"အချိန်နှင့် ဒီရေသည် လူကိုမစောင့်"
"အချိန်ရှိခိုက် လုံ့လစိုက်"
"လသာတုန်းဗိုင်းငင်"
"မိုးလွန်မှထွန်ချ"
"အချိန်သည် အကောင်းဆုံးသမားတော်"
အချိန်နဲ့ ပက်သက်တဲ့ စကားပုံပေါင်းများစွာကို နေ့စဉ်နဲ့အမျှ ကြားနေ သိနေ မြင်နေရပါသည်။
အထူးသဖြင့် အချိန်ကို လူကစောင့်နေရပြီး အချိန်ကတော့ လူကိုနည်းနည်းလေးမှ မစောင့်ခဲ့ပါ။
စာမေးပွဲဖြေထားတဲ့ သူက အောင်စာရင်းကိုစောင့်ရသည်။
အင်တာဗျူးဖြေထားတဲ့သူက ဘုရားစာတွေရွတ်ရင်း အဖြေကို စောင့်ရသည်။
ဆေးစစ်ထားသူက ဆေးအဖြေကိုစောင့်နေရသည်။
အလုပ်သွားမယ့်သူကအဆင်သင့်ပြင်ပြီး ဘတ်စကားကိုစောင့်ရသည်။ မီးရထားကိုစောင့်ရသည်။
ခရီးသွားမယ့်သူက လေယာဉ်ထွက်မဲ့ အချိန်ကို နှစ်နာရီထက်မနဲ စောပြီး စောင့်နေရသည်။
ဘဝတလျှောက်လုံးမှာ စောင့်စားရင်း ကုန်လွန်ခဲ့တဲ့ အချိန်တွေ တစတစ စုထားခဲ့ရင် အချိန်ပင်လယ် သမုဒ္ဒရာ ကြီးတောင် ရလောက်ပါသည်။
ငယ်စဉ်ဘဝတုန်းက ပညာတတ်တစ်ယောက်ဖြစ်ဖို့ လူကြီးဖြစ်ဖို့ အချိန်တွေကို အမြန်ကုန်အောင် ဆုတွေတောင်းနေရသည်။
လူလတ်ပိုင်းရောက်ပြန်တော့လဲ ရာထူးရာခံဖြစ်ဖို့ ကိုယ်ပိုင်အိမ်ရာ ထူထောင်နိုင်ဖို့ အချိန်နဲ့အမျှ ကြိုးစားရုန်းကန်ရင်း အချိန်တွေ ကုန်လွန်သွားတာ သတိမထားမိကြ။
အသက်နည်းနည်းရလာတော့ ပင်စင်စားဘဝကိုရောက်မှာ ကြောက်လာပြန်သည်။
နားနားနေနေ နေရတော့မှ အချိန်တွေ အကုန်မြန်လိုက်တာ ဆိုတာကို သတိထားမိလာကြသည်။
ရောဂါတွေနဲ့ စစ်ခင်းရင်း သေမင်းကို ကြောက်အားလန့်အားနဲ့ မေ့ချင်ဟန်ဆောင်လာကြသည်။
ငယ်စဉ်ဘဝလေးတွေကို တွေးတွေးပြီး လွမ်းတတ်လာသည်။ ငယ်မူပြန်ချင်လာကြသည်။
မိမိဘဝမှာဖြတ်သန်းခဲ့ရသမျှ အချိန်တိုင်းသည် တန်ဖိုးရှိခဲ့ပါသည်။
လူငယ်တွေက နူပျိုခြင်းကို မက်မောကြသည်။ ရုပ်ပိုင်းဆိုင်ရာ နူပျိုမှုကို မက်မော သာယာကြသည်။ ငယ်ရွယ်မှုကို ဂုဏ်တစ်ရပ်အဖြစ် မှတ်ယူကာ မော်ကြွားချင်ကြသည်။ အသက်တွေ ကြီးလာမှာကို မလိုချင်ကြ။
အသက် အစိတ်ပိုင်းကို ဖြတ်ကျော်လာလျှင် အချိန်တွေကို မေ့ပစ်ချင်လာသည်။ နှုပျိုမှုတွေ ပျောက်ကွယ်ကုန်မှာ စိုးရိမ်တတ်လာသည်။ အသက်မေးရင် မဖြေချင်ကြတော့။
အရွယ်သုံးပါးတွင် အချိန်တိုင်းအရွယ်တိုင်းသည် တန်ဖိုးအသီးသီးရှိပါသည်။
ပထမအရွယ်တွင် ငယ်ဂုဏ်ငယ်သွေး အရ အသိဥာဏ်ပညာအရ လန်းဆန်းတက်ကြွ လိုတရဘဝလေးများကို ပိုင်ဆိုင်တတ်ကြပါသည်။ ကောင်းသောအချိန် GOOD လို့ပြောလို့ရပါသည်။
ဒုတိယအရွယ်တွင်မူ လေးနက်တည်ငြိမ်မှု စဉ်းစားတွေးခေါ်မြော်မြင်မှုများဖြင့် အဓိပ္ပါယ်ပြည့်စုံသော ဘဝများကို ပိုင်ဆိုင်လာတတ်ပါသည်။ သာလွန်ကောင်းမွန်သော အချိန် BETTER ပါ။
တတိယအရွယ်တွင်မူ ဘဝတစ်ခုလုံး၏ အနှစ်သာရအစစ်အမှန်များကို လက်တွေ့ကျကျ သိမြင် လမ်းညွှန် ကျင့်သုံးရန် အခွင့်အရေးများကို ရလာပါသည်။ ဘဝ၏နေဝင်ချိန်ဟု လွဲမှားစွာ ယူဆထားတတ်သော တတိယ အရွယ်သည် ဘဝ၏အဆီအနှစ်များ စုစည်းထားသော အချိန်ကောင်းဖြစ်ပါသည်။ အကောင်းဆုံး အချိန် BEST ပါ။
ဝိုင်အရက်တွင် သက်တမ်းမြင့်ဝိုင်အရက်သည် အကောင်းဆုံးဖြစ်ပါသည်။
သက်တမ်းရင့်ဝိုင် ကောင်းကောင်းသောက်ရန်အတွက် အချိန်ပေးပြီး သိုလှောင်သိမ်းဆည်းထားရပါသည်။
ကော်ဖီတွင်လဲ သက်တမ်းရင့်ကော်ဖီသည် ပိုပြီး အနံ့အရသာပြည့်စုံပါသည်။
အနံ့အရသာနှင့် ပြည့်စုံသော သက်တမ်းရင့် ကော်ဖီရရန်အတွက် ကော်ဖီကို ငါးနှစ်မှ
ဆယ်နှစ်အထိ သိမ်းဆည်း သိုလှောင်ထားရပါသည်။
တတိယအရွယ်သည် အောင်မြင်မှု ပြည့်စုံမှု ဥာဏ်ပညာ အရာတွင် သာလွန်ကောင်းမွန်သော အရွယ်ဖြစ်ပါသည်။ အုပ်ချုပ်မှုစွမ်းရည် စီမံခန့်ခွဲမှု စွမ်းရည် အကောင်းဆုံးအချိန် ဖြစ်ပါသည်။ ဘဝတလျှောက် ဖြတ်သန်းခဲ့သော အတွေ့အကြုံများကို အခြေခံပြီး အမှားအမှန် ဝေဖန်ခွဲခြားနိုင်လာကြပါသည်။
နိုင်ငံတကာတွင် တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူများ၊ နိုင်ငံ၏ ကြီးမားသောတာဝန်များကို ယူထားရသူများမှာ အသက်ငါးဆယ်ကျော် ခြောက်ဆယ် တတိယ အရွယ်များဖြစ်ကြပါသည်။
ကမ္ဘာ့ခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် အများစုကို တတိယ အရွယ်တွင်တွေ့ရပါသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကြီး ဘန်ကီမွန်းက အခုဆို အသက် ၆၅ နှစ်နီးနီးပါ။ အခြားအခြားသော နိုင်ငံ့ခေါင်းဆောင်များကိုလဲ ထို အသက်အရွယ်ပိုင်းတွင်တွေ့ရပါသည်။
ငယ်ရွယ်စဉ်ကပိုင်ဆိုင်ထားသော နူပျိုခြင်းဖြင့် လက်တွေ့ဘဝ တည်ဆောက်ရန် မဖြစ်နိုင်၊ ဒုတိယအရွယ်တွင် ရရှိလာသော တည်ငြိမ်မှု ရင့်ကျက်မှု အသိဥာဏ်ပညာ ထပ်လောင်းမှသာ ပြည့်စုံသော ဘဝတစ်ခု ဖြစ်လာနိုင်ပါသည်။
ဒါပေမယ့် ဒုတိယ အရွယ်တွင်လဲ အမှားပေါင်းများစွာ အခက်အခဲပေါင်းများစွာ ကြုံတွေ့နိုင်ပါသေးသည်။
အတွေ့အကြုံရှိသော်ငြား မရင့်ကျက်သေး၊ ရင့်ကျက်လာသော်ငြား အပြည့်အဝ မတည်ငြိမ်သေး။ ဆုံးဖြတ်ချက်ချနိုင်သော်ငြား မရေရာသေး၊ အထက်လူကြီး မိမိထက် ဝါရင့် အတွေ့အကြုံရင့်သူများ၏ အကူအညီကို ယူနေရဆဲပါ။
ပထမအရွယ် ဒုတိယအရွယ် တတိယအရွယ်ကို တိတိကျကျ မြင်သာအောင် ရှုမြင် သုံးသပ် ဆုံးဖြတ်လို့လဲ ရပါသေးသည်။
အချိန်နှင့်အတူ ဘဝတွေပြောင်းလဲနေတတ်ပါသည်။ သိသိသာသာ တွေ့နိုင်သော အပြောင်းအလဲတချို့ ဘဝတချို့ အထူးသဖြင့် အချိန်၏ အဆုံးအဖြတ်အောက်မှ အပြောင်းအလဲများ......
သာမန်ရဟန်းတပါးနှင့် ကျောင်းထိုင်ကိုယ်တော် ကြားကကွာခြားချက်တွေ
ကျောင်းဆရာနှင့် ကျောင်းအုပ်ဆရာကြီး....
သာမန် တပ်သားတစ်ဦးနှင့် ဗိုလ်ချုပ်တစ်ဦး...
အလုပ်သင်ဆရာဝန်နှင့် အထူးကုသမားတော်ကြီး...
အင်ဂျင်နီယာပေါက်စ နှင့် စီမံကိန်းအင်ဂျင်နီယာ...
စာချစ်သူတွေ ဖြည့်စွက်စဉ်းစားစရာတချို့လဲ ရှိပါသေးသည်။
ဥပမာ- နာမည်ကျော် လူငယ်စာရေးဆရာ မောင်ကောင်းသန့် ဘာသာပြန်သော ပုံပြင်စာအုပ်နှင့် ဆရာ ချစ်စံဝင်း ဘာသာပြန်သော ပုံပြင်စာအုပ် ဘယ်စာအုပ်ကိုရွေးချယ် ဖတ်ချင်ကြမလဲ။
ဆရာချစ်စံဝင်း ဘာသာပြန်သော စာအုပ်နှင့် ဆရာကြီး မြသန်းတင့် ဘာသာပြန်သော လေရူးသုန်သုန်စာအုပ် ရွေးချယ်ရန် အခွင့်အရေး ကြုံလာရင်ရော ဘယ်စာအုပ်ကို ရွေးချယ်မလဲ။
လူငယ် Best Seller စာရေးဆရာ ရေးသောအချစ်ဝတ္တုနှင့် ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ရေးသော အချစ်ဝတ္တု ဘယ်စာအုပ်ကို ရွေးချယ်ပြီး ဖတ်ချင်ကြမလဲ။
အမေ လူထုဒေါ်အမာ ရေးတဲ့ စာအုပ်ကို မြန်မာပြည်က Best Seller စာရေးဆရာမ ချောချောလေးရေးတဲ့ စာအုပ်တွေနဲ့ ယှဉ်ပြီး ဖတ်ချင်ကြမလား။
အချိန်သည် လူကိုစားပါသည်...
သို့သော် လူသည် အချိန်ကို စနစ်တကျ ပြန်ပြီး စားသောအခါ...
ပိုပြီး တိုးတက်လာပါသည်။
ပိုပြီး ရင့်ကျက်လာပါသည်။ ပိုပြီးစဉ်းစားတွေးခေါ် တတ်လာပါသည်။ ပိုပြီးစီမံခန့်ခွဲတတ်လာပါသည်။
လူ့ဘဝတွင် အသက်ကြီးလာတာနဲ့အမျှ တန်ဖိုးတက်လာပါသည်။ အဓိပ္ပါယ် ပြည့်စုံလာပါသည်။
သို့ဖြစ်ရာ တန်ဖိုးရှိသော အချိန်များဖြင့် မိမိတို့၏ အဖိုးတန်ဘဝများကို တည်ဆောက်နိုင်ကြပါစေဟု ဆန္ဒပြုရင်း ...
3 comments:
ပို့စ်တွေက လုံးဝအနှစ်သာရပါပြီး တွေးစရာတွေ ပေးတယ် ။ ကျနော်အရောက်နောက်ကျတယ်လို့တောင်ပြောလို့ရနေပြီး နှင်း က အလည်ခေါ်ပေမယ့် တစ်ခါမှ လင့်မထားခဲ့တော့မသိ ။
ကျနော်တော့ အတိတ်က ပျော်စရာတွေကိုတွေးတယ် ပစ္စုပန်မှာ အဆင်ပြေအောင်ကြိုးစားပြီး အနာဂတ်ကိုတော့ plan မဆွဲဘူး ကိုယ်ဖြစ်ချင်တာ ဖြစ်မလာတာတွေများတော့ စိတ်ဓာတ်ရာတွေများလို့ဗျ။ အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်လာတာလည်း အမှန် ထို့အတူ စိတ်ညစ်စရာတွေများလာတာလည်း အမှန်ပါပဲး) ။
ညီမလေး နှင်းရေ..
တွေးစရာလေး တွေ ဖတ်ပြီးတွေးသွားပြီ..
ရေးထားတာတွေထဲက တချို့ကို မှတ်သားသွားပါတယ်။
အားပေးလျက်ပါ။
Post a Comment