
ကမ္ဘာ့စီပွားပျက်ကပ်အကြောင်း နေရာတိုင်းမှာကြားနေရတာ တော်တော်ကြာနေပါပြီ။
ကုမ္ပဏီတွေ ဖျက်သိမ်းတာတွေ ဝန်ထမ်းတွေလျှော့ချတာတွေလဲ ဟိုမှာဒီမှာ ပြောနေကျပေမယ့် အတိအကျ မမြင်မတွေ့ရတာမို့ မယုံကြည်ခဲ့ပါ။
ဒီနေ့တော့ သူငယ်ချင်းတစ်ယောက် ဖုန်းဆက်လာတာမို့ မယုံလို့မရတော့ပါ ပိုပြီးထူးဆန်းတာက ဟိုတယ်တစ်ခုတည်းက ဝန်ထမ်းတစ်ထောင်ကို တစ်လအတွင်း အလုပ်ကနေထုတ်ပစ်လိုက်ဖို့ စီစဉ်ထားတာမို့ပါ။ အတ္တလန်တစ်ဟိုတယ် ဖွင့်လှစ်ခဲ့တာဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဆိုရင် ၆ လတိတိ ပြည့်ပါပြီ။ Employee Contract တွေအရဆိုရင် ၆လ ပြည့်ပြီးရင် ဝန်ထမ်းအားလုံးဟာ အစမ်းခန့်ကနေ အမြဲတမ်းဝန်ထမ်းတွေ ဖြစ်တော့မှာပါ။ ဒါ့ကြောင့် ၆လ မပြည့်ခင်မှာ ဝန်ထမ်း တစ်ထောင်ကျော် လျှော့ချဖို့ စီစဉ်ခဲ့တာပါ။
ဒူဘိုင်းမှာနောက်ဆုံးဖွင့်ခဲ့တဲ့ ကြယ်ခုနစ်ပွင့် အဆင့်ရှိတဲ့ ဇိမ်ခံဟိုတယ်ကြီးက ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ ပထမ အဆင့်အနေနဲ့ ဝန်ထမ်း ၁၀၀ ကျော်ကို ကြိုတင် အသိပေးခြင်းမရှိပဲ ဝန်ထမ်းကဒ်တွေနဲ့ ယူနီဖောင်းတွေ သိမ်းလိုက်ပါတယ်။ ပြီးတော့ ၂ပတ်အတွင်းမှာ သက်ဆိုင်ရာ နိုင်ငံတွေကိုပြန်ပို့ဖို့ စီစဉ်နေပါတယ်။ ဝန်ထမ်းအများစုက ကင်ညာလူမျိုးတွေနဲ့ သီရိလင်္ကာနိုင်ငံသားတွေ ဖြစ်ပါတယ်။ အလုပ်ဖြုတ်ခံရတဲ့ အထဲမှာ ဒါရိုက်တာကစလို့ အဆင့်ပေါင်းစုံသော ဝန်ထမ်းတွေပါပါတယ်။ လေယာဉ်လက်မှတ်ကလွဲလို့ သူတို့မှာ ဘာအကျိုးခံစားမှုမှ မရှိပါဘူး။ ရင်နာစရာပါ။

ပြန်မလွှတ်ပဲ ကျန်နေတဲ့ဝန်ထမ်းတွေကလဲ လစာ အပြည့်မရတော့ပါဘူး လစာမဲ့ခွင့်တွေ ယူခိုင်းပြီး အဆောင်မှာ ပေးနားထားလို့ပါ။ တစ်လမှာ တစ်ပတ် ဆယ်ရက်လောက် လစာမဲ့ခွင့် တွေယူခိုင်းတယ်လို့ ကြားရပါတယ်။
မြန်မာဝန်ထမ်းတွေကတော့ ကံကောင်းနေပါသေးတယ်လို့ ဆိုလို့ရပါတယ်။ မြန်မာဝန်ထမ်းတွေကို မြန်မာပြည်ကိုပြန်လွှတ်မယ်ဆိုရင် လေယာဉ်လက်မှတ်ဈေနူန်းတွေက တွေက အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ၂ဆကျော်ကျော်လောက် ပိုများလို့ပါ။ ဒူဘိုင်းကနေ ရန်ကုန်ကို လက်ရှိပြေးဆွဲနေတဲ့ လေကြောင်းလိုင်းက ၂လိုင်းပဲရှိပါတယ်။ စင်္ကာပူလေကြောင်းလိုင်းနဲ့ ထိုင်းလေကြောင်းလိုင်းပါ။ လေယာဉ်လက်မှတ်တွေကလဲ အခြားနိုင်ငံတွေနဲ့ စာရင် ၂ဆလောက် ကိုကွာပါတယ်။ ဒါ့ကြောင့် အတ္တလန်တစ်ဟိုတယ်က ဖြုတ်ပစ်ခဲ့တဲ့အထဲမှာ မြန်မာဝန်ထမ်းတစ်ယောက်စ နှစ်ယောက်စ ပဲပါပါတယ်။ မြန်မာပြည်ရဲ့ ဆင်းရဲလွန်းလှတဲ့ ပို့ဆောင်ဆက်သွယ်ရေးစနစ်ကို ဒီအချိန်မှာ ကျေးဇူးတင်သင့်ပါတယ်။
အခုဝန်ထမ်းတွေ အများဆုံးလျှော့ချပစ်ခဲ့တဲ့ အတ္တလန်တစ်ဟိုတယ်ဟာ ဒူဘိုင်းမှာ ၂၀၀၈ စက်တင်ဘာလ ၂၄ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ ကမ္ဘာ့အလှဆုံး ကြယ်ခုနစ်ပွင့် အဆင့်မှီတဲ့ ဟိုတယ်အသစ်စက်စက်လေးပါ။
အခန်းခငှားခ ဈေးနှုန်းကလဲ တစ်ခန်းကို အမေရိကန်ဒေါ်လာ ၂၆၀၀၀ ရှိပါတယ်။ အဲဒီဈေးနူန်းမှာ တစ်ညတာ တည်းခိုစရိတ်နဲ့ မနက်စာ ဘရိတ်ဖတ် ပဲပါပါတယ်။ လက်ရှိ ဝန်ထမ်း အင်အားကတော့ သုံးထောင်ကျော်
ရှိပါတယ်။ အခုလို အချိန်မျိုးမှာတောင် ဧည့်သည်က တနေ့ကို ၇၀၀ ကျော် ၈၀၀ နီးပါးရှိနေပါသေးတယ်။

အတ္တလန်တစ်ဟိုတယ်ဟာ ဒူဘိုင်းက နာမည်ကြီး Man-made Island တစ်ခုဖြစ်တဲ့ Palm Jumeirah မှာတည်ဆောက်ထားတာပါ။
အတ္တလန်တစ်ဟိုတယ်ဟာ ဟိုတယ်နာမည်နဲ့ လိုက်ဖက်အောင် မွမ်းမံပြင်ဆင်ထားတဲ့ ဟိုတယ်တစ်ခုပါ။
၁၁၃ ဧက အကျယ်အဝန်းရှိတဲ့ အပန်းဖြေ ဟိုတယ်ဟာ အခန်းပေါင်း ၂၀၀၀ ပြည့်အောင် ဆောက်လုပ်မှာဖြစ်ပြီး လောလောဆယ် မှာတော့ ဧည့်သည်ပေါင်း တစ်ထောင့်ငါးရာ ကျော်လောက်ကို လက်ခံနိုင်ပါတယ်။ အတ္တလန်တစ် သမုဒ္ဒရာထဲမှာ ရှိရှိသမျှရေသတ္တဝါ တွေအားလုံးကို အတ္တလန်တစ် ဟိုတယ်မှာ တစုတစည်းတည်း တွေ့နိုင်ပါတယ်။ Dolphin ကစလို့ ရှားပါးရေသတ္တဝါတွေ အဆုံးအတ္တလန်တစ်ဟိုတယ်မှာ ခုလိုတွေ့နိုင်ပါတယ်။




ဟိုတယ်ကို ဒေါ်လာ ၂၀ဘီလျှံအကုန်အကျ ခံပြီးဖွင့်လှစ်ခဲ့တာပါ။ ဟိုတယ်ဖွင့်ပွဲမှာ မီးရူးမီးပန်းတွေ ဖောက်ခဲ့တဲ့စံချိန်ဟာ ဂရင်းနစ်မှတ်တမ်းမှာ နောက်ဆုံးစံချိန်ကို ချိုးခဲ့ပါတယ်။ ဟိုတယ်ဖွင့်ပွဲမှာ၂၀၀၈ခုနှစ် တရုတ်ပြည်မှာကျင်းပခဲ့တဲ့ အိုလံပစ် ပြိုင်ပွဲမှာ ဖောက်ခဲ့တဲ့ မီးပန်းတွေရဲ့ ၁၃ ဆတိတိကို သုံးခဲ့ပါတယ်။ မီးပန်းဖောက်ဖို့ အမေရိကန်ဒေါ်လာ ၃ မီလျှံလောက် သုံးခဲ့ပါတယ်။

ဒီကမ္ဘာ့စီးပွားပျက်ကပ်ရဲ့ နောက်ကွယ်မှာ ဒူဘိုင်းမှာ နေထိုင်စားသောက်ရတာ အရင်လို လုံခြုံမှု အပြည့်အဝ မရှိတော့ပါဘူး။ တနေ့တခြားတိုးပွားလာတဲ့ အလုပ်လက်မဲ့ တွေကြောင့် စားသတိ သွားသတိနဲ့ နေနေရပါတယ်။
လွန်ခဲ့တဲ့နှစ်ပတ်လောက်ကလဲ မြို့ထဲမှာ သူငယ်ချင်းရဲ့ အခန်းဖော်တစ်ယောက် ပိုက်ဆံလုခံရပါတယ်။
တချိန်တည်းမှာပဲ မြန်မာသူငယ်ချင်းသုံးယောက် အလိမ်ခံရပါတယ်။ သူတို့သုံးယောက်က နားရက်မှာ ရန်ကုန်ပြန်ဖို့ လေယာဉ် လက်မှတ်ဝယ်ပါတယ်။ အရင့်အရင်က သူငယ်ချင်းတွေ ဝယ်ခဲ့ဘူးတဲ့ ကုမ္ပဏီမှာ ဝယ်ပါတယ်။ အဆင့်မြင့် ဝန်ဆောင်မှုဖြစ်တဲ့ Home Delivery စနစ်နဲ့ သူတို့တွေဆီကို ကုမ္ပဏီက ဝန်ထမ်းက လေယာဉ်လက်မှတ် လာပေးပါတယ် E-Ticket ပါ။ ခရီးသွားမယ့်နေ့မှာ ဖုန်းဆက်ပြီးတော့ လေယာဉ် ခရီးစဉ် Cancle ဖြစ်ကြောင်းပြောလာပါတယ်။နောက်နေ့တွေမှာတော့ အဲဒီလူဆီ ဖုန်းဆက်တော့ ဖုန်းမကိုင်တော့ပါဘူး နောက်ဆုံးမှာတော့ ဟိုမေးသည်မေးနဲ့ ရဲစခန်းကိုပါ ရောက်သွားပါတယ်။ ရဲစခန်းမှာကလဲ အဲဒီကုမ္ပဏီကို လာတိုင်ထားတဲ့ အမှုတွဲတွေက တပုံတပင်ပါပဲ။
အမှန်ကတော့ ကုမ္ပဏီက ဒီဇင်ဘာလ ကတည်းက ဖျက်သိမ်းသိမ်းသွားတာပါ။ ဝန်ထမ်းတွေက အခွင့်အရေးယူပြီး ကုမ္ပဏီက ငွေလက်ခံဖြတ်ပိုင်းတွေနဲ့ ဘွတ်ကင် တင်ရင်ရလာတဲ့ စာရွက်တွေကို သုံးပြီး လူမျိုးပေါင်းစုံကို လိမ်ခဲ့တာပါ။ ရဲကသိလို့စလိုက်တဲ့ အချိန်မှာတော့ သူတို့တွေဟာ အီရန်ကိုရောက်နေပါပြီ။
မြန်မာပြည်ကိုပြန်ချင်လွန်းလှတဲ့ သူငယ်ချင်းတွေကတော့ ဒုတိယအကြိမ် လေယာဉ်လက်မှတ် ထပ်ဝယ်ပြီးပြန်သွားကြပါတယ်။ လေယာဉ်လက်မှတ် အတွက် တစ်ယောက်ကို ၂၂ သိန်း နီးနီးသုံးလိုက်ရပါတယ်။ ဒါတောင် သူတို့ပြန်တဲ့ အချိန်မှာ ဈေးနူန်းတွေက တော်တော်လေးကျနေလို့ပါ။
ဒူဘိုင်းမြို့မှာ စီးပွားပျက်ကပ်ကြောင့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အပါအဝင် ဘဏ်တွေလဲ တော်တော်လေး ဆိုးဆိုးရွားရွား အခက်ကြုံနေကြပါတယ်။ တနိုင်ငံလုံး ထိုးထိုးထောင်ထောင်နဲ့ ဆောက်လက်စ ပရောဂျက်တွေ အများကြီးရှိတာမို့ အရင်ဆုံးအခက်ကြုံခဲ့တာ ဆောက်လုပ်ရေးလုပ်ငန်းတွေပါ။ အကြီးဆုံးဆိုတဲ့ ကုမ္ပဏီတွေက အထိနာဆုံးပါ။ ဒူဘိုင်းမြို့ကို စွန့်ခွာကြသူတွေရဲ့ ကားတွေ လေဆိပ်မှာ တောင်လိုပုံနေပါတယ် လို့သူငယ်ချင်း တစ်ယောက်ကလဲ ပြောပါတယ်။
တနေ့တနေ့ သတင်းတွေ နားစွင့်ရင်း စိတ်မချမ်းသာရပါဘူး။ အခြားအခြားသော ဟိုတယ်တွေ ကုမ္ပဏီတွေ မှာလဲ အခုလို လူလျှော့တာတွေ ပြန်လွှတ်တာတွေ ကြားနေ မြင်နေရပါတယ်။နေ့စဉ်နဲအမျှ ကမ္ဘာနဲ့ အဝှမ်းမှာ ဖြစ်နေတာတွေကို ရင်နာနာနဲ့ လက်ပိုက်ကြည့်နေရပါတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းတွေရဲ့ သတင်းတွေကိုလဲ ရင်တထိတ်ထိတ်နဲ့ စုံစမ်းနေရပါတယ်။
ဘယ်နေ့မှာ ကိုယ့်အလှည့်ရောက်လာမလဲ ဆိုတာလဲ စိုးတထိတ်နဲ့ စောင့်စားနေရပါတယ်။
လောလောဆယ်တော့ သတင်းပေးတဲ့ သူငယ်ချင်းမလေးရဲ့ သူငယ်ချင်းတွေအတွက် ဒူဘိုင်းမှာရှိသမျှ Vacancy တွေကို ရှာဖွေပေးနေရပါတယ်။ တချိုတချို့သော ကုမ္ပဏီတွေကတော့ ခုချိန်ထိ ဝန်ထမ်းတွေ ခေါ်နေတုန်းပါပဲ။
လူပေါင်းတစ်ထောင် ဘဝပေါင်းတစ်ထောင် အဲဒီတစ်ထောင်ရဲ့ နောက်ကွယ်မှာ မှီခိုနေရှာတဲ့ ဘဝဘဝ တွေများစွာအတွက် စိတ်မကောင်းခြင်းကြီးစွာနဲ့ ဒီနေ့မှာ မစားနိုင်မအိပ်နိုင်.....
ရင်မောစေတဲ့ အတွေးတွေ တသီကြီးနဲ့....
3 comments:
ဒူဘိုင်းက အကြောင်းတွေကို အတော်များများက မသိကြပါဘူး... ခုလို ရေးသားဖော်ပြပေးတဲ့အတွက် ပိုသိကြရတာပေါ့... ရေးပါဦး... ခုလည်း ကျနော့် ဘလော့မှာ ပြန်ရှဲထားပေးပါတယ်...
ညီမလေး နှင်းရေ...
ရင်မောရတာတွေ ..နားလည်ပေးနိုင် ပါတယ်..
.........
ဒါပေမဲ့...အနည်းဆုံး တော့..ညီမလေး တို့ အနေနဲ့
ကိုယ့်မိသားစု အတွက်...အထောက်အပံ့ ပေးခဲ့ နိုင် တယ်..
နိုင်ငံ တော် အတွက်..အခွန်..ဆောင်ပေးခဲ့ နိုင်တယ်..
......
ဒါပေမဲ့ ..ပြည် တွင်းထဲ..မှာ..ဆို
ထမင်း တစ်ထပ် စား ဖို့ အရေး...အသား လေး..
ငါးလေး ဆိုတာဝေး လို့.....ငပိရည် နဲ့... အသီးအရွက်လေး
တွေ အတွက် တောင် ရတက်ပွေ နေရတဲ့ ..ဘ၀ တွေ..
သိန်း ပေါင်း မြောက် များ စွား ရှိပါ တယ်...
ညီ မတို့...တိုက် ခန်း ကောင်းကောင်း ၀ယ်နိုင် ဘို့..
ကားကောင်းကောင်း စီး နိုင် ဘို့..
ကြိုးစားနေကြချိန်မှာ..အ၀တ်လေး တစ်စ အတွက်..
ထမင်းလေး တစ်လုပ် အတွက်..
နာရီပေါင်း များ စွာ..ချွေးထွက် ရုန်း ကန်နေရ တဲ့သူ တွေ
ဒုနဲ့ ဒေး ဆိုတာတွေ...မမေ့ နဲ့.. လေ နော်...
အဆင်ပြေ ပါစေ.....
ပြီးတော့...အစ်မ..အသိတစ်ယောက် ကမေးလ်ပို့လာဖူးတယ်
သူက ..ဗြိတိသျှ လူမျိုး အမျိုးသမီး တစ်ယောက်ပါ..
မကြာခင်လေးကမှ..ဒူဘိုင်း ကို တာဝန်နဲ့ ပြောင်းသွား တာ..
သူ ကဘာပြောသလဲ ဆိုတော့...
သူမြန်မာပြည်မှာ..နေခဲ့ တုန်းက ..မြန်မာပြည်ဟာ
လက်ရှိကမ္ဘာကြီးရဲ့ နောက်မှာ..နှစ်ပေါင်း ၁၀၀ လောက် နောက်ကျ နေသလိုမျိုး..ခံစား ခဲ့ ရပြီးတော့...သူဒူဘိုင်း ကိုရောက်သွားတော့..
ခေတ်ရှေ့ ကို..နှစ်ပေါင်း ၁၅၀ လောက် ကြိုရောက်နေသလို ခံစား ရပါ သတဲ့.......အဲဒါ သူ က တိုးတက်ပြီးသားးတိုင်းပြည်က
ပြည်ကြီးသူ.......
မမ ပြောချင် တာကတော့...
ကမ္ဘာ့စီပွား ပျက် ကပ်ကြောင့် ထိ ခိုက် တာ ဟာ...ကမ္ဘာ့ လူသား
အတော် များများ ပါ....ညီမ တို့ လို ..လူနည်းစု...တင် ထိတာ မဟုတ်ပါဘူး...
သူများတွေ နဲ့စာ ရင်...ဒူဘိုင်း က လူတွေက..
သိပ်မပြော ပလောက် ဘူး ထင် တာပဲ...နော်...
ကမ္ဘာ့ စီးပွားပျက် ကပ် မဆိုင် ခင် ထဲက..
ဘ၀ ပျက်နေသူတွေ..
မြန်မာပြည်မှာ..အများ ကြီး ရှိခဲ့ ပါတယ်..ကွယ်...
Post a Comment