မနက်ဖြန်ဆိုရင်နှစ်သစ်ကိုကူးပါပြီ။
တစ်နှစ်စာ အတွက်ပြန်သုံးသပ်လိုက်တော့ ......
၂၀၀၈ ဟာ ကိုယ့်အတွက် အလွဲတွေ တော်တော်များခဲ့တာကို သတိထားမိပါတယ်...
ATMနဲ့ ကိုယ်
ATM Card လေးနဲ့ ကိုယ်ဟာ တစ်နှစ်လုံး နည်းမျိုးစုံနဲ့ လွဲမှားနေခဲ့တာပါ။
နှစ်စပိုင်းလောက် ကတော့ အဆင်ပြေနေပါသေးတယ် ။ ဧပြီလကုန်တော့ လစာဝင်ပြီလားသိချင်လို့
အေတီအမ် စက်မှာ စစ်ပါတယ်။ ပင်နံပါတ် ရိုက်ထည့်တော့ စက်က ပင်နံပါတ်မှားနေတယ်လို့ပြပါတယ်။
ထပ်ရိုက်ထည့် ပါတယ်။ အမှားထပ်ပြပါတယ်။ ယုံကြည်ချက်အပြည့် နဲ့ ထပ်ရိုက်ထည့်ပါတယ်။
အမှားထပ်ပြပါတယ်။ လေးကြိမ်ဖြစ်နေ ပါပြီ။ ဒါနဲ့ ပဲကဒ်ကို ပြန်ထုတ်လိုက်ပါတယ်။
စက်ကမှားနေတယ် လို့ထင်နေတုန်းပါပဲ။ ပြီးမှ မိုဘိုင်းလ်မှာ မှတ်ထားတဲ့ ပင်နံပါတ်နဲ့ တိုက်ကြည့်တော့ မှန်တယ်လို့ ထင်ပြီး ကိုယ်ရိုက်ထည့်တဲ့ ပင်နံပါတ်က မှားနေတာပါ။ သုံးခါဆက်တိုက် မှားတာဆိုရင်တော့ ကဒ်ကနောက်ထပ် ဘယ်မှာမှ သုံးလို့မရတော့ပါဘူး။ ဘဏ်က အလိုအလျှောက် ပိတ်လိုက်ပါပြီ။ ကိုယ်က လေးကြိမ်ဆက်တိုက် နံပါတ် အလွဲကြီး ရိုက်ထည့်မိတော့ မျှော်လင့်ချက်ဝေးသွားပါပြီ။
နောက်နေ့ကျတော့ ဘဏ်မှာသွားပြီးလစာထုတ်ရပါတယ်။ ပိုက်ဆံသွင်းပြီး ကဒ်အသစ် ပြန်လျှောက်ရပါတယ်။
နှစ်ပတ်နေရင် ရမယ်ဆိုပေမယ့် နောက်လကုန်တဲ့ အထိပြန်မရပါဘူး ။ နေပူကြီးထဲ ပူပူလောင်လောင်နဲ့ ဘဏ်ကိုထပ်သွားရပါတယ်။ လစာထပ်ထုတ်ရင်းနဲ့ ကဒ်အသစ်ကိစ္စ ကိုထပ်မေးရပါတယ်။ နောက်နှစ်ပတ်လောက်နေတော့ ကဒ်ပြန်ရပါတယ်။ ဘဏ်သွားရတဲ့ကိစ္စ ကသက်သာသွားပြီမို့ ပျော်သွားပါတယ်။ ငွေစစ်တိုင်း ပင်နံပါတ်မှား မှာစိုးလို့ အမြဲသတိထားပါတယ်။ အပျော်လေးက နှစ်လပဲခံပါတယ်။
ဇူလိုင်လထဲမှာတော့ ပြဿနာအသစ် စတွေ့ပါတယ်။
တစ်နေ့တော့ အလုပ်ထဲမှာ နာရီပိုင်းလောက် မီးပျက်ပါတယ်။ ရာသီဥတုက အရမ်းပူတာမို့ အနားက twentyfour hours မီနီမားကတ်မှာ မုန့်သွားဝယ်စားပါတယ်။ စားချင်တာတွေ ဝယ်တော့ မုန့်တွေအားလုံးကို ကြွပ်ကြွပ်အိပ်နဲ့ ထည့်ပေးပါတယ်။ လက်ထဲမှာကိုင်ထားတဲ့ ပိုက်ဆံအိတ်ရော မိုဘိုင်းဖုန်းကိုပါ ကြွပ်ကြွပ်အိပ်ထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ အဲဒီဆိုင်မှာပဲ မုန့်ထိုင်စားပါတယ်။ မုန့်စားနေတုန်း ဖုန်းလာတာနဲ့ ဖုန်းပြောရင်းတန်းလန်းနဲ့ စားလက်စတွေကို လက်စသတ်ပြီး ကြွတ်ကြွတ်အိတ်ကို ဆိုင်ကအမှိုတ်ပုံးထဲ ပစ်ခဲ့ပါတယ်
အမှိုက်ပစ်ခါနီးမှာ ကြွပ်ကြွပ်အိတ်ကိုင်ပြီး ခဏစဉ်းစားသေးပါတယ်။ ဒီထဲပစ်ထည့်မိတဲ့ ပစ္စည်းတွေဆိုဆုံးပြီ ပြန်မရတော့ဘူးဆိုပြီးတော့ပါ။ လက်ထဲမှာလဲ သောက်လက်စ အချိုရည်ပုလင်းကို ကိုင်ထားပါတယ်။ ပြီးတော့ အလုပ်ကိုပြန်လာပါတယ်။ အဲဒီနေ့ကကြာသပတေးနေ့မို့ အလုပ်ထဲမှာပျော်နေပါတယ်။ သောကြာနေ့က ကျွန်မတို့ အားလုံးရဲ့ ပိတ်ရက်မို့ပါ။
နောက်နေ့ သောကြာနေ့ကျတော့ ကောင်းကောင်းအိပ်ပါတယ်။ နေ့လည် ၁၂ နာရီကျော်မှနိုးပါတယ်။ ဒါတောင်သူငယ်ချင်းနဲ့ အပြင်သွားစရာရှိလို့ပါ။ အားလုံးပြင်ဆင်ပြီးမှ ပိုက်ဆံအိတ်ကို သတိရပါတယ်။ ဘယ်မှာမှ ရှာလို့ မတွေ့ပါဘူး သေချာစဉ်းစားတော့ မနေ့ကမုန့်ဝယ်စားပြီး အပြန်မှာ ပိုက်ဆံအိတ် ပြန်မပါလာတာ သတိရပါတယ်။
ပိုက်ဆံအိတ်ကို အမှိုတ်တွေနဲ့ ရောပြီးပစ်ခဲ့ တာကိုပြန်မြင်ပါတယ်။ တကယ်ဆို ပစ်ထားခဲ့တာ ၂၄နာရီ တိတိရှိနေပါပြီ။ သူငယ်ချင်းတွေက ဆိုင်မှာပြန်ရှာဖို့ပြောပါတယ်။ ဒါပေမယ့် အရေးကြီးတာတွေ ကိုအရင်လုပ်ရပါတယ်။ ပါသွားတာတွေက အေတီအမ်ကဒ် လေဘာကဒ၊် credit card ၂ကဒ၊် advantage card ကတစ်ကဒ၊် ချစ်ရတဲ့ တူတော်မောင်လေးတွေရဲ့ ဓါတ်ပုံလေးနှစ်ပုံ နဲ့ ပိုက်ဆံကနည်းနည်းလေးပါ။ အရေးကြီးတာက ဘဏ်ကဒ်တွေပါ။ ဘဏ်ကိုဖုန်းဆက်ပြီး ကဒ်တွေအားလုံး ကိုအရင်ပိတ်လိုက်ပါတယ်။
ဆိုင်ကိုသွားရှာဖို့ တော်တော်လေးစဉ်းစားပါတယ် လေဘာကဒ်က တော်တော်အရေး ကြီးတာမို့ရလိုရငြား သွားလိုက်ပါတယ်။ ဆိုင်ကလူတွေနဲ့ ကမျက်မှန်းတန်းနေပါတယ်။ အကြိုးအကြောင်း ပြောပြတော့ သူတို့က ညကတည်းက အမှိုက်ကားက လာသိမ်းသွားတယ်လို့ ပြောပါတယ်။
ဒါပေမယ့်ရှာချင်ရင်ရှာပါဆိုပြီး အမှိုက်ပစ်တဲ့ အခန်းထဲကို လိုက်ပို့ပါတယ်။ အမှိုက်ပစ်တဲ့ အခန်းထဲမှာတော့ အမှိုက်ကန်ကြီးက လူတစ်ရပ်စာလောက် ရှိပါတယ်။ ကန်ထဲကမှိုက်တွေက လဲပုံစံတူ အိပ်တွေနဲ့ ကျကျနန ထည့်ပြီးပစ်ထားတာပါ။ ဘယ်လိုစရှာရမှန်းမသိတော့ပါ။ ရှာချင်စိတ်လဲ ပျောက်သွားပါတယ်။ လေဘာကဒ်ပျောက်ရင် အသစ်လုပ်ဖို့ ပိုက်ဆံကုန်မယ် ဆိုပေမယ့် မရေမရာနဲ့ အမှိုက်ပုံကို ရှာဖို့ကတော့ တော်တော်မဖြစ်နိုင်တဲ့ ကိစ္စမို့ လက်လျှော့ပြီးပြန်လာခဲ့ပါတယ်။
လေဘာကဒ် အသစ်လုပ်ဖို့အတွက် ရဲစခန်းမှာ အမှုဖွင့်ရပါတယ်။ ဒီမှာကလေဘာကဒ်က မရှိမဖြစ်တဲ့ ID တစ်ခုပါ။ ရဲစခန်းကိုရောက်တော့ ပိုက်ဆံအိတ်ပျောက်လို့ လေဘာကဒ် ပါပျောက်တယ်လို့ ပြောပြပါတယ်။ ရဲကဘယ်မှာပျောက်တာလဲ နေရာကိုပြော ပျောက်တဲ့ရက်ကိုပြောပါ ဆိုပြီးကျကျနနမေးပါတယ်။ သူတို့ဆီမှာ ပိုက်ဆံအိတ်တွေ အများကြီးရှိနေပါတယ်။ ကောက်ရတဲ့သူတွေက လာပြန်ပို့ထားတာတွေပါ။ တော်ရုံတန်ရုံပျောက်ရုံနဲ့ မဆုံးပါဘူး။ အသိကောင်မလေးတစ်ယောက်ဆို နှစ်ခါတိတိကျပိုက်ဆံအိတ် ကျပျောက်ပါတယ် ရဲစခန်းသွားရှာတိုင်း ပြန်ရပါတယ်။
ကိုယ်ကတော့ ကိုယ်တိုင်ကိုယ်ကျ အမှိုက်ပုံးထဲ ထည့်ခဲတာပါလို့ ပြောတော့ ရဲလဲစိတ်ညစ်သွားပါတယ်။ သူတို့ဆီမှာ အမှိုက်ပုံက ကောက်တွေ့တဲ့ ပစ္စည်းတော့ လာမအပ်ထားဘူးလို့ပြောပါတယ်။ ကိုယ်လဲအမှုဖွင့် ရက်ချိန်းယူပြီး ပြန်လာလိုက်ပါတယ်။ ရဲစခန်းကို သုံးခေါက်တိတိသွားလိုက်ရပါတယ်။
credit card တွေကတော့ သုံးရက်အတွင်းပြန်ရပါတယ်။ ဘဏ်ကဒ်ကတော့ ထုံးစံအတိုင်း ပိုက်ဆံသွင်းပြီး ပြန်လျှောက်ရမှာပါ။ သွင်းရမယ့်ပိုက်ဆံကို နှမြောတာရော အဲဒီဘဏ်ကို စိတ်ညစ်တာရောပေါင်းပြီး အခြားဘဏ်ကို ပြောင်းပြီးငွေစာရင်းဖွင့် လိုက်ပါတယ်။ အခြားဘဏ်ကလဲ ဒီတစ်ခါမှာ နှစ်လလောက်
်ထပ်ကြာပါတယ်။ ထုံးစံအတိုင်း လကုန်တိုင်းလစာထုတ်ဖို့ ဘဏ်သွားရပြန်ပါတယ်။ လေဘာကဒ် အသစ်လုပ်ဖို့ကလဲ ပိုက်ဆံတွေ ကုန်သွားပြန်ပါတယ်။ မြန်မာငွေ နှစ်သိန်း လောက်ပါ။
ပိုက်ဆံအိတ်ပျောက်တာက ဘာမှမဟုတ်ပေမယ့် သူ့ရဲ့နောက်က လိုက်လုပ်ရတဲ့ အလုပ်ပိုတွေကတော့ တော်တော်များပါတယ်။ နွေခေါင်ခေါင်ကြီးမှာ မောမောပန်းပန်းနဲ့ ဟိုပြေးသည်ပြေး။ ပြန်တွေးမိတိုင်း ရင်မာရပါတယ်။
ပြီးခဲ့တဲ့လကတော့ ဘဏ်အသစ်ကနေ ကဒ်လေးရပါတယ်။ Activate လုပ်တော့ pin code က နှစ်ခါတောင်ထည့် လိုက်ရပါတယ်။ pincode ထည့်တော့ သေသေချာချာ မှတ်ပြီးထည့်တာပါ။ ဒါပေမယ့် မိုဘိုင်းထဲမှာ သိမ်းထားဖို့ မေ့သွားပါတယ်။ တနေ့ကတော့ ကဒ်ကိုကိုင်ပြီး ခေါင်းတော်တော်ကြီးသွားပါတယ်
pin code မေ့နေလို့ပါ ပြီးတော့ pin က နှစ်ခုတောင် မှတ်ထားတတ်တဲ့ နေရာတွေကို သေသေချာချာရှာတော့လဲ မတွေ့ပါ။ စမ်းတဝါးဝါးနဲ့ စက်ရှေ့မှာ ရပ်ပြီး အနီးစပ်ဆုံး pin ကိုစဉ်းစားပြီး ရိုက်ပါတယ် ။ စက်က အမှားပြပါတယ်။ အခွင့် အရေးက နှစ်ခါပဲကျန်ပါတော့တယ်။ နောက်ထပ်တစ်ခုကို စဉ်းစားပြီးသေသေချာချာ ရိုက်ထည့်ပါတယ်။ ဒီတစ်ခါမှားရင်တော့ တော်ပြီလို့ဆုံးဖြတ်ထားတာပါ။ နောက်တစ်ခါထပ်မှားရင်တော့ ဘဏ်ကိုထပ်ပြေးရတော့မှာပါ။ ဒါပေမယ့် ဒုတိယအကြိမ်မှာတော့ အောင်မြင်ပါတယ်။ ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးလစာကို ရင်တထိတ်ထိတ်နဲ့ ထုတ်ခဲ့ရပါတယ်။
ဒီနှစ်ထဲမှာတော့ တော်တော်ဦးနှောက်စားခဲ့တာ အေတီအမ်ကဒ်လေးတွေပါ။
ရင်မောရတဲ့ ၂၀၀၈ ကိုတော့ ဝမ်းသာအားရနဲ့ လက်ပြနှုတ်ဆက်ခဲ့ပါတယ်။
လေဘာကဒ်ကတော့ ခုချိန်ထိ ပြန်မရသေးပါဘူး။
တစ်နှစ်လုံးနီးပါး ရင်မောစိတ်မောခဲ့ ရပေမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့
ဒီဘလော့လေးကို စရေးဖြစ်ခဲ့ပါတယ်။
တစ်နှစ်လုံး မောခဲ့သမျှ ဒီဘလော့လေးကြောင့် အမောတွေပြေခဲ့ရပါတယ်။ ပင်ပန်းခဲ့တာတွေလဲ မေ့ကုန်ပါပြီ။
၂၀၀၉ ကိုတော့ အကောင်းဆုံးပြင်ဆင်လို့ ကြိုနေပါတယ်။
မနက်ဖြန်တိုင်းဟာ လှပနေမှာပါ.............
မင်္ဂလာပါ ၂၀၀၉..........
1 comments:
အစ်မ စာကိုဖတ်လိုက်ရတာနဲ့တင် တော်တော်မောသွားပါတယ်၊ နှစ်သစ်မှာ အားလုံးအဆင်ပြေပါစေ ခင်ဗျာ :)
Post a Comment