ကန္တာရသို့ တစ်ခေါက်

နေချင်တာက ဒီလိုနေရာလေးမှာ..




သွားချင်တာက ဒီလိုနေရာလေး အိပ်မက် မက်ခဲ့တာ ကြာပေါ့...






K2 တို့ Mt. Everest တို့ မဟုတ်ရင်တောင် မြန်မာပြည်က ခါကာဘိုရာဇီတို့ ဖုန်ကန်ရာဇီလောက်ဆိုရပါပြီ။ မြန်မာပြည်ပြန်ဖြစ်ရင်တော့ ရောက်အောင်သွားဖို့ စဉ်းစားထားပါတယ်။


ရောက်သွားတာက ဒီနေရာလေး ကန္တာရ ဆဖာရီ ...




ဘဝဆိုတာ ဒါမျိုးပဲ ဖြစ်မှာပါ...

လိုတိုင်း တတိုင်းရမယ်ဆိုရင် ဘဝဆိုတာ အဓိပ္ပါယ် ဘယ်ရှိတော့မလဲနော်...

သူငယ်ချင်းတွေ အများကြီးနဲ့ နယူးရီးယား တုန်းကသွားခဲ့တဲ့ ကန္တာရ ခရီးလေးပါ။
ဒီကန္တာရက နွေရာသီဆို သွားလို့ မကောင်းပါဘူး။ ခုလိုဆောင်းတွင်းက သွားလည်လို့ အကောင်းဆုံး အချိန်ပါပဲ။
ဒူဘိုင်းကနေ ၄၅ မိနစ်သာသာ လောက်ကားမောင်းသွားရပါတယ်။ လမ်းဘေး တစ်လျှောက် ရှုခင်းတွေက
အညာ ရေနံချောင်းဘက်က ရှုခင်းမျိုးတွေပါ။ ခြောက်ခြောက်ကပ်ကပ် သဲပြင်အကျယ်ကြီးက မျက်စိတဆုံး...

စုရပ်ကနေ စထွက်တဲ့ အချိန်က နေ့လည် နှစ်နာရီခွဲလောက် စပွန်ဆာသူငယ်ချင်းတစ်ယောက်က KFC တွေဝယ်လာတာမို့ ကားပေါ်မှာ ပျင်းချိန်တောင်မရလိုက် စားကြသောက်ကြ နောက်ကြပြောင်ကြနဲ့ ရောက်မှန်းမသိ ရောက်သွားကြတယ်။

ပထမဆုံး နေရောင်လေးရှိတုန်းမှာ ဆိုင်ကယ်တွေ စစီးကြတယ်။ ပိတ်ရက်ဆိုတော့ လူတွေက တော်တော်များပါတယ် ကွင်းပြင်ဒီလောက်အကျယ်ကြီးမှာတောင် ဆိုင်ကယ်တွေ ကအများကြီး။ ပုရွက်ဆိတ်လေးတွေ ပြေးနေသလိုပါပဲ။ သဲပြင်အကျယ်ကြီးထဲမှာ သူငယ်ချင်းတွေ ဆိုင်ကယ်စီးတော့ ဆိုင်ကယ်မစီးရဲတဲ့ ကျွန်မက ဘေးနားကနေ ဓါတ်ပုံရိုက်လိုက် ဗွီဒီယိုရိုက်လိုက်နဲ့ ယောင်ခြောက်ဆယ် လုပ်နေလိုက်တယ်။

အဲလိုယောင်နေ လိုက်တာပဲ ကောင်းသွားတယ။် မကြာခင်မှာ ကောင်မလေးတစ်ယောက် ဒဏ်ရာတွေ အများကြီးနဲ့ ငိုပြီးဘေးနားကိုရောက်လာတယ် ဆိုင်ကယ်မှောက်တာမို့ သူ့ကိုယ်မှာ ပွန်းပဲ့ထားတဲ့ဒဏ်ရာတွေနဲ့။ နောက်မှသိရတာက တရားခံက ကိုယ့်သူငယ်ချင်းကောင်လေး သူကဆိုင်ကယ်စီးရင်း လက်တဖက်က သူ့မိုဘိုင်းဖုန်းနဲ့ ဗွီဒီယိုရိုက်နေတာမို့ သူ့လက်တစ်ဖက်ကမအားပါ။ ကောင်မလေးဆိုင်ကယ် သူ့ရှေ့ ကိုရောက်လာတော့ ရှောင်ဖို့ ဘရိတ်ဖမ်းဖို့ အချိန်မရလိုက်။ ကောင်မလေး ဆိုင်ကယ်မှောက်တော့မှ သူ့မိုဘိုင်းဖုန်းကို အမြန်ဖွက်ပြီး သွားတောင်းပန်တယ်ဆိုပဲ။ ကောင်းလေစွ ကောင်မလေးကတော့ ငိုလို့။



ကောင်မလေးကို ဆိုင်ကယ်နဲ့ ဝင်တိုက်တာ အလယ်ကကောင်လေးပေါ့။

ဆိုင်ကယ်တွေစီးပြီးတော့ ကန္တာရ စစ်စစ်ထဲကို ခရီးဆက်ကြပါတယ်။ စူစူပေါင်း ၁၄ ယောက်မို့ လင်ခရူဇာ ကားနှစ်စီးနဲ့ နှစ်ဖွဲ့ခွဲလို့ ကန္တာရထဲ ဝင်ခဲ့ကြပါတယ်။ သဲသောင်ပြင် အကျယ်ကြီးမဟုတ်ပဲ တောင်ကုန်းလေးတွေ အများကြီးကို ဖြတ်မောင်းရတာမို့ ရိုလာကိုစတာစီးနေရသလိုပါပဲ။ ကားက တောင်ကုန်းလေးတွေ ကိုတက်လိုက်ဆင်းလိုက် မောင်းရတာရယ် လမ်းရွေးပြီးမောင်းရတာရယ်ကြောင့် တစ်ခါတစ်လေ လေးဆယ့်ငါးဒီဂရီလောက် စောင်းပြီး မောင်းရပါတယ်။ ကျွန်မတို့ကားပေါ်မှာက မိန်းကလေးတွေ များတာမို့ အသံစုံအော်ပြီး ဘုရားတနေကြပါတယ်။ ကားသမားကတော့ တော်တော်ကျွမ်းကျင်ပါတယ်။ သူမောင်းတာ ဂျိန်းစ်ဘွန်းရုပ်ရှင် တွေထဲကလိုပါပဲ။ ကားထဲကလူတွေကတော့ ဆန်ကောထဲက ဆီးဖြူသီးတွေလိုဖြစ်နေပါတယ်။
စကိတ်စီးတဲ့ နေရာကိုရောက်တော့ အသံတောင်မထွက် နိုင်တော့ပါဘူး အားလုံးမူးနေကြပါပြီ။





ကားနှစ်စီးပြန်ဆုံပြီး ဓါတ်ပုံတွေ ထပ်ရိုက်ပါတယ်။ သဲစကိတ်စီးကြပါတယ်။ ထုံးစံအတိုင်းပါပဲ သတ္တိကောင်း လွန်းတဲ့ကျွန်မက တော့ ဘေးကရပ်ကြည့် ဓါတ်ပုံရိုက်ရုံပါပဲ ချော်လဲမှာစိုးလို့ စကိတ်မစီးခဲ့ပါဘူး စီးတဲ့သူတိုင်းက ချော်လဲပါတယ် မလဲတဲ့သူမရှိသလောက်ပါပဲ။ ကြောက်တတ်တာဟာ နေရာတိုင်းမှာ မကောင်းပေမယ့် တခါတလေတော့ အန္တရာယ်ကင်းပါတယ်။


ဒါက သဲစကိတ်စီးနေတဲ့ ပုံတွေပါ။

သဲစကိတ်စီးပြီးတော့ နောက်တစ်နေရာကို ဆက်သွားပါတယ်။ အချိန်က နေတော်တော်စောင်းနေပါပြီ။
အဲဒီနေရာလေးက ပွဲခင်းလေးနဲ့ တူပါတယ်။ ကန္တာရကို သွားတဲ့သူတွေအားလုံး အဲဒီနေရာလေးမှာ ပြန်ဆုံပါတယ်။ ခုံတန်းရှည်ရှည်လေးတွေ အများကြီးခင်းထားပါတယ် အလယ်မှာကတော့ စတိတ်စင် နိမ့်နိမ့်လေး ရှိပါတယ်။ ပွဲခင်းလေး ပတ်ပတ်လည်မှာတော့ ဆိုင်သေးသေးလေးတွေ အများကြီးတွေ့ပါတယ်။ Hana Painting လို့ခေါ်တဲ့ ဒန်းအလှဆိုးတဲ့ နေရာမှာလဲ မိန်းကလေးတွေ အများကြီးတန်းစီနေပါတယ်။ သိမ်းငှက်နဲ့ ဓါတ်ပုံရိုက်တဲ့ နေရာမှာတော့ ကောင်လေးတွေ အများကြီးတန်းစီနေပါတယ်။ အာရပ်ဝတ်စုံတွေနဲ့လဲ ဓါတ်ပုံရိုက်လို့ရပါတယ်။
အမှတ်တရ သဲပုလင်းလေးတွေ ရောင်းတဲ့ ဆိုင်လေးလဲရှိပါတယ်။


ဒီပုံလေးက အာရပ်ဝတ်စုံတွေနဲ့ လှနေကြတဲ့ သူငယ်ချင်းတွေပါ။



ဒါက အရောင်အသွေးစုံလှတဲ့ သဲပုလင်းလေးတွေပါ။

ပွဲခင်းလေးထဲမှာ စားစရာ သောက်စရာတွေကတော့ နေရာတိုင်းမှာ ရပါတယ် အပူရော အအေးရော local food တွေရော အစုံပါပဲ။ ဘီယာကတော့ ဝယ်သောက်ရပါတယ် အလကားမရပါ။ အာရပ်နိုင်ငံရဲ့ ဥပုသ်လတွေမှာတော့ ပွဲခင်းလေးထဲမှာ ဘီယာမရပါဘူး။ ကျန်တာတွေကတော့ စားနိုင်သလောက် သောက်နိုင်သလောက် စားလို့ သောက်လို့ရပါတယ်။ လူစုံသလောက်ရှိတော့ ရှိုးပွဲစပါတယ်။ local dancer ကောင်မလေးတစ်ကိုယ်တော် ကတာပါ။ ဘူဖေးဒင်နာ မစခင်ကတည်းက တစ်ယောက်တည်းကနေတာ ဒင်နာပြီးလို့ အားလုံးပြန်တဲ့အထိ မပြီးသေးပါဘူး။ဒင်နာမှာတော့ အာရပ်ရိုးရာစာတွေကို ဘူဖေးကျွေးပါတယ်။မီးသွေးနဲ့ ကင်ထားတဲ့ အသားကင်တွေကတော့ စားလို့ အကောင်းဆုံးပါပဲ။
အဲဒီနေရာမှာ ကုလားအုပ်လဲ စီးလို့ရပါတယ်။ အဲဒီနေ့ကတော့ လူတွေအရမ်းများလွန်းတာမို့ ကုလားအုပ်မစီးခဲ့ပါဘူး။



ဒီပုံလေးကတော့ ဒင်နာစားနေကြတဲ့ပုံလေးပါ။

အားလုံးပြီးလို့ ပြန်တော့ ညကိုးနာရီခွဲပြီးပါပြီ။ စုရပ်ကိုပြန်လာပြီး နယူးရီးယား အတွက် လက်ဆောင်တွေ လဲကြပါတယ်။ မနှစ်တုန်းက အမှိုက်ပုံးထဲ ပိုက်ဆံအိတ် ပစ်ခဲ့တာသိတဲ့ သူငယ်ချင်းနှစ်ယောက်က ပိုက်ဆံအိတ် လေးတွေ လက်ဆောင်ပြန်ပေးပါတယ်။ လက်ဆောင်ပေးရင်းနဲ့ နောက်တစ်ခါ ထပ်ပြီး အမှိုက်ပုံးထဲ မထည့်နဲ့ လို့ ပြောပါတယ်။ပျောက်တုန်းက တစ်လုံးတည်းပေမယ့် ပြန်ရတော့ ကျွန်မကြိုက်တဲ့ ပန်းရောင်လေးရယ် အနက်လေးရယ် နှစ်လုံးတောင်ပြန်ရပါတယ်။

ကျွန်မတို့ အဖွဲ့မှာက မြန်မာငါးယောက် အင်ဒိုနီးရှား လေးယောက် နီပေါက နှစ်ယောက်
ဖိလစ်ပိုင်က နှစ်ယောက် သီရီလင်္ကာက တစ်ယောက်ပါပါတယ်။
သူငယ်ချင်းတွေ အားလုံး တက်ညီလက်ညီ သွားခဲ့ကြတဲ့ ပျော်စရာခရီးစဉ်လေးတစ်ခုပါ။

အော်မေ့လို့ ကန္တာရ ခရီးစဉ်လေးအတွက် ကုန်ကျစားရိတ်ကတော့ တစ်ယောက်ချင်းစီကို DHS 190 ကျပါတယ်။
ကျွန်မတို့ အဖွဲ့မှာတော့ စီစဉ်သူတော်လို့ တစ်ယောက်ကို DHS 130 စီပဲပေးရပါတယ်။
1USD က 3.6 DHS နဲ့ညီမျှပါတယ်။ စီစဉ်တဲ့ သူကဘယ်သူလဲလို့တော့ မမေးနဲ့နော်။


ဒီပို့စ်လေးကိုရေးတဲ့ အချိန်က အိမ်မှာ connection က အလွန်ဆိုးရွားနေလို့ တော်တော်စိတ်ရှည်လက်ရှည်နဲ့ ရေးခဲ့ရတာပါ။ စောင့်ရင်းရေးရင်းနဲ့ ခြောက်နာရီတိတိ အချိန်ပေးလိုက်ရပါတယ်။

2 comments:

Anonymous said...

တို.လဲလွန်ခဲ.တဲ.တစ်နှစ်ကသွားဖူးတယ်။ဒါပေမယ်.အခုလိုမရေးတတ်လို.
မရေးဖြစ်ခဲ.ဖူး။အခုတော.ဖတ်ပြီးကိုယ်တိုင်တစ်ခေါက်ထပ်ရောက်သွားသ
လိုပဲ။
တို.သွားတုံးကတော.ယောင်္ကျားလေးချည်းသုံးယောက်၊ပြီးတော.ကားတစ်
စီးလုံးအဲဒီသုံးယောက်တည်းမို.ပျင်းစရာကောင်းသွားတယ်။

တနင်္သာရီသား said...

ကျွန်တော်တို့ ကျောင်းက ခုံတန်းလေးကို တင်ပေးတဲ့ အတွက် အမြဲသတိရနေမှာပါဗျာ။ ကျေးဇူး တစ်သက်တာပါပဲ အမရယ်။

My Blog List