ကူညီတတ်တဲ့ လက်ကလေးတွေ......



အားပေးကူညီခဲ့တဲ့ လက်ကလေးတွေ ရဲ့ မှတ်တမ်း


မြန်မာပြည်က မှတ်တမ်းဝင် လက်ကလေးပေါ့။ နာမည်လေးနဲ့ တကွ လှလှပပ

"လဲနေသူ ထူပေးပါ အားငယ်သူ အားပေးပါ"
ဆိုတဲ့ အတိုင်း ဒုက္ခတွေ့ နေတဲ့သူတွေတစ်ဦးချင်းစီ တစ်ယောက်ချင်းစီ ဒါမှမဟုတ် ရာပေါင်း ထောင်ပေါင်းများစွာ ကို သင် ကူညီဖူးပါသလား။သူတပါးကို ကူညီပေးလိုက်ရလို့ ရလာတဲ့ ပီတိလေးကိုရော ခံစားဖူးကြပါသလား။

ခုလတ်တလော ဖြစ်နေတဲ့ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲတွေ သတင်းက နေရာအနှံ့ မှာ မကြားချင်လို့မရ မမြင်ချင်လို့မရ ကျွန်မကို တော်တော်နှိပ်စက်နေပါတယ်။ မီဒီယာဆိုတာတွေကလဲ တော်တော်ကို ဆိုးဆိုးရွားရွား မမြင်ရဲ မကြည့်ရဲ စရာဓါတ်ပုံတွေကို သတင်းစာတွေရဲ့ မျက်နှာစာမှာ ကွက်ကွက်ကွင်းကွင်း
ဖော်ပြကြပါတယ်။ တနေ့တနေ့ သတင်းစာဖတ်တိုင်း စိတ်မကောင်းဖြစ်ရပါတယ်။


ပွဲပြီးမှရတဲ့ တီရှပ်လေးနဲ့ သူငယ်ချင်းကောင်မလေး

ပြီးခဲ့တဲ့ တပတ်ကတော့ သတင်းစာထဲမှာ Dubai Care က volunteer တွေခေါ်တဲ့သတင်းကို ဖတ်လိုက်ရပါတယ်။ ဒူဘိုင်းမှာ နေကြတဲ့ နိုင်ငံသားတွေရော နိုင်ငံတကာက အလုပ်လာလုပ်ကြတဲ့ သူတွေရော စုပေါင်းပြီး စစ်ပွဲဒဏ်ခံနေရတဲ့ ဂါဇာဒေသက ဒေသခံတွေကို လတ်တလာလိုအပ်မယ့် ဆေးဝါးနဲ့ အသုံးအဆောင်တွေ လှူဒါန်းကြပါတယ်။ တန်ချိန် ၂၀ကနေ ၃၀ အထိရှိတဲ့ ပစ္စည်းတွေကို ခွဲဝေထုတ်ပိုးဖို့ နေ့စဉ် လူအင်အား ၁၀၀ ကနေ ၁၅၀ အထိ လိုအပ်နေပါတယ်။ အလှူခံပစ္စည်းတွေကိုတော့ အဘူဒါဘီနဲ့ ဒူဘိုင်းမြို့တွေမှာ နေရာသတ်မှတ်ပြီး လက်ခံပါတယ် လာလှူကြတဲ့ အလှူရှင်တွေကလဲ လူမျိုးပေါင်းစုံ အလွှာပေါင်းစုံကပါ။ ဒူဘိုင်းမှာ ပင်ပင်ပန်းပန်း ရုန်းကန်နေကြတဲ့ ဆောက်လုပ်ရေးဝန်ထမ်းတွေ လဲတတ်အားသရွေ့ လှူနေကြတာကိုလဲ သတင်းစာထဲမှာ တွေ့ရပါတယ်။

ဒီတပတ်ပိတ်ရက်မှာ သွားပြီးကူညီမယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတစ်ယောက်ကိုပါ အဖော်ခေါ်ထားပါတယ်။ Organizer ရဲ့ ဖုန်းနံပါတ်ကိုလဲ မှတ်ထားလိုက်ပါတယ်။

ကံများကောင်းချင်တော့လဲ မနေ့တုန်းက အလုပ်လုပ်နေတုန်း အရေးပေါ်အီးမေးလ်ဝင်လာပါတယ်။ ညနေဂျူတီကျတဲ့ သူတွေအားလုံး CSR ကိုမဖြစ်မနေ သွားကိုသွားရမယ်ဆိုတဲ့ ညွှန်ကြားချက်ပါ။ မနက်ဂျူတီသမားတွေအားလုံး မနက် ညနေ နှစ်ဂျူတီစာ မဖြစ်မနေ ဆက်ဆင်းရမယ်ဆိုတဲ့ သတင်းပါ။ ကျွန်မက မနက်ဂျူတီပါ ညနေအတွက်ပါ ဆက်ဆင်းရမယ် ဆိုရင် နားချိန်၂နာရီအပါအဝင် ၁၇ နာရီ အလုပ်လုပ်ရမှာပါ။ ၁၇နာရီ အလုပ်လုပ်ရတာ ပြဿနာ မဟုတ်ပါ။ CSR ကို သွားချင်နေတာမို့ မန်နေဂျာကို ဖုန်းဆက်ပြီး ဖြစ်နိုင်ရင် CSR ( Corporate Social Responsibility)ကိုလိုက်ချင်တယ်လို့ ခွင့်တောင်းတော့သူက ခွင့်ပြုပါတယ် သူကိုယ်တိုင် ဝင်ခေါ်မယ်လို့ ပြောပါတယ်။ ဒီအလုပ်မှာက CSR ဆိုရင် ဘယ်သူမဆို သွားခွင့်ရှိပါတယ်။

ကျွန်မတို့ ထုံးစံအတိုင်းစုရပ်မှာ လူစုပါတယ်။ မြန်မာ ၃ ယောက် အပါအဝင် အားလုံးပေါင်း လူ၆၀ နီးပါးရှိပါတယ်။ ပြီးတော့ ဒီသတင်း ထဲကအတိုင်း လေးနာရီမှာ လုပ်အားပေးရမယ့် ဂိုထောင်ကြီးကို သွားကြပါတယ်။ ကျွန်မတို့ နဲ့ တချိန်တည်း အတူတူ ရောက်လာတဲ့ အဖွဲ့ ကတော့ Sharjah Internation School က ကျောင်းသားကျောင်းသူလေးတွေပါ။

သူတို့လေးတွေကလဲ သူတို့ အဖွဲ့လေးနဲ့ သေသေသပ်သပ် လုပ်နေတာများ တကယ့် လူကြီးတွေထက် သာပါတယ်။ ကျောင်းသားလေးတွေ လူကြီးတွေနဲ့ မတူပဲ ပုံစံတစ်မျိုးလေး လုပ်နေတာက လူကြီးတွေထက် စနစ်ကျပါတယ်။ ကလေးတွေရဲ့ ယူနီဖောင်း အဖြူရောင်လေးတွေကနေ မဲညစ်ညစ်လေးတွေ ဖြစ်ကုန်တဲ့ အထိ ချွေးတလုံးလုံးနဲ့ အားကြိုးမာန်တက် လုပ်ကြပါတယ်။




မိသားစုလိုက်လာတယ်နော်

တစ်ဦးချင်းလာကြတဲ့ သူတွေရှိသလို မိသားစုလိုက်လာကြတဲ့ သူတွေလဲရှိပါတယ်။ သေချာတာကတော့ လာကြတဲ့ ကလေး လူကြီး အားလုံးဟာ စစ်ဘေးဒုက္ခသည်တွေကို စာနာထောက်ထားပြီး ကူညီချင်သူတွေ အားပေးချင်သူတွေပါပဲ။ အသိစိတ်ဓါတ် အပြည့်နဲ့ အရွယ်လေးတွေနဲ့ မမျှအောင် ကူညီချင်ကြတဲ့ လေးလေးတွေ ကိုလည်းတော်တော်များများ တွေ့ခဲ့ပါတယ်။

စစ်ဖြစ်ပွားနေတဲ့ ဂါဇာဒေသမှာ မူလတန်းအဆင့် ကလေး ပေါင်း ၂၇၅၀၀၀ လောက်ရှိပါတယ်။
မနေ့တုန်းက လုပ်ခဲ့ရတာကတော့ ဂါဇာဒေသက ကလေးတွေ အတွက် ကျောင်းသုံးပစ္စည်းတွေ ပါတဲ့ ကျောပိုးအိတ် အလုံး ၅၀၀၀၀ နဲ့ တကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းဘူးလေးတွေ ၅၀၀၀၀ ကို ထုတ်ပိုးပြင်ဆင်ပြီး ကွန်တိန်နာထဲ အရောက် ပို့ပေးရတာပါ။

မနေ့ကတော့ နောက်ဆုံးနေ့ ဖြစ်သလို လူလဲ အများဆုံးပါ။ မနေ့က တစ်နေ့တည်းမှာပဲ လာရောက်ကူညီကြတဲ့ သူက ၈၀၀ ကျော် တစ်ထောင်နီးပါး ဖြစ်သွားပါတယ်။

Hygiene Kids လေးတွေထဲမှာတော့ တစ်ရှုးလိပ်လေး ၂လိပ် သွားတိုက်ဆေး ၁ဘူး သွားပွတ်တံ ၂ ချောင်း ဘီး ၂ ချောင်း ရှန်ပူ ၁ ဘူး မျက်နှာသုတ်ပုဝါ ၁ထည် ဆပ်ပြာမှုန့် ၁ဘူး ဆပ့်ပြာမွှေး ၂ခဲ စီပါပါတယ်။ ပစ္စည်းစုံမစုံ စစ်ရပါတယ် ပြီးတော့ Dubai Care တံဆိပ်ပါတဲ့ စက္ကူဘူးဖြူဖြူလေး ထဲထည့်ပြီး တိတ်အကြည်လေးတွေနဲ့ သေချာပိတ်ပေးရပါတယ်။ ကျွန်မတို့ လုပ်ပေးပြီး မိနစ် ၂၀ လောက်ကြာတော့ ပစ္စည်းတွေ ပြတ်သွားတာမို့ ဂိုထောင်အောက်ဘက်က ကျောပိုးအိတ်လေးတွေ ပြင်ဆင်နေတဲ့ ဆီကိုထပ်ပြောင်းပြီး လုပ်ပေးရပါတယ်။


စာအုပ်တွေ ကို စနစ်တကျ ခွဲဝေပေးရမယ်



ပင်ပန်းတယ်လို့ မထင်ပါဘူး တဲ့ အပြုံးမပျက်တဲ့ ကောင်မလေး

အရုပ်တွေကုန်ပြီ နောက်ထပ်ပေးပါအုံးဗျို့


ခဲတံက တစ်ဘူးထည့်ရမှာနော်


ဒီအိတ်တွေ က အိတ်ငါးသောင်းထဲက အစိတ်အပိုင်းလေးတစ်ခု


တက်ညီလက်ညီ ကူညီသူတွေ

ကျောပိုးအိတ်လေးတွေ ထဲမှာတော့ ဗလာစာအုပ် အဝါရောင်လေးတစ်အုပ် အပြာရောင်လေးတစ်အုပ် ခဲတံ တစ်ဒါဇင် ပုံဆွဲခဲတံရောင်စုံ တစ်ဘူး ခဲဖျက်တစ်ခု ခဲတံချွန်စက် တစ်ခု ပေတံ တစ်ချောင်း ဘောပင် နှစ်ချောင်း
Taddy Bear တစ်ရုပ်စီ ပါပါတယ်။ ခုံတန်းရှည် ကြီးတွေပေါ်မှာ စက္ကူဘူးတွေနဲ့ တင်ထားတဲ့ ပစ္စည်းတစ်ခုချင်းစီကို ကောက်ထည့်ပေး ပြီးရင် နာမည်တံဆိပ်ကပ်တဲ့ ခုံလေးပေါ်သွားတင် အဲဒီကနေမှ ပါကင်ထုတ်တဲ့ ဆီကိုပို့ အဆင့်ဆင့် လက်ဆင့်ကမ်းပြီး လုပ်ရတာပါ။


ဒီစာအုပ်တွေ ဘယ်သူ့ဆီပို့ရမလဲ





ကျောင်းသားလေးတွေ အရေးကိစ္စ မှာ သူတို့လို ကျွမ်းကျင်သူတွေလိုတယ်။


ပစ္စည်းတွေ စုံမစုံ စစ်ကြမယ်


ကလေးတွေ အတွက် Teddy Bear လေးတွေ


ကျောပိုးအိတ်လေးတွေကို ပါကင်ထုတ်ကြီးထဲကနေ ဖြေပေးနေတဲ့ အဖွဲ့ပါ။



ကျောပိုးအိတ်တွေ ကုန်နေပြီ


ဒီအောက်ကပုံလေးကတော့ အပေါ်ထပ်ကနေ ပြင်ဆင်ထားတဲ့ အိတ်တွေကို အောက်ထပ်ကို လက်ဆင့်ကမ်းသယ်နေကြတာပါ။


ဒီအိတ်ပုံကြီးကို ကျွန်တော်ဘယ်လိုရွှေ့ရမလဲဗျာ။ ကူပါအုံးတဲ့





ဒီပါကင်ပုံးတွေ အတွက် ဒီတံဆိပ်လေးတွေလိုပါတယ်။

လူအင်အား ရှစ်ရာ နီးပါးနဲ့ စကားပြောချိန်မရ အသက်ရှုချိန်မရပဲ အလုအယက်လုပ်နေကြတာပါ။ ပစ္စည်းပြတ်တယ်မရှိ အော်လိုက်တာနဲ့ ဘေးနားကို ရောက်လာပါတယ်။ ရေသန့်ဗူးလေးတွေ လာလာပေးတော့ ရေသောက်ဖို့တောင် အချိန်မရှိဘူးဆိုပဲ။
အချို့ ကောင်မလေးတွေဆို စက္ကူပုံး အကြီးကြီးတွေကို မညည်းမညူနဲ့ အလုအယက်သယ်လို့။ တကယ့် ယောက်ျားကြီးတွေလို ပဲလုပ်နိုင်ကြပါတယ်။

အလုပ်လုပ်ရင်း ခဏရပ်အနားယူနေတဲ့ သူတွေများလာရင် အော်လံကြီးနဲ့ အော်ပါတယ်။
ဂါဇာက ကလေးတွေစောင့်နေကြတယ် အချိန်ရှိတုန်း ကြိုးစားပါတဲ့။

ဘုရားလဲဖူး လိပ်ဥလဲတူး ဆိုသလို ကျွန်မကတော့ အလုပ်လုပ်လိုက် ဓါတ်ပုံတွေပြေးရိုက်လိုက်
သူများထက်ပိုပြီး အလုပ်ရှုပ်နေပါတယ်။ ဒီကြားထဲ ရသမျှ သတင်းလဲယူရပါသေးတယ်။ ကျွန်မနဲ့ တူတူလုပ်နေတဲ့ လက်ဘနွန်က ကောင်မလေးတွေကတော့ သူတို့ဓါတ်ပုံတွေ အင်တာနက်ထဲ ရောက်တော့မှာပဲ လို့ပြောပါတယ်။
သတင်းလာယူကြတဲ့ သတင်းထောက်တွေလဲ တွေ့ပါတယ်။

ညရှစ်နာရီလောက်ကျတော့ သူငယ်ချင်းတစ်ယောက်က လက်တို့ပါတယ်။ စားစရာတွေရနေပြီဆိုပဲ။
မနက်ကတည်းက ကိတ်မုန့်တစ်ခုတည်း စားလာတာမို့ ရေတွေလာပေးလိုက် သောက်လိုက်နဲ့ ဗိုက်က တော်တော် ဆာနေတာပါ။

သူငယ်ချင်းတွေကိုတောင် မပြောပဲ အပြင်ထွက်ကြည့်လိုက်တော့ အားပါးပါး KFC တွေ Pizza တွေ အအေးတွေ အပြင်မှာလဲ စတုဒီသာ လုပ်နေတာကိုး။ တစ်ခါသုံးပန်းကန်လေးထဲ ရတာပုံထည့် သူငယ်ချင်းတွေကို လဲသတင်းပို့ လက်တောင်မဆေးပဲ စားကြတာ တပျာ်တပါးကြီး။

သူငယ်ချင်းတွေရော ကောင်မလေး တော်တော် များများရော လက်တွေဆို ပေါက်လို့ပြဲလို့ တကယ်လုပ်ခဲ့ရတာ ဆိုတော့ ပဲများဖို့ အချိန်မရှိ ကျောပိုးအိတ်တွေ လက်ဆင့်ကမ်း သယ်ကြတော့ လက်မောင်းတွေတောင် အောင့်လို့ ဒါတောင် တန်းစီထားတဲ့ ပုံစံက တကယ့်ကို ပူပူးကပ်ကပ်လေးတွေ ။ ရှိသမျှလူကုန် ဂိုထောင်ကြီးရဲ့ ပေါ်ထပ်နဲ့ အောက်ထပ်ကို သယ် အောက်ထပ်ကနေ စောင့်နေတဲ့ ကွန်တိန်နာတွေဆီပို့။

Dubai Care က မြန်မာပြည်မှာ နာဂစ် မုန်တိုင်းတိုက်တုန်းကလဲ အဲလိုပဲ ကူညီပို့ပေးခဲ့တဲ့ အဖွဲ့ အစည်းတစ်ခုပါ။
အခု ဂါဇာကိုပို့ပေးခဲ့တဲ ပ့စ္စည်းတွေကတော့ လူကြီး လူငယ်အတွက် အဝတ်အစား အသုံးအဆောင်တွေ ဆေးဝါးတွေ စားစရာတွေ နဲ့ first Aid Kid တွေပါပါတယ်။
အဲဒီဂိုထောင်ကြီးထဲမှာတော့ လွန်ခဲ့တဲ့ အပတ်ကစလို့ နေ့စဉ် ထုတ်ပိုးပြင်ဆင်တဲ့ အလုပ်တွေကို လုပ်ခဲ့တာပါ။

လာရောက် လုပ်အားပေးတဲ့ သူတွေကတော့ လက်ဝါးပုံလေးတွေမှာ နာမည်လေးတွေရေးပြီး နံရံလေးမှာ ဒီလိုကပ်ထားခဲ့ ကြပါတယ်။ Helping Hands တွေလို့ ခေါ်ပါတယ်။


လုပ်အားပေးပြီးကြောင်း မှတ်တမ်းတင်ပါတယ်ရှင့်။

ရှစ်နာရီခွဲ ပြီး ကိုးနာရီလောက်ကျမှ လူပြန်စုပြီး ပြန်လာခဲ့ပါတယ်။ အဲဒီညကတော့ ဒူဘိုင်းမိုးက တစိမ့်စိမ့်ရွာနေပါတယ်။ ပွဲပြီးမှ အမှတ်တရ ရလာတဲ့ တီရှပ်တွေဝတ်ပြီး မိုးရွာထဲမှာ ထီးမပါပဲ ပျော်ပျော်ပါးပါးကြီး ပြန်ခဲ့ကြပါတယ်။

ဒူဘိုင်းရောက် ရှားရှားပါးပါး အမှတ်တရလေးမို့ မှတ်တမ်းတင် လိုက်ပါတယ်။
မြန်မာ လက်ကလေးကိုတော့ ကပ်ပြီးမှ ပြန်ဖြုတ်လာခဲ့ပါတယ်။ အမှတ်တရ သိမ်းထားချင်လို့ပါ။

4 comments:

pandora said...

ကူညီရတာ ပျော်ရွှင်စရာပါ
သာဓုခေါ်သွားပါတယ်

ATN said...

သာဓု သာဓု သာဓု ပါ ညီမရေ့... ကုသိုလ်ရေးမှာ အားပေးတဲ့အတွက် ဂုဏ်ယူပါကြောင်း...

မမသီရိ said...

ပျော်စရာကြီး နော်.. နှင်းရေ...

Anonymous said...

သာဓု သုံးကြိမ်ခေါ်ဆိုပါတယ်ဗျာ။
ပို.စ်အသစ်တင်ထားတယ်၊အားယင်ဝေဖန်ပေးပါဦး...
ဒူဘိုင်းသားအချင်းချင်းလေ...

My Blog List