လမ်းပေါ်က ကြယ်တစ်ပွင့် (၁)

မှတ်မှတ်ရရ
သူ့ကိုတွေ့ခဲ့တာ မိုးတွေအရမ်းရွာတဲ့တစ်နေ့
ကျွန်မအလုပ်ကအပြန် ဘစ်ကားပေါ်မှာ ကျွန်မစီးမိတဲ့ကားကဒိုင်နာကား
ရုံးဆင်းချိန်မို့ လူကအပြည့် ကံလေးကကောင်းနေတော့ ထိုင်စရာနေရာတစ်နေရာရတယ်။
နဝဒေးရုပ်ရှင်ရုံရောက်တော့ ကျွန်မဘေးမှာ ကောင်လေးတစ်ယောက်လာရပ်တယ်။
မိုးရေတွေစိုလို့ ဆံပင်တွေတောင် ဦးရေပြားမှာကပ်နေပီ။ သူ့အသက်ကအလွန်းဆုံးရှိလှရှစ်နှစ်ကိုးနှစ်
ဝတ်ထားတဲ့အဝတ်အစားတွေကလဲ မိုးရေတွေရွှဲရွှဲစိုလို့။ သူ့ပုံစံလေးကနွမ်းပါးပေမယ့် ကလေးပီပီ သူ့မျက်လုံးလေးတွေက အရောင်တောက်လို့။ သူ့လက်ထဲမှာတော့ ရေတွေရွှဲနေတဲ့ပိုက်ဆံတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတာ တွေ့ရတယ်။ သူ့ကိုတစ်ချက်ကြည့်ရုံနဲ့ သူဘယ်သူဆိုတာလူတိုင်းခွဲခြားသိ ကြတယ်။ ကျွန်မက ကလေးဆိုရင် ပုခက်ထဲက ကလေးကစလို့ လမ်းဘေးက ကလေးအဆုံးစိတ်ဝင်စားတဲ့သူ။
ဘယ်ကိုသွားမှာလဲလို့ကျွန်မကပဲ စမေးလိုက်ပါတယ်။ သူက ကျွန်မကို လူထူးလူဆန်းတစ်ယောက်လိုကြည့်ပါတယ်။ ပီးတော့ယဉ်ယဉ်ကျေးကျေပဲ ပြန်ပြောပါတယ် အဝိုင်းမှတ်တိုင်မှာ သူ့အစ်ကိုကိုဝင်ခေါ်ြ့ပီး အိမ်ကိုပြန်မှာတဲ့။ ဒဂုံမှာနေတာလို့မမေးပဲနဲ့ဆက်ပြောပါတယ်။ ကျွန်မကလဲ မေးခွန်းတွေစထုတ်ပါတယ်။ သူကလဲ ရိုက်စစ်စရာမလိုပါပဲ စီကာပတ်ကုံးပြောပြနေတာ မသိရင် နိုင်ငံကျော်အဆိုတော်တွေကို အင်တာဗျူးလုပ်နေသလိုပါပဲ။ ဘေးနားမှာထိုင်နေတဲ့လူတစ်ချို့ နဲ့ ရှေ့မှာရပ်နေကြတဲ့ မိန်းမနှစ်ယောက် မသိမသာ အကဲခတ် စပ်စုနေတာသတိထားမိပေမယ့် သူပြောနေတဲ့ကြောင်းအရာတွေကို ပဲစိတ်ဝင်စားနေမိတယ်။ သူက နဝဒေးလမ်းဆုံမှာတောင်းစားနေတာ သူ့အစ်ကိုက အဝိုင်းမှတ်တိုင်မှာ တောင်းစားနေတာ အိမ်ထောင်ကျနေတဲ့ သူ့အစ်မကသူ့အိမ်ထောင်ဖက်နဲ့အတူ အမှိုက်တွေကောက်ပြီး ရောင်းစားနေတာ သူ့အစ်မကမွေးတဲ့ ခြောက်လသမီးလေးကို ဆွေမျိုးမကင်းတဲ့ ညီမတစ်ယောက်က တစ်နေ့ ၅၀ကျပ်ပေးပြီး ငှားထားတာ( အဲဒီခြောက်လသမီးလေးကိုပြပြီးတောင်းစားတာလို့လဲ ရှင်းပြပါတယ်)။ သူ့အမေနဲ့အဖေကလဲ အမှိုက်ပုံတွေက ပစ္စည်းအတိုအစတွေ ကောက်ပြီးပြန်ရောင်းစားပါသေးတယ်။ သူတွက်ပြတဲ့ သူ့မိသားစုတစ်နေု့ဝင်ငွေကလဲမနဲလှပါဘူး အဲဒီအချိန်တုန်း ကအစိုးရဝန်ထမ်းတွေရဲ့ ဝင်ငွေရဲ့ ၂ဆလောက် ရှိနေပါတယ်။ သူပြောတာတွေနားထောင်ပြီးတော့ သူ့ကို ကျွန်မ တရားစဟောပါတယ် တောင်းစားတာ ရှက်ဖို့ကောင်းတဲ့ကြောင်း ငယ်တဲ့အရွယ်မှာ ပြဿနာမရှိပေမယ့် ကြီးလာရင်မကောင်းတဲ့ကြောင်း ကလေးနားလည်နိုင်မယ့် စကားလုံးတွေနဲ့ ဆုံးမလိုက်ပါတယ်။ သူလေးက ငြိမ်ငြိမ်လေး နားထောင်ပြီး ကျွန်မကို အသိအမှတ်ပြုတဲ့အမူအယာနဲ့ ခေါင်းညိတ်ပြပါတယ် ။ နောက်ဆုံးကားပေါ်ကဆင်းခါနီး အသက်မရှူစတမ်းစကားတွေပြောသွားသေးတယ်။ သူ့ညီမလေးက အခုသူငယ်တန်းတက်နေတာရယ်။ သူ့ညီမလေးအတွက် သူကနေ့တိုင်းမုန့်ဘိုးတွေပေးနေတာရယ်။ ညီမလေးကိုပညာတတ်ကြီးဖြစ်အောင် ကျောင်းထားပေးမယ်ဆိုတဲ့ကြောင်းပြောနေတာများ
အစ်ကိုတစ်ယောက်ရဲ့မာန်အပြည့်နဲ့။ လောလောဆယ်တောင်းစားနေပေမယ့် နောက်ကြီးလာရင် ဈေးရောင်းစားမယ်ဆိုတာတွေရော။ သူပြောသွားတဲ့နောက်ဆုံးစကားစုက တော်တော်နဲ့ ကျွန်မနားထဲကမထွက်တော့ပါ။ သူနဲ့သူ့မိသားစုက တောင်းစားနေပေမယ့် ဘယ်တော့မှသူများပစ္စည်းမခိုးဘူးတဲ့။


ကလေးတစ်ယောက်ဟာ ကြယ်တစ်ပွင့်ဆိုရင် သူလိုကြယ်ပွင့်လေးတွေလမ်းပေါ်မှာဘယ်လောက်များရှိနေမလဲ။
ကျွန်မစိတ်ကူးနဲ့တွက်နေမိပါတယ်။ သူ့ညီမလေး အကြောင်းပြောပြနေရင်း သူ့ညီမလေးအပေါ်ထားတဲ့မေတ္တာ နဲ့ စေတနာကိုမြင်ရတော့ ကျွန်မဖတ်ဖူးတဲ့ chicken Soup series ထဲက a brother like that ဆိုတဲ့ story လေးကိုပြေးမြင်မိပါတယ်။ အချိန်ရရင်တော့ ဘာသာပြန်ပြီးမူရင်းနဲ့တွဲပြီးတင် ပေးပါ့မယ်။ ဆရာဖေမြင့် ကတော့ မြန်မာဘာသာပြန်ထားပြီးပါပြီ။

3 comments:

အညတြလေးရဲ့အိမ်မှာ said...

good job, keep it up.

yehtutnaung said...

အဲဒီကလေး စကား အင်း..တချို့ လူကြီးတွေ ကြားသင့်တယ်

Unknown said...

ဖတ်ရတာ ရင်ကို ထိစေပါတယ် အမရေ......အားပေးလျက်ပါဗျာ...


My Blog List