မေမေ နဲ့ ရက်စက်တဲ့ ကံကြမ္မာ

သောကတွေ ပင်လယ်ဝေခဲ့ရတဲ့ မိခင်တစ်ယောက်ရဲ့ အကြောင်းလေးပါ။

ဒီအမျိုးသမီးလေးကို တွေ့ခဲ့ရတာ နယ်မြို့လေးတစ်မြို့က ရွာလေးတစ်ရွာမှာပါ။
ကိုယ်သွားလည်မိတဲ့ ရွာလေးတစ်ရွာပေါ့ ရွာဆိုပေမယ့် တစ်ချို့ နေရာတွေမှာ တော်တော် ခေတ်မီနေပါပြီ။
မြို့ နဲ့ကလဲ အရမ်းမဝေးလှပါဘူး။

ကိုယ်သွားလည်တဲ့ အိမ်က အဲဒီရွာလေးရဲ့ တစ်ခုတည်းသော မူလတန်း ကျောင်းလေးရဲ့ ရှေ့တည့်တည့်မှာ ရှိပါတယ်။ ကျောင်းက တစ်နေကုန်ကျောင်းပါ မနက် ကိုးနာရီကနေ ညနေသုံး နာရီအထိပါ။ ဆရာမလေးတွေကလဲ ရွာအနီးအနားက ဆယ်တန်းအောင်တဲ့ ကျောင်းသူလေးတွေပါ။ လူကြီးတွေ ရဲ့ နားလည်မှုနဲ့ ဆွဲခန့်ထားတာပါ။

ကလေးတွေ ကျောင်းသွားကျောင်းပြန်မြင် မြင်ကွင်းကို မြင် နေရသလို စာအံသံတွေ တစ်ချိန်လုံး ကြားနေရပါတယ်။ တောကျောင်းလေး ဆိုတော့ ထုံးစံအတိုင်း ကျောင်းသားလေးတွေက မပြည့်မစုံ ချို့ချို့ တဲ့တဲ့ ကြားက ပညာလိုချင်လွန်းလို့ လာသင်တဲ့ ကလေးတွေက များပါတယ်။ ဘဝမျိုးစုံ ကိုတွေ့ရပါတယ်။

တစ်ရက်မှာတော့ အိမ်ရှင်အစ်မနဲ့ စကားတွေပြောနေတုန်းမှာ အမျိုးသမီးတစ်ယောက်နဲ့ ကလေးမလေးတစ်ယောက် အိမ်ရှေ့က ဖြတ်သွားတာကို တွေ့လိုက်ပါတယ်။ အိမ်ရှင်အစ်မက ကြည့်ကြည့် ပြီးမှပြောပြမယ်ဆိုတာနဲ့ သတိထားပြီးကြည့်မိပါတယ်။

အမျိုးသမီးလေးက သူ့သမီးလေးကို ကျောင်းလိုက်ပို့တာပါ။ သူ့သမီးလေးက ရှစ်နှစ် ကိုးနှစ်လောက် ရှိပါပြီ အမေကတော့ ခပ်ငယ်ငယ် အလွန်ဆုံး ရှိလှ နှစ်ဆယ့်ခြောက် နှစ်ဆယ့်ရှစ်။ ပုံစံလေးက ခပ်နွမ်းနွမ်းလေးတွေ သူတို့ပုံစံတွေက သူများတွေနဲ့ သိပ်မတူတာ ကိုတော့ သတိထားမိလိုက်တယ်။ အဓိက ကတော့ အမျိုးသမီးလေးရဲ့ မျက်နှာလေးက ခပ်ဖျောဖျော့ နဲ့သူ့ မျက်နာပေါ်မှာ သောကရိပ် တစ်ချို့ တွေ့လိုက်ရပါတယ်။

တောကကျောင်းတွေမှာက ကလေးတွေကို မိဘတွေက လိုက်မပို့တတ်ကြပါဘူး။ ဘယ်လောက်ဝေးဝေး စိတ်ချလက်ချ လွှတ်လိုက်ကြတာပါပဲ။ ကလေးတွေဆိုတာကလဲ တစ်လမ်းလုံး ခုန်ပေါက်ပြီး ဆော့ချင်သလိုဆော့ ကဲချင်သလိုကဲ။ အမျိုးသမီးလေးကတော့ ကလေးကို ကျောင်းပို့ ပြီးပြန်သွားပါတယ်။ သူအဝေးကြီးကို ရောက်တော့မှ အိမ်ကအစ်မက ဆက်ပြောပြပါတယ်။

သူ့သမီးလေးက သိပ်မကြာခင်လေးကမှ သူများအနိုင်ကျင့်တာကို ခံထားရတာတဲ့။ ရုတ်တရက် နားထဲမှာ မရှင်းတာမို့ သေချာအောင် ပြန်မေးကြည့်ရပါတယ် ။ ကျွန်မ ထင်တာက ကလေးအချင်းချင်း ကစားရင်းနဲ့ အနိုင်ကျင့် ခံရတယ် ထင်တာပါ။ ကလေးမလေးက ငယ်ငယ်လေးပဲ ရှိသေးတာကို။ ဒါပေမယ့် ကလေးမလေးရဲ့ အဖြစ်က တစ်မျိုး ကလေးချင်းဖြစ်တာမဟုတ်။

သူတို့က စစ်တပ်ထဲက လိုင်းခန်းတွေ မှာနေတာပါ။ သူ့အမျိုးသားက ရိုးရိုးရဲဘော်။ သူတို့မှာက ရှစ်နှစ် အရွယ်သမီးလေး တစ်ယောက်ရယ် ငါးလခြောက်လလောက် ပဲရှိသေးတဲ့ သမီးလေးတစ်ယောက်ရယ် နှစ်ယောက်ရှိပါတယ်။
တစ်ရက် ကလေးမလေး ကျောင်းကပြန်လာပြီး ရေချိုးနေတုန်းမှာ သူတို့ဘေးက လိုင်းခန်းမှာနေတဲ့ ကောင်လေးတစ်ယောက်က လှမ်းခေါ်ပါတယ်တဲ့။

အဲဒီကောင်လေးက အသက် ဆယ့်ခြောက်နှစ်လောက် ရှိပါပြီ။ သူ့အဖေက သူတို့တပ်ထဲမှာ တပ်ကြပ်ကြီးပါ။
အဲဒီနေ့က ကောင်လေးက ကလေးမလေးကိုခေါ် အိမ်တံခါးကို ပိတ်ပြီးအနိုင်ကျင့်ပါတယ်တဲ့။ ကောင်လေးက အရက်လဲသောက်ထားပါတယ်တဲ့။ ကလေးမလေးက အရမ်းအော်ငိုတော့ ဘေးချင်းကပ် အခန်းကလူတွေ ရောက်လာပြီး တံခါးဖွင့်ခိုင်းပါတယ်။ ကောင်လေးက မဖွင့်ပေးတော့ ဘေးပြတင်းပေါက်ကနေ ခုန်ကျော်ပြီးဝင်လာကြပါတယ်။

အိမ်နီးနားချင်းတွေက ငိုနေတဲ့ ကလေးမလေးကိုချော့ပြီး သူ့အိမ်ကို ပြန်ပို့ပေးပါတယ်။
ကလေးမလေးရဲ့ မိဘတွေ အပြင်က ပြန်လာတော့ ညမိုးချုပ်နေပါပြီ။ အဲဒီအချိန်တုန်းက ကလေးမလေးရဲ့ ညီမလေးက ကိုယ်တွေပူပြီးဖျားနေလို့ ကလေးအမေက ဆေးခန်းကိုသွားနေကြတာပါ။ မိဘတွေက အိမ်နီးနားချင်းတွေပြောပြလို့ အကြောင်းစုံကိုသိရပါတယ်။ ကလေးမလေးရဲ့ အမေက ကောင်လေးရဲ့ အိမ်ကို ချက်ချင်း သွားပြီးတိုင်ပါတယ်။ ဒါပေမယ့် ကောင်လေးရဲ့မိဘတွေက ဘာမှအရေးအယူ မလုပ်ပါဘူး။ ကျေနပ်လောက်အောင် ပြေရာပြေကြောင်းလေးတောင် မပြောပါဘူး။

သူ့သားက သောက်နေကျ မူးနေကျပါ။ မူးနေလို့ပါဆိုတဲ့ အဖြေကိုပဲ ပေးပါတယ်။ နည်းနည်းစိတ်တိုနေတဲ့ ကလေးမလေးရဲ့ အမေက သိပ်ပြီးမကျေနပ်ပါဘူး တပ်က အရာရှိနဲ့ သွားတိုင်ပါတယ်။ အရာရှိကလဲ အချင်းချင်းပြေလည်အောင် ညှိနှိုင်းပါလို့ ပဲပြောလိုက်ပါတယ်။ ကလေးမလေးရဲ့ အမေဟာ တော်တော် ဝမ်းနည်းသွားပါတယ်။ တကယ်မှာ အနိုင်ကျင့် ခံရတာသူ့သမီးလေး တစ်ယောက်တည်းမဟုတ်ပဲ သူတို့မိသားစု တစ်စုလုံးလို ဖြစ်နေပါတယ်။ ဘယ်သူကမှလဲ အရေးမယူပါဘူး။ တရှက်ကနေ နှစ်ရှက်ဖြစ်နေပါပြီ။

သူ့အမျိုးသားကတော့ စိတ်မကောင်းဖြစ်ရပေမယ့် သူလဲဘာမှမတတ်နိုင်ပါဘူး။ နောက်နေ့မနက် သူ့အမျိုးသား အလုပ်သွားတဲ့ အချိန်မှာတော့ ကလေးအမေဟာ ဖျားနေတဲ့ ကလေးကိုချီ သမီးအကြီးလေးကိုလက်ဆွဲပြီး ရဲစခန်းကို တစ်ယောက်တည်း သွားလိုက်ပါတယ်။ သူဟာ ညကလည်းတစ်ညလုံး ကောင်းကောင်း အိပ်မပျော်ပါဘူး။ သူမွေးထားတာက သမီးလေးတွေပါ။ သမီးလေးတွေရဲ့ အရှက် သိက္ခာ ဒါတွေအတွက် သူတစ်ချိန်လုံး ရင်တွေပူနေတာပါ။ သူဆင်းရဲပေမယ့် သမီးလေးတွေကို အရမ်းချစ်ပြီး အရမ်းတန်ဖိုးထားတာပါ။ သူ့သမီးလေးကို သူများစော်ကားတာတွေ အတွက်သူတစ်စုံတစ်ခု ပြန်ပြီးတုံန့် ပြန်ချင်နေပါတယ်။ တရားဥပဒေကို သူအားကိုးချင်ပါတယ်။

ရဲစခန်းမှာ အမှူဖွင့်တော့ ဆရာဝန်ရဲ့ ဆေးစာရမှ ဖြစ်မယ်ဆိုလို့ ကလးနှစ်ယောက်နဲ့ အတူပြည်သူ့ ဆေးရုံကို သူဆက်သွားပါတယ်။ သူ့ရင်ခွင်ထဲက ကလေးလေးက ကိုယ်တွေပူပြီး အဖျားတွေတက်နေပါပြီ။ တလမ်းလုံးလည်းငိုလာပါတယ်။ သူကလဲ တစ်မနက်လုံး ဘာမှမစားရသေးပါဘူး သမီးဇောနဲ့မို့ သူအရာရာကိုမေ့နေတာပါ။ ကံကဆိုးချင်တော့ သူ့မှာကနှလုံးအားနည်းတဲ့ ရောဂါရှိပါတယ်။

ဆေးရုံမှာစောင့်နေတဲ့ အချိန်မှာပဲ သူ့ရင်တွေ တလှပ်လှပ်တုန်နေပါတယ်။ ဆေးရုံက ဆေးစာရလို့ ရဲစခန်းကို ပြန်သွားတဲ့ အချိန်မှာတော့ သူ့ရင်ခွင်ထဲက ကလေးဟာ ငိုရလွန်းလို့မောပြီး အိပ်ပျော်နေပါပြီ။ ဆေးရုံနဲ့ ရဲစခန်းနဲ့ က တောင်နဲ့ မြောက်မှာရှိတာပါ။ နည်းနည်းလှမ်းပါတယ်။

ဒုတိယအကြိမ် ရဲစခန်းကိုရောက်တော့ သူလည်းပင်ပန်းနေပါပြီ။ ရင်ခွင်ထဲမှာအိပ်နေတဲ့ ကလေးကို သတိရလို့ ကြည့်မိတော့ ကလေးက ငြိမ်နေပါပြီ။ သူကအိပ်ပျော်နေတယ် ထင်ထားတာပါ။ အလန့်တကြားနဲ့ ကလေး နှာခေါင်းဖျားလေးကို စမ်းကြည့်ပါတယ်။
ပြီးတော့ မသင်္ကာတာနဲ့ ကလေးကို လှုပ်ပြီးနှိုးပါတယ်။ ကလေးလေးက မလှုပ်တော့ပါဘူး။ တကယ်မှာတော့ အဖျားတွေတက်နေတဲ့ အချိန်မှာ သောက တွေများနေတဲ့ မိခင်ရဲ့ နို့ကို အငမ်းမရစို့ရင်း ကလေးလေးက အသက်ပျောက်သွားတာပါ။ ကလေးအမေမှာတော့ တစ်ပူပေါ်နှစ်ပူဆင့်လို့ အသက်ပျောက်နေတဲ့ ကလေးကိုပိုက်ပြီး ယူကြုံးမရ ငိုပါတော့တယ်။ ကံကြမ္မာက သူ့ဘက်မှာမရှိခဲ့ပါဘူး။

သူတို့ အိမ်ပြန်ရောက်တော့ မနေ့ကကြုံခဲ့ တဲ့သောကတွေဘေးချိတ်လို့ သမီးငယ်လေးကို သဂြိင်္ုလ်ဖို့ လုပ်ရပါတယ်။ ပတ်ဝန်းကျင်ကလဲ သူတို့မိသားစု ကိုကြည့်ပြီး စိတ်မကောင်းခြင်းကြီးစွာနဲ့ နာရေးမှာ အားတက်သရော လာကူညီကြပါတယ်။ သမီးငယ်လေးရက်မလည် ခင်တစ်ရက်မှာ တော့ သမီးကြီးကို စော်ကားထားတဲ့ ကောင်လေးရဲ့ အမေကလာပြီး ရက်လည်မှာသုံးဖို့ ဆီတစ်ပိသာ နဲ့ နို့ဆီသုံးဗူ လာပေးပါတယ်။ မပြန်ခင်မှာတော့ ရဲစခန်းမှာဖွင့်ထားတဲ့ အမှုကို ပိတ်ပေးဖို့ ပြောခဲ့ပါတယ်။ သူတို့ အရာရှိကလဲ သေးတဲ့ အမှုကို ပုံကြီးမချဲ့ ဖို့ရယ် ပြေလည်အောင် စေ့စပ်ပြီး အမှု ပိတ်ဖို့ရယ် ကို လူကြုံနဲ့ ပြောခိုင်းပြန်ပါတယ်။
ကလေးတို့ အမေကတော့ ဘာမှ ပြန်မပြောလိုက်ပါဘူး။

ကလေးငယ်လေးရက် လည်ပြီးတော့ သမီးကြီးလေးကို သူ့အမေက ကျောင်းပြန်ပို့ပါတယ်။ ကျောင်းအုပ်ဆရာ ကြီးနဲ့တွေ့ပြီး သူ့သမီးလေးအမှု အတွက်တတ်နိုင်သလောက် အကူအညီပေးဖို့ အကူအညီတောင်းပါတယ်။
ကျောင်းအုပ်ဆရာကြီးကလဲ ကိုယ်လွတ်ရုံးပါတယ်။
သူတို့ကျောင်းမှာဖြစ်တဲ့ ကိစ္စမဟုတ်လို့ သူကူညီလို့ မရပါတဲ့။အပြင်မှာဖြစ်တာမို့ ကိုယ့်ဟာကိုယ်ရှင်းပါတဲ့။ တကယ်တော့ သူကတစ်ကိုယ်ကောင်းသမားပါ ဒီနေရာမှာ သူ့တပည့်လေးကို လစ်လျူရှူလိုက်ပါတယ် ။ ဒီကိစ္စ အတွက် တပ်ကလူတွေကလဲ အထက်အထိရောက်မှာ စိုးလို့ ကြိုးစားပြီးဖုံးဖိနေတာကို သူသိပါတယ်။ သူကနေတဆင့် အထက် ကိုပေါက်ကြား ပြန်ရင်လည်း သူအေးအေးဆေးဆေး နေလို့ရတော့မှာ မဟုတ်ပါဘူး။ တပ်ကလူတွေ သူ့ကို အမြင်စောင်းမှာ ကြောက်နေပါတယ်။

ပြဿနာက တိုးလို့တန်းလန်းနဲ့ ရှေ့လည်းမရောက် နောက်လဲမရောက် ဖြစ်နေပါတယ်။
ကလေးမလေးရဲ့ အမေကတော့ သူ့သမီးလေးကို မျက်စေ့ အောက်က အပျောက်မခံတော့ပါဘူး။ ကျောင်းသွားကျောင်းပြန် ပုံမှန်လိုက်ပို့ လိုက်ကြိုပါတယ်။ နေ့လည်ထမင်းစာချိန်ဆို ပုံမှန် ထမင်းလာပို့ပါတယ်။

အဲဒီနေ့ နေ့လည်မှာတော့ ကလေးအမေနဲ့ ကျွန်မစကားတွေ ပြောဖြစ်ကြပါတယ်။ သူ့ကိုသနား သလို စာနာမိတာမို့ ကျွန်မဘာမှမမေးပါဘူး ကျွန်မက ဧည့်သည်ဆိုတာ သူသိပါတယ်။ သူ့ဒုက္ခတွေကို ပြောပြရမှာလဲရှက်နေတဲ့ပုံပါ ။ ကျွန်မရှေ့မှာပဲ သူ့သမီးလေးကို ထမင်းခွံ့ကျွေးနေပါတယ်။
ကံကောင်းချင်တော့ အိမ်ရှင်အစ်မက စကားလမ်းကြောင်းပေးပါတယ်။ ရဲစခန်းကိစ္စ ဘယ်လိုနေသလဲ ဆိုတော့ သူကအသက်မပါသလို ပြုံးပါတယ်။

ဘာမှမထူးခြားပါတဲ့။ ဘယ်သူကမှလဲ မဆက်သွယ်လာပါဘူးတဲ့။ သူလဲဘာမှ ဆက်မလုပ်တတ်တော့ပါတဲ့။ အရာရာပြီးသွားပြီ လို့ထင်ပါတယ်တဲ့။ သူတတ်နိုင်တာက သူ့ရဲ့ တစ်ဦးသည်းသော သမီးလေးကို ကိုယ်နဲ့ မကွာစောင့်ရှောက်ဖို့ပါပဲတဲ့။ သူကနောက်ထပ်သား သမီးမရနိုင်တော့ပါဘူးတဲ့။ ဒီကျန်နေတဲ့ သမီးလေးက သူတို့ ဇနီးမောင်နှံအတွက် အသက်ပါပဲတဲ့။ မဆုံးသင့်ပဲ ဆုံးသွားတဲ့ သမီးလေးအတွက်တော့ ခံစားနေရဆဲပါပဲတဲ့။


လောကကြီးကပဲ မတရားတာလား......
လူတွေကပဲ မတရားတာလား.........
ကံကြမ္မာကပဲမတရားတာလား..........

သမီးကိုချစ်တဲ့ မိခင်တစ်ယောက်အတွက်တော့

လူတွေကလဲ ရက်စက်
ကံကြမ္မာကလဲ ရက်စက်
လောကကြီးကလဲ ရက်စက် ခဲ့ပါသည်...........

တကယ့်ကို ရက်စက်ခဲ့ပါသည်...

1 comments:

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ရတာ ရင်နင့်စရာပါ... ဒီလို အဖြစ်မျိုးတွေ နည်းသထက် နည်းပါစေလို့သာ ရင်နာနာနဲ့ ဆုတောင်းနေမိပါတယ်...

My Blog List