အမှိုက်ဖြစ်သွားသော သံယောဇဉ်အပိုင်းအစလေးများ

လောကမှာရှိတဲ့ သူတိုင်းသံယောဇဉ်နဲ့မကင်းကြပါ။Align Left
မြန်မာစကားစစ်စစ်တွေ ဖြစ်တဲ့ စိတ္တဇနာမ်တွေလဲ ဖြစ်တဲ့ အချစ် အမုန်း မေတ္တာ သစ္စာ စေတနာ မုဒိတာ အကြင်နာ ဥပက္ခာ သံယောဇဉ် ဘာတခုမှ ကိုင်လို့မရ ထိလို့မရ ရင်ထဲကနေ ခံစားလို့ပဲရသည် ဒါပေမယ့် အားလုံးက လူတွေကို တော်တော်တော့ ဒုက္ခပေးတတ်ပါသည်။

အဆိုးဆုံးက သံယောဇဉ်...
အချစ်နဲ့ ကင်းဝေးနေသူတွေတောင် သံယောဇဉ်နဲ့ မကင်းကြပါ။
ဖြူစင်တဲ့ သံယောဇဉ် အရောင်မျိုးစုံသော သံယောဇဉ် မဆုံးနိုင်သော သံယောဇဉ်တွေ......
သံယောဇဉ် နည်းတာများတာ အထူအပါးပဲကွာပါသည်။

သူက ရစ်ပတ်တတ်သောနွယ်တမျိုးဖြစ်သလို ဖြတ်တောက်ဖို့မလွယ်တဲ့ ပိုးကြိုးပျော့ပျော့လေးတွေလဲ ဖြစ်ပါသည်။ အသည်းမာလှပါပြီဆိုတဲ့ လူပျိုကြီး အပျိုကြီးများတောင် ခွေးလေးကြောင်လေးတွေကို သံယောဇဉ်တွယ်တတ်ကြသည်။ စိုက်ထားတဲ့ သစ်ပင်ပန်းပင်လေးတွေကို သံယောဇဉ်တွယ်ကြသည်။

လူတိုင်းလူတိုင်းကလဲ မိမိဘဝမှ အမှတ်တရရှိခဲ့တဲ့ ပစ္စည်းပိစိလေးတွေ စာတိုပေစတွေ ကဒ်ပြားလေးတွေ ကိုစွဲစွဲလန်းလန်း သိမ်းဆည်းတတ်ကြသည်။

တချိန်မှာ အမှိုက်လေးတွေ ဖြစ်မှန်းမသိ ဖြစ်သွားမှာကို သတိမရကြ။ ရူးသွပ်စွာ စွဲလမ်းတကြီး သိမ်းဆည်းနေကြသည်။

တကယ်မှာကလဲ သံယောဇဉ်ဆိုတာက အဆိုးရွားဆုံးအမှိုက်တစ်ခု ဖြစ်နေပြန်ပါသည်။
သံယောဇဉ်နဲ့နွယ်တဲ့ ပစ္စည်းလေးတွေကို မလိုတော့တဲ့ အချိန်မှာလွှင့်ပစ်လို့ရနိုင်ပေမယ့် ထားခဲ့ဘူးတဲ့ သံယောဇဉ်တွေကိုတော့ လွယ်လွယ်ကူကူနဲ့ လွှင့်ပစ်လို့မရ။

ကိုယ့်လို သံယောဇဉ်တွယ်တတ်တဲ့ မိန်ကလေးတစ်ယောက်အတွက် အရာရာတိုင်းဟာ
သံယောဇဉ်တွေ ဖြစ်နေတာမဆန်းလှပါ။
ဖြတ်သန်းလာတဲ့ ဘဝတလျှောက်မှာ ရခဲ့ဘူးတဲ့ သူငယ်ချင်းတွေ နဲ့ပက်သက်တဲ့ လက်ဆောင်လေးတွေ ချစ်သူတွေနဲ့ ပက်သက်တဲ့ လက်ဆောင်လေးတွေ စာတိုစာရှည်လေးတွေ အမှတ်တရ ပစ္စည်းလေးတွေ ကိုယ်တိုင် မြတ်မြတ်နိုးနိုးနဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေကို အရမ်းကို သံယောဉ်ကြီးခဲ့ပါသည်။
တယုတယလဲ အပင်ပန်းခံပြီး သိမ်းဆည်းခဲ့ပါသည်။

ပြီးတော့ ကိုယ့်ရဲ့ အကျင့်က ဘာကိုပဲဖြစ်ဖြစ် သူတပါးကိုမပြောပြတတ် ရင်ထဲမှာပဲ သိမ်းထားတတ်ပြီး တယောက်တည်း ခံစားတတ်သူ လျှို့ဝှက်လွန်းသူ အရာတိုင်းကို လိုတာထက်ပိုပြီး သံယောဇဉ်ကြီးလွန်းသူ မို့ကိုယ့်မှာ အမှိုက်တွေက တော်တော်များခဲ့ပါသည်။

ခရီးထွက်ခါနီး နှစ်ရက်လောက်အလိုမှာ သံယောဇဉ် ရှင်းတမ်းဖွင့်ရပါသည်။ မဖွင့်လို့လဲမရတော့ပါ။ ကျွန်းဗီရိုကြီးတခုလုံး သံယောဇဉ်အမှိုက်တွေနဲ့ အပြည့် ဒါတောင် အလယ်တန်း အထက်တန်းကျောင်းသူဘဝ တုန်းက အမှိုက်တွေက သံသေတ္တာနဲ့ တစ်လုံးသတ်သတ်ရှိပြီးသား။

နှစ်ပေါင်းများစွာ အစီအစဉ်တကျ ဝယ်ယူစုဆောင်းထားခဲ့တဲ့ စာအုပ်တွေကို ဖယ်လိုက်တော့ ဗီရိုရဲ့ သုံးပုံတပုံက ရှင်းသွားပါသည်။ ပုံစံမျိုးစုံသော ပိစိသေးသေး အရုပ်လေးတွေနဲ့ ပန်းခြင်းသေးသေးလေးတွေ အမွေးနံ့မပျယ့်တပျယ် ပန်းခြောက်လေးတွေ ကို ထပ်ဖယ်လိုက်တော့ ဗီရိုရဲ့ တဝက်တိတိရှင်းသွားပြန်ပါသည်။

အလေးချိန်စီးပြီး နေရာယူတတ်သော ဒိုင်ယာရီစာအုပ်ရောင်စုံလေးတွေနဲ့ ဆိုဒ်ပေါင်းစုံသော ဓါတ်ပုံအယ်လ်ဘမ်တွေ ဖယ်လိုက်ပြန်ပါသည်။

အရောင်အသွေးစုံ အဆင်ဒီဇိုင်းအစုံလှချင်တိုင်းလှနေတဲ့ မှတ်စုစာအုပ်လေးတွေ က အုပ်၂၀ ထက်မနည်းထွက်လာပါသည်။ အားလုံးက လက်ဆောင်ရထားတာမို့ စာအုပ်တိုင်းမှာ သူငယ်ချင်းတွေရဲ့ လက်ရေးလေးတွေနဲ့ သူတို့လက်မှတ်လေးတွေကို တွေ့ရပါသည်။

ပြီးတော့ ဘယ်တုန်းကမှ မသုံးခဲ့တဲ့ ရေမွှေးပုလင်းလေးတွေ ထပ်ထွက်လာပါသည်။ တချို့ ပုလင်းတွေကအနံ့တွေတောင် ပျယ်နေပါပြီ။ ကိုယ်က ရေမွှေးအနံ့တွေနဲ့ ရန်ဖြစ်ထားသူ သဘာဝ ပန်းနံ့တွေကလွဲလို့ အနံ့တွေခံစားလို့မရ။ သူငယ်ချင်းတွေက မသိကြပါ နိုင်ငံခြားက ပြန်လာတိုင်း တကူးတက လှမ်းပို့တိုင်း ရေမွှေးပုလင်းလေးတွေကို ရွေးပြီးပို့တတ်ပါသည်။ ကိုယ်ကလဲ အားနားပါးနာနဲ့ ဘယ်တုန်းကမှ မငြင်း ရသမျှ ဗီရိုထဲထည့် သော့ခတ် ကိုယ်အမှတ်တရ ရထားတာမို့ သူများကိုလဲ ပေးမသုံး။

ဗီရိုအလယ်နားမှာရှိတဲ့ အံဆွဲ ၂ခုစလုံးကိုဖွင့်လိုက်တော့ ဗူးပေါင်းစုံနဲ့ ထည့်ထားတဲ့ နာရီရောင်စုံဆိုဒ်စုံ ပြီးတော့ နိုင်ငံတကာက ရင်ထိုးတံဆိပ်တွေ သော့ချိတ်တွေ ရွှေရောင်ငွေရောင် ဘောပင်တွေ ခဲတံတွေ ထပ်ထွက်လာပါသည်။ ကျောက်ရောင်စုံခြယ်ထားတဲ့ ရင်ထိုးလှလှလေးတွေ ဖန်စီ လက်ပတ်ကြိုးလေးတွေ ငွေလက်စွပ် သေးသေးလေးတွေ 925 ဆွဲကြိုးပျော့ပျော့သေးသေးလေးတွေ ပုလဲလော့ကတ်သီး သေးသေးလေးတွေ။ ဘာမှဆက်လုပ်လို့မရတာမို့ အမြတ်နိုးဆုံး အမှတ်တရ အရှိဆုံး ဆွဲကြိုးသေးသေးလေးတွေနဲ့လော့ကတ်သီးလေး ၂ခုကိုပဲထုတ်လိုက်ပြီး ကျန်တာတွေကို သော့ပြန်ခတ်ရပါသည်။

အောက်ဆုံးက ဗီရိုအံဝှက်လေး၂ခုကို ဖွင့်တော့ အေဖိုးဆိုဒ် အဝါရောင်စာအိတ်အရှည်လေး လေးလုံးတွေ့ရပါသည်။ သံယောဇဉ် အမျှင်အတန်းတွေက တော်တော်များနေတာကို ခုမှသတိထားမိတော့ တယောက်တည်း ပြုံးမိပါသည်။ နည်းနည်းလဲ စိတ်ဝင်စားမိတာမို့ အကုန်လုံးကို ကြမ်းပေါ်သွန်ချလိုက်ပါသည်။

အားပါးပါး ပထမနှစ် စတက်ကတည်း စပြီးစုထားတဲ့ စာတို စာရှည် စာရွက်အပိုင်းအစလေးတွေ နှစ်ပေါင်းများစွာ တယုတယ စုလာတဲ့ သံယောဇဉ် အမှိုက်ပုံကြီး။ သိမ်းထားခဲ့တဲ့ စာတွေထဲမှာ ကိုယ့်ကိုပေးထားတဲ့ ရည်းစားစာတွေပါသလို သူငယ်ချင်းတွေရဲ့ စာတွေ ပြီးတော့ ဘာတွေမှန်းမသိတော့တဲ့ စာရွက် အပိုင်းအစတွေ။

ဘောက်ချာ စာရွက်လေးနှစ်ရွက် ထွက်လာလို့ ကြည့်လိုက်တော့ တစ်ရွက်က ဘဲကင်ဆိုင်က ဘောက်ချာလေး။ သူငယ်ချင်းလဲမဟုတ် မိတ်ဆွေလဲမဟုတ် ရည်းစားလဲ မဟုတ် ဒါပေမယ့် သံယောဇဉ်ရှိခဲ့ဘူးတဲ့ ဒေါက်တာတစ်ယောက် ကုမ္ပဏီကိုဘဲကင် လာပို့ပေးတဲ့နေ့ကို သတိရလိုက်ပါတယ်။ ဘောက်ချာလေးမှာ ကိုယ်တိုင်ရေးထားတဲ့ ရက်စွဲလေး တွေ့လိုက်လို့ပါ။ သူနဲ့ပက်သက်ပြီး Petronas ကုမ္ပဏီ တံဆိပ်နဲ့ ဒိုင်ယာရီ စာအုပ်လေးကလွဲလို့ ဘာပစ္စည်းမှ အမှတ်တရ မရှိခဲ့တာမို့ ဒီဘောက်ချာလေးကို သေသေချာချာ သိမ်းထားဖြစ်ခဲ့တာကိုလဲ မှတ်မိနေပါတယ်။

နောက်ဘောက်ချာလေး တစ်ရွက်က နာရီဝယ်တဲ့ ဘောက်ချာလေးပါ။ တန်ဖိုးကြီးကြီးနာရီလေးမို့ စက်ပစ္စည်းအာမခံ အတွက် ပေးထားတဲ့ ဘောက်ချာလေး ကိုယ့်ကို မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ သူငယ်ချင်းက ဘောက်ချာစာရွက်လေးပါ ပေးခဲ့တာကို မှတ်မှတ်ရရ သတိရမိပြန်ပါသည်။

နောက်ထပ် Air-mail စာအိတ်တွေ အထပ်လိုက်ထွက်လာပြန်ပါတယ်။ စာအိတ်တွေနဲ့ အတူ ရေမွှေးနံ့ သင်းနေဆဲဖြစ်တဲ့ ၂လက်မ ပတ်လည် မရှိတရှိ စာအုပ်သေးသေးလေးက ၃အုပ် ကိုထပ်တွေ့ပါတယ်။ ရှားရှားပါးပါး တရားဝင်ထားခဲ့ ဖူးတဲ့ ရည်းစားတစ်ယောက်ဖြစ်သလို သံယောဇဉ်ကြီးလွန်းတဲ့ စာရေးကောင်းတဲ့ ပုံပြောကောင်းတဲ့ နိုင်ငံခြားရောက် အင်ဂျင်နီယာတစ်ယောက်ရဲ့ ရင်တွင်းဖြစ်စစ်စစ်တွေပါ။

နှစ်ပေါင်းများစွာအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဆက်ဆံရေးတွေ အေးစက်ပြောင်းလဲခဲ့ပေမယ့် ရောက်ရာအရပ်ကနေ ပို့လာတဲ့စာတွေပါ။ အရင်ကရေးခဲ့တဲ့ စာတွေထဲမှာ မိန်းမတစ်ယောက်ကို ရှေ့တန်းမတင်ချင်တဲ့ တော်တဲ့ ထက်မြက်တဲ့ မိန်းမတစ်ယောက်ကို လက်မတွဲရဲတဲ့ သူ့ရဲ့မာနတွေ အတ္တတွေ ပါနေသလို နောက်ပိုင်းစာတွေ (သူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ သာမန် မိန်းမတစ်ယောက်ကို လက်ထပ်ပြီး နိုင်ငံခြားမှာ အခြေချနေချိန်)မှာ ကိုယ့်ကို တောင်းပန်ခယခဲ့တဲ့ အချိန်လွန် နောင်တတွေနဲ့ မျက်ရည်စတွေ ပါနေခဲ့တာကို အလွတ်နီးပါးမှတ်မိနေတာမို့ တစ်ယောက်တည်း မချိပြုံးပြုံးမိပါတယ်။ ယောက်ျားတွေအတွက် လွတ်တဲ့ငါးတိုင်းက ကြီးနေတတ်သလားလို့လဲ မဆီမဆိုင် တွေးမိပါတယ်။

လူ့ကျင့်ဝတ်အရ ကိုယ်မလိုအပ်တော့တဲ့ အချိန်မှာပိုင်ရှင်ကို ပြန်ပေးချင်ပေမယ့် သူ့အိမ်ထောင်နဲ့သူ အခြေကျနေသူကို ဒုက္ခမပေးချင်တော့တာမို့ စာတွေအားလုံးကို ရေဇလုံထဲမှာ စိမ်ပြီးဖျက်စီးပစ်လိုက်ပါတယ်။

အခြားအခြားသော ကိုယ်တိုင်မဖတ်မိခဲ့တဲ့ ဘာသာမျိုးစုံနဲ့ ရေးထားတဲ့ ရည်းစားစာ တချို့ကိုလဲ ပြန်တွေ့ရပါတယ်။
သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်က ရည်းစားစာပေးခဲ့ရင် အားနာတာနဲ့ ယူထားလိုက်ပေမယ့် ဘယ်တုန်းကမှ မဖတ်ဖြစ်ခဲ့တဲ့ စာတချို့ပါ။ နောက်နေ့တွေမှာ ပြန်လာမေးတိုင်းလဲ သူငယ်ချင်း တော်ခွင့်ရနေရတာ ကျေးဇူးတင်ပါလို့ ခပ်တည်တည်နဲ့ ပြန်အော်ပစ်ခဲ့တာကို သတိရနေပါတယ်။

နောက်ဆုံးထုတ်ကြည့်ခဲ့တဲ့ စာအိတ်ထဲမှာတော့ အရောင်စုံ ဆိုဒ်စုံ မင်္ဂလာဆောင်ဖိတ်စာတွေ မွေးနေ့ဖိတ်စာတွေ မွေးနေ့ကဒ်လှလှလေးတွေကို တွေ့ပါတယ် သူငယ်ချင်းတွေရဲ့ ဖိတ်စာတွေနဲ့ အခြားအမှတ်တရ ဖြစ်စေခဲ့တဲ့ ဖိတ်စာလေးတွေပါ။ ကိုယ်တိုင်သတိမထားမိခဲ့တဲ့ ရူးသွပ်မှုလေးတစ်ခုကို ပြန်တွေ့တော့ စာအုပ်အဟောင်းတစ်အုပ်ကို ဖတ်ရသလို ပြန်ခံစားရပါတယ်။

သံယောဇဉ်တွေ ရှင်းလင်းခဲ့တယ်ဆိုပေမယ့် အားလုံးကိုတော့ မရှင်းဖြစ်ခဲ့ပါ။ လွှင့်ပစ်ရက်စရာ နဲနဲမှမရှိတဲ့ အမှတ်တရ ပစ္စည်းအတိုအထွာလေးတွေ သံယောဇဉ် ပေါက်စလေးတွေက ကိုယ့်ကိုခုချိန်ထိ နှိပ်စက်ဆဲ။ ဒါပေမယ့် သံယောဇဉ် အတိုအစပေါင်းများစွာကိုတော့ စိစစ်ရှင်းလင်းပစ်ခဲ့ပါသည်။ ပစ်သင့်တာပစ် ရေစိမ်သင့်တာစိမ် ဖျက်စီးသင့်တာဖျက်စီးလို့ စိတ်လဲတော်တော်လေး ပေါ့ပါးလန်းဆန်းသွားခဲ့ပါသည်။

တစတစနဲ့ သိမ်းထားမိစဉ်က သတိမထားမိခဲ့ပေမယ့် ကိုယ့်အတွက် မလိုအပ်တော့တဲ့ အချိန်မှာ သံယောဇဉ်အမှိုက်တွေက ဘယ်ကနေစလို့ ရှင်းရမှန်းမသိအောင်ကို ရှုပ်ပွနေခဲ့ပါပြီ။ အကုန်လုံးကို ပစ်နိုင်သလားဆိုတော့လဲမဟုတ် လက်ကျန်သံယောဇဉ်တွေက ထပ်လို့နှိပ်စက်ပြန်ပါသည်။ အစွဲအလန်းကြီးလွန်းတော့လဲ တော်တော် စိတ်ဒုက္ခတွေ့ရပါသည်။

တခါတရံမှာ သူ့အတွက်ရော ကိုယ့် အတွက်ပါ အသုံးမဝင်တော့ဘူးဆိုရင် သံယောဇဉ် အပိုင်းအစလေးတွေဟာ အမှိုက်ဘဝကို နေ့ချင်းညချင်း ရောက်သွားတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ကမက်မက်မောမော ဖက်တွယ်ထားမယ်ဆိုရင်တော့ တွယ်ထားနိုင်သလောက် အချိန်တစ်ခုအထိ ဝန်ထုပ်ဝန်ပိုးတစ်ခု အဖြစ်နဲ့ ကိုယ့်အနားမှာ ဆက်ပြီးရှိနေတတ်ပါတယ်။


3 comments:

Unknown said...
This comment has been removed by the author.
Anonymous said...

နောက်ဆုံးစာပိုဒ်လေး အတိုင်းပါပဲ... :)

Yaw Han Aung said...

အလည်ရောက်ပါတယ်။ နောက်လည်း လာဖတ်ပါမယ်။ ဘလော့အပြင်အဆင်က တကယ်အပျံစားပဲ။

My Blog List