အစားထိုးမရတဲ့ ပဒေသာပင်


သရက်ပင်ပုပုလေးတွေ အစီအရီပေါက်နေတဲ့ ဒီခြံသေးသေးလေးကို ဘယ်လိုဆက်ပြီး ထိန်းသိမ်းရမလဲ ဆိုတဲ့ အတွေးတွေနဲ့ ခြံထဲကို လှည့်ပတ်ကြည့်မိတိုင်း နောင်တတွေ နဲ့ အတူရင်ထဲက တစစ်စစ် နာကျင်နာမိသည်။
ဒီခြံလေးကို အပြီးအပိုင်ရောင်းပစ်ခဲ့ ဖို့ကတော့ သူ့အတွက်လုံးဝမဖြစ်နိုင်ပါ။ အရာရာပြီးဆုံးမှ ရရှိလာတဲ့ နောင်တတွေနဲ့ အတူ ဒီခြံလေးကို ဆက်ပြီး ထိမ်းသိန်းထားဖို့ သူဆုံးဖြတ်ပြီးသားပါ။

ဒီခြံလေးက ပဒေသာပင်တွေကို သူ့အောင်မြင်မှုတွေ အတွက် သူကောင်းကောင်းအသုံးချခဲ့ပြီးပြီ။ သူ့အတ္တ တစ်ခုတည်းအတွက် မိဘနှစ်ပါးလုံးကိုလဲ ပစ်ပစ်ခါခါ မေ့ထားခဲ့ပြီး အောင်မြင်မှု တွေပညာတွေနောက်ကို မမောမပန်းလိုက်ခဲ့ပြီးပြီ။ မိဘနှစ်ပါး ရဲ့ချွေးတွေ သွေးတွေ မျှော်လင့်ချက်တွေ ပြီးတော့ မိဘနှစ်ပါး မက်မောတဲ့ ဒီပဒေသာပင်တွေ အားလုံးကို သူ့အောင်မြင်မှုတွေ အတွက်စတေးခဲ့ပြီးပြီလေ။

ဘိုးဘွားလက်ထက် ကတည်းက ဥယျာဉ်ခြံမြေတွေ လုပ်ခဲ့တဲ့ သူ့ဖေဖေက သစ်ပင်တွေစိုက်တဲ့သူ မေမေကလဲ ဒီအပင်တွေကြားမှာ ကြီးပြင်းလာသူ အပင်တွေအကြောင်း အသီးအနှံတွေ အကြောင်းကလွဲလို့ ဘာကိုမှမသိ။ သစ်ပင်တွေကြားမှာ မွေးဖွားလာတဲ့ တစ်ဦးတည်းသော သားလေးကတော့ ငယ်စဉ်ကတည်းက သစ်ပင်တွေကို စိတ်မဝင်စား အသီးအနှံတွေ ဘယ်လိုစိုက်ရတယ်ဆိုတာမသိ။ ဘယ်လိုပြုစုပျိုးထောင်ရတယ်ဆိုတာမသိ။ အသီးအနှံတွေ ဆီကရတဲ့ ပိုက်ဆံတွေနဲ့ သူလိုချင်တဲ့ စာအုပ်တွေဘယ်လိုဝယ်ရမယ်ဆိုတာ ကိုပဲသူသိသည်။ အဓိက သူကအပင်တွေ မစိုက်ချင် ပေါင်းသင် မြက်နှုတ် တဲ့အလုပ်တွေ မလုပ်ချင် ဒီခြံလေးထဲမှာ သူ့ဘဝကိုမနှစ်မြှုပ်ချင်။ ဒီခြံလေးထဲက ရုန်းထွက်ဖို့ သူစာတွေကျိုးစား သင်ခဲ့သလို သူလိုချင်တဲ့ပန်းတိုင်ကိုလဲ သူရောက်အောင် သွားခဲ့သည်။

အိပ်မက်အကြီးကြီးတွေ မက်ခဲ့သူပီပီ သူ့အိပ်မက်တွေကို ကောင်အထည်ဖော်ဖို့ သူဆယ်တန်းအောင်တဲ့ နှစ်မှာ ဒီခြံလေးနဲ့ မိဘနှစ်ပါးကို ထားခဲ့ပြီး သူ့မွေးရပ်မြေ မြို့သေးသေးလေးကို လက်ပြနှုတ်ဆက်ခဲ့သည်။
သားကိုချစ်တဲ့ သူ့မိဘတွေကတော့ အစစအရာရာ သူ့စိတ်တိုင်းကျ စီမံပေးခဲ့သည်။ ဖေဖေက တဦးတည်းသောသား သူ့ကို မခွဲချင်ပေမယ့် အပင်ပေါင်းများစွာကို ပြုစုပျိုးထောင် လာသူဥယျာဉ်မှူးကြီးပီပီ သူ့ကိုအပြုံးမပျက် ခွင့်ပြုခဲ့သည်။

ဖေဖေက သရက်သီးခြင်းတွေ ထမ်းပိုးပြီး ဆိုင်တွေလိုက်ပို့နေချိန်မှာ သူကရန်ကုန်တက္ကသိုလ် တခွင် မြေနီလမ်း ကံ့ကော်တန်း တွေမှာ ခြေဆန့် လို့ကောင်းနေခဲ့သည်။ ဖေဖေက နေရောင်အောက်မှာ အပင်တွေ ပေါင်းသင် မြက်နှုတ်နေချိန်မှာ သူက ကျောင်းစရိတ် စားစရိတ် နေစရိတ်တွေ ဘာမှပူပန်စရာမလိုပဲ ပညာကို ကောင်းကောင်းသင်ခွင့်ရခဲ့သည်။ ဖေဖေက သရက်ပင် ပုပုလေးတွေကို ကိုင်းကူးပြီး မျိုးပွားနေချိန်မှာ သူက ကျောင်းသင်ရိုးတွေမှာ မပါတဲ့ ကွန်ပြူတာအသုံးပြုနည်းပညာတွေ မိခင်ဘာသာစကားမဟုတ်တဲ့ ဒုတိယ တတိယ ဘာသာစကားတွေ ကိုရှာဖွေ ဆည်းပူးနေခဲ့သည်။

တခါတရံ ရှားရှားပါးပါး သူအိမ်ပြန်ချိန်တွေမှာ ဖေဖေက သူ့ခြံထဲက အပင်တွေ အကြောင်းမြေပဒေသာပင် အကြောင်း စီကာပတ်ကုံးရှင်းပြနေတဲ့ အချိန်တွေမှာတော့ သူကအိပ်ငိုက်နေချိန်မို့ ကြားလိုက် မကြားလိုက်။ သူ့ဖေဖေဒီခြံ ကြီးကို အရမ်းသံယောဇဉ်ရှိတာ အပင်တွေကို အရမ်းချစ်တာတွေကို တော့သူကောင်းကောင်းသိသည်။ ဖေဖေစိုက်ထားတဲ့ သရက်သီးလေးတွေက မျိုးကောင်းလှတဲ့ အပင်ပုပုလေးတွေ အပင်ကြီးမျိုးမဟုတ်။သူကရန်ကုန်မှာ နေသူပီပီ ဖေဖေ့ သရက်သီးလေးတွေ ဘယ်လောက်တန်ကြောင်း သိသူမို့ သူများတွေ ခြံနီးနားချင်းတွေ လာခူးရင်စိတ်တိုချင်သည်။ ဖေဖေကတော့ အဲလိုမဟုတ် ဘယ်သူလာတောင်းတောင်း အပြုံးမပျက်ပေးတတ်သည်။ တခါတရံ စိတ်လိုလက်ရ အပင်စိုက်နည်းတွေကိုပါ ရှင်းပြတတ်သေးသည်။

ဖေဖေ အမြဲတမ်းပြောပြာနေတတ်တာက မြေပဒေသာ အကြောင်း အပင်စိုက်သူဆိုတာ တွန့်တိုလို့မရဘူးဆိုတာ ဘယ်သူတောင်းတောင်း စေတနာအပြည့်နဲ့ ပေးရမယ်ဆိုတာ အဲလိုပေးနေသရွေ့ မြေပဒေသာတွေ မခန်းဘူးဆိုတာ လာသမျှလူတိုင်းကို ပြောနေကျမို့ သူက အလွတ်ရနေပြီ။ တွန့်တို လက်နှေးတဲ့ သူတွေကို မြေပဒေသာက အသီးတွေပြန်ရုပ်သိမ်းတတ်တယ် အဲဒါကို မြေပဒေသာဆွံ့တယ်လို့ ပြောပြောနေတတ်တာ ကိုတော့ သူမမေ့။ ဒါကဖေဖေ တသက်လုံးလက်ကိုင်ထားလာတဲ့ ဖေဖေ့ဝါဒ။

သူတက္ကသိုလ် စရောက်ကာစမှာ လှည်းတန်းမှာ အဆောင်နေရသည်။ ဘွဲ့ရပြီး မာစတာတန်းတွေတက်ရတော့ သူအဆောင်တွေကို စိတ်ကုန်စပြုလာသည်။ သူ့မေမေကို သနားအောင်ညည်းပြမိတော့ မေမေက သူ့အတွက် ရန်ကုန်မြို့ အစွန်နားလေးမှာ အိမ်သေးသေးလေး တစ်လုံးဝယ်ပေးခဲ့သည်။ အဲဒီအိမ်လေးအတွက် သူတို့ ဘိုးဘွား အဆက်ဆက်က ထိန်းသိမ်းလာတဲ့ ခြံမြေကို တဝက်တိတိ ပိုင်းပြီးရောင်းလိုက်ရတယ်ဆိုတာ ကိုသူသိပေမယ့် အမှုမထားမိ။ ဖေဖေ့ အသက်တမျှ တန်းဖိုးထား စောင့်ရှောက် လာတဲ့ ဒီမြေကိုသူတပါးလက်ထဲ တဝက်တိတိ ပိုင်းပေးရချိန်မှာ ဖေဖေဘယ်လိုခံစားရမလဲ ဆိုတာနည်းနည်းလေးမှ မတွေးမိခဲ့။ သူလိုချင်ခဲ့တဲ့ ပညာတွေကို အငမ်းမရ ရှာဖွေနေဆဲ။ မဆုံးနိုင်တဲ့ လှေကားထစ်တွေကို တက်နိုင်ဖို့ ကြိုးစားနေဆဲ။

ပညာပညာတစာစာ နဲ့အော်ပြီး အိပ်မက်တွေ တပွေ့တပိုက်နဲ့ သူရူးသွပ်နေချိန်မှာတော့ အားအင်ကုန်ခန်းစ ပြုလာတဲ့ ဖေဖေနဲ့ မေမေက ဇရာ ရဲ့အထုအထောင်းကို စပြီးခံနေရချိန်။ တစ်နှစ် နှစ်ခေါက်လောက် ရောက်အောင် လာပြီးသူရှုပ်ဖွထားတဲ့ အိမ်ကိုရှင်းလင်းရင်း သူ့အတွက် စားကောင်းသောက်ဖွယ်တွေကို ကျိုးစား ပြီး ချက်ပြုတ် ပေးနေတဲ့ မေမေကလဲ တစတစ အလာကျဲသွားခဲ့သည်။ မာစတာ တန်းတက်ပြီး ကျောင်းမှာ ဆရာပေါက်စ ဖြစ်နေတဲ့ သားအတွက် လိုအပ်တဲ့ ငွေတွေကိုတော့ လစဉ်လတိုင်း လမကုန်ခင် ရောက်အောင် ပို့ပေးနေဆဲ။
ရန်ကုန်ကို ဘယ်တုန်းကမှ မလာခဲ့သလို သူ့ကိုလဲ ခြံထဲကိုပြန်လာဖို့ ဘယ်တုန်းကမှ မတိုက်တွန်းခဲ့တဲ့ ဖေဖေကလဲ သားဆိုတာကို ဓါတ်ပုံထဲမှာ ပဲကြည့်နေခဲ့ရတာကို သူမသိခဲ့။ ရှားရှားပါးပါး အပေါင်းအသင်း မိတ်ဆွေတွေကြား ဒါငါ့သားလို့ ဖေဖေ ဂုဏ်ယူချင်မှာပဲ ဆိုတာကို အချိန်တွေ နှောင်းမှသူသိခွင့်ရခဲ့တာတော့ သူတော်တော်ညံ့ခဲ့ပါသည်။

အဖေတွေ အတွက် သားတစ်ယောက်ဟာ ဓါးတစ်လက် ဒါမှမဟုတ် မျှားတစ်စင်းလို့ ပြောကြပေမယ့် ဝါရင့်ဥယျာဉ်မှူးကြီး သူ့ဖေဖေအတွက်တော့ သူဟာသစ်ပင်တွေမြေဆွတဲ့ ပေါက်ချွန်းတစ်လက်တောင် မဖြစ်ခဲ့ပါ။ ဖေဖေ့ ဥယျာဉ်ကြီးက မြေပဒေသာတွေကို သူအပြည့်အဝစားသုံးခဲ့ရပေမယ့် သူရှာဖွေလို့ရတဲ့ ချွေးနဲစာနဲ့ ဖေဖေ့ဟာ မုန့်ဟင်းခါးတစ်ပွဲတောင် မစားခဲ့ရပါ။ ဒါတွေကို နောင်တတွေ နဲ့ အတူသူသိရတဲ့ အချိန်မှာတော့ အရာရာ ဟာပြီးဆုံးသွားခဲ့ပါပြီ။ သူပါရဂူသင်တန်းတွေ တက်ဖို့ ကြိုးစားနေချိန်မှာ တသက်လုံး နေရောင် အောက်မှာ ပင်ပင်ပန်းပန်း ရုန်းကန်လာရတဲ့ ဒဏ်တွေနဲ့ ဖေဖေနဲ့ မေမေဟာ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ပါသည်။

သူလိုချင်တဲ့ ပညာတွေ အတွက် သူ့မိဘတွေရဲ့ ဇရာ တွေကို မေ့ခဲ့သည်။ အဆုံးမရှိတဲ့ ပညာတွေ သင်ရင်း အချိန်တွေ တစတစ ကုန်လွန်နေခဲ့ တာကို သူမေ့နေခဲ့သည်။တကယ်တော့ သူ့အိပ်မက်တွေနဲ့ တိုက်ပွဲဝင်နေချိန်မှာ ဖေဖေတို့ ကလဲ ဇရာတွေ နဲ့ တိုက်ပွဲဝင်နေခဲ့တာကို သူနည်းနည်းလေးမှ မသိခဲ့ပါ။ သူနားလည် လာချိန်မှာ အသိတရားဝင်လာချိန်မှာတော့ သူပေးဆပ်လိုက်ရတဲ့ အရင်းအနှီးကလဲ အင်မတန်ကြီးမားခဲ့ပါသည်။

သူပညာတွေ သင်ယူနိုင်ဖို့ ဖေဖေတို့ ခြံထဲက ရနေတဲ့ ပဒေသာပင်တွေထက် ဖေဖေနဲ့ မေမေရှိက ရခဲ့ဘူးတဲ့ မေတ္တာ ပဒေသာပင်တွေကို သူသတိတရ တမ်းတမိတဲ့ အချိန်မှာတော့ ကမ္ဘာမြေကြီးက ပဒေသာပင်တွေကို သူ့ဆီကနေရုပ်သိမ်း သွားခဲ့ပါပြီ။ သူ့ဖေဖေ ချစ်လွန်းတဲ့ ခြံအကျယ်ကြီးကလဲ သူပညာတွေ တတ်လာတာနဲ့ အမျှ တစတစ ကျဉ်းလာခဲ့သသည်။ နောက်ဆုံးဖေဖေတို့ ကျန်းမာရေး အခြေအနေ ဆိုးရွားလာချိန်မှာတော့ လက်ရှိဖေဖေ နဲ့မေမေနေခဲ့တဲ့ အိမ်သေးသေး နဲ့ ပေတစ်ရာ မပြည့်တပြည့် ခြံကလေးသာကျန်ပါတော့သည်။
အဲဒီခြံလေးနဲ့ အတူ အမှတ်တရ အပင်လေးတစ်ပင်...

သူတို့ မိသားစုအတွက် အမှတ်တရ အပင်လေးတစ်ပင်က အိမ်လေးရဲ့ ခေါင်းရင်းနား မကျတကျက သရက်ပင်လေးတစ်ပင်။ ခုနောက်ပိုင်းမှာ စိုက်တဲ့ မျိုးကောင်းလှတဲ့ သရက်ပင်ပုပုလေးမဟုတ်ပါ။ သူမွေးတဲ့ အချိန်တုန်းက မှတ်မှတ်ရရ ဖေဖေစိုက်ခဲ့တဲ့ သရက်ပင်အပင်ကြီးမျိုးမို့ ခုချိန်မှာ အရိပ်တွေ ဖြာနေပါတယ်။ သားရဲ့ ကိုယ်စား အမှတ်တရ စိုက်ခဲ့တဲ့ အပင်လေးမှာ သားဒီမြို့လေးကို စခွဲသွားတဲ့ နေ့ကစလို့ သားပြန်လာတိုင်း သံမှိုသေးသေးလေးတွေ တစ်ချောင်းစီ ရိုက်ထည့်ပြီး အမှတ်အသားပြုလုပ်တတ်ပါသည်။

ဒီတစ်ခေါက်မှာတော့ ဖေဖေ့ကိုယ်စား သူကိုယ်တိုင် သံမှိုလေးတစ်ချောင်း ရိုက်ပြီး သံမှိုလေးတွေကို လိုက်ရေကြည့်တော့ သံမှိုလေးက ဆယ်ချောင်းတောင်မပြည့်။ ဖေဖေလဲ သားကိုသတိရတိုင်း ဒီသံမှိုလေးတွေကို ရေကြည့်နေကျဆိုတာ မေမေတစ်ခါတုန်းက ပြောပြဖူးတာမို့ ဒီသရက်ပင်လေးကိုတွေ့တိုင်း သူမျက်ရည်တွေ ဝိုင်းနေဆဲ....

ဖေဖေရယ်...
ဒီအပင်လေးကို ဘာလို့များစိုက်ခဲ့ရတာလဲ။
အရိပ်လိုချင်လို့ စိုက်ခဲ့တာဆိုရင်တော့ ဖေဖေဟာ အရိပ်ခိုခွင့် ရခဲ့သူမဟုတ်ပါ။
အသီးအနှံကို စားသုံးချင်လို့ စိုက်ခဲ့တာဆိုရင်လဲ ဖေဖေဟာ အသီး အနှံတွေကို စားသုံးခွင့်မရခဲ့ပါ။
ချစ်ခြင်းမေတ္တာတွေ နဲ့ စိုက်ပျိုးခဲ့တယ် ဆိုရင်တောင် သားတစ်ယောက်ဆီက ချစ်ခြင်းကို ဖေဖေ မမြင်တွေ့သွားခဲ့ပါ။

ဖေဖေ အမြဲပြောနေကျ မြေပဒေသာတွေရော...
ဒီခြံလေးမှာ ဖေဖေမရှိတော့တဲ့နောက်ပိုင်း ဖေဖေစိုက်ပျိုးခဲ့တဲ့ မြေပဒေသာတွေ တစတစ ပျောက်ကွယ်သွားခဲ့ပါပြီ။ ဖေဖေ့အတွက် မသုံးမကျသလို ဒီခြံကြီးအတွက်လဲ ဘယ်တုန်းကမှ အသုံးမတည့်ခဲ့တဲ့ သားတစ်ယောက်ကို ကမ္ဘာမြေကြီးက ဒဏ်ခတ်လိုက်တာပါ။ ကမ္ဘာမြေကြီးက မြေပဒေသာတွေကို အပြီးအပိုင် ရုပ်သိမ်းသွားခဲ့ပါပြီ။

သူ့အတွက် အတ္တကြီးခဲ့တဲ့ သားတစ်ယောက် အတွက်လဲ...
ထာဝရ မြေပဒေသာပင်ဆွံ့ သွားခဲ့တာပါ... အစားထိုးလို့ မရတဲ့ မြေပဒေသာတွေ...



1 comments:

Anonymous said...

ညီမလေး နှင်း..
ဝထ္တုတို ဆိုပေမဲ့...
အဲဒီထဲ က သား က...မမ ဖြစ်နေခဲ့ တယ်....
အဖေ..အမေ တွေ ရဲ့ နောက်ဆုံး အချိန်တွေ မှာ..
မရှိနေနိုင်ခဲ့ တဲ့..သမီး မိုက် တစ်ယောက်လေ....
မမ..ငို ခဲ့ တယ်.....

My Blog List