နေ့ မနက်မှာ ရွာထဲက ပျင်းတောင်ကို သွားလည်ပါတယ်။ ပျင်းတောင်က ပုပ္ပါးတောင်လို ပုံစံပါပဲ ပုပ္ပါးတောင်လောက်တော့ မမြင့်ပါဘူး တောလမ်းကတစ်ဝက် ကျန်တဲ့ တစ်ဝက်က လှေကားထစ်လေးတွေပါ လှေကားထစ်ပေါင်း တစ်ထောင်နီးပါးရှိပါတယ်။
တောင်ပေါ်ကဆင်းလာတော့ တစ်ယောက်တည်း မောမောနဲ့ စမ်းရေတွင်းကို ပြေးသွားလိုက်ပါတယ်။ ရေတွင်းထဲ ခြေထောက်စိမ်ပြီး ဆော့ချင်လို့ပါ။ လူကြီးတွေက ခြေထောက်ရေထဲ မစိမ်ဖို့ တားထားတာမို့ အသိမပေးပဲခိုးထွက်လာတာပါ။ ဒီရေကိုပဲ တစ်ရွာလုံးက သောက်ရေသုံးရေလုပ် နေတာပါ ခြေထောက်နဲ့ ဆင်းရင် ငရဲကြီးတတ်တယ်လို့လဲ ဘိုးဘိုးကပြောနေကျပါ။ ရေတွင်းက အိမ်နဲ့ နဲနဲလှမ်းပါတယ်။
နေမွန်းတည့် ချိန်မို့ ရေခပ်တဲ့ သူတွေရှင်းနေပါတယ်။ တစ်ယောက်တည်း ဟိုကြည့်သည်ကြည့် နဲ့ ရေကန်ထဲကို ခြေထောက်နှစ်ပီး ကောင်းကောင်းဆော့ လိုက်ပါတယ်။ ပြီးတော့ ဝတ်ထားတဲ့ စကပ်တွေစို ကုန်တာနဲ့ နေလှမ်းဖို့ နေရောင်ကျတဲ့ နေရာကို လိုက်ရှာပါတယ်။ ခြံကြီးက အပင်တွေများလွန်းတာမို့ နေရောင်ကျတဲ့ နေရာကို တော်တော်ရှာရပါတယ်။
အဲဒီအချိန်မှာပဲ ခြံထောင့် ခပ်လှမ်းလှမ်းမှာ ကောင်လေးတစ်ယောက်ကို သွားတွေ့ပါတယ်။ သူကခေါင်းငုံ့ပြီး တစ်ခုခုကို သဲကြီးမဲကြီး လုပ်နေတာပါ။ သူ့ရဲ့ဘေးနားမှာတော့ ရေခပ်တဲ့ သံပုံးလေးကိုတွေ့ပါတယ်။ ရွာထဲက ရေလာခပ်တဲ့ကောင်လေးပါ။ သူဘာလုပ်နေလဲသိချင်တာမို့ သူ့နားကို မသိမသာကပ်သွားပါတယ်။
သူက ကျွန်မကို မတွေ့ပါဘူး ဒူးရင်းသီးတစ်လုံးကို ပါးစပ်နဲ့ကိုက်ပြီးခွဲနေပါတယ်။ ဒူးရင်းသီးရဲ့ ဖင်ပိုင်းကို သွားတွေနဲ့ ကိုက်ပြီးခွဲနေတာပါ။ ကျွန်မလဲ အဲလိုခွဲတာမျိုးကို တစ်ခါမှ မမြင်ဖူးတာမို့ တအံ့တသြနဲ့ ကိုကြည့်နေမိပါတယ်။ ကျွန်မမြင်ဖူးနေကျက ဓါးနဲ့ ကလန့်ပြီးခွဲတာမျိုးပါ။
ကောင်လေးကတော့ တော်တော် ကျွမ်းကျွမ်းကျင်ကျင် ခွဲသွားတာပါ။ သူခေါင်းပြန်မော့လာတော့ ကျွန်မကိုတွေ့သွားပါတယ်။ သွားတွေအားလုံးပေါ်အောင် ပြုံးပြပါတယ်။ ပြီးတော့ စားမလားလို့မေးပါတယ်။
မေးရင်းတန်းလန်းကပဲ သဲတွေဖုန်တွေပေနေတဲ့ သူ့လက်နဲ့ပဲ ဒူးရင်းသီး အမွှာကြီးကြီး တစ်မွှာကို လှမ်းပေးပါတယ်။
သူ့ပါးစပ်ထဲကိုလဲ ဒူးရင်းသီးတွေ ပလုတ်ပလောင်းထိုးထည့်လို့၊ စားနေရင်းတန်းလန်းကပဲ
နင့် အဖိုးနဲ့ သွားမတိုင်နဲ့နော်ဆိုပြီး ကျွန်မကို ပြောလာပါတယ်။ကျွန်မကို အဘိုးရဲ့ မြေးဆိုတာသိနေတဲ့ပုံပါ။ ပြီးတော့ မျက်နှာ ထားခပ်တည်တည်နဲ့ပဲ ငါ့ကို တိုင်ပြောရင် နင်ရေကန်ထဲ ခြေထောက်စိမ်တာကိုလဲ ငါကတိုင်ပြောမယ်လို့ ခြိမ်းခြောက်ပါတယ်။
ကျွန်မ ရေဆော့တာကို သူတွေ့ထားပုံရပါတယ်။ သူခိုးကလူပြန်ဟစ်နေတာပါ သူကတော့ သူများဒူးရင်းသီးတွေ ခိုးစားလို့ ပြီးတော့ သူများကိုလဲ ပြန်ပြီးခြိမ်းခြောက်နေပါတယ်။ သူနဲ့ကျွန်မ ဘယ်သူကအပြစ်ပိုကြီးလဲ မသိပေမယ့် လောလောလတ်လတ် အပြစ်လုပ်ထားမိတော့ သူပြောသမျှကို အင်းရတော့တာပါပဲ။ ကျွန်မ အဘိုးက စည်းကမ်းထုတ်ထားတဲ့ သူ ကျွန်မက လောလောလတ်လတ် စည်းကမ်းဖောက် ထားတဲ့သူ။
အဲဒါနဲ့ သူ့လက်ထဲမှာ နောက်ဆုံးကျန်နေတဲ့ ဒူးရင်းသီးတစ်မွှာကိုပါ ခပ်တည်တည်နဲ့ ယူစားခဲ့ပါတယ်။
ကျွန်မအတွက် ဒူးရင်းသီးဆိုတာ ပေါမှပါ ခြံထဲမှာရော မြို့ထဲက အိမ်မှာရော။ ဒါပေမယ့် အဲဒီကောင်လေးက အကြောကြီးနဲ့ လာပြောနေတာနဲ့ ဆုံးမယ့်ဆုံး တစ်လုံးလုံး အဆုံးမခံနိုင်ပါဘူး ရသလောက်တော့ ပြန်ယူလိုက်မယ် ဆိုတဲ့ အတွေးနဲ့ပါ။ ဂျစ်ကန်ကန် ကလေးအတွေးပါ။ ပြန်တွေးကြည့် ရင်ရှက်စရာပါ။
သူတစ်ယောက်တည်း မဟုတ်ပါဘူး သူ့လိုမျိုး ဘယ်သူတွေက အဲလိုခိုးစားနေခဲ့ ကြလဲမသိပါဘူး။
အရိပ်နေနေ အခက်ချိုးချိုး သူများခြံထဲက ရေကို အလကားခပ်နေရတာတောင် အားမရနိုင်ပါဘူး။
သူလိုလူစားအများသား လို့ ပြောရမလိုပါ။
ကျွန်မစိတ်ထဲမှာ သိပ်မကျေနပ်လှပါဘူး။ ခုချိန်ထိလဲ တွေးမိတိုင်း စိတ်ဆိုးပါတယ်။
ခုတော့ အဲဒီခြံကြီးကို ကျွန်မတို့ မပိုင်တော့ပါဘူး ။ သူများတွေလဲ မပိုင်တော့ပါဘူး။ ဘယ်သူမှလဲ ပိုင်လို့မရတော့ပါဘူး။ :D
မှတ်မှတ်ရရ ငယ်ဘဝအတွေ့ အကြုံတစ်ခုပါ။
1 comments:
hnin, good job, all the best. keep it up.
Post a Comment