ဥယျာဉ်မှူး တစ်ယောက်


ဒီပို့စ်လေးကို ရေးဖို့ ဖန်တီးလာတဲ့ အကြောင်းတရား ၂ ချက်ရှိပါတယ်။
သူငယ်ချင်း ဟာဝိုင်အီကျွန်းသားကြီး တစ်ယာက်က ဆရာတော် အကြောင်း ရေးကြည့် ပါလားလို့ ပြောလာတာရယ် ပြီးတော့ ဒီမှာ ကြုံတွေ့ နေရတဲ့ အင်္ဂလိပ်စာ ပြဿနာတွေရယ်ပါ။
ဒီမှာ တော်တော်များများက မြန်မာတွေ အင်္ဂလိပ်စာ ညံ့တယ်လို့ ပြောကြပါတယ်။
တကယ်မှာတော့ ညံ့တာမဟုတ်ပါ။ လေယူလေသိမ်း ပြောဟန်ဆိုဟန်တွေ မှာ မြန်မာသံတွေ
မြန်မာဟန်တွေ မပျောက်ကြတာပါ။ အခြားလူမျိုးတွေလို native speaker တွေနဲ့ ငယ်စဉ်ကတည်းက မသင်ခဲ့ရတာလဲ ပါပါတယ်။ တကယ်မှာတော့ သူတို့တွေလို အင်္ဂလိပ်စကားကို ရေရေလည်လည် ပြောနိုင်တဲ့ မြန်မာတွေလဲ အများကြီးပါ။

ကျွန်မက လောလောဆယ် အလုပ်မှာ learning Coach တစ်ယောက်ပါ။ မြန်မာတွေအများကြီးထဲမှာ ပထမဆုံးနဲ့ တစ်ဦးတည်းသော နည်းပြပါ ။ ရာထူးအဆင့်ပေါင်းစုံသော ဝန်ထမ်းအသစ်တွေ ကိုစာသင်ပေးရပါတယ်။ နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံပါပဲ။ တစ်ချို့တစ်ချို့ သောလူကြီးတွေနဲ့ သူငယ်ချင်းတွေက အမြဲမေးပါတယ်။ နင့်အင်္ဂလိပ်စာက တခြားမြန်မာတွေထက် ကောင်းတယ် ဘယ်မှာသင်ခဲ့ တာလဲ သံရုံးမှာလား ဘာလားနဲ့ပါ။

ကျွန်မ အမြဲဖြေဖြစ်တာက ငါဘုန်းကြီးကျောင်းမှာသင်တာ သံရုံးမှာသင်ခဲ့တာ မဟုတ် native speaker နဲ့မဟုတ်ပါ ငါ့ရဲ့ တစ်ခုတည်းသော စာသင်ကျောင်းက မြန်မာပြည်က ဘုန်းကြီးကျောင်းပါလို့။
တကယ်လဲ ဟုတ်ပါတယ် ကျွန်မအင်္ဂလိပ်စာကို ဘုန်းကြီးကျောင်းကလွဲ လို့ဘယ်မှာမှမတက်ခဲ့ပါ။

ကျွန်မတက်ခဲ့ တဲ့ကျောင်းက ဆရာတော် ဦးသြဘာသ ရဲ့ ဇမ္ဗူရတနာ ပညာဒါန ကျောင်းပါ။ ဆယ်တန်းစာမေးပွဲ တွေဖြေပြီးတဲ့ အချိန် အောင်စာရင်းကို စောင့်နေတဲ့ အချိန်မှာ ရောက်သွားတာပါ။ အဲဒီအချိန်တုန်းက ဆရာတော်ရဲ့ ကျောင်းလေးက ဓနိမိုး ပျဉ်ကာ ကျောင်းသေးသေးလေးပါ မိုးတွင်းမိုးရွာရင် မိုးရေတွေယိုလို့။ ကျောင်းကသေးသေး ကျောင်းသားက များများမို့ ဘယ်အချိန်ပြို ကျမလဲလို့ ရင်တထိတ်ထိတ်နဲ့ စာသင်ခဲ့ရတာပါ။
ကျောင်းရှေ့ ကမြေကွက်လပ်လေးမှာတော့ တဲတန်းလျားကြီးထိုးပြီး စာသင်ခန်းလုပ်ထားပါတယ် အဲဒီအချိန်တုန်းကတော့ အမိုးပဲရှိပြီး အကာမရှိပါ။

သင်ပေးခဲ့တဲ့ ဆရာတွေကတော့ လက်ရှိဟာဝိုင်အီရောက်နေတဲ့အစ်ကိုတစ်ယောက် ဆန်ဖရန်စစ္စကိုရောက်နေတဲ့ အစ်ကိုတစ်ယောက် ဟောင်ကောင်မှာ မာစတာတက်နေတဲ့ အစ်ကိုတစ်ယောက် ပြီးတော့ ဂျပန်ကကျွန်းသေးသေးလေး တစ်ကျွန်းမှာ အလုပ်လုပ်နေတဲ့ အစ်ကိုတစ်ယောက်။ သူတို့တွေက ဆရာတော်ရဲ့ တပည့်ရင်းတွေပါ။ ဆရာတော်လိုပဲ တကယ့်ကို စေတနာ အပြည့်နဲ့ သင်ပေးခဲ့ကြတာပါ။ အထူးသဖြင့် လေယူလေသိမ်း အသံနေအသံထားကို စိတ်ရှည်လက်ရှည် သင်ပေးပါတယ်။ သူတို့ ကိုယ်တိုင်လဲ တော်တော်လေးကို တော်ကြပါတယ်။

အဓိကက ဆရာတော်ပါ ဒီကျောင်းသေးသေးလေး ဖြစ်မြောက်ရေး ကျောင်းသားတွေ အားလုံးအတွက် အထောက်အကူပြု ပစ္စည်းတွေပြည့်စုံ ဖို့ကို ဆရာတော်က တော်တော်လေး မတည်ခဲ့ရတာပါ။ ဆရာတော်ရဲ့ ကျောင်းက သာမန်ရိုးရိုး ဆင်းရဲတဲ့ ကျောင်းပါ။ ချမ်းသာပြည့်စုံတဲ့ စာသင်တိုက်ကြီးမဟုတ်ပါ။

ကျွန်မအမြဲ မှတ်မိနေတာက ဆရာတော်ရဲ့ စေတနာပါ။ တစ်ရက်မှာတော့ ကျောင်းအတွက် ပစ္စည်းတစ်ခု ဝယ်ဖို့လိုအပ်လာပါတယ်။ ဆရာတော့်ဆီမှာ ပိုက်ဆံမရှိပါ။ တပည့်ကျောင်းသားလေးတွေကလဲ ဆယ်တန်းဖြေပြီးကာစ တစ်ချို့က ဆယ်တန်းအောင်ကာစ ကျောင်းအတွက် အများကြီးမလှူနို်င်ကြပါ။
ဆရာတော်က သူငယ်ချင်းကောင်လေးတစ်ယောက်ကို သူ့သင်္ကန်းတွေ သွားရောင်းခိုင်းပါတယ်။ တစ်ခုခုဝယ်ဖို့ ပိုက်ဆံလိုရင် သင်္ကန်းတွေ ပေါင်လိုက် ရောင်းလိုက် ဒါကကျောင်းမှာ အမြဲဖြစ်နေကျ အစဉ်အလာတစ်ခုပါ။ ဆရာတော်ရဲ့ တပည့်ရင်းတွေဆို ဆရာတော်အကြောင်း အကုန်သိ။ ဆရာတော်ကို လာလှူထားတဲ့ သင်္ကန်းအသစ်တွေဆို အပေါင်ဆိုင်ရောက်လိုက် အရောင်းဆိုင်ရောက်လိုက် နဲ့ ကျောင်းကဗီရိုထဲမှာ ကြာကြာမနေရတတ်ပါ။

အဲဒီလှူတဲ့ တန်းတဲ့ကိစ္စတွေနဲ့ ပက်သက်ပြီး ဆရာတော်နဲ့ ကျောင်းသူတွေနဲ့ မကြာခဏ စကားများနေကြပါ။
ဒီနေ့လှူတဲ့ ပစ္စည်းနောက်နေ့ ရှိချင်မှရှိနေတတ်တာပါ။ ဆရာတော်က ဘယ်သူလာလာ ရှိတာအကုန်ကျွေး တောင်းသမျှ အကုန်ပေးတတ်ပါတယ်။ ကျောင်းအတွက် ကျောင်းသားတွေအတွက် ဘယ်တုန်းကမှ လက်မနှေးတတ်ပါ။ ဒကာရင်း ကျောင်းသူတွေကတော့ သူတို့လှူထားတာ မတွေ့တော့ရင် ဆရာတော်ကို ပြဿနာရှာတတ်ပါတယ်။ ဆေးဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းကောင်မလေး တစ်ယောက်ကတော့ ပွစိပွစိပြောရင်း ခုချိန်ထိ ဆရာတော် အတွက်အားဆေးကစလို့ လိုအပ်တဲ့ ဆေးဝါးတွေ လှူနေတုန်းပါ။

တပည့်ရင်း ကျောင်းသားတွေကတော့ အလုပ်တွေရလဲ အားတဲ့ အချိန်လေးတွေမှာ ကျောင်းမှာလာပြီး စာသင်ပေးနေဆဲ ဆရာတော်ကို ပါရမီဖြည့်နေဆဲပါ။ ပြီးတော့ လကုန်လို့ လခထုတ်တိုင်းလဲ လာပြီးလှူတတ်ပါတယ်။ ဟာဝိုင်အီကျွန်းသားကြီးက အဲဒီအချိန်တုန်းက ဆီဒိုးနားမှာ အလုပ်လုပ်ပါတယ်။ လခထုတ်တိုင်း ဒေါ်လာလေးတွေ လာလှူပါတယ် အခြားကျောင်းသားတွေလဲ အဲလိုပါပဲ။ ကျောင်းသားတွေက လှူပေမယ့် ကျောင်းသူတွေလို ပွစိပွစိမပြောတတ်ပါ။ ငါလှူထားတာ ဘယ်ရောက်သွားလဲ လို့လဲ မစစ်ဆေးတတ်ပါ။

ဆရာတော်ပုံစံက အရပ်က ရှည်ရှည် အသားကဖြူဖြူ လမ်းလျှောက်ရင် လွှားကနဲ လွှားကနဲ မြန်မှမြန် သင်္ကန်းက ခြေသလုံး အောက်ပိုင်းကို ဘယ်တော့မှမဖုံး ဒီကြားထဲ အာကပြဲပြဲ တစ်ချိန်လုံးက ကျောင်းသားတွေကို အော်နေရတာမို့ တစ်နေ့တခြား အာပြဲလာတာပဲဖြစ်မှာပါ။ ကျောင်းသူတွေကိုဆို ဟိုကောင်မ ဆိုပြီး အာပြဲကြီးနဲ့ ခေါ်နေကျ။ ကျောင်းသူတွေနဲ့ ငြင်းရင်းခုန်ရင်း ရန်လဲခဏခဏ ဖြစ်တတ်သေးသည်။

ကျောင်းမှာသင်တဲ့ စာအုပ်ကတော့ English 900 ပါ book 1 ကနေ book 6 အထိပါတဲ့ စာအုပ်အဝါရောင် ကလေးပါ။ ကက်ဆက်ခွေနဲ့ တွဲပြီးသင်ပါတယ်။ စာသင်တဲ့ပုံစံက စီနီယာ ဂျုနီယာဝိုင်းတွေခွဲပြီး သင်တာပါ။ စာမသင်ခင် မှာတော့ဘုရားရှိခိုးပါတယ်။ အင်္ဂလိပ်လိုပါ အရှည်ကြီး ရှိခိုးရပါတယ် မေတ္တာပို့ပါတယ် May all being peace and healthy အစချီလို့ပေါ့။ စနေတနင်္ဂနွေလို ပိတ်ရက်တွေမှာ ဆို တစ်ယောက်ချင်းစီ စကားပြောရတဲ့ အစီအစဉ် လေးတွေရှိပါတယ်။ အဲဒီမှာတော့ စီနီယာ ကျောင်းသားတွေ ရောဂျူနီယာ တွေရော ပြောချင်တဲ့ သူပြောလို့ရပါတယ်။

စာသင်ပြီးရင်တော့ ကျောင်းသားတွေ အားလုံး ကျောင်းအောက်ကိုဆင်းပြီး မျက်နှာချင်းဆိုင် နှစ်တန်းစီလိုက်ပါတယ် ပြီးတော့တစ်တွဲ စီစကားစပြောရပါတယ်။ တစ်ယောက်နဲ့ ပြောလိုက် ပြီးရင် နောက်တစ်ယောက်နဲ့ ထပ်ပြော။ အဲဒီအချိန်မှာ ဆရာတော်ကဘေးကနေ တကယ်ပြောမပြော လိုက်စစ်ပါတယ်။ အင်္ဂလိပ်လို မပြောရင် ဒဏ်ကြေးပေးရပါတယ်။
အဓိကက ပြောရဲဆိုရဲတဲ့ သတ္တိကို မွေးပေးတာပါ။ မရှက်မကြောက် ပြောတတ်အောင် လေ့ကျင့်ပေးတာပါ။

လူတိုင်းဟာ သိထားတတ်ထားပေမယ့် မပြောရဲ ပြောမထွက် ရှက်နေကြောက်နေလို့ အင်္ဂလိပ်စာ သင်တဲ့နေရာမှာ ဒုက္ခတွေ့ရတာပါ။ ဒါကို ဆရာတော်ကသိပါတယ် အတင်းအကျပ် မပြောမနေရ ပြောခိုင်းပါတယ်။ မှားရင်ပြင်ပေးပါတယ်။ မပြောရင် အော်ပါတယ်။ သဒ္ဒါမှားတာ မှန်တာအဓိက မဟုတ် ပြောဖို့ကအဓိက မှားမှာမကြာက်ဖို့ မှားမှားမှန်မှန် ပြောဖို့ တွန်းအားပေးပါတယ်။
အင်္ဂလိပ်စာ သင်ကြားရေးမှာ တကယ့်ကို လိုအပ်တဲ့ အလေ့အကျင့်တွေ ကို မွေးမြူပေးပါတယ်။

ဆရာတော်ရဲ့ ကျောင်းမှာ အင်္ဂလိပ်စာအပြင် ပြင်သစ်စာနဲ့ ဂျပန်စာတွေပါ သင်ပေးပါတယ်။ တပည့်ရင်း ကျောင်းသားကျောင်းသူတွေနဲ့ ပြင်သစ်စာကိုတော့ ဆရာမကြီး ဒေါ်မာလာဘွားက သင်ပေးပါတယ်။ ကျွန်မ UFL မှာဂျာမန်တတ်နေတုန်းက ကျောင်းကို တစ်ခေါက်ရောက်ပါတယ်။ ဆရာတော်ကို ဂျာမန်စာတက်နေတယ် ပြောတော့ ငါ့ကျောင်းမှာ ဂျာမန်စာသင်ပေးမယ့် သူမရှိဘူး ညည်းအချိန်ပေးနိုင်ရင် လာသင်ပေးပါလို့ ပြောပါတယ်။ အလုပ်များလွန်းလို့ အချိန်မပေးနိုင်တာနဲ့ မသွားဖြစ်ပါဘူး။

နောက်တစ်ခုက ကျောင်းမှာ ကိုးတန်းဆယ်တန်း ကျောင်းသားတွေ အတွက်
ဘာသာရပ်ဆိုင်ရာ ဆရာတွေ ခေါ်ပြီး အခမဲ့စာသင်ပေးပါသေးတယ်။

ပြီးတော့ ဆရာတော်က ကျွန်မတို့မြို့နယ်က မူလတန်းကလေးတွေကို နွေကျောင်းပိတ်ရက်တွေမှာ ၃၈ဖြာမင်္ဂလာ သင်တန်းတွေ ဖွင့်ပြီးစာသင်ပေးပါသေးတယ်။ မူလတန်းကျောင်း ၃၀ ကျော်နဲ့ လက်လှမ်းမီရာ ကျောင်းတွေမှာ ကလေးတွေကို ၃၈ဖြာမင်္ဂလာ အခြေခံ ကိုသွားသင်ပေးတာပါ။ ပြီးတော့ စာမေးပွဲစစ်ပြီး ဆုပေးပွဲတွေလဲ လုပ်ပေးပါတယ်။

နွေရာသီသင်တန်း တစ်ခုတုန်းကတော့ ကျွန်မက မူလတန်းကျောင်းလေးတစ်ကျောင်းကို တာဝန်ယူရပါတယ်။ သုံးတန်းနဲ့ လေးတန်း ကလေးတွေကို ၃၈ဖြာ မင်္ဂလာအခြေခံကို သင်ပေးရပါတယ်။ စာမေးပွဲ စစ်ပေးရပါတယ်။ ထူးချွန်တဲ့ ကလေးသုံးယောက် ကို မြို့နယ်အဆင့်မှာထပ်ပြီးစာမေးပွဲဖြေခိုင်းရပါတယ်။ ဆရာတော်က ကလေးတွေကို စာသင်ပေးတဲ့ကျွန်မတို့ ကျောင်းသူတွေကို ယောဂီရောင်ရင့်ရင့် ချိတ်လုံချည်နဲ့ အကျီင်္ အဝါရောင်လက်ရှည် ရင်စေ့လေးတွေ ပေးပါတယ်။ ကျောင်းသားတွေ ကတော့တီရှပ်အဖြူတွေရပါတယ်။ သူငယ်ချင်းတွေအားလုံး ကျောင်းပေါင်းစုံ လိုက်ပြီးစာသင်ပေးခဲ့ ရတဲ့ အတွေ့ အကြုံလေးကို အမြဲ မှတ်မိနေပါတယ်။






ဒီတီရှပ်လေးတွေပါ။ ဒီတီရှပ်ကိုတော့ ဟာဝိုင်အီကျွန်းသား ကြီးကဓါတ်ပုံရိုက်ပြီး ပို့ပေးတာပါ။
သူကတော့ ဆရာတော်ရဲ့ တပည့်ရင်းကြီးပါ ကျောင်းကိုလဲ အရမ်း သံယောဇဉ်ရှိပါတယ်။ဒီတီရှပ်လေးကို ခုချိန်ထိ သိမ်းထားတုန်းပါ။ ရောက်ရာ အရပ်ကနေ ကျောင်းရဲ့ သတင်း ကိုအမြဲမေးနေတတ်ပါတယ်။

ခုတော့ဆရာတော်ရဲ့ ကျောင်ကြီးက သုံးထပ်တိုက်ကျောင်းကြီး ဖြစ်နေပါပြီ။ တပည့်ရင်းတွေကလဲ နိုင်ငံ အသီးသီးမှာ ရောက်လို့နေပါပြီ။ တစ်ချို့ ဆိုရင်လဲရန်ကုန်မှာ တကယ့်ကို ရာထူးကြီးကြီးတွေနဲ့ တိုးတက်နေကြပါတယ်။ ကျွန်မဒီကိုမလာခင် တစ်နှစ်လောက်ကတော့ ကျောင်းမှာစာသင်ပေးနေတဲ့ ငယ်သူငယ်ချင်းကောင်မလေး တစ်ယောက်ကို အမေရိကားမှာ ပညာသင်ဖို့ ခေါ်သွားတယ် ဆိုတဲ့ သတင်းကိုကြားပါတယ်။

တပည့်တွေကတော့ ကျောင်းမှာ ဝင်လိုက်ထွက်လိုက် ဟောင်းလိုက်သစ်လိုက်နဲ့ သံသရာလည်နေပါတယ်။

ဒါပေမယ့် ဆရာတော်ရဲ့ ကျောင်းမှာတော့ တပည့် အသစ်အသစ်တွေနဲ့ စည်ကားနေဆဲ။
ဆရာတော်ကတော့ ဥယျာဉ်မှူးကြီးပီပီ အပင်ကောင်းလေးတွေ ဖြစ်လာဖို့ ပြုစုပျိုးထောင်ပေးနေဆဲပါ။

အခုကြားရတာကတော့ ဆရာတော်က စာသင်တဲ့အလုပ်အပြင် မိဘမဲ့ ကလေးတွေကို ပါပြုစုပျိုးထောင် ဖို့စီစဉ်နေတယ်ဆိုတာပါပဲ။

တကယ်တော့ ဆရာတော်က အပင်တွေ အများကြီးကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဥယျာဉ်မှူးကြီးပါ ။ တကယ့်ပရဟိတ လုပ်ငန်းတွေကို လုပ်ခဲ့တာပါ။
သူပျိုးထောင်ခဲ့တဲ့ အပင်တွေကလဲ အပင်သေးသေးလေးကနေ အပင်ကြီးတွေ ဖြစ်နေပါပြီ။

ဆရာတော် ကျောင်းက ကျောင်းသား ကျောင်းသူ အားလုံးကလူငယ်တွေမို့ ဇာတ်လမ်းတွေ လဲတော်တော် တွေ့ခဲ့ပါတယ်။ ကျောင်းတော်က ဇာတ်လမ်းလေးတွေက စိတ်ဝင်စားစရာလေးတွေပါ တစ်ချို့ လက်တွဲ မဖြုတ်ပဲ အဆင်ပြေသွားကြသလို တစ်ချို့လဲ ကျန်ရစ်ဖြစ်ခဲ့ကြပါတယ်။ ကျောင်းကို ဘယ်အချိန်ပဲ သွားသွား ဆရာတော်က ဟိုကောင်ကတော့ မိန်းမရသွားပြီ ဟိုကောင်မကတော့ ပါသွားပြီ ဘယ်ကောင်ကတော့ ကျန်ရစ်ဖြစ်နေတယ် ဆိုပြီး သတင်းပေးနေကျပါ။

ကျွန်မကတော့ ဘယ်မှာပဲလုပ်လုပ် ဘယ်ကိုပဲရောက်ရောက် နင့်အင်္ဂလိပ်စာ ကောင်းတယ်ပြောလာတိုင်း
ငါဘုန်းကြီးကျောင်းမှာ သင်ခဲ့တာလို့ ကြော်ငြာဝင်နေဆဲ အင်္ဂလိပ်စာဘယ်မှာသင်ရင်ကောင်းမလဲ မေးလာတိုင်းလဲ ဘုန်းကြီးကျေားင်းကို လွှတ်နေမြဲ။

ပြီးခဲ့တဲ့ နှစ်က ရန်ကုန်မှာ ဘုန်းကြီးကျောင်းတွေ ပြဿနာဖြစ်တုန်းက တော့ဆရာတော်အတွက် စိတ်ပူမိပါသေးတယ်။ တပည့်တွေ တရုန်းရုန်း ရှိတဲ့ကျောင်းမို့ လဲ စိတ်ပူရတာပါ။အိမ်ကို မေးကြည့်တော့ ကျောင်းလဲ ခဏပိတ်လိုက်ရတယ်ဆိုတဲ့ သတင်းကိုကြားလိုက်ရပါတယ်။

ဒီပို့စ်လေး ရေးဖြစ်ဖို့ သတိပေးလာတဲ့ အတွက်ရော တီရှပ်လေး ပို့လာတဲ့ အတွက်ရော ဟာဝိုင်အီက ကိုကြီး ကျော်ကျော်နိုင် ကို ကျေးဇူးပါ။

1 comments:

Anonymous said...

ဆရာကောင်းတပည်.မို.ပန်ကောင်းပန်ဆိုသလိုကိုယ်ကိုတိုင်ကလည်းကြိုးစား
လို.ပါ။ကျောင်းက၇န်ကုန်ဘယ်နားကလည်း၊ရွှေတိဂုံဘုရားနားကလား။
အပြင်ရောက်နေတဲ.နှစ်ကများတော.သိပ်မသိဘူး။

My Blog List