အဖြူရောင် တိမ်တိုက်သို့


ကိုယ် အဖြူရောင်ကို ချစ်သည်။ မြတ်နိုးသည်။ စွဲလမ်းသည်။ တွယ်တာသည်။
အဝတ်အစား ဆိုလဲ အဖြူ အသုံးအဆောင်ဆိုလဲ အဖြူ ပိုင်ဆိုင်သမျှ အရာတိုင်းကလဲ အဖြူတွေ။
အဖြူရောင်စိတ္တဇ ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာ ကိုယ်တိုင်တောင် အမှတ်မထားမိလိုက်။
ကိုယ်က Brand တွေကိုလဲ ဂရုစိုက်တတ်သူ ကြေးထူလွန်းသူ။ အသုံးအဆောင်မှာ ကိုယ် ကြိုက်တဲ့ လိုချင်တဲ့ Brand ကိုသာ သုံးတတ်သူ။ ဒါပေမယ့် Brand တွေနဲ့ အဖြူရောင် နဲ့ အားပြိုင်လာခဲ့ ရင်တော့ အဖြူရောင်က အနိုင်ရစမြဲ။

ကိုယ်နှစ်သက်တဲ့ Brand ဖြစ်တဲ့ Sony Camera လေး ဝယ်ဖို့သွားတဲ့ အချိန် ကင်မရာတွေ ရွေးနေတဲ့ အချိန်မှာ ကိုယ်လုံးဝခံစားလို့မရတဲ့ Brand တစ်ခုမှာ အဖြူရောင် ကင်မရာ သေးသေးလေးကိုတွေ့တော့ Sony ကိုမေ့လို့ ကင်မရာအဖြူလေးကိုပဲ ဝယ်ဖြစ်ခဲ့တဲ့ အထိ အဖြူရောင်တွေက နှိပ်စက်ခဲ့ပါသည်။ Brand အစွဲ အလန်းကို အရောင်အစွဲ အလမ်းက အနိုင်ယူသွားတဲ့ အထိ ရူးသွပ်လွန်းခဲ့ပါသည်။

အဖြူရောင်တွေကို ချစ်သလို စိတ်ထားဖြူစင်သူတွေကိုလဲ လေးစား အထင်ကြီးတတ်ပါသည်။
ဖြူစင်လွန်းတဲ့ ကလေးတွေ ဖြူစင်လွန်းတဲ့ စိတ်ထားပိုင်ရှင်တွေကို ကိုယ်က စံပေးလေးစားနေကျ။
သူငယ်ချင်းတစ်ယောက်က ပြောဖူးတာက လူတွေဟာ အသက်တွေ ကြီးလာတာနဲ့ အမျှ စိတ်ဓါတ်တွေ မဖြူစင်ကြတော့ပါ တဲ့ စိတ်ဓါတ်တွေ ညစ်ပတ်လာတတ်ပါတယ်တဲ့။ ဖြူစင်မှု အပြစ်ကင်းမှုကို ကလေးတွေမှာပဲ တွေ့ရတာများပါတယ်တဲ့။

မှန်သင့် သလောက်မှန်ပေမယ့် ကိုယ်က သူပြောတာကို အပြည့်အဝ လက်မခံခဲ့ပါ။ ဖြူစင်မှုတွေကို လူငယ်တွေ လူလတ်ပိုင်းတွေ လူကြီးတွေ ဆီမှာ ကြုံရင်ကြုံသလို ရှာဖွေနေဆဲ။

ကိုယ်သိထားတဲ့ အဖြူရောင်မှာက အဓိပ္ပါယ်ပေါင်းများစွာ ရှိနေခဲ့တာမို့ အမျိုးမျိုးခွဲ ခြမ်းစိတ်ဖြာ လေ့လာသည်။
ဟန်မဆောင်တတ်တာ ရိုးသားတာ မာနမဲ့တာ အပြစ်ကင်းတာ ဖြူစင်ပွင့်လင်းတာ အတ္တမကြီးတာ လူသားချင်း စာနာထောက်ထားတာ မာယာမရှိတာ စတဲ့စတဲ့ ဂုဏ်ပုဒ်တွေတွေကို အဖြူရောင်ရဲ့ အောက်မှာ ထည့်သွင်းစဉ်းစားသည်။

အဖြူရောင်ကို အရောင်ဆိုးဖို့ ကြိုးစားသူ ညစ်နွမ်းစေသူတွေကို ကိုယ်မုန်းပါသည်။ ကိုယ်က အဖြူရောင်ကို ဂုဏ်သိက္ခာ တစ်ခုအနေနဲ့လဲ လက်ခံထားပါသည်။ အဖြူရောင်ဟာ သူကိုယ်တိုင်က မြင့်မြတ်တာမို့ သူ့ကို တန်ဘိုးဖြတ်လို့မရပါ။ လူ့ကျင့်ဝတ်တွေ ဂုဏ်သိက္ခာတွေ လူ့တန်ဖိုးတွေ ကလဲ အဖြူရောင်လိုပဲ တန်ဖိုးဖြတ်လို့မရပါ။

အဖြူရောင်ကို ရူးသွပ်နေရင်း အဖြူရောင် တစ်ခုကို အမှတ်မထင် ကောက်ရခဲ့ပါသည်။ ကိုယ်က သူ့ကို အဖြူရောင်လို့ သတ်မှတ်ထားပါသည်။ တန်ဖိုးတွေ သတ်မှတ်လို့ တော်တော်လေးစားခဲ့ပါသည်။ ဒါ့ကြောင့် အဖြူရောင်လေးနဲ့ စကားတွေပြောပါသည်။ သူပြောသမျှကိုလဲ ခေါင်းမခါပဲ နားထောင်ပါသည်။ အကြောင်းအရာ တော်တော်များများကို ဆွေးနွေးကြပါသည်။ ကိုယ့်ရဲ့ အချိန်တွေကို အဖြူရောင်လေးကို ခွဲပေးလိုက်ပါသည်။

တခါတရံ အဖြူရောင်လေးနဲ့ စကားစစ်ထိုးကြပါသည်။ ကိုယ်အနိုင်မရတဲ့ အခါမှာတော့ အဖြူရောင်ကို စိတ်ကောက်ပြီး စကားမပြောပဲ နေလိုက်ပါသည်။ စိတ်ဆိုးတိုင်းလဲ အဖြူရောင်ကို ဖိုးပါကြီးတပ်တဲ့ ပုံစံတုံးတုံး မျက်မှန်ထူထူကြီး တပ်ပေးလိုက်ပါသည်။ ဟစ်တလာရဲ့ နှုတ်ခမ်းမွှေးကို တပ်ပေးလိုက်ပါသည်။ ဒါနဲ့မှ မကျေနပ်သေးရင် သူ့ကို အိုစမာ ဘင်လာဒင်ရဲ့ မုတ်ဆိတ်မွှေးကိုပါ တပ်ပေးပြီး ပန်ချာပီ ခေါင်းပေါင်းကြီးပါ ဆောင်းပေးလိုက်ပါသည်။

ပြီးတော့ ဆိုင်းဘာဘာလို မျက်ခုံးမွှေးတွေကိုပါ အဖြူရောင်ဖြစ်အောင် အရောင်ပြောင်းပေးလိုက်ပါသည်။ သူ့ကိုအားရအောင် ရုပ်ဆိုးအောင် လုပ်ချင်တာတွေ လုပ်ပြီးမှ မနေနိုင်လွန်းစွာ ပြန်စကားပြောခဲ့ပါသည်။ အဲဒီအဖြူရောင်က အင်မတန်ကို လှချင်လွန်းသူ အလှကြိုက်သူတစ်ယောက်မို့ သူနဲ့ စကားများတိုင်း သူ့ကိုရုပ်ဆိုးအောင် စိတ်ထဲကနေကျိတ်ပြီး ဒဏ်ခတ်ခဲ့တာပါ။ အဖြူရောင်ကတော့ ဒါတွေကို မသိခဲ့ပါ။

ကိုယ်က ပန်းချီကားတွေ ရေးဆွဲရတာ သဘောကျသူမို့ သူက ပန်းချီဆွဲတတ်အောင် စိတ်ရှည်လက်ရှည် သင်ပေးပါသည်။ ပန်းချီဆွဲဖို့လိုအပ်တဲ့ အသုံးအဆောင်တွေကိုလဲ လက်ဆောင်ပေးခဲ့ပါသည်။ အဖြူရောင်ကြောင့် ကိုယ်အချိန်ရတိုင်း ပန်းချီဆွဲဖြစ်ခဲ့ပါသည်။ ကိုယ်ပန်းချီဆွဲတိုင်းလဲ သူကဘေးကနေ လိုအပ်တာတွေ ကိုပြောပေးနေတတ်ပါသည်။

နောက်ပိုင်းမှာတော့ ကိုယ်တို့ပြောဖြစ်ကြတဲ့ စကားတွေဟာ ပန်းချီကားတွေ အကြောင်းနဲ့ ပန်းချီပညာရှင်တွေ အကြောင်းတွေ ဖြစ်ကုန်ပါသည်။ ကိုယ်စမ်းသပ်ပြီး တောင်ခြစ်မြောက်ခြစ် ဆွဲထားတဲ့ ပန်းချီကားတွေကို သူက စိတ်ရှည်လက်ရှည် ဝေဖန်ပေးပါသည်။ လိုအပ်တာတွေကို ထပ်ဖြည့်ပြီးဆွဲပေးပါသည်။ ဒါ့ကြောင့် ကိုယ်ပန်းချီကားတစ်ချပ်ဆွဲ ပြီးတိုင်း အဖြူရောင်လေးကို သတင်းပို့ရပါသည်။ အဖြူရောင်လေးက မအားမလပ်တဲ့ကြားက အပြေးအလွားရောက် လာတတ်ပါသည်။

တခါတရံ ကိုယ်ပန်းချီမဆွဲဖြစ်တဲ့ အချိန်တွေမှာတော့ အဖြူရောင်လေးက ကိုယ့်ကို သီချင်းတွေ ဆိုပြတတ်ပါသည်။ သီချင်းတစ်ပုဒ်လုံးကို ဆိုတာမျိုးမဟုတ်ပဲ ဟိုတစသည်တစ ဆိုပြတာမျိုးပါ။ ဒါပေမယ့် ကိုယ်ကလဲ သူဘာတွေပဲဆိုဆို နားထောင်ပေးခဲ့ပါသည်။ တခါတရံ သိပ္ပံပညာရှင်တွေ အကြောင်း ကမ္ဘာကြီးအကြောင်းတွေ ထူးထူးဆန်းဆန်း သတင်းတွေကို ဖလှယ်ကြပါသည်။ အဖြူရောင်လေးက စာတော်တော်ဖတ်သူမို့ သူမသိတာမရှိသလောက်ကို ရှားပါသည်။

ကိုယ်တို့နှစ်ယောက်လုံးက အဖြူရောင်သမားတွေမို့ ဘယ်သူကမှ အရောင်ဆိုးဖို့ မကြိုးစားကြပါ။ ကိုယ်သူ့အပေါ်ဖြူသလို သူကလဲ ကိုယ့်အပေါ်ဖြူခဲ့ပါသည်။ ကိုယ်သူ့ကိုနားလည်ပေးသလို သူကလဲ ကိုယ့်အပေါ်နားလည်ပေးခဲ့ပါသည်။ ကိုယ်တန်းဖိုးထားတဲ့ အဖြူရောင်ကို သူကလဲတန်ဖိုးထားပါသည်။

တနေ့ အမှတ်မထင် စကားတွေပြောကြရင်း အဖြူရောင်လေး ကိုယ့်ကို စိတ်ဆိုးသွားပါသည်။ အငြင်းအခုန်မဖြစ်ခဲ့ပဲ ရုတ်တရက် စိတ်ဆိုးသွားတာမျိုးမို့ ကိုယ်လဲ အံ့သြနေခဲ့ပါသည်။ ပုံမှန်မှာက စိတ်ဆိုးစိတ်ကောက်ရမယ့် တာဝန်က ကိုယ့်တာဝန် သူကတစ်ခါမှ စိတ်ကောက်ခဲ့သူမဟုတ်။ ခုတော့ ပြောင်းပြန် သူက စိတ်ကောက်နေတာမို့ ဆောရီးနော်လို့ ပြန်တောင်းပန်လိုက်သည်။ သူကဘာမှပြန်မပြော စိတ်ဆိုးနေတာလားမေးတော့လဲ ငြိမ်နေပြန်သည် အဖြေက ထွက်မလာပါ။

နောက်နေ့ အဖြူရောင်လေး ကိုယ့်ဘေးက ဖြတ်သွားချိန်မှာ ကိုယ်ကဝမ်းသာအားရနဲ့ နှုတ်ဆက်တော့ သူက ခပ်တည်တည် နဲ့ ပြန်နှုတ်မဆက်ပါ။ နောက်တနေ့မှာလဲ ထုံးစံအတိုင်းခပ်းဝေးဝေးမှာ သူ့ကိုတွေ့လိုက်ရသည်။ ကိုယ်ကလဲ ပန်းချီဆွဲနေချိန် သူ့အကူအညီလဲ လိုနေချိန်မို့ အရာရာကို မေ့ထားပြီး သူ့ကိုလိုက်ခေါ်ပါသည်။ သူကအသိအမှတ်ပြုရုံ တစ်ချက်ငဲ့ကြည့်တာကလွဲလို့ ကိုယ့်ကိုအလေးမထားတော့။

ရုတ်တရက် ကိုယ်စိတ်မကောင်းဖြစ်သွားသလို အရမ်းဝမ်းနည်းလွန်းတာမို့ မျက်ရည်စက်တွေနဲ့ ပြည့်နေတဲ့ ပန်းချီကားတစ်ချပ်ကို ဆွဲရင်းအသံမထွက်ပဲ ငိုနေခဲ့ပါသည်။ ပန်းချီဆွဲပြီးတော့ ပန်းချီကားရဲ့ အောက်မှာ နေ့စွဲလေးကို မှတ်မှတ်ရရ ဆေးအနီရောင်နဲ့ တပ်ခဲ့ပါသည်။ ဒီပန်းချီကားကို ပြန်ကြည့်တိုင်း အဖြူရောင်လေးရဲ့ စိမ်းကားမှုကို အမှတ်ရနေချင်ပါသည်။

နောက်နေ့နောက်နေ့ တွေမှာလဲ ကိုယ်နဲ့မလှမ်းမကမ်းမှာ အဖြူရောင်လေးကို တွေ့တွေ့နေပါသည်။ ကိုယ့်ကိုတော့ သူလာပြီးမနှုတ်ဆက်တော့ပါ။ စကားတွေ မပြောတော့ပါ။ သီချင်းတွေ မဆိုပြတော့ပါ။
ကိုယ်ကလဲ အရင်တုန်းကလို သူ့ကို မျက်မှန်ထူကြီး မတပ်ပေးတော့ပါ။ မုတ်ဆိပ်မွှေး နှုတ်ခမ်းမွှေးတွေ မတပ်ပေးတော့ပါ။ အမှတ်မရှိ မနှုတ်ဆက်တော့ပါ။ တိတ်တိတ်လေးပဲ ထိုင်ကြည့်နေလိုက်ပါသည်။ ပန်းချီကားတွေ ထိုင်ဆွဲနေလိုက်ပါသည်။

တစတစနဲ့ အဖြူရောင်လေး ကိုယ့်အနားကလွင့်ပါး ပျောက်ကွယ်သွားပါသည်။ ကိုယ်သတိထားမိတဲ့ အချိန်မှာတော့ အဖြူရောင်လေးက တိမ်တိုက်လေး တစ်ခုဖြစ်သွားပါသည်။ လေတိုက်တိုင်း လွင့်ကနဲ လွင့်ကနဲပါသွားပါသည်။ နီးလာလိုက် ဝေးသွားလိုက်နဲ့ ကိုယ့်မြင်ကွင်းအောက်က ပျောက်ကွယ်သွားပါသည်။

တခါတရံ တိမ်တိုက်လေး ဘယ်သူတွေနဲ့ နှုတ်ဆက်နေလဲ ဘယ်သူတွေကို လိုက်ကူညီနေလဲ ဘယ်သူတွေကို သီချင်းတွေ လိုက်ဆိုပြနေလဲ ဆိုတဲ့ အတွေးတွေနဲ့ ရင်ထဲမှာ ရှတတ ခံစားရပါသည်။
ဒါပေမယ့် သူက အဖြူရောင်မို့ ကိုယ့်အတွက် အမြဲဖြူနေမှာသေချာပါသည်။ အဖြူရောင်လေးအတွက် အဖြူရောင် ခံစားချက်တွေကလွဲလို့ ကိုယ့်ဆီမှာ ဘာမှ မကျန်ရစ်ခဲ့တာတော့ သေချာပါသည်။

ကိုယ်ကတော့ သူ့ကိုပေးနေကျ တန်ဘိုးတွေကို ဆက်ပြီးပေးထားနေဆဲ။ ဆက်ပြီးလေးစားနေဆဲ။
သူ့ကို သူများတွေ အရောင်ဆိုးပစ်မှာ စိတ်ပူနေဆဲ။ သူ့ရဲ့ ရှိရင်းစွဲ ဂုဏ်သိက္ခာတွေ ပွန်းပဲ့သွားမှာ စိုးကြောက်နေဆဲ။ သူပြန်လာမယ့် အချိန်တွေကို စောင့်နေဆဲ။



0 comments:

My Blog List