တစ်ခါကဘဝသံသရာ



အချိန်က ၂၀၀၀ ခုနှစ် နေရာက ရှမ်းပြည်နယ် တောင်ကြီးမြို့
ဟိုတယ်မှာဧည့်ကြိုလုပ်နေတဲ့ ကျွန်မအတွက် ပထမဆုံးအကြိမ် ဟဲဟိုးလေဆိပ်ကို ဧည့်သည်ပြန်ပို့ရဖို့ကြုံလာတယ်။
ပို့ရမယ့်သူတွေက ဂျပန်အဘိုးအို အဘွားအိုနဲ့ ဧည့်လမ်းညွန်တစ်ယောက်။ အသက်ကြီးတဲ့ဧည့်သည်တွေဆိုတော့ လင်ခရူဇာကားစီစဉ်ပေးထားတယ်။ အမှန်ကတော့ဧည့်လမ်းညွန်ပါပြီးသားမို့ အကူးတကလိုက်ပို့ပေးဖို့မလိုလှပါ။ ဒါပေမယ့်အသက် ၈၀နီးပါးလောက်ရှိတဲ့ အဘိုးအိုနဲ့အဘွားအိုဆိုတော့ အထူးဝန်ဆောင်မှုကိုပေးလိုက်တာပါ။
ဟိုတယ်ကထွက်လာပြီးမကြာခင်မှာ အဘိုးအိုက ကားခဏရပ်ပေးလို့ရမလားလို့တောင်းဆိုလာပါတယ်။ ကားသမားကလဲ ချက်ချင်းပဲကားကိုလမ်းဘေးချပြီးရပ်ပေးပါတယ်။ နေရာကိုကြည့်လိုက်တော့ လမ်းရဲ့ညာဘက်မှာက တောင်နံရံကြီး ဘယ်ဘက်ခြမ်းမှာက ချောက်ကမ်းပါးတစ်ခု။ ချောက်ကမ်းပါးကိုကျော်ပြီးကြည့်လိုက်တော့ ဆေးအဖြူရောင် သုတ်ထားတဲ့ ရထားလမ်းလေးတစ်ခုက ချောက်ကမ်းပါး အောက်မှာ အသည်းယားစရာ။ စာတမ်းလေးထိုးထားတာက ဘဝသံသရာတံတားတဲ့။ ဒီတံတားလေးက ကျွန်မ ပထမဆုံးတွေ့ဖူးတာပါ။ တောင်ကြီးကိုလာတုန်းက ကားနဲ့ဆိုပေမယ့် ဒီနေရာကိုဖြတ်တော့ ကျွန်မအိပ်ပျော်နေတဲ့
အချိန်မို့ သတိမထားမိခဲ့။ အဘွားအိုကတော့ ကားပေါ်မှာကျန်ရစ်ခဲ့ပါတယ်။အဘိုးအိုကတော့ အဲဒီတံတားလေးနဲ့ ပတ်ဝန်းကျင်ရှုခင်းတွေကို ဓါတ်ပုံတွေ အဖြတ်ဖြတ်ရိုက်လို့ သူ့မျက်ဝန်းလေးတွေက ရီဝေနေတာကိုတော့ သတိထားမိလိုက်တယ်။ ဒါနဲ့ကားပေါ်ပြန်တက်ခဲ့ကြပြီး လေဆိပ်ကို ခရီးဆက်ခဲ့ကြပါတယ်။ ကားစထွက်တဲ့အချိန်မှာတော့ တချိန်လုံးငြိမ်ပြီး လိုက်လာတဲ့ အဘိုးအို က စကားတွေ ဖောင်ဖွဲ့လာပါတယ် ။ ဒါပေမယ့် ဂျပန်လိုဖြစ်နေတော့ ဧည့်လမ်းညွှန်မမက ကျွန်မကို ဘာသာပြန်ပေးပါတယ်။ တကယ်တော့ အဘိုးအိုတို့ရဲ့ ခရီးစဉ်က အမှတ်တရ သချိုင်္င်း ကန်တော့တဲ့ ခရီးစဉ်လေးပါ။ အဘိုးအိုကတော့ ဒုတိယကမ္ဘာစစ်မှာ မြန်မာပြည်ကို ရောက်လာတဲ့ ဂျပန်စစ်သားလေးပါ။ သူနဲ့အတူပါလာတာကတော့ လက်ထပ်ပြီးစ ပူပူနွေးနွေး သူ့ရဲ့ ယောက်ဖလေးပါ။ အတူပါလာတဲ့ အဘွားအိုရဲ့ ခင်ပွန်းယောက်ျားပါ။ သူတို့တာဝန်ကျတဲ့နေရာက ရှမ်းပြည်နယ် တောင်ကြီး။ ဒီဘဝသံသရာ ရထားလမ်းကို သူတို့တွေရဲ့ သွေးတွေ ချွေးတွေနဲ့ဖောက်ခဲ့ ရတာပါ။
အဲဒီခရီးစဉ်မှာပဲ အဘွားအိုရဲ့ ခင်ပွန်းဟာ ကျဆုံးခဲ့တာပါ။ ယောက်ဖဖြစိသူရဲ့ အရိုးပြာအိုးကိုတော့ အဘိုးအိုကိုယ်တိုင်ကပဲ တောင်ကြီးမြို့ က ကန်ဦးကျောင်းတိုက်ထဲမှာ မြှုပ်နှံသဂြိုလ်ခဲ့တာပါ။ စစ်ကြီးပြီးဆုံးသွားတဲ့ အချိန် အရာရာ အေးချမ်းတဲ့ အချိန်မှာတော့ အဘိုးအိုနဲ့ အဘွားအိုတို့ဟာ လမ်းပြမြေပုံလေးနဲ့ သချိုင်္င်းဂူလေးကို ပြန်လာရှာခဲ့တာပါ။ ပြီးတော့နှစ်စဉ်နှစ်တိုင်း အချိန်မှန် လာရောက်ဝတ်ပြု ဆုတောင်းခဲ့တာပါ။ ကန်ဦးကျောင်းရဲ့ ပင်တိုင်အလှူရှင်တွေဆိုရင်လဲမမှားပါဘူး။ မိုင်ထောင်သောင်းများစွာကိုဖြတ်လို့ နှစ်စဉ်နှစ်တိုင်း သူတို့ရဲ့ သွေးသားတွေရဲ့ ခြေရာတွေနဲ့ အရိုးပြာတွေကို လာပြီးဦးခိုက်ကြတဲ့ အသက် ၈၀ ကျော် အဘိုးအိုနဲ့ အဘွားအိုတို့ ရင်ထဲက မေတ္တာတွေကို အရမ်းကိုလေးစားမိပါတယ်။ သာမန်လူတွေ မလုပ်နိုင်တဲ့ကိစ္စတွေပါ။ တဆက်တည်းမှာပဲ ဧည့်လမ်းညွှန်မမ ပြေပြတဲ့ အကြာင်းအရာကလဲ ကျွန်မကိုများစွာ စိတ်မကောင်းဖြစ်စေပါတယ်။ ဒီနှစ် သူတို့လာမယ့် ခရီးစဉ် အသေးစိတ်ကို ကြိုတင်ပြီး ကန်ဦးကျောင်းကို အကြောင်းကြားခဲ့ပါတယ်။ မလာခင်၃ရက်လောက်ကလဲ ထပ်ပြီး သတိပေးခဲ့ ပါသေးတယ်။ အဓိက ကတော့ ဂျပန်အဘိုးအိုရဲ့ အုတ်ဂူနေရာကို သပ်သပ်ရပ်ရပ် ဖြစ်နေအောင် ရှင်းလင်းပေးထားဖို့ပါ။ ဒါပေမယ့် တကယ်တမ်းသူတို့ရောက် သွားတဲ့ အချိန်မှာတော့ နွယ်ပင်မြက်ပင်တွေ က တောထလို့နေပါပြီ။ တစ်နှစ်စာ တောအုပ်လေးဖြစ်နေခဲ့တာပါ။ မနှစ်က သူတို့လာရှင်းပြီးကတည်း က ပစ်ထားခဲ့ပုံရပါတယ်။ နေရာကိုမှတ်မှတ်ရရ ဖြစ်နေတဲ့ အဘိုးအိုနဲ့ အဘွားအိုတို့ က မျက်စိမျက်နှာပျက်နေပါတယ်။ အတူပါလာတဲ့မမကလဲ ဘာပြောရမှန်းမသိအောင်ကို စိတ်တွေပျက်လို့ပေါ့။
ဒါပေမယ့် အဘိုးအိုတို့က မညူစူခဲ့ပါဘူး။ ထုံးစံအတိုင်း ပါလာတဲ့ လှူဖွယ်ဝတ္ထုတွေ နဲ့အလှူငွေတွေကို လှူပါတယ်။ မွမ်းမံပြင်ဆင်ထားခြင်းမရှိပေမယ့် မပျက်မစီး ထိန်းသိမ်းစောင့်ရှောက်ပေးထားတာကိုပဲ ကြံဖန်ပြီး ဝမ်းသာနေပါတယ်။ နောက်နှစ်တွေမှာလဲ သူတို့တွေ အသက်ဆက်ရှင်ဦးမယ်ဆိုရင် လာဦးမယ်ဆိုတဲ့ ကတိတွေပေးလို့။ တကယ်တော့ မြန်မာဆိုတာ ရိုးသားဖြူစင်မှူ ကူညီရိုင်းပင်းမှုတွေနဲ့ နာမည်ရနေတဲ့ လူမျိုးတွေပါ။ ဒီကိစ္စတွေဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ အဝေးကြီးက မျှော်လင့်တကြီး လာတဲ့ ဧည့်သည်တွေကို ရင်ဝကိုပြေးပြီးကန်လိုက်တာနဲ့တူပါတယ်။ သူတို့ပေးလိုက်တဲ့ အကြောင်းပြချက်ကတော့ မနက်ဖြန်မှလာမယ်ထင်လို့ပါတဲ့။ မနက်ဖြန်မှလာခဲ့မယ်ဆိုရင်ရော ဒီဆင်ခြေပဲပေးအုံးမှာလား။ အဘိုးအိုနဲ့ အဘွားအိုတို့ အဲဒီညက ထမင်းကောင်းကောင်း မစားနိုင်ခဲ့ပါဘူး။ သူတို့ခရီးပန်းလာလို့ပါဆိုတဲ့ အကြောင်းပြချက်လေးနဲ့ အပြုံးနွမ်းနွမ်းလေးက ဧည့်လမ်းညွှန် မမကိုအားနာမှုတွေနဲ့ မျက်နှာပူစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တကယ်ဖြစ်ခဲ့တာပါ။ ဟဲဟိုးလေဆိပ်ကိုရောက်တော့ လေယာဉ်ထွက်ဖို့ တစ်နာရီလောက်လိုပါသေးတယ်။ ကျွန်မတာဝန်က လေဆပ်ကိုပို့ပေးရုံသက်သက်ပါ။ ပို့ပေးပြီးရင်ပြန်လို့ရပါပြီ။
ဒါပေမယ့် လေယာဉ်က ခရီးသည်တွေမခေါ်မချင်း အဘွားအိုနားမှာထိုင်ပြီး စောင့်ပေးခဲ့ပါတယ်။ ကျွန်မ ဧည့်ဝတ်ကျေချင်ပါတယ်။ အထူးသဖြင့် အဘိုးအို အဘွားအိုတွေဟာ အဖော်မင်ကြပါတယ်။ ဂရုစိုက်မှုတွေကို မျှော်တတ်ကြပါတယ်။ ကျွန်မရဲ့ အချိန်တစ်နာရီကို သူတို့နဲ့အတူ မသိမသာကုန်စေခဲ့ပါတယ်။ လေယာဉ်ပေါ်တက်ခါနီးကျတော့ အဘွားအိုကို ဂရုတစိုက်နဲ့ လက်ဆွဲ နှုတ်ဆက်လိုက်ပါတယ်။ ရုတ်တရက် အဘွားအိုက သူ့လည်ပင်းမှာဆွဲထားတဲ့ ရွှေဖြူနဲ့လုပ်ထားတဲ့ ကျောက်စိမ်းဆွဲ ကြိုးရှည်ရှည်လေးကို ဖြုတ်ပြီး ကျွန်မလည်ပင်းမှာဆွဲပေးလာပါတယ်။ မထင်မှတ်ထားတာမို့ ကျွန်မ အရမ်းအံ့သြ သွားမိပါတယ်။ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကိုတော့ မပွင့်တပွင့်ပြောလိုက်မိသလား မသေချာလှပါ။


အဲဒီအချိန်ကစလို့ မှတ်မှတ်ရရ လေ့လာမိတာတွေက မြန်မာပြည်မှာရှိတဲ့ စစ်သချိင်္ုင်းတွေရဲ့ ကြောင်းတွေပါ။
ပြီးတော့ ကိုယ်တိုင်လည်း အချိန်ပေးပြီးသွားဖြစ်ခဲ့ပါတယ်။ ကျွန်မ သံဖြူဇရပ်မှာရှိတဲ့ စစ်သချိုင်္င်းကို နှစ်ကြိမ်တိတိရောက်ခဲ့ပါတယ်။ မင်္ဂလာဒုံစစ်သချိုင်္င်း ကိုကတော့ ကြုံရင်ကြုံသလိုပါပဲ။
တကယ်တော့ ဒီလိုနေရာတွေဟာ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ သမိုင်းကြောင်းတွေအရ အမွန်အမြတ်ထားအပ်တဲ့ နေရာတွေပါ။

ဒါပေမယ့် ဒီလိုနေရာတွေမှာလဲ အပျော်တမ်း ဓါတ်ပုံသမားတွေကိုတွေ့ရပါတယ်။အရင်ကဆို ဗွီစီဒီတွေ ထဲမှာတောင် ဒီရှုခင်းတွေကို မကြာခဏတွေ့နေရပါတယ်။ လုပ်သင့်မသင့်ဆိုတာ သေသေချာချာတော့ မသိပါဘူး။ တန်ဖိုးထားပြီး ထိမ်းသိမ်းရမှာကိုတော့ နားလည်ပါတယ်။

နိုင်ငံတကာမှာတော့ အမှတ်တရ ထိန်းသိမ်းထားတတ်တာတွေ့ရပါတယ်။

0 comments:

My Blog List