မင်္ဂလာပါ ဆရာမ

မင်္ဂလာပါ ဆရာမ

ဒီပို့စ်လေးကို ဆရာမ ဒေါ်ခင်မြတ်သူ အတွက်ရေးတာပါ။

ပို့စ်တွေရေးပြီးတိုင်း စာလုံးပေါင်း သတ်ပုံတွေ စစ်နေကျ ပုဒ်အထားအသိုတွေ စစ်နေကျ ဝါကျ တည်ဆောက်ပုံတွေ ကို တော်ရုံနဲ့ စိတ်တိုင်းမကျတာ များပါတယ်။ ခဏခဏ ဖတ်လိုက် ပြင်လိုက် ဒါကလုပ်နေကျ။

စာတွေပြန်စစ်တိုင်း ဆရာမကို လွမ်းရပါသည်။ စာရေးတဲ့ အကျင့်ကို ဆရာမက အစပျိုးပေးခဲ့တာပါ။
ဆရာမ ကိုစတွေ့တာ ကိုးတန်းတက်တဲ့ အချိန်ကပါ။ ဆရာမက အထက်တန်း ကဗျာသင်တဲ့ ဆရာမ။
ဆရာမ ကဗျာစသင်တဲ့ နေ့ကို အမှတ်ရနေပါသေးသည်။ အဲဒီနေ့က ဆရာမ ကျောက်သင်ပုန်းမှာ ချရေးထားတာက

မြက်ခင်းစိမ်းထဲ မထိုင်ရဲဘူး
စိတ်ထဲ စိမ်းမှာ စိုးလို့ပါ တဲ့။

ကာရံ အကြောင်း နဘေ အကြောင်း ကို အဲဒီကဗျာတိုတို လေးနဲ့ ရှင်းပြသွားတာပါ။

ကျောင်းသားတွေအားလုံး ဆရာမ စာသင်တဲ့အချိန်ဆို ငြိမ်လို့ အဓိက က ဆရာမ အရမ်းလှတာလဲ ပါပါတယ်။ ငယ်လဲ ငယ်ပါသေးသည်။ ဆရာမက မြန်မာဆန်ဆန်လေး ယဉ်ယဉ်လေးနဲ့ လှတာပါ။ စကားပြောတော့လဲ လေသံလေးက တိုးတိုး ညင်ညင်သာသာလေး။ ဆရာမ နေပုံထိုင်ပုံ သွားပုံလာပုံ အရာရာက တကယ့် ကဗျာ တစ်ပုဒ်လိုပါပဲ။

ကျောင်းမှာလဲ ဆရာမက နာမည်ကြီးလှပါသည်။ ဝါသနာအရ ကျောင်းဆရာမ လုပ်နေတာကြောင့်ပါ။ ဆရာမနေတာက ပြည်တော်အေး ရိပ်သာမှာပါ။ ပြည့်စုံ ချမ်းသာတဲ့ မိသားစုကပါ။
ဒါပေမယ့် မာနမကြီးပါ ။ ဖော်ရွေပျူငှာပါသည်။ အထူးသဖြင့် ကျွန်မတို့လို စာရေးစာဖတ် ဝါသနာပါသူတွေကို စိတ်ရောကိုယ်ပါ ကူညီပါသည်။ စာတွေဖတ်ဖို့ လိုအပ်လာလျှင် ကျွန်မကို သူ့အိမ်ကို တစ်ခါတစ်ရံ ခေါ်သွားတတ်ပါသည်။ ဆရာမ အိမ်မှာ လိုအပ်တာတွေ ဆွေးနွေး စာတွေစစ်ပေးပါသည်။

ကျွန်မက အလယ်တန်းမှာ ကတည်းက ဆရာမနဲ့ စပြီးရင်းနှီးခဲ့ပါတယ်။ ကျွန်မ စာစီစာကုံး ကဗျာတွေ ပြိုင်တိုင်း ဆရာမက စစ်ရတဲ့ သူပါ။
အထက်တန်းရောက်တဲ့ အချိန်မှာတော့ ဆရာမနဲ့ ပိုရင်းနှီးလာပါတယ်။ ဆရာမက စာကြည့်တိုက် တာဝန်ခံ လိုသမျှစာအုပ် ဆရာမဆီကပဲ ငှားနေကျ။ အခြားကျောင်းသားတွေ စာအုပ် နှစ်အုပ်ပဲ ငှားခွင့် ရချိန်မှာ ကျွန်မက နှစ်အုပ်ထက်ပို ငှားလို့ရခဲ့ပါသည်။ ပြီးတော့ ကျောင်းအဆင့် မြို့ နယ်အဆင့် ပြိုင်ပွဲတွေရှိတိုင်း ဆရာမက ကျွန်မနဲ့ အတူတူ ရှိနေတတ်ပါသည်။ ကျွန်မလိုအပ်တာတွေ သင်ပေးနေကျ လမ်းညွှန်ပေးနေကျပါ။

ဆရာမနဲ့ ကျွန်မနဲ့ ကြားမှာ အမှတ်ရစရာတွေ အများကြီး ရှိခဲ့ပါသည်။
ကျွန်မ ဆယ်တန်းတက်တော့ ဆရာမက ကျွန်မကို စာစီစာကုံးပုံမှန်ရေးခိုင်းပါသည် ။တပတ်တစ်ခါ ခေါင်းစဉ်လေးတွေပေးပါသည်။ ပြီးတော့ အမှတ်လေးတွေပေးပါသည်။ အများဆုံးက ၈မှတ် ၉မှတ်ပါ။ ကျွန်မခုချိန်ထိ မှတ်မိနေတဲ့ ခေါင်းစဉ်လေးက ဆေးရုံသို့ တစ်ခေါက် တဲ့။
တစ်နှစ်လုံးရေးခဲ့ တဲ့ အထဲမှာမှ ကျွန်မ အမှတ်အများဆုံးရခဲ့ တဲ့ခေါင်းစဉ်လေးပါ။

နောက်တစ်ခု အမှတ်ရစရာက လပတ်စာမေးပွဲမှာ ကျွန်မရေးခဲ့ တဲ့စာစီစာကုံးလေးကို အခြားအတန်းတွေမှာ လိုက်ဖတ်ပြခဲ့တာပါ။ ဒါကိုလဲ ဆရာမက မပြောပြခဲ့ပါဘူး အခြားအတန်းက သူငယ်ချင်းတွေက လာပြောပြလို့ သိရတာပါ။
ပြီးတော့ ကျောင်းမှာပဲဖြစ်ဖြစ် မြို့နယ်မှာပဲ ဖြစ်ဖြစ် ပြိုင်ပွဲတွေရှိရင် ကျွန်မကိုထိပ်ဆုံးက လွှတ်တတ်ပါသည်။
ဆရာမက စာစစ်သူနေရာက အမြဲပါပါသည်။ ကျွန်မတို့ နှစ်ယောက်က တတွဲတွဲ။

နောက်ဆုံးမှတ်မှတ်ရရ အဖြစ်တစ်ခုက မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲပါ။ ခေါင်းစဉ်က ၁၆မျိုးပေးပါတယ်။ မဲနှိုက်ပြီး ကျတဲ့ခေါင်းစဉ် ကိုပြောရမှာပါ။ အကြောင်းအရာတွေက ပေါင်းစုံပါပဲ။
ပြောရမယ့် အချိန်က ၁၅ မိနစ်စာ။ အဲဒီအတွက် ပြင်ဆင်ချိန်က ၁၀ရက်လောက်ပဲ ရခဲ့ပါတယ်။
ဆရာမက ဖတ်ရမယ့် စာအုပ်တွေကို ပြောပါတယ်။ ကျောင်းကစာကြည့်တိုက်နဲ့ မလုံလောက်တော့ မြို့နယ် စာကြည့်တိုက် ကို ပြေးရပါတယ်။ မှတ်စုတွေထုတ် စာတွေကျက် အစမ်းလေ့ကျင့်။ အချိန်က ဇန်နဝါရီလပါ။
ကျွန်မ အတန်းတင်ဖြေရမှာက မတ်လပါ။ စာမေးပွဲက နီးနေပါပြီ။ ကျွန်မ ကျောင်းစာတွေ နဲ့ တော်တော် ဝေးနေပါတယ်။ ကျူရှင်ဆရာတစ်ယောက်နဲ့တောင် စကားများရပါတယ်။ ညည်းက စာမေးပွဲဖြေမှာလား အရှုပ်တွေ လုပ်မှာလားဆိုလို့ပါ။

ဆရာမကတော့ အမြဲတမ်းအားပေးနေပါတယ်။ ပြိုင်ပွဲညမှာလဲ အိမ်အထိ လာခေါ်ပြီး ပြိုင်ပွဲ လုပ်တဲ့ ကွင်းကြီးထဲ ကိုအတူတူ သွားခဲ့ပါတယ်။ ပြီးတော့ ရှေ့ဆုံးကနေထိုင်လို့ အမှတ်တွေပေးနေပါတယ်။ ဒါပေမယ့် ကျွန်မ ကံမကောင်းခဲ့ပါဘူး ဆုကြီးမချိတ်ခဲ့ပါဘူး အကြောင်း အမျိုးမျိုးကြောင့် နှစ်သိမ့်ဆုပဲ ရခဲ့ပါတယ်။ အဲဒီပွဲမှာ မဲခိုးပြီးပြောတဲ့ ကောင်မလေးက ပထမရပါတယ်။ လုပ်ပွဲကြီးဆိုတာ ပွဲပြီးမှ သိရတာပါ။ ကျွန်မပြောခဲ့ရတဲ့ ခေါင်းစဉ်က နည်းနည်းခက်ပါတယ်။ အချက်အလက် အကိုးအကားနဲ့ အကောင်းဆုံးပြောပြနိုင်ခဲ့တာ ကျွန်မတစ်ယောက်ပဲ ရှိခဲ့တာပါ။

နောက်တစ်ပတ်ကြာတော့ နောက်ထပ်ကျပန်းစကားပြော ပြိုင်ပွဲ တစ်ခုပေါ်လာပါတယ်။ ကျွန်မကို ကျောင်းအုပ် ဆရာမကြီးက ပြိုင်စေချင်ပါတယ်။ ကျွန်မကလဲ ပြိုင်ချင်ပါတယ်။ ဒါပေမယ့် ကျွန်မချစ်တဲ့ ဆရာမက ကျွန်မကို မပြိုင်ခိုင်းခဲ့ပါဘူး ။ အတန်းတင်စာမေးပွဲ အရမ်းနီးနေလို့ပါ။ ဆရာမ ဆုံးဖြတ်ပေးခဲ့တာတွေက မှန်ပါတယ်။
ကျွန်မ စာမေးပွဲအတွက် တော်တော်လေး ကြိုးစားလိုက်ရပါတယ်။ ပြိုင်ပွဲတွေကြောင့် လစ်ဟင်းခဲ့တဲ့ စာတွေကတော်တော် များနေခဲ့လို့ပါ။ အဲဒီနှစ်က တော်တော်ကံကောင်းလို့ စာမေးပွဲအောင်ခဲ့တာပါ။
အမှတ်စာရင်းတွေထွက်တော့ မြန်မာစာက ၇၃ မှတ်ရပါတယ် ဂုဏ်ထူးတော့ မထွက်ပါဘူး။ အမှတ်အများဆုံးဘာသာပါပဲ။

အဲဒါကလဲ ဆရာမကို အရမ်းချစ်ခဲ့ လို့ပါ။
ကျွန်မကိုလဲ ဆရာမက အရမ်း ချစ်ပါသည်။

ခုတော့ ဆရာမ ဘယ်ကျောင်းမှာရောက်နေလဲ မသိတော့ပါ။ ဝေးခဲ့တဲ့ အချိန်တွေက တော်တော်ကြာခဲ့ပါပြီ။
နောက်ဆုံးသိရတဲ့ သတင်းအရဆိုရင်တော့ ဆရာမက ရန်ကင်းက ကျောင်းတစ်ကျောင်းမှာပါ။ အတိအကျတော့ မသိခဲ့ပါ။ ဆရာမ အိမ်ပြောင်းသွားတာလဲ ပါပါတယ်။ အိမ်ထောင်လဲကျသွားပြီ လို့သိရပါတယ်။

စာတွေရေးတိုင်း ဆရာမကို အမြဲသတိရနေတာတော့ သေချာပါတယ်။
ဆရာမဟာ ကျွန်မရဲ့ လက်ဦးဆရာစစ်စစ်ပါ။




1 comments:

တင့်ထူးရွှေ said...

စာစီစာကုံး ပြိုင်ပွဲတွေ အမြဲဝင်ပြိုင်ခဲ့တော့ စာရေးတဲ့အခါ မစိမ်းတော့ဘူးပေါ့
အရေးအသားတွေ ဖတ်လို့ကောင်းတယ် ခင်ဗျာ ၊ အဆင်ပြေပါစေ ခင်ဗျာ ။

My Blog List