ဖြူစင်တဲ့ ကောင်မလေး

ကောင်မလေး သူ့မြို့ကို ပြန်ရောက်တာ ဒီနေ့ဆိုရင် နှစ်ပတ်တိတိပြည့်ပြီ။
သူဒီဇာတိမြို့လေးကို ခွဲသွားခဲ့တာကတော့ နှစ်နှစ်နီးပါး တိတိကျကျ ပြောရရင် တစ်နှစ်နဲ့ ဆယ့်တစ်လ။
တစ်နှစ်နဲ့ ဆယ့်တစ်လအတွင်း အရာရာက သိသိသာသာ ပြောင်းလဲလို့...
သူ့ဘဝ မှာမယုံနိုင်စရာ ကြေကွဲစရာ နာကျင်စရာတွေ အပြည့်နဲ့ အိမ်ပြန်ခရီးက တကယ့်ကို ခြောက်ခြောက်ကပ်ကပ်။

အခု ကောင်မလေးက အသက်က နှစ်ဆယ့်နှစ် သူဒီမြို့လေးက ထွက်သွားတုန်းက နှစ်ဆယ်ခပ်စွန်းစွန်းလောက် ပြုံးပျော်ပြီးထွက်သွားခဲ့ တာတွေ မနေ့တနေ့ကလို မြင်ယောင် ခံစားနေရဆဲ။

ဒီနေ့ဟာ သူ့ခင်ပွန်း ကိုကြီးဆုံးသွားတာ တစ်လပြည့်တဲ့ နေ့။
မနက်တုန်းက ရန်ကုန်က လိုက်လာတဲ့ သူငယ်ချင်းမလေးနဲ့ အတူ ဈေးဝယ်ချက်ပြုတ်ပြီး သူတို့ကိုးကွယ်နေကျ ဆရာတော်ကျောင်းမှာ နေ့ဆွမ်းကပ်ခဲ့ပြီး သူ့စိတ်တွေကထိုင်းထိုင်းမှိုင်းမှိုင်း။
အိမ်ပြန်ရောက်တော့ သူ့ကျွန်းဗီဒိုကြီးကို ဖွင့်ပြီး သူတို့ရဲ့ ဓါတ်ပုံတွေ ပြန်ကြည့် ရင်းအလိုလို
မျက်ရည်တွေကျလာပြန်သည်။ တစ်နေ့တစ်နေ့ ငိုရတဲ့ အကြိမ်ပေါင်းလဲ မနည်းတော့။

ဓါတ်ပုံတွေ ရှင်းရင်း ဗီရို အောက်ဆုံးက အံဝှက်လေးထဲက စာအိတ်အဝါရောင်လေးကို အမှတ်တမဲ့ တွေ့တော့ သူနည်းနည်း ထူးဆန်းနေခဲ့သည်။ သူတစ်ခါမှ မမြင်ဖူးခဲ့တဲ့ ပစ္စည်းလေး။ စာအိတ်လေးက အေဖိုးဆိုက် ခပ်ကြီးကြီးလေး။ သူဖွင့်ဖတ်တော့ ဆေးစာရွက်တွေ ကအထပ်လိုက် သူနားမလည်နိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ၊ သူနားလည်တာက ဆေးစာရွက်တိုင်းမှာ ရေးထားတဲ့ ကိုကြီးရဲ့ နာမည်ရယ် ရက်စွဲတွေရယ် မို့ သူငယ်ချင်းကို ခေါ်ပြတော့ သူငယ်ချင်းကလဲ မျက်လုံးအပြူးသားနဲ့။
သူသိခဲ့တဲ့ သူနဲ့ ကိုကြီးအတူတူ စစ်ခဲ့တဲ့ ဆေးစာရွက်တွေက သူ့ရဲ့ ဖိုင်ကြည်ကြည် လေးထဲမှာ ကျကျနန စီစီစဉ်စဉ် ရှိနေခဲ့သည်။ ခုတွေ့တဲ့ စာရွက်တွေက သူ့အတွက် တစ်ခါမှမမြင်ဖူးခဲ့ တဲ့စာရွက်တွေ။

စာရွက်တွေမှာ ပြထားတဲ့ နေ့စွဲတွေက လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က စလို့ ကိုကြီးမဆုံးခင် ငါးလ ခြောက်လလောက်အထိ လအလိုက် အစီအစဉ်အတိုင်း။ စာရွက်တွေဖတ်ရင်း သူငယ်ချင်းကောင်မလေးက သူ့ကို မေးခွန်းတွေ တပြုံကြီးမေးလာတော့ သူသိသလောက်ရှင်းပြဖြစ်သည်။ တကယ်လဲသူ ဘာမှမသိခဲ့။ သူငယ်ချင်း ကောင်မလေးကလဲ တကယ်တော့ ကိုယ့်ရဲ့ သူငယ်ချင်းစစ်စစ်မဟုတ်။ ကိုကြီးရဲ့ သူငယ်ချင်း ကိုကြီးနဲ့ ပက်သက်ပြီးမှ သိခဲ့ရတာ ဖြစ်ပေမယ့် သူ့ကိုအရမ်းခင်ပြီး သူ့ရဲ့ဒုက္ခတွေကို မျှဝေခံစားပေးနေတဲ့ ကောင်မလေး။

သူငယ်ချင်းကောင်မလေးက စာရွက်တွေကို သေသေချာချာကြည့်ပြီး ရှင်းပြနေတာ အရှည်ကြီး။
ကိုကြီးသွေးစစ်ထားတဲ့ စာရွက်တွေတဲ့။ တီဘီစစ်ထားတာတဲ့။ သူတို့ လက်မထပ်ခင် အချိန်ကတည်းက လစဉ်လတိုင်းစစ် ထားတာတဲ့။ ကိုကြီးမှာတီဘီ ရှိတယ် တီဘီဆေးတွေ သောက်ရင်းစစ်ထားတာတွေတဲ့။
သူဆက်စပ်တွေးရင်း ဘာကိုမှန်းမသိ ဝမ်းနည်းနာကျင်လာမိတယ်။

သူငယ်ချင်းက သူ့ အကြောင်းရော ကိုကြီးရာဇဝင်ပါ အကုန်သိခဲ့ သူ။
သူမသိခဲ့တဲ့တစ်ချို့ ကိစ္စတွေတောင် သိနေခဲ့သူ။

တကယ်တော့ သူမဘဝမှာ ချစ်သူတစ်ယောက်ရှိခဲ့ဘူးပါတယ်။ သူတို့အရမ်းချစ်ကြပေမယ့် မိဘတွေစိတ်ချမ်းသာအောင် သူမကိုကြီးကိုပဲလက်ထပ်ယူခဲ့ပါတယ်။ သူတို့ချစ်သူနှစ်ယောက်အကြောင်း ကိုသူတို့ မြို့ကလူတွေ အားလုံးသိသလို ကိုကြီးလဲ သိခဲ့သည် သိလျှက်နဲ့ မိဘတွေဆီလာပြီးတောင်းရမ်းခဲ့တာပါ။
သူက မြို့မှာတော်တော်လှတဲ့ ကောင်မလေးတစ်ယောက် သူ့ကောင်လေးကလဲ အရမ်းကို ချောမောတဲ့ ကောင်လေးတစ်ယောက်။ သူတို့ အတွဲကိုတွေ့တဲ့ သူတိုင် လည်ပြန်ကြည့်ရလောက်အောင် စွဲဆောင်မှုရှိခဲ့တဲ့ အတွဲလးပါ။

ခက်တာက သူတို့ကို သူမရဲ့မိဘတွေက သဘောမတူခဲ့ အကြောင်းပြချက်က ကောင်လေးက မင်းသားတစ်ယောက်လို ချောမောလွန်းတာမို့ စီးပွားရှာဖို့ စိတ်ဝင်စားမှာမဟုတ် လက်ကြောတင်းမှာ မဟုတ်ပါတဲ့။ နယ်မြို့လေးဆိုတော့ အယူအစွဲတွေက ကြီးလွန်းလှပါသည်။

ဒါပေမယ့် သူလက်ထပ်ခဲ့တဲ့ ကိုကြီးက ဆွဲဆောင်မှုမရှိ မချောမလှ ရုပ်ဆိုးစာရင်းဝင် သူ့ကိုတော့ တော်တော်ချစ် ခဲ့ပါသည်။ သူလက်ထပ်ပြီး တစ်နှစ်လောက်နေမှ သူ့ကောင်လေးက လက်ထပ်သွားခဲ့ပါသည်။

သူတို့လက်ထပ်ပြီးတော့ အစစအရာရာ အဆင်ပြေခဲ့ပါသည်။ သူကတော့ ကိုကြီးနေတဲ့ ရန်ကုန်မှာ လိုက်နေခဲ့ပါသည်။ ပြီးတော့ ရန်ကုန်မှာ ကျောင်းဆက်တက်ခဲ့ပါသည်။ သူလက်ထပ်တော့ ပထမနှစ်တက်တဲ့ အချိန်မို့ ရန်ကုန်မှာပဲ အဝေးသင်တက်ခဲ့ ပါသည်။

လက်ထပ်ပြီး ခြောက်လလောက်နေတော့ သူကိုယ်ဝန်စရှိပါသည်။ ကိုကြီးက အစစအရာရာ လိုလေသေးမရှိ ထားခဲ့တာမို့ သူ့အတွက် ကံကောင်းနေခဲ့ပါသည်။ သူ့မိဘ အစ်မတွေက နယ်မှာပဲ ကလေးမွေးစေချင်တာမို့ သူ့အစ်မတွေ သဘောကျ နယ်မှာပြန်ပြီး ကလေးမွေးခဲ့ပါသည်။ သူမရဲ့သမီးလေးက ကံမကောင်းခဲ့ပါ။ မွေးပြီး တစ်ပတ်အကြာမှာ ဆုံးသွားပါသည်။

ပြဿနာတွေ စခဲ့တာတော့ သမီးလေးမွေးပြီးတဲ့ အချိန်မှာပါ။ ကိုကြီးစပြီးနေမကောင်း ဖြစ်ပါတယ်။ ဖျားတာကြာလာတော့ ဆရာဝန်က ဆေးစစ်ခိုင်းပါတယ်။ ကိုကြီးက သိသိသာသာ ပိန်လာပါတယ်။ ဒါပေမယ့် သူ့ကိုတော့ ပုံမှန်အတိုင်းပဲ ဂရုစိုက်မြဲ ချစ်မြဲ ဘာမှမပြောင်းလဲပါ။ ဆရာဝန်က ဆေးစစ်ခိုင်းတော့ သူနဲ့ အတူတူပဲသွားစစ် ပါသည်။ အဖြေသွားယူတော့ ကိုကြီးက သူ့ ကိုယ်တိုင်သွားယူပါသည်။ သူဘာမှ မဖြစ်ပါတဲ့ တီဘီဖြစ်နေလို့ ဆေးသောက်ရမယ်လို့ ပဲပြောပါသည်။ ပြီးတော့ ဆေးတွေသောက်နေတာပဲတွေ့ပါသည်။

သိပ်မကြာခင် မှာ ကိုကြီးက သူမကိုပါခေါ်ပြီး ဆေးခန်းကိုသွားပါသည်။ ပြီးတော့ သွေးစစ်ပေးပါသည်။ ဘာမှန်းမသိပေမယ့် ကိုယ်တိုင်က နားမလည်တာမို့ ကိုကြီးသဘောကျ မငြင်းခဲ့ပါ။ သူမရဲ့ ဆေးစစ်ချက်သွားယူတော့ ကိုကြီးမျက်နှာလေးမှာ အပျော်တွေတွေ့ရပါသည်။ အဲဒီနေ့က ကိုကြီး အရမ်းပျော်နေခဲ့ပါသည်။ ဘာကြောင့်မှန်းမသိ ဘာတွေလုပ်နေလဲမသိပေမယ့် နည်းနည်းလေးမှ သံသယမဝင်ခဲ့ပါ။ သူကအရာရာကို ရိုးရိုးသားသားပဲ တွေးတတ်ပါသည်။ ကိုကြီး စိတ်တိုင်းကျ ဖန်တီးထားတဲ့ ဘဝလေးမှာသူ ပျော်နေတတ်ပါပြီ။ သူ့ရည်းစားကောင်လေးကိုလဲ သတိမရတော့ပါ။

ဟိုကောင်လေးကတော့ တစ်ခါတစ်ရံ သူ့ကို ဖုန်းဆက်ပြီး အဆင်ပြေမပြေ မေးတတ်ပါသည်။ ကောင်လေးကလဲ ရန်ကုန်သူလေးနဲ့ အိမ်ထောင်ကျပြီး ရန်ကုန်ရောက်နေတာပါ။ ကိုကြီးကျန်းမာရေး မကောင်းတာကိုလဲ ကောင်လေးက သိနေပါသည်။

ကိုကြီး နေမကောင်းဖြစ်ပြီး သုံးလေးလလောက်ကြာတော့ တော်တော် အခြေအနေ ဆိုးလာပါသည်။ ဘုန်းကြီးဝတ်ချင်လို့ ဆိုပြီး သူ့မြို့လေး မှာ လိုက်ပြီး ဘုန်းကြီးဝတ်ပါသည်။ ပြန်ခါနီးမှာ သူ့ဘက်ကဆွေမျိုး မိဘတွေကို လိုက်ကန်တော့ ခဲ့ပါသည်။

ဒီတစ်ခေါက်ရန်ကုန်ပြန်ရောက်တော့ သူ့ကိုဆေးစစ်ဖို့ ထပ်ခေါ်ပါသည်။ သူကလဲ သွေးဖောက်ပေးပြီးတဲ့ အထိ ဘာမှမမေးခဲ့ပါ။ ကိုကြီးကလဲ ဘာမှမပြောခဲ့ပါ။ ကိုကြီးကိုယ်တိုင်က အားပြတ်နေပါပြီ။ နေမကောင်းတဲ့ ကြားက သူ့ဆေးစစ်ချက်အဖြေကိုလဲ ကိုကြီးကိုယ်တိုင်သွားယူပါသည်။ ပြန်လာတော့ ပြုံးလို့ ပျော်လို့။ ပြီးတော့ ဆေးမှတ်တမ်းစာရွက်လေးကို ဖိုင်လေးထဲထည့် ပြီးသိမ်းလိုက်ပါသည်။

တစ်ပတ်လောက်နေတော့ ကိုကြီးတို့သွားစရာ ရှိတယ်ညီမလေးပါလိုက်ခဲ့ ဆိုပြီးသူတို့ ကားငှားပြီး ဆေးရုံတစ် ရုံကို ရောက်ခဲ့ကြပါသည်။ ကိုကြီးလက်ထဲမှာ ဆေးမှတ်တမ်းလေးတွေပါတဲ့ ဖိုင်အကြည်လေးကိုင်လို့၊ ကူးစက်ဆေးရုံပါ။ ကိုကြီးက တီဘီဖြစ်နေတာမို့ ဒီဆေးရုံကို လာရတာမဆန်းပါ။ ဆန်းတာက ကိုကြီးသူ့ကို ပေးတွေ့ခဲ့တဲ့ ဆရာဝန်ပါ။ ဆရာဝန်ရဲ့ အခန်းထဲကို ဝင်ချိန်မှာတော့ ကိုကြီးက အပြင်မှာ စောင့်နေခဲ့ပါသည်။ ဆရာဝန်နဲ့ စကားမပြောခင်အထိ သူဘာဆိုဘာမှ မရိပ်မိခဲ့။

ဆရာဝန်လေးမှ သူ့ကို အေအိုင်ဒီအက်စ် အကြောင်း အကြံပေးဆွေးနွေးလာပါသည်။ ဆောင်ရန်ရှောင်ရန် များကိုပါ ပြောပြလာပါသည်။ စိတ်ဓါတ်မကျ ဖို့အားပေးရင်း ကိုကြီးမှာ အေအိုင်ဒီအက်စ် ရောဂါဖြစ်နေတာပါ ပြောပြလာပါသည်။ လက်ရှိဆေးမှတ်တမ်းတွေအရ သူမမှာတော့ ရောဂါလက္ခဏာ မပြသေးပါ သူမရဲ့ ဆေးမှတ်တမ်းတွေအားလုံးမှာ HIV negative ပါ။ သူမကိုတော့ တစ်လတစ်ခါပုံမှန် သွေးလာစစ်ဖို့ ပြောပါသည်။ ဆရာဝန်လေးနဲ့ တွေ့ပြီးအခန်းထဲက ထွက်လာမှ သူမအရာရာကို နားလည်သဘောပေါက် ခဲ့ပါသည်။

ကိုကြီးကတော့ အိမ်ပြန်ရောက်တဲ့ အထိသူမကိုဘာမှ မပြောခဲ့ပါ။ သူ့ဆီမှာ ပြောဖို့ခွန်အားတွေ မရှိတော့သလို သူ့ပုံစံက အရုပ်ကြိုးပြတ်။ ညစာစားတော့ သူမကို စကားတစ်ခွန်းပဲ ပြောခဲ့ပါသည်။ ကိုကြီးစိတ်မကောင်းပါဘူးတဲ့။ ဒါပေမယ့် ညီမလေးရဲ့ ဆေးအဖြေတွေ အတွက် အရမ်းဝမ်းသာပါတယ် တဲ့။
သူမသေသေချာချာ သတိထားမိ ခဲ့တာကတော့ သမီးလေးကို မွေးပြီးကတည်းက သူတို့ အတူတူ မနေဖြစ်တော့တာပါ။ ကိုကြီးက သူမကို တကယ့် ညီမလေးတစ်ယောက်လို ပဲစောင့်ရှောက်ခဲ့ပါသည်။
ဆရာဝန်တွေကလဲ အံ့သြနေကြပါသည်။ ဒါပေမယ့် အနည်းဆုံး နောက်ထပ် ခြောက်လဆက်တိုက် ဆေးစစ်ကြည့် ပြီးမှ စိတ်ချရမည်ဟုပြောပါသည်။

အဲဒီနောက်ပိုင်း ဆရာဝန်တွေရဲ့ အကြံပေးချက်အရ ကိုကြီးကို ဆေးရုံတင်လိုက်ရပါသည်။ ကူးစက်ဆေးရုံမှာပါ။
သူကတော့ တစ်နေ့လုံး ကိုကြီးအနားမှာ စောင့်ပေးရပါသည်။ ညပိုင်းမှာတော့ ကိုကြီးရဲ့ ညီလေးကစောင့်ပါသည်။
ဆေးရုံမှာ ကိုကြီးနဲ့ ဘဝတူ လူနာတွေအများကြီး ထပ်တွေ့ ရပါသည်။ ကိုကြီးကို သူက အားပေးလိုက်။ ကိုကြီးက သူ့ကို အားပေးလိုက်။ အထူးသဖြင့် သူမဆေးစစ်ပြီးတိုင်း အဖြေတွေထွက်လာတိုင်း ကိုကြီး မျက်နှာပေါ်မှာ အပြုံးတွေ ဝေလို့နေပါသည်။ ဘေးနားကုတင် ကလူနာတွေကလဲ သူမအတွက်ဝမ်းတွေသာလို့။

ဆေးရုံတက်ပြီး သိပ်မကြာခင်မှာ ကိုကြီးဆုံးပါသည်။ ဆေးရုံတက်စဉ်ကတည်းက မခွဲ အတူတူရှိခဲ့တာမို့ သတိရတိုင်း ကိုကြီးက တောင်းပန်တတ်ပါသည်။ သူမအတွက်လဲ ဆုတွေတောင်းပေးပါသည်။ သူမကတော့ ဘာကိုမှ မစဉ်းစားချင်တော့ပါ ကံကြမ္မာ ကိုပဲအပြစ်တင်မိပါသည်။ အချိန်တိုတိုလေး အတွင်းမှာဖြစ်ပျက်ခဲ့တာတွေ မို့ အစပိုင်းလောက်မှာ ခံနိုင်ရည်မရှိခဲ့ပါ။ နောက်ပိုင်း ကိုကြီးမိဘတွေနဲ့ သူမဘက်က အသိုင်အဝိုင်းကပါ သူတို့ ပေါ်ငြိုငြင်လာတော့ ကိုကြီးဘက်က မားမားရပ်လို့ အရာရာကို ရင်ဆိုင်ခဲ့ပါသည်။

ကိုကြီးနေမကောင်း ဖြစ်ပြီးတဲ့ နောက်ပိုင်း သူမတို့ စီးပွားရေးပါထိခိုက်လာတာမို့ ကိုကြီးဆုံးသွားတဲ့ အချိန်မှာတော့ သူမရှေ့ရေးအတွက် ဘာမှကို မကျန်ခဲ့တော့ပါ။ သူ့ရဲ့ တစ်ချိန်က ကောင်လေးကလဲ မကြာခဏ ဆက်သွယ်ခဲ့ ပေမယ့် သူမဘက်က အဆက်အသွယ်ဖြတ်ခဲ့ပါသည်။ သူကကိုယ့်ကို ထားခဲ့ဘူးတဲ့ သံယောဇဉ်တွေကြောင့် ကူညီချင်ပုံရပါသည်။ ကိုယ်ကတော့ မိန်းမကောင်းပီသချင်ပါသည် အများအထင်လွဲအောင် မနေချင်ပါ။ ဝေးဝေးကပဲ ရှောင်ခဲ့ပါသည်။

ကိုကြီးရက်လည်ဆွမ်းသွပ်ပြီးချိန်မှာတော့ သူမ မိဘတွေအိမ်ကို ပြန်ခဲ့ပါသည်။ သူမအိမ်က ထွက်သွားစဉ်က အတိုင်း ပြန်လာတော့လဲ ဘာမှပြန်မပါလာခဲ့ပါ။ ဝေဒနာတွေနဲ့ ဘဝကပေးတဲ့ ဒဏ်ရာတွေသာပါလာခဲ့ပါသည်။
သူမဆေးစစ်ခဲ့တာ ငါးလရှိပါပြီ နောက်တစ်ပတ်ကြာရင် နောက်ဆုံးအနေနဲ့ ဆေးထပ်စစ်ရပါမည်။ အရာရာ အတွက်သူမ ခံနိုင်ရည်မွေးပြီးသားမို့ ဘာကိုမှ မကြောက်တော့ပါ။

ဒီနေ့တော့ ကိုကြီးရဲ့ ဆေးစာရွက်တွေနဲ့ အတူ သူမမှာ အတွေး တွေအများကြီးနဲ့........
ကိုကြီး သူမကို ဘယ်အချိန်ကတည်းက ညာခဲ့တာလဲ... ဘာတွေကြောင့်ညာခဲ့တာလဲ..
အတွေးတွေနဲ့ အတူ သူမတို့ အိမ်ရှေ့ကို လှမ်းကြည့်တော့ အိမ်ရှေ့က အိမ်လေးက သော့တန်းလန်းလေးနဲ့...
အဲဒီအိမ်လေးဟာ တစ်ချိန်က ကိုကြီးရဲ့ ချစ်သူကောင်မလေးရဲ့ အိမ်ပါ။
အဲဒီကောင်မလေးကလဲ အေအိုင်ဒီအက်စ်ရောဂါနဲ့ ခုတော့ သူအစ်မတွေရှိတဲ့ ရွာလေးတစ်ရွာမှာ....

လောကကြီးကဆန်းကြယ်လွန်းပါတယ်.....
ပိုပြီးဆန်းကြယ်တာက ကံကြမ္မာပါ....

တစ်ခါတစ်ရံ ကံကြမ္မာက လူတွေကို လှည့်စားတတ်ပါတယ်...
တစ်ခါတစ်ရံတော့ လူတွေက လူတွေကို လှည့်စားတတ်ပါတယ်...

ကံကြမ္မာရဲ့ လှည့်စားခြင်းကို ခံရတဲ့ လူတွေအတွက် မထောင်းသာလှပါဘူး...
လူတွေရဲ့ လှည့်စားတာကို ခံရတဲ့ လူတွေကတော့ ကံကောင်းတတ်ပါတယ်...........

အဲဒီကောင်မလေးဟာ ခုချိန်ထိ အေးအေးဆေးဆေးကျန်းကျန်းမာမာပါပဲ။
နောက်ဆုံးဆေးစစ်ချက်မှာလဲ HIV negative ပါ..........
သူက သူ့ကိုကြီးအပေါ်အရိုးသားဆုံး အဖြူစင်ဆုံး ချစ်ခဲ့သလို
သစ္စာအရှိဆုံး ဇနီးတစ်ယောက်လဲ ဖြစ်ခဲ့ပါတယ်။
သူမိဘတွေ အတွက်လဲ သမီးလိမ္မာဖြစ်အောင် ကြိုးစားခဲ့ပါတယ်..

သူငယ်ချင်း ကောင်မလေးတစ်ယောက် အကြောင်းပါ......


1 comments:

Sein Lyan Tun said...

အရမ်းကောင်းတယ် မနှင်းရေ...

ဒီပိုစ့်လေးကို ဒီဇင်ဘာတစ်ရက်နေ့ ပြန်တင်ပါ...


ရသတွေပေးစွမ်းနိုင်တဲ့ပိုစ့်ကောင်းလေးပါ...


ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

My Blog List