ဂေးပါတီ




သူငယ်ချင်းတစ်ယောက် ပို့ပေးတဲ့ ဖော်ဝပ်မေးလ် ကိုရတော့ ဂေးပါတီလေး အကြောင်းကို ပြန်သတိရမိပါတယ်။
ဒီပုံလေးတွေက ဖော်ဝပ်မေးလ်ထဲက ပုံလေးတွေပါ။

ခုတစ်လော ဂေးတွေရဲ့ အကြောင်းကို မကြာခဏတွေ့နေ ကြားနေရပါတယ်။

အထူးသဖြင့် ( Sex Change Opration) ခွဲစိတ်ပြုပြင်ကြတဲ့ သတင်းတွေနဲ့ ဓါတ်ပုံတွေ ကိုပါ ဖော်ဝပ်မေးလ်တွေ ကနေတဆင့် တွေ့နေမြင်နေရပါတယ်။

ခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာတော့ ဒါတွေဟာ မဆန်းတော့ပါဘူး။ ဒါပေမယ့် မြန်မာစစ်စစ် မြန်မာ့ အမြင်နဲ့ ကြည့်ရင်တော့ နည်းနည်းအမြင် ရိုင်းနေပါသေးတယ်။ ဒါကလဲ မြင်တဲ့ ကြည့်တဲ့ လူအပေါ်မှာ မူတည်ပါတယ်။ ရိုင်းတယ် လို့ မြင်ရင်တော့ ရိုင်းပါတယ်။ မြန်မာ့ ယဉ်ကျေးမှုနဲ့တော့ မကိုက်ညီတာတော့ အမှန်ပါပဲ။

တစ်ခါတုန်းက နယ်မြို့လေးတစ်မြို့ မှာဂေးပါတီ တစ်ခုကိုကြုံဖူးပါတယ်။ တောင်ပေါ်မြို့လေး တစ်မြို့မှာပါ နည်းနည်းတော့ ကြာပါပြီ။ ၂၀၀၃- ၂၀၀၄ လောက်တုန်းကပါ။ ရန်ကုန်မှာတော့ ဂေးတွေ ပါတီတွေ ခေတ်စားနေပါပြီ။ ပေါ်ပေါ်ထင်ထင် လုပ်တဲ့ သူတွေက လုပ်ကြပါတယ်။ ရန်ကုန်ဆိုတော့လဲ ပြဿနာ သိပ်မရှိပါဘူး

အဲဒီပါတီလေးကို ကြုံခဲ့တာက တောင်ပေါ်မြို့လေးတစ်မြို့ အချိန်က ဒီဇင်ဘာလ။ ဟိုတယ်ကို အလုပ်ကိစ္စတွေနဲ့ ကိုယ်ရောက် သွားတော့ မန်နေဂျာ အန်ကယ်ကြီးက သတင်းပေးပါတယ်။ သူတို့ ပါတီတစ်ပွဲ လက်ခံထား တဲ့ အကြောင်းနဲ့ Organizer ကို သွားတွေ့ ရမယ်ဆိုတဲ့ အကြောင်း ပြောလာတာနဲ့ ခရီးရောက်မဆိုက် သွားတွေ့လိုက်ပါတယ်။

သူ့နာမည်ကို တော့ မေ့နေပါပြီ။ သူကတော့ အဲဒီမြို့က နာမည်ကျော် အလှဖန်တီးရှင် ခေတ်ပညာတတ်တစ်ယောက်ပါ။ ပွဲဖြစ်မြောက်ရေးအတွက် စပွန်စာပေးခဲ့တဲ့ တစ်ယောက်ပေါ့။ သူ့မြို့မှာတော့ သူက ငွေကြေးတော်တော်လဲ တတ်နိုင်တဲ့သူတစ်ယောက်ပါ။ ကိုယ်သွားတွေ့တော့ သူက သူလုပ်ချင်တဲ့ ပုံစံကို ပြောပြပါတယ်။ ကိုယ့်ကိုလဲ သမီးရယ်တဲ့ မာမီတို့က Private and Confidential ဖြစ်ချင်တယ်လို့ ပြောပါတယ်။
အဓိက သူတို့လိုချင်တာက ဘယ်သူ့ကိုမှ မသိမမြင်စေချင်တာပါ။

သူတို့မြို့ က နယ်မြို့သေးသေးလေးဆိုတော့ တစ်ခုခုဆို သတင်းတွေက ချက်ချင်းပြန့်တတ်ပါတယ်။ သူကအဓိက ဆိုလိုချင်တာ သတင်းမပေါက်ကြားစေချင်တာပါ။ ကိုယ်ကလဲ ကတိတွေ အတန်တန်ပေးခဲ့ပါတယ်။

ပါတီလုပ်မယ့် ညရောက်တော့ အဲဒီမြို့လေးက အလွှာပေါင်းစုံသော ဂေးလေးတွေက သူ့ထက်ငါ အပြိုင်အဆိုင် အလှတွေ ပြင်လို့ စီးတော်ယာဉ်တွေ ကိုယ်စီကိုယ်စီနဲ့ ရောက်လာကြပါတယ်။ သူတို့ ယူထားတဲ့ သီးသန့်ခန်းမ ကျယ်ကြီးနဲ့ လျှောက်လမ်းကိုတော့ လူသွားလူလာ ရှင်းပေးထားရပါတယ်။ ဝန်ထမ်းတွေကိုတောင် လိုအပ်လွန်းတဲ့ ဝန်ထမ်းလောက်ပဲ ဂျူတီချထားပါတယ်။

သူတို့ကလဲ ပြတ်ပြတ်သားသား တောင်းဆိုထားတာပါ ဘယ်ဝန်ထမ်းကမှ ဝန်ဆောင်မှုပေးစရာမလိုပါတဲ့။ ဘူဖေးဒင်နာကို လူလေးဆယ်စာ မှာထားပါတယ်။ ဝန်ထမ်းအနေနဲ့ မဖြစ်မနေ တစ်ယောက်ပဲထားပေး ရမယ်လို့ပြောပါတယ်။ ကိုယ်ကတော့ အထူးဧည့် သည်အနေနဲ့ လေ့လာခွင့်ရခဲ့ပါတယ်။

ပွဲစတော့ အခမ်းအနားမှူးက အစီအစဉ်ကို ကြေငြာပါတယ်။ နှစ်ပတ်လည် မိတ်ဆုံစားပွဲနဲ့ လှယဉ်ကျေးမယ် ရွေးပွဲကို စုံစုံညီညီ တက်ရောက်အားပေးကြလို့ ဝမ်းသာကြောင်း နဲ့ ပွဲဖြစ်မြောက်ရေးအတွက် အစစအရာရာ ကူညီပံ့ပိုးပေးတဲ့ ပွဲစီစဉ်သူကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

ပြီးတော့ လှယဉ်ကျေးမယ် ရွေးပွဲကိုစပါတယ်။ ဂေးလေးတွေက တော်တော်လေးလှကြပါတယ်။ တကယ့် မယ်ရွေးပွဲကို ကြည့်နေရသလိုပါပဲ။ ငယ်ငယ် ချောချော ဂေးလေးတွေက အချိုးအစား ပြေပြေပြစ်ပြစ်နဲ့ လှလှပပ ဝတ်စားထားကြတာ တကယ့် မိန်းကလေးတွေလိုပါပဲ အပြင်လောကက မိန်းကလေးတွေ လှသလိုလဲလှကြပါတယ်။ သွားပုံလာပုံ ပြောပုံဆိုပုံ အားလုံးကို ဒိုင်လူကြီး ဝါရင့်ဂေးမမတွေက အမှတ်ပေးကြပါတယ်။ ပြိုင်ပွဲဝင်တာက အားလုံးပေါင်း ဆယ်ယောက်ကျော်ပါတယ် ဆုတွေကို ပထမဆု ဒုတိယဆု တတိယဆု နှစ်သိမ့်ဆု လေးဆုပေးပါတယ်။

အားလုံးထဲမှာမှ ငယ်လဲငယ် တော်တော်လဲ အချိုးအစားပြေပြစ် လှပတဲ့ ဂေးမလေးက ပထမရပါတယ်။ သူက အလှပြင်ဆိုင်မှာ လုပ်နေတဲ့ ပါတီဝင်အသစ် တစ်ယောက်ပါ။ သူတို့ ဆီမှာ နှစ်စဉ်နဲ့ အမျှပါတီဝင်အသစ်တွေ ဂေးအသစ်လေးတွေ ရှိပါတယ်။ အသစ်ကလေးတွေထဲကို မြေတောင်မြောက်ပြီး မယ်ရွေးပွဲကို နှစ်စဉ်လုပ်ပေးနေတာပါ။

သူတို့ အဖွဲ့အစည်းက ဒီမြို့လေးက ဂေးတွေအားလုံးစုစု စည်းစည်းနဲ့ တည်ထောင်ထားတဲ့ အဖွဲ့အစည်းလေးပါ။ ဂေးမှန်ရင် သူတို့အဖွဲ့ အစည်းထဲကဂေးကမှ တရားဝင်ဂေးဖြစ်တာပါ။ ဒါကလဲ မှတ်သားစရာပါပဲ။

အားလုံးထဲမှ ခုချိန်ထိ မှတ်မိနေသေးတာက ဂေးခေါင်းဆောင် စပွန်စာမမ ပြောသွားတဲ့ စကားလုံးတစ်ချို့ပါ။

သူတို့တွေဟာ လူသားတွေထဲက လူတွေပဲဖြစ်ပါတယ်တဲ့ လူတွေရဲ့အကျိုးကို တတ်အားသရွေ့ တစ်ထောင့် တစ်နေရာက သယ်ပိုးနေတာပါတဲ့။ ဂေးဖြစ်ရတဲ့ အပေါ်မှာ အားငယ်ရှက်ရွံ့ နေစရာမလိုပါတဲ့။ သာမန်လူတွေက သူတို့ရဲ့ ဘဝတွေကို မစာနာနိုင်ကြပါဘူးတဲ့ အထင်အမြင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်တဲ့။ သူတို့ကို လူ့အသိုင်းအဝိုင်းထဲကိုလဲ မသွင်းချင်ကြပါဘူးတဲ့။ ခုလိုတိုးတက်နေတဲ့ အချိန်မှာတောင် သူတို့တွေဟာ မျက်နှာငယ်နေရဆဲပါတဲ့။ အဲဒီအတွက် အားမငယ်ဖို့ စိတ်ဓါတ်မကျဖို့နဲ့ ကိုယ်လက်ရှိပိုင်ဆိုင်နေတဲ့ ဘဝလေးကို ချစ်မြတ်နိုးဖို့ တတ်စွမ်းသရွေ့ အများအကျိုးပြုနိုင်တဲ့ သူတွေဖြစ်အောင် ကြိုးစားကြဖို့ ပြောသွားပါတယ်။

ပွဲပြီးတဲ့ အချိန်မှာ သူငယ်ချင်းတွေဆီက ထပ်ရခဲ့တဲ့ သတင်းတွေအရ အဲဒီပွဲကို တက်ခဲ့ကြတဲ့ သူတွေထဲမှာ သူတို့မြို့က နာမည်ကြီး သူနာပြုတစ်ယောက် အစိုးရဝန်ထမ်း ထိပ်တန်းအရာရှိ တစ်ယောက် နောက်တက္ကသိုလ် ကျောင်းသားနှစ်ယောက် နဲ့အခြား စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ပါတယ်ဆိုတာရယ်။ အဲဒီလူတွေ အားလုံးဟာ သူတို့မြို့မှာတကယ့် ကို တော်တဲ့ နာမည်ကြီးတဲ့ သူတွေဖြစ်တယ်ဆိုတာပါပဲ။

ဒီပို့စ်လေးကို ဂေးတွေကို စိတ်ဝင်တစား ရှိလှတဲ့ ကိုကြီးတစ်ယောက် အတွက် မှတ်မှတ်ရရ ရေးတာပါ။


0 comments:

My Blog List