အဲဗစ်ပရက်စလေ အချစ်စစ်တို့မည်သည် လူသိရှင်ကြား ဖြစ်စရာမလို တရားဝင် ချစ်သူဖြစ်နေစရာမလို ဘယ်ကိုရောက်ရောက် ဘယ်လောက်ဝေးဝေး အငွေ့အသက်လေးနဲ့ အမှတ်တရ အတွေးလေးတွေနဲ့ ရင်ထဲမှာ တသသနဲ့ ချစ်နေခွင့် မြတ်နိုးနေခွင့် ရူးသွပ်နေခွင့် လွမ်းဆွတ်နေခွင့် ရှိပါသည်။လူတစ်ယောက်ကို လူမသိသူမသိ တိတ်တခိုးချစ်နေရတာ....
သူရော ကိုယ်ပါသိပေမယ့် ချစ်နေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ချစ်သူဖြစ်ခွင့်မရတာ...
တခါတရံ ချစ်သူက လူသိရှင်ကြား ချစ်ပြချင်ပေမယ့် သူ့ဂုဏ်သိက္ခာ ကိုယ့်ဂုဏ်သိက္ခာတွေအတွက် ကိုယ့်အချစ်တွေကို တိတ်တိတ်လေး သိမ်းဆည်းထားလိုက်ရတာ...
တိတ်တခိုးချစ်ရသူတွေအနေနဲ့ ဘယ်သူမှမသိအောင် တစ်ယောက်တည်း တိုးတိုးတိတ်တိတ် ခံစားနေရတဲ့ ဝေဒနာတွေက တခါတရံ ပူလောင်မှု နာကျင်မှု ကြေကွဲမှု မျက်ရည်တွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။
ချစ်ခြင်းအတွက် လူအမျိုးမျိုးက အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။
အချစ်အတွက် ရယူလိုကြတယ်၊ ပိုင်ဆိုင်လိုကြတယ်၊ အချစ်အတွက် ဘဝတွေပျက်ကြတယ်၊ မျက်ရည်တွေကျကြ၊ ရန်တွေဖြစ်ကြတယ်။
အမျိုးမျိုးသော အတ္တတွေအကြား ပိုင်ဆိုင်ရယူလိုခြင်း အလျဉ်းမရှိ၊ အတ္တကင်း၊ ရမ္မက်ကင်းတဲ့ ပေးဆပ်ခြင်းသက်သက်နဲ့ ချစ်ခဲ့ကြတဲ့ ချစ်သူများ၊ လူမသိသူမသိ ချစ်ခဲ့ကြတဲ့ ချစ်သူများကို တခါတရံ ထူးဆန်းစွာ ရှားရှားပါးပါး တွေ့မြင်ရတတ်ပါတယ်။
ပေးဆပ်ခြင်းသက်သက်နဲ့ ရူးသွပ်စွာ၊ မိုက်မဲစွာ အချစ်ကို ကိုးကွယ်ယုံကြည်ကြသူတွေ အကြောင်း မြင်ရကြားရတိုင်း စာအုပ်တွေထဲမှာ ဖတ်ရတိုင်းလဲ ရင်ထဲမှာ ကြေကြေကွဲကွဲ နာနာကျင်ကျင် ခံစားရပါတယ်။
ကိုယ်မှတ်မှတ်ရရ ဖတ်ခဲ့ရတဲ့ စာအုပ်လေးနှစ်အုပ် ဘဝအကျိုးပေးခြင်း မတူပေမယ့် ချစ်သူတွေအပေါ် ချစ်ခင်မြတ်နိုးကြတာတူကြတဲ့ ပေးဆပ်ယုံ သက်သက် ချစ်ခဲ့ကြတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့ ချစ်သူမိန်းမသားနှစ်ဦးအကြောင်းကို ရင်ထဲမှာယနေ့တိုင် စွဲမြဲစွာ မှတ်မိနေဆဲ...
တစ်ဦးကတော့ ကမ္ဘာကျော် နာဇီခေါင်းဆောင်ကြီး ဟစ်တလာရဲ့ ချစ်သူ
အီဗာဘရောင်း ပါ။ ဟစ်တလာရဲ့ နောက်ဆုံးနေ့များ စာအုပ်မှာသူမရဲ့ အကြောင်းကို ဖတ်ခဲ့ရတာတော့ ကြာပါပြီ။ ဒါပေမယ့် ယနေ့အချိန်ထိ စွဲစွဲမြဲမြဲ မှတ်မိနေဆဲပါ။ သူမ ဟစ်တလာနဲ့ အတူတူ Suicide လုပ်ခဲ့တဲ့ အချိန်မှာ ဟစ်တလာက ၅၆ နှစ်အရွယ် သူမကတော့ ၃၃ နှစ်ပဲရှိပါသေးတယ်။ အီဗာဘရောင်းဟာ သူမအသက် ၂၀ မှာ တကြိမ် အသက် ၂၃နှစ်မှာ တကြိမ် နှစ်ကြိမ်တိတိ Suicide လုပ်ခဲ့ဖူးတဲ့ ရာဇဝင်လဲရှိခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ Suicide မလုပ်မီ နာရီလေးဆယ်အလိုမှာ တရားဝင် လက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပွဲမှာတော့ သူမဟာ အီဗာဟစ်တလာ ဆိုတဲ့ နာမည်နဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ သူတို့ လက်ထပ်ပွဲမှာတော့ သူမဟာ အနက်ရောင် ပိုးထည် (နက်ပြာရောင် ပိုးထည်လို့လဲ ပြောကြပါတယ်) ကိုဝတ်ဆင်ခဲ့ပါတယ်။ သူမဟာ နောက်ဆုံးအချိန်အထိ ချစ်သူဟစ်တလာအနားမှာ အကြီးမားဆုံး တံတိုင်းကြီး အဖြစ်ရပ်တည်နိုင်ဖို့ သစ္စာတိုင်တည်ခဲ့ရပါသေးတယ်။
အီဗာနဲ့ ဟစ်တလာသူမဟာ ဟစ်တလာနဲ့ အတူ လက်တွဲလို့ ဘယ်ကိုမှ မသွားခဲ့ပါဘူး။ ဘယ်ပါတီ ဘယ်ဧည့်ခံပွဲကိုမှ မတက်ခဲ့ပါဘူး။ ချစ်သူနဲ့ မနီးမဝေး မှာသစ္စာရှိရှိ မားမားမတ်မတ် ရပ်တည်နေခဲ့သူတစ်ယောက်ပါ။ ငယ်ရွယ်နုပျိုလှပဆဲ တက်ကြွလန်းဆန်းဆဲ အချိန်မှာ ချစ်သူအတွက် အသက်ပေး၊ ဘဝပေးလို့ ချစ်ပြခဲ့တဲ့ သူမရဲ့ အချစ်ကို အံ့သြလေးစားမိပါတယ်။
"From our first meeting I swore to follow you anywhere even unto death.I live only for your love."အီဗာဘရောင်းက သူ့ချစ်သူဟစ်တလာကို ရေးခဲ့တဲ့ စာလေးပါ။ သာမန်ထက်ပိုတဲ့ အပြောသက်သက်မဟုတ်တဲ့ ပေးဆပ်ခြင်းသက်သက် ချစ်ခဲ့သူတစ်ယောက်အဖြစ် အီဗာကို အမြဲ သတိတရ ရှိနေပါတယ်။
နောက်တစ်ယောက်ကတော့ ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ အဲလ်ဗစ်ပရက်စလေရဲ့ တိတ်တခိုးချစ်ရသူလေး လူစီပါ။
သူမဟာ လူငယ်ကလေး တစ်ယောက်နဲ့ ချစ်ခဲ့တယ် အောင်မြင်တဲ့ သူကို ချစ်ခဲ့တာ မဟုတ်ပါဘူး။ လူတစ်ယောက်ကိုချစ်ခဲ့တယ်။ စူပါစတား တစ်ယောက်ကို ချစ်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ နှစ်ယောက်ဆက်ဆံရေးဟာ အလျှံတညီးညီး တောက်လောင်မှု အဆင့်ထိ မရောက်ခဲ့သလို ဘယ်တော့မှလဲ အေးစက်မသွားခဲ့ပါဘူး။ ဆယ့်ခြောက်နှစ် သမီးအရွယ် ပထမဆုံးအချိန် ချိန်းတွေ့ခဲ့ရာက ပေါက်ဖွားလာတဲ့ အချစ်ကို နှစ်ဆယ့်လေးနှစ်လုံးလုံး ထိမ်းသိမ်း စောင့်ရှောက် ထားနိုင်ခဲ့တယ် ဆိုတော့ လူစီ့အချစ်က အိပ်မက်ထဲက အချစ်ကို မပုတ်မသိုးသွားရအောင် အအေးခန်းထဲထည့်ထားတာနဲ့တူတယ်....
လို့ လူစီအချစ်ကို ဖွင့်ဆိုခဲ့ပါတယ်။
Lucy De Barbin နဲ့ Dary Matera ရေးခဲ့တဲ့ Are you lonesome tonight ဆိုတဲ့ စာအုပ်လေးပါ။
ဆရာ ဝင်းငြိမ်းက အထီးကျန်ည ဆိုပြီး ဘာသာပြန်ထားပါတယ်။
စာအုပ်လေးကို လက်ထဲကမချချင်လောက်အောင် ဆွဲဆောင်မှုအပြည့်ရှိတဲ့ စာအုပ်လေးပါ။ လူစီရဲ့ မျက်ရည်တွေနဲ့ ရေးခဲ့တဲ့ စာအုပ်လေးမို့ ဖတ်ရင်းဖတ်ရင်း မျက်ရည်တွေဝိုင်းလို့ နှစ်ညလောက် မအိပ်ပဲ ဖတ်ခဲ့ရပါတယ်။
သူမတို့ရဲ့ လူမသိသူမသိ ကလေးဘဝကတည်းက အစပြုခဲ့တဲ့ ရင်မောစရာ ကြေကွဲစရာ အချစ်ဇာတ်လမ်းလေး ကို နှစ်နှစ်တိတိ အချိန်ယူပြီး ဇာတ်ကြောင်းပြန်ပြောခဲ့ရတဲ့ လူစီ့ရဲ့ တိတ်တခိုးအချစ်က နာကျင်မှု ကြေကွဲမှု လျှို့ဝှက်မှုတွေ စိတ်ဝင်စားမှုတွေ အပြည့်နဲ့ပါ။
အဲလ်ဗစ်ပရက်စလေ ကွယ်လွန်ပြီး နှစ်အစိတ်ကျော်ကြာမှာ ကမ္ဘာကို ချပြခဲ့တဲ့ အဲလ်ဗစ်တောင် မသိလိုက်ရတဲ့ ဒီဇိုင်းယားရီး ဆိုတဲ့ သမီးလေးတစ်ယောက် နဲ့သူမရဲ့ ကြေကွဲဖွယ် အချစ်ဇာတ်လမ်းလေးက ရင်နာစရာတွေ အတိနဲ့။
ဒီဇိုင်းယားရီး ဆိုတာက အဲလ်ဗစ်က လူစီကို ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်လေးပါ။
ကမ္ဘာက သိခဲ့တဲ့ လက်ခံခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ ဇနီးဟောင်း တစ်ယောက်ဖြစ်တဲ့ လီဆာမာရီ ပရက်စလေ အပြင် ဒီဇိုင်းယားရီးဆိုတဲ့ သမီးလေးတစ်ယောက်ရဲ့ ဖြစ်တည်မှု။ ဘယ်သူမှလဲမသိ ဒီဇိုင်းယားရီးလေးတောင် သူ့အမေ ပြောပြမှ သိခွင့်ရခဲ့တဲ့ ဇာတ်လမ်းလေးက လျှို့ဝှက် ဆန်းကြယ် ဝတ္တုလေးဖတ်နေရသလိုပါပဲ။
ဒီဇိုင်းယားရီး ပရက်စလေ
လူစီ့ရဲ့ ဘဝကလဲ သူများတွေထက် ကြမ်းခဲ့ပါတယ်။ သူမရဲ့ ဘဝမှာ နာကျင်စရာ အိပ်မက်ဆိုးကြီး တစ်ခုကို နှစ်ရှည်လများ မက်ခဲ့ရသူပါ။ သူမဟာ အဘွားဖြစ်သူရဲ့ ဆန္ဒအရ အသက် ၁၁ နှစ်သမီး အရွယ်ကတည်းက မချစ်မနှစ်သက်သူရဲ့ ရင်ခွင်ထဲကို ငွေဝယ်ကျွန်တစ်ယောက်လို ရောက်ခဲ့ရတာပါ။ သူမအသက် ဆယ့်ကိုးနှစ်မှာ သမီးသုံးယောက်ရနေပါပြီ။
သူမအသက် ဆယ့်ခြောက်နှစ်အရွယ် သမီးနှစ်ယောက်မွေးပြီးချိန် မှာ သူမအရမ်းချစ်ရတဲ့ ချစ်သူကိုစတွေ့ခဲ့ပါတယ်။ သူမဘဝမှာ အချစ်ဆိုတာကို စပြီးခံစားမိတဲ့ အချိန်ဟာ သူမ ကလေးနှစ်ယောက်ရနေတဲ့ အချိန်ဖြစ်နေတာဟာ သိပ်မဆန်းလှပါဘူး။
အချစ်ဆိုတာ အချိန်အခါမရွေး နေရာမရွေးပေါက်ဖွားတတ်တာပါ။
ဆန်းကြယ်တာက ဆိုးရွားလှတဲ့ သူမရဲ့ ဘဝနဲ့ အံ့သြဖွယ်၊ လေးစားဖွယ်၊ ချစ်တတ်လွန်း၊ မြတ်နိုးတတ်လွန်း လျှို့ဝှက်လွန်းတဲ့ သူမရဲ့ စရိုက်လေးပါ။
အဲလ်ဗစ်ပရက်စလေဟာ လူစီကို လက်ထပ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ သူမကလဲ ခေါင်းငြိမ့်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အချိန်တိုင်းမှာ နှောင့်နှေးစေဖို့ အကြောင်းတရားတွေ ဖန်တီးခဲ့ပါတယ်။ နောက်ဆုံး အဲလ်ဗစ် မကွယ်လွန်မီ အချိန်အထိလို့ ပြောလို့ရပါတယ်။
အဲလ်ဗစ်ရဲ့ အုတ်ဂူဒါပေမယ့် သူမက သူမရဲ့ ပျော်ရွင်မှုထက် အဲလ်ဗစ်ရဲ့ ဘဝလေးကို ပိုပြီး တန်ဖိုးထားခဲ့သလို အဲလ်ဗစ်ရဲ့ အောင်မြင်မှုတွေ အရှိန်အဝါတွေ သိက္ခာတွေကိုလဲ သူမရဲ့ သိက္ခာတွေထက် ပိုတန်ဖိုးထားပြီး အကြိမ်ကြိမ် ရှောင်ပြေးခဲ့သူပါ။
အဲလ်ဗစ်ကလဲ သူမဘယ်ကိုပြေးပြေး ဘယ်လို ပုန်းပုန်း တွေ့အောင်ရှာတတ်သူပါ။ ဒါပေမယ့် သမီးလေးမွေးလိုက်တာကိုတော့ သူမသိခဲ့ မမြင်ခဲ့ရတာဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းလှပါတယ်။
သူ့ဘဝမှာ အောင်မြင်မှုတွေနောက်က စိတ်ဖိစီးမှုတွေ၊ လူမှုရေး သောကတွေကို ချစ်သူနဲ့တွေ့မှသာ ရင်ဖွင့်တိုင်တည်ပြီး ငိုကြွေးတတ်သူ သူ့အတွက် လူစီဟာ ဘုရားပေးတဲ့ ဆုတစ်ဆု ဖြစ်ခဲ့ပါတယ်။
လူစီရဲ့ ရင်ခွင်ထဲမှာ သူအကြိမ်ကြိမ် မျက်ရည်ကျခဲ့ရပါတယ်။ လူစီရဲ့ ဖေးမမှု အားပေးကူညီမှုတွေဟာ သူ့မနက်ဖြန်တွေအတွက် အားဆေးတွေ ဖြစ်ခဲ့ပါတယ်။
သူဟာမိန်းမတွေပွေခဲ့တယ်၊ မူးယစ်ဆေးတွေ သုံးခဲ့တယ်။ ဒါပေမယ့် လူစီနဲ့တွေ့တဲ့ အချိန်တွေမှာ အကုန်လုံးကို အမှန်အတိုင်းရင်ဖွင့် ပြောဆို ဝန်ခံလေ့ရှိပါတယ်။ သူ့ရဲ့ ဘဝကို သူ့ရဲ့ ဇနီးသည်ထက် လူစီက ပိုပြီးသိခွင့်ရခဲ့သူ၊ စာနာ ဖေးကူ အားပေးခဲ့သူ၊ သူ့မျက်ရည်တွေကို ခြောက်ခမ်းစေခဲ့သူ... လူစီသာ သူ့ရဲ့ တစ်ဦးတည်းသော ချစ်ဦးသူပါ....။
အဲလ်ဗစ်ပို့လာတဲ့ နှင်းဆီပန်းလေးတွေ ပို့စ်ကဒ်လေးတွေ စာလေးတွေ ကဗျာလေးတွေနဲ့ အလွမ်းဖြေ အပန်းဖြေနေတတ်တဲ့ လူစီဆိုတဲ့ မိန်းမသားလေးဘဝကို စာနာနားလည်ခြင်းများစွာနဲ့ ဂရုဏာသက်ခဲ့ရပါတယ်။
အဲလ်ဗစ်ရဲ့ နာမည်ကြီးခဲ့တဲ့ Are you lonesome tonight ဆိုတဲ့ သီချင်းလေးက သူမအတွက် ဆိုခဲ့တာပါ။
အဲလ်ဗစ်ရဲ့ သီချင်းတွေ တော်တော်များများကလဲ သူမကိုလွမ်းတဲ့ တမ်းတတဲ့ အငွေ့အသက်တွေနဲ့ ပြည့်နေခဲ့ပါတယ်။
ချစ်သူ လူစီကို လွမ်းနေကြောင်းပြတဲ့ နှစ်ယောက်တည်းသိတဲ့ သင်္ကေတလေးတစ်ခုအဲလ်ဗစ်ဟာ သီချင်းတွေဆိုတိုင်း သူ့လက်တွေနဲ့ နားနှစ်ဖက်ကို အုပ်ပြီးဆိုလေ့ရှိပါတယ်။ ဒါကလဲ လူစီ့ကို လွမ်းနေတယ်ဆိုတာကို ပြတာပါ။ ဒီသင်္ကေတလေးကို သူတို့ နှစ်ယောက်ပဲသိခဲ့ပါတယ်။ သူသီချင်းတွေ ဆိုတိုင်းလဲ လူစီကတီဗွီကနေ စောင့်ကြည့်နေတတ်ပါတယ်။ တခါတရံလဲ သူဖျော်ဖြေတဲ့ ပွဲတချို့ကို ဘယ်သူမှမသိအောင် တိတ်တိတ်လေး လိုက်ပြီး အားပေးတတ်ပါတယ်။
နောက်ဆုံး အဲလ်ဗစ်ဟာ လီဆာမာရီရဲ့ မိခင် ပရစ်ဆလာကို လက်ထပ်ခဲ့ပြီး ပြင်သစ်စကားတွေ သင်ခိုင်းခဲ့တာကလဲ ချစ်ဦးသူ လူစီနဲ့တူအောင် တမင်ဖန်တီးခဲ့သလို ဖြစ်ခဲ့ပါတယ်။ လူစီဟာ ပြင်သစ်နွယ်ဖွား တစ်ယောက်ဖြစ်လို့ ပြင်သစ်သံခပ်ဝဲဝဲလေး ပြောတတ်သလို အဲလ်ဗစ်ကလဲ လူစီ့ရဲ့ ပြင်သစ်သံဝဲဝဲလေးကို ချစ်ခဲ့ပါတယ်။
သူတို့ရဲ့ သာယာကြည်နူးဖွယ် လျှို့ဝှက်ဆန်းကြယ် ချစ်ဇာတ်လမ်းလေးထက် လူစီဒီဘာဒင်ရဲ့ ပေးဆပ်ခြင်းသက်သက် ဖြူစင်လွန်းတဲ့ အချစ်ကို လေးစားစရာ ကောင်းလောက်အောင် တွေ့ရပါတယ်။
နောက်ဆုံးလူစီရဲ့ ဇာတ်လမ်းကို အချိန်တွေယူပြီး ရေးပြီးတဲ့ အချိန်မှာတောင် ဒီစာအုပ်ထုတ်ဝေဖြန့်ချီလို့ ရလာတဲ့ အကျိုးအမြတ်ကို လူစီရော၊ သမီးလေး ဒီဇိုင်းယားရီးပါ တပြားတချပ်မှ မယူခဲ့ကြပါဘူး။
နှစ်နှစ်နီးပါး ဒီစာအုပ်လေး ဖြစ်မြောက်ဖို့ လူစီ့ဘက်က မျက်ရည်ပင်လယ်ဝေပြီး နာနာကျင်ကျင်နဲ့ ဝေဒနာတွေကို ပြန်လည် တူးဖော်ရတာဖြစ်လို့ တော်တော် ပင်ပန်းခဲ့ပါတယ်။ သူမရဲ့ ချစ်သူ ပရက်စလေအပေါ် သူတို့ရဲ့ အချစ်ဇာတ်လမ်းအပေါ် ခုတုံးလုပ်ပြီး အမြတ်ထုတ်တယ်လို့ မြင်မှာစိုးပါတယ်။ သူမရဲ့ အချစ်တွေ အတွက်၊ ပေးဆပ်မှုတွေအတွက် သံသယရှင်းချင်ပါတယ်။
သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကိုလဲ လူစီ့ဆန္ဒအရ ဘယ်သူမှ မသိရအောင် ဖုံးကွယ်ထားခဲ့ပါတယ်။
အဲလ်ဗစ်ကိုယ်တိုင်ကတော့ သူမကို ပိုင်ဆိုင်ရဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။ သမီးလေး ဒီဇိုင်းယားရီးလေး ရှိနေတာကို အဲလ်ဗစ် သိခဲ့ရင်လဲ သူ့အနေနဲ့ ဝမ်းသာအားရနဲ့ ပရိသတ်တွေရှေ့မှာ ချပြခဲ့မှာ သေချာပါတယ်။
နောက်ဆုံးအချိန်အထိ ချစ်သူအပေါ် အဖြူစင်ဆုံး ပေးဆပ်ချစ်ခဲ့သူ လူစီဒီဘာဒင် ကလဲ သာမန်ထက်ပိုတဲ့ ပေးဆပ်သူတစ်ယောက်ပါ။
ကျွန်မဘဝဟာ အဲလ်ဗစ်နေသွားခဲ့ရတဲ့ ဘဝနဲ့ မအပ်စပ်လှပါဘူးတဲ့။ ကျွန်မ မေတ္တာရိပ်မှာနေရတဲ့ ကာလဟာ သူ့အတွက် အိမ်ဖြစ်ခဲ့သလို သူ့ရင်ခွင်ဟာလဲ ကျွန်မအတွက် တစ်ခုတည်းသော ကွန်းခိုရာ ဖြစ်ခဲ့တာ အမှန်ပါတဲ့။သူ့ဘဝ တစ်လျှောက်မှာ ကျွန်မဟာ သူ့အတွက် လိုအပ်ချိန်မှာ လိုအပ်သလို နှစ်သိမ့်မှုကိုသာ ပေးခဲ့ပြီး သူစိတ်ညစ်အောင် ဘာတစ်ခုမှ မလုပ်ခဲ့သူဖြစ်တယ်ဆိုတာကိုတော့ ဘုရားသခင်ဆီမှာ တိုင်တည်ပြောပါရစေ...တဲ့။သူမရဲ့ ပေးဆပ်ခြင်းက အရာရာထက်ပိုခဲ့ပါတယ်။
ဗယ်လင်တိုင်းအမှတ်တရ ဒီပို့လေး ရေးဖြစ်အောင် ဆရာဝင်းငြိမ်းရဲ့ ဘာသာပြန်စာအုပ်လေးကို ပေးဖတ်ခဲ့တဲ့ သူငယ်ချင်း ငုဝါနဲ့ ချစ်သူ မင်းဆန်းလင်း ကို အထူးကျေးဇူးတင်ရှိပါသည်။
ဓါတ်ပုံတွေကိုတော့ Google မှာရှာထားပါတယ်။ အကြောင်းစုံ ဇာတ်စုံကိုရေးချင်ပေမယ့် စာဖတ်သူတွေရဲ့ မျက်စိ ကျန်းမာရေးအတွက် အကျဉ်းချုံးလိုက်ရပါတယ်။
ဘာသာပြန်ခဲ့တဲ့ ဆရာဝင်းငြိမ်းကို ခွင့်မတောင်းဘဲ အကြောင်းအရာ အချို့ကို ဖော်ပြခဲ့ရတဲ့အတွက်လဲ အထူးအားနာမိသလို အထူးလဲ ကျေးဇူးလဲတင်မိပါတယ်။
3 comments:
ညီမလေး နှင်းရေ..
ညီမရေးတဲ့ စာတွေ ထဲ မှာ ဒီစာပိုဒ်လေး ကို..
အနှစ်သက် ဆုံးလို့ ပြောရမယ် ထင် တယ်..
သရက်ပင်လေးတွေ ရဲ့ အကြောင်းဝထ္တုလေး ကိုလဲ
ကြိုက်ပေမဲ့..
ဒီပို့စ် လေး ကိုတော့..
မမ ရဲ့ဘ၀နဲ့..
နှလုံးသားနဲ့...ခံစား ဖတ်ရှုသွားခဲ့ ပါတယ်...
တကယ်ပဲ ကျေးဇူးတင်ပါတယ် တော်တော်ကိုလေ့လာထားတာပဲ ဒီလိဝေမျှပေးလို့ အချစ်ရဲ့နက်နဲမှုနဲ့ ပေးဆပ်သူတစ်ချို့အကြောင်းသိလိုက်ရပြီး မြှောက်ပြောတာတော့ဟုတ်ဘူးနော့် ဒီဘလော့က စာတွေက ဗဟုသုတ ရသတစ်ခုခု ပေးတာတော့အမှန်ပဲ လေးစားပါတယ်။
အားပေးလျှက်
ဆရာမကြီးရဲ.နှလုံးသားမြို.ဟောင်းများကိုတူးဖော်ရှာဖွေခြင်းဆောင်းပါးရှည်
ကြီးကိုအားကျအထင်ကြီးခြင်းများစွာဖြင်.လာရောက်ဖတ်ရှုသွားပါသည်။
(အချိန်တွေအများကြီးပေးပြီးအကိုးအကားရအောင်ဖတ်ထားရတာကိုပြော
တာပါ။)
Post a Comment