အသည်းကွဲနေတဲ့ညီမလေးအတွက်

ပြီးခဲ့တဲ့လတုန်းက singapore မှာရောက်နေတဲ့ညီမလေးက 'မမရယ် အသည်းကွဲနေတယ်' လို့ညည်းပြတယ်။
သူတို့နှစ်ယောက်လုံးနဲ့ ရင်းနှီးနေတော့လဲ ဘယ်လိုအားပေးနှစ်သိမ့်ရမှန်းမသိ။ အကြောင်းစုံကိုမေးကြည့်တော့လဲ
ကာလ ဒေသ ပရောဂတွေ ကြောင့်ဖြစ်နေပြန်ရော။ သူ့ရင်ထဲမှာဘယ်လိုခံစားနေမလဲ။ ထပ်တူထပ်မျှ ကိုယ်ချင်းစာနိုင်လို့ ဒီပို့စ်လေးကိုရေးဖြစ်တယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်လောက်တုန်းက ကောင်မလေးတစ်ယောက် ရည်းစားကသစ္စာဖောက်သွားလို့ အသည်းကွဲဘူးတယ်။ သူ့မေမေရဲ့ရင်ခွင်ထဲမှာငိုခဲ့ဘူးတယ်။ တစ်နေ့မှာ သူ့ကိုအရမ်းခင်တဲ့ သူငယ်ချင်းကောင်မလေးကအားပေးတယ်။ "ကြယ်ပွင့်လေးနဲ့လွဲလို့ငိုတဲ့သူဟာ လမင်းကြီးနဲ့လဲလွဲတတ်တယ်တဲ့
ကောင်းကင်မှာ ကြယ်ပွင့်လေးတွေက အများကြီးပဲတဲ့ ဒါပေမယ့် လမင်းကတော့ တစ်စင်းပဲရှိတယ်တဲ့။" ငိုနေတဲ့ကောင်မလေး ရုတ်တရက် အငိုတိတ်သွားတယ်။ ပြီးတော့သူ့မျက်လုံးလေးတွေ အရောင်တောက်လာတယ်။ သူနားလည်လိုက်တာက လမင်းကြီးကကြယ်ပွင့်လေးထက်ခမ်းနားတယ်။ ကမ္ဘာမြေကိုလဲ အလင်းပိုပေးနိုင်တယ်။ သူ့ အတွက်လမင်းကြီး ရှိလာနိုင်သေးတယ်လေ။ ပြီးတော့ အဲဒီသူငယ်ချင်းကောင်မလေးကပဲ သူ့ကို စာအုပ်တစ်အုပ် လက်ဆောင်ပေးလာတယ်။ ဆရာတော်ဦးဇောတိက ရေးတဲ့ မေတ္တာတရား ဆိုတဲ့စာအုပ်လေး။ အေးမြတဲ့ မေတ္တာ အကြောင်းတွေရေးထားတယ်။ မေတ္တာဆိုတာ ကိုယ်ကပေးတိုင်းလဲ ကိုယ့်ဆီပြန်မလာတတ်တဲ့ သဘော။ ကိုယ်က လိုချင်တိုင်းလဲမရနိုင်တဲ့ဘောတရားတွေ။ မေတ္တာကို ပေးလိုက်တဲ့သူရဲ့ခံစားချက်နဲ့ သူတပါးပေးလာမယ့် မေတ္တာကို စောင့်စားနေသူရဲ့ခံစားချက်တွေကို ဥပမာတွေပေးပြီးရေးထားတာ။ အချစ်ရဲ့ပူလောင်မှုနဲ့ မေတ္တာရဲ့အေးမြမှူတွေနှိုင်းယှဉ်ပြီးရေးထားတာ။ တစ်ချိန်လုံးငိုနေတဲ့ကောင်မလေး တစ်သက်စာအတွက်အငိုတိတ်သွားတယ်။ မေတ္တာတရားကိုခံစားတတ်သွားတယ်။ ကံဆိုးလှတဲ့ ကောင်မလေးက နောက်ထပ် သုံးခါလောက်အသည်းကွဲသေးတယ်။ ဒါပေမယ့်ခံနိုင်ရည်ရှိသွားတယ် ။ ကောင်မလေး လမင်းကြီးနဲ့တွေ့မတွေ့ ဆိုတာတော့ မသိဘူး သူလိုပဲအသည်းကွဲတဲ့သူတွေကို ဆရာတော်ဦးဇောတိကရဲ့စာအုပ်လေးကို လက်ဆောင်ပေးပြီး အားပေးစကားတွေလိုက်ပြောနေတာတော့တွေ့ရတယ်။
ညီမလေးရေ ညီမလေးရတဲ့ဒဏ်ရာဆိုတာ သေးသေးလေးပါ။ အသည်းကွဲတာမဟုတ်ပါဘူး မဆိုစလောက်လေးပွန်းသွားတာပါ။ တစ်ချိန်ကျရင်လမင်းကြီးကိုပိုင်ဆိုင်ရအုံးမှာပါ။ မငိုနဲ့တော့နော်။



စာအုပ်ကြော်ငြာတာမဟုတ်ပါ ဒါပေမယ့် စိတ်ဖိစီးမှုတွေများနေခဲ့ရင် အချစ်အတွက်ပူလောင်နေခဲ့ရင်တော့ ဖတ်သင့်တဲ့စာအုပ်လေးပါ။ online မှာရှာနေတာတော့မတွေ့သေးဘူး တွေ့ရင်ပြောကြပါနော်။

2 comments:

တင့်ထူးရွှေ said...

ဆရတော် ဦးဇော်တိက ရဲ့ မေတ္တာ ဆိုတဲ့ အသံဖိုင်တော့ ရှိတယ်ခင်ဗျ ။

yehtutnaung said...

ဆရာတော် ဦးဇောတိက ရဲ့ အဲဒီ စာအုပ်လေး ဖတ်ဖူးတယ်။ အခုတော့ မေ့နေပြီ။ ဒါပေမယ့် ပြန်ဖတ်ဖို့  သတိရသွားပြီ :)

My Blog List