ကောင်မလေး နှစ်ယောက်

အရမ်းချစ်ကြတဲ့ ကောင်မလေးနှစ်ယောက်...
တိတိကျကျပြောရရင် ငယ်သူငယ်ချင်းမလေး နှစ်ယောက်...
သွားအတူ လာအတူ စားအတူ မဟုတ်ခဲ့ပေမယ့်
မအားတဲ့ကြားက ပြေးတွေ့ သာကြောင်းမာကြောင်းမေး ခံစားချက်တွေဖလှယ်...

မူကြိုကျောင်းမှာတွေ့ခဲ့တဲ့ အဖြစ်အပျက်လေးတွေကို စမြုံပြန်ရင်း စိတ်ကောက်ပြီး ရန်ဖြစ်တဲ့ အထိ အွန်လိုင်းမှာ လွမ်းဖြစ်ကြသေးတယ်...

မူလတန်းတုန်းက လူကြီးတွေ ဘယ်သွားသွား နောက်ကနေ နှစ်ယောက်အတူ
တကောက်ကောက် လျှောက်လိုက်ခဲ့ကြ...
အလယ်တန်းရောက်တော့ ကျူရှင်တတ်တဲ့လမ်းတစ်လျှောက် စမ်းရေ တွင်းလေးတွေ လျှောက်နှိုက်ခဲ့ကြ...
အထက်တန်းမှာတော့ နှုတ်ခမ်းစူ စိတ်ကောက်ပြီး မာနတွေ ပြိုင်ကြရင်း မနေနိုင်လွန်းသူက ပြန်ခေါ်ရင်တော့ နှစ်ယောက်စလုံး မျက်ရည်တွေ ဝိုင်းလို့....

အတူတူကြီးပြင်းခဲ့ပေမယ့် ပုံစံချင်းကတော့ တခြားစီ တစ်ယောက်က ဖြူဖြူ သေးသေး တစ်ယောက်က ညိုညက်ညက် နဲ့ ကဗျာဆန်တဲ့ ဆံနွယ်တွေရဲ့ ပိုင်ရှင် မချောလေး။ အတွေးအခေါ်တွေကလဲ မတူ မိန်းမပီသပုံချင်းလဲမတူ ဘယ်နေရာမှမတူ....

တခါတရံ အညိုလေးက ဈေးဝယ်ရင်း အရမ်းဈေးဆစ်နေရင် အဖြူမလေးက အားတွေနာပြီး ဈေးသည်ကို မရဲတရဲလေး ပြုံးပြလို့ နှာခေါင်းလေးတရှုံ့ရှုံနဲ့ ဖြစ်နေပေမယ့်
အညိုလေးက မိန်းမ ပီပီသသ ဘုရားပန်းတွေ သေသေချာချာ ကျကျနန လဲရင်း ဘုရားပန်းအိုးတွေ သောက်တော်ရေခွက်တွေ တိုက်ချွတ် ဆေးကြောနေတိုင်းလဲ အဖြူမလေးက အားကျဂုဏ်ယူနေ တတ်ပြန်သေး....

နင်က ပိုချောတာ ငါက နင့်လောက်မလှဘူး.. နင်က ငါ့ထက်ပိုပြီး မိန်းမပီသတယ် ငါကတော့ ချာတူးလန်နေတာ နင်က ငါ့ထက်ပိုတော်တာ ငါကတော့ ညံ့ချက်က ကမ်းကုန်ရော ဘာညာနဲ့ ...
အပြိုင်အဆိုင် ချီးမွမ်းခန်းတွေ ဖွင့်ရင်း တွေ့တဲ့ နေရာမှာ ကျောက်ရုပ်လို ရပ်ပြီး အလွမ်းသယ်တတ် လွန်းသူလေးတွေ....

အလုပ်ခွင်တွေ ဝင်တော့လဲ တခါတရံ ရက်ပေါင်းများစွာ တခါတရံ လပေါင်းများစွာ ခွဲခွာရင်း မေ့မေ့ ပျောက်ပျောက်နေမှ ပြန်တွေ့ ပြန်လွမ်း အလွမ်းတွေ မဆုံးနိုင်အောင် စကားတွေ မဆုံးနိုင်အောင် ဖောင်တွေဖွဲ့...

တစတစ အချစ်တွေကို ခံစားမိလာချိန်မှာလဲ အချစ်ကို ခံယူပုံချင်းက မတူ နားလည်ပုံချင်းကမတူ... ဒါပေမယ့် အချင်းချင်း အားပေးနှစ်သိမ့် မျက်ရည်တွေ သုတ်ပေးရင်း ရင်ချင်းနီးလာသလို ပိုပြီး တွယ်တာ တတ်လာပြန်တယ်...

အညိုမလေးက အချစ်ကို ရုပ်ဝတ္တုတွေ လိုပဲ ခံစားနားလည်ပြီး ကိန်းဂဏန်းတွေကို တွက်နေချိန်မှာ...
အဖြူမလေးက အချစ်ကို ကိုးကွယ်ခံစားပြီး ဘယ်နှစ်ကြိမ်မှန်းမသိအောင် တိတ်တိတ်လေး မျက်ရည်တွေကျနေတတ်သည်။

အညိုမလေးက ချစ်သူတွေ အများကြီးကြားမှာ အရွေးရခက်တိုင်း သူ့ရဲ့ ငွေကြေးဆိုတဲ့ ပေတံကြီးနဲ့ တိုင်းနေတတ် သလို မိန်းမ တစ်ယောက်ရဲ့ ဘဝမှာ ငွေရှိတဲ့ ငွေရှာနိုင်တဲ့ ယောက်ျားကိုရမှာ ရင်အေးရမှာ မေတ္တာတွေ အချစ်တွေက ငွေရဲ့ အနောက်မှာ ပါလာမှာ ဘာညာနဲ့ မဟာစီမံကိန်းဆွဲနေချိန်မှာ

အဖြူမလေးကတော့ ကဗျာတွေ စာတွေရေးရင်း ချစ်သူကို လွမ်းနေတတ် တမ်းတနေတတ်သလို အချစ်ဆိုတာ
ရယူနေမှ ပိုင်ဆိုင်နေမှ ပြည့်စုံတာမဟုတ် ငွေရှိယုံနဲ့ အချစ်ကို ဖန်တီးလို့မရ ပေးဆပ်ခြင်း နားလည်ခြင်းက ချစ်ချင်း မည်တယ်လို့ တီးတိုးရွတ်နေ တတ်သူ....

အိမ်ထောင်ဘက်ရွေးဖို့ အိမ်ထောင်ပြုဖို့ တိုင်ပင်ဖြစ်ကြတိုင်းလဲ အညိုလေးရဲ့ ပေတံအောက်မှာ စံချိန်စံညွှန်းမီသူ မရှိသလို အဖြူမလေးအတွက်ကလဲ သူ့အိမ်ထောင်ဖက်လောင်းက ကဗျာတွေ စာတွေထဲမှာပဲ ရှိနေပြီး အပြင်မှာတော့ တကယ်ရှိမနေပြန်ပါ။

တဖြည်းဖြည်းနဲ့ အချိန်တွေ ကုန်လွန်လာတာနဲ့ အမျှ နှစ်ယောက်စလုံးကလဲ စိတ်တိုင်းကျ ချစ်သူ ဘဝအဖော်ကို မရွေးချယ်နိုင်လောက်အောင် ခေါင်းတွေမာနေဆဲ အတွေးတွေ ခေါင်နေဆဲ....
သူတို့ဘူတာရုံတွေမှာ ဆိုက်လာတဲ့ ရထားတွေကလဲ တစီးပြီးတစီး လာနားလိုက် ပြန်ထွက်သွားလိုက်နဲ့ သူတို့ကို ချန်ထားခဲ့စမြဲ...

သူတို့နှစ်ယောက်ကတော့ အချင်းချင်း အားပေးရင်းနှစ်သိမ့်ရင်း တိုင်ပင်ရင်း ရန်ဖြစ်ရင်း အော်လိုက်ကြ ငိုလိုက်ကြ စိတ်ကောက်လိုက်ကြနဲ့ အပျိုကြီးတွေ ဖြစ်မှန်းမသိ ဖြစ်နေတာ ခုချိန်ထိ.....
သူတို့ထက် အရင်အိမ်ထောင်ကျပြီး သာယာနေကြတဲ့ သူငယ်ချင်းတွေကလဲ ဘယ်အချိန်တွေ့တွေ့ အားနည်းချက်တွေကို ထောက်ပြလို့ လှောင်ပြောင်နေတတ်သလို...

သူတို့နဲ့ တွဲခဲ့ပေမယ့် လွဲခဲ့လေသူတွေကလဲ အားနာပါးနာ မချိတချိ ပြုံးပြနှုတ်ဆက် တတ်သလို တခါတရံ ပိုင်ရှင်တွေ ဘေးမှာ ပါလာရင်လဲ မသိချင်ဟန်ဆောင်လို့ အပြုံးမပျက် ဖြတ်ကျော်သွားတတ်ပါသေးသည်....

ကောင်မလေးနှစ်ယောက်ကတော့ ပင်လယ်တွေခြား မိုင်တိုင်တွေခြားနေပေမယ့် အရင်လို ချစ်ခင်တွယ်တာနေမြဲ ......

3 comments:

Anonymous said...

အဲ့ ကောင်မလေး ၂ ယောက်က နှင်းနဲ့ မာယာလားဗျး)
ဖတ်လို့ကောင်းတယ် သူငယ်ချင်း ၂ ယောက်ရဲ့ သံယောဇဉ်လေး ကြည်နူးစရာ သူငယ်ချင်းသံယောဇဉ်က ဖြူစင်ပြီး ခိုင်မြဲတယ် ။

pandora said...

ချစ်စရာကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ပဲ
ဆက်ရေးပါဦး

မမသီရိ said...

ညီမလေး နှင်းရေ
ဖတ်လို့ ကောင်းလိုက် တာ
မမ အရောက် ကျတာ ဆောရီး နော်..

My Blog List