မောင်နှင့် ဖန်တီးခြင်းအနုပညာ (၂)

မောင်က ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ဝင်လုပ်နေပေမယ့် မောင်သိထားတဲ့ နားလည်ထားတဲ့ အရာတွေက မေဖူးတို့ လုပ်ငန်းခွင်က လူတွေ သိထားတဲ့ အသိတရားတွေထက် ပိုခဲ့ပါတယ်။ မီဒီယာလုပ်ငန်းကို မောင်အရမ်းစိတ်ဝင်စားခဲ့သလို မောင့်ရဲ့ အိပ်မက်တွေဟာလဲ အောင်မြင်တဲ့ မီဒီယာသမား တစ်ယောက်ဖြစ်ဖို့ထက် ထူးချွန်တဲ့ ပရော်ဖက်ရှင်နယ် မီဒီယာသမားဖြစ်ဖို့ဆိုတဲ့ လက်တွေ့ကျကျ အိပ်မက်တွေပဲဖြစ်နေခဲ့ပါတယ်။

တခါတရံမှာ စီးပွားရေးသမားတွေ အနုပညာကိုဖန်တီးကြတဲ့ ပုံစံနဲ့ အနုပညာသမားတွေ စီးပွားရေး ဆန်လာတတ်တဲ့ သဘာဝတွေကိုလဲ မောင်က နှိုင်းယှဉ်ပြီး ဆွေးနွေးပြတတ်ပါတယ်…
မေဖူးတို့ကြားမှာ စီးပွားရေးနဲ့ အနုပညာ တွဲပြီးမြင်လို့ ရမရ ဆိုတာတွေကို မကြာခဏ အငြင်းပွားနေရသလို စီးပွားရေးသမားနဲ့ အနုပညာသည်တွေကြားက ကြားခံ စီးပွားရေးသမားတွေဖြစ်တဲ့ မီဒီယာသမားတွေနဲ့ သူတို့ရဲ့ ကျင့်ဝတ်တွေ စောင့်စည်းရမယ့် စည်းတွေဘောင်တွေ ကိစ္စကိုလဲ တိုက်ဆိုင်မှုတွေရှိလာတိုင်း ပြောဖြစ်ခဲ့ပါသေးတယ်…

မေဖူးတို့နှစ်ယောက်အတွက် တစ်နှစ်ခွဲဆိုတဲ့ အချိန်လေးက ခဏလေးနဲ့ ကုန်လွန်သွားခဲ့သလို မေဖူးတို့တွေ့ဖြစ်တဲ့အချိန်တွေကလဲ နေ့လည်စားစားတဲ့အချိန်တွေရယ် ရှားပါးလွန်းတဲ့ စနေနေ့ နေ့တဝက် ရုံးဆင်းချိန်လေးတွေရယ်ပဲ ဖြစ်နေတတ်ပါသည်။

ရှားရှားပါးပါး နှစ်ယောက်စလုံး အတူတူ ရုံးဆင်းဖြစ်တဲ့ စနေနေ့တွေကတော့ ရန်ကုန်မြို့ထဲမှာရှိတဲ့ စာအုပ်ဆိုင်တွေ စာအုပ်ဟောင်းရောင်းတဲ့ ဆိုင်တွေမှာ လိုချင်တဲ့ စာအုပ်တွေရှာဖွေဖို့ ဖြစ်နေတတ်ပါသည်။
တခါက နေ့လည်စာစားချိန်မှာ သူငယ်ချင်းတွေနဲ့ တူတူရှိနေတုန်းမှာ မောင့်သူငယ်ချင်း စီနီယာအစ်ကိုကြီး တစ်ယောက်က မေဖူးတို့ကို ဒီစုံတွဲက ထမင်းငတ်မယ့်စုံတွဲလို့ နောက်ပြောင်ပြီး ပြောခဲ့ပေမယ့် မောင်ကစိတ်မဆိုးခဲ့ပါ။ မေဖူးကတော့ ဘာပြောရမှန်းမသိ ရုတ်တရက်ကြောင်နေပေမယ့် မောင်က ခပ်တည်တည်နဲ့ ပြန်ပြီးနောက်လိုက်တော့ သူငယ်ချင်းတွေအားလုံး သဘောကျသွားကြပါတယ်။

ထမင်းငတ်မှာက ကျွန်တော်တို့စုံတွဲ မဟုတ်ဘူးတဲ့... ကျွန်တော်တို့ဖန်တီးတဲ့ အနုပညာကို ခံစားကြမယ့် ပရိတ်သတ်တွေ တဲ့ ခုတလော အစားအသောက်ပျက်ခံ အိပ်ရေးပျက်ခံပြီး ကိုရီးယားကား ကြည့်နေကြသလို နောက်လာမယ့် နှစ်အနည်းငယ်အတွင်းမှာလဲ ကျွန်တော်တို့ဖန်တီးတဲ့ အနုပညာတွေ ခံစားရင်း အဲလို ထမင်းငတ်ကြမှာတဲ့။

မောင်က မေဖူးနောက်ကမှ မီဒီယာလောက ထဲကိုဝင်လာတာ ဖြစ်ပေမယ့် မေဖူးထက်ပိုပြီး ပါရမီကောင်းတာမို့ အရာရာကို ခဏလေးနဲ့ သင်ယူတတ်မြောက်ခဲ့သူပါ။

Story Board တွေထိုင်တိုင်းလဲ မောင့်ဆီက အင်မတန် ဆန်းသစ်တဲ့ အိုင်ဒီယာလေးတွေ ရတတ်သလို မေဖူးရေးရမယ့် စဉ်းစားရမယ့် ဇာတ်လမ်းတိုတိုလေးတွေ စာသားလေးတွေ စိတ်ကူးလေးတွေကိုလဲ ဝိုင်းကူပြီး စဉ်းစားပေးတတ်သူပါ။

အဆိုးဆုံကတော့ မေဖူးအလုပ်ရှုပ်နေတဲ့ အချိန်တွေ မအားလပ်တဲ့အချိန်တွေမှာ လိုအပ်တာထက်ပိုပြီး အလိုက်သိနေတတ်တဲ့ အကျင့်လေးပါ။ မောင်အလိုက်သိလွန်းပုံများ တစ်ခါတလေ မေဖူးနောက်ကျမှ အိမ်ပြန်ဖြစ်တဲ့ရက်တွေဆိုရင် မေဖူးကိုတောင် နှုတ်မဆက်ပဲ သူက အိမ်ပြန်သွားတာက ခဏခဏ။
နောက်နေ့ကျမှ မေဖူးစိတ်နှောင့်အယှက် ဖြစ်မှာစိုးလို့ မောင့်ကို အားနာနေမှာစိုးလို့ နှုတ်မဆက်ပဲပြန်သွားတာ တာသိလားလို့ ပြန်ပြီး ချော့သလိုလိုနဲ့ ရှင်းပြတတ်သူပါ။

အဲဒီအကျင့်လေးက မေဖူးတို့ အဝေးကြီးဝေးခါနီးအထိ စွဲနေခဲ့တာမို့ မေဖူးကို အင်မတန် စိတ်ညစ်စေခဲ့သော အကျင့်ဆိုးလေးတစ်ခုလဲ ဖြစ်ခဲ့ပါသည်။

မေဖူးတို့ အလုပ်ခွင်ထဲမှာ ချစ်သူရဲ့ စာနာမှု နားလည်မှု အားပေးမှုတွေ အလိုက်သိမှုတွေနဲ့ မေဖူးအတွက် အရာရာဟာ ပြည့်စုံနေခဲ့ပါသည်။ စိတ်ဖိစီးမှုများလွန်းတဲ့ အလုပ်ကြောင့် မေဖူးပင်ပန်းနေတာတွေ့တိုင်း မောင်က အားပေးကူညီပေးတတ်ပါသည်။

တခါတုန်းကလဲ ရုံးမှာ မီဒီယာအရောင်းတာဝန်ခံ ရာထူးလစ်လပ်နေတာမို့ မေဖူး စိတ်ဝင်စားရင် လုပ်မလားလို့ ဒါရိုက်တာကြီးတွေက မေးလာခဲ့ပါသည်။ မောင်နဲ့တိုင်ပင်တော့ မောင်က တခါမှမပြောစဖူး စကားတွေ အရှည်ကြီးပြောပြပါသည်။ မေဖူးရဲ့ ပင်ကို ပါရမီနဲ့ စရိုက်သဘာဝကို ကာယကံရှင်ထက် မောင်က ပိုပြီးသိနေခဲ့တာ အဲဒီအချိန်တုန်းကမှ မေဖူးအံ့သြလွန်းစွာ သိခွင့်ရခဲ့တာပါ။

မေဖူးရဲ့ Career ကိုရှည်ရှည်ဝေးဝေး မောင်က ရှင်းပြပါသည်။ လုပ်ချင်တာ တစ်ခုတည်းကိုမကြည့်ဖို့၊ မေဖူးလျှောက်နေတဲ့လမ်းကို တစိုက်မတ်မတ်လျှောက်ဖို့၊ ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်ချင်ရင် ရင်းနှီးရမယ့် အချိန်တွေရင်းနှီးရမယ့် အတွေ့အကြုံတွေ၊ ကြုံတွေ့ရမယ့် အခက်အခဲတွေ များတယ်ဆိုတာရော…ပင်ကိုယ်စရိုက်နဲ့ကိုက်ညီတဲ့ အလုပ်ကို ရွေးချယ်တတ်ဖို့ လိုတယ်ဆိုတာ ကိုလည်းမောင်က သေသေချာချာ ရှင်းပြခဲ့သလို ငွေမျက်နှာတစ်ခုတည်းကို မကြည့်မိစေဖို့ တခဏ သာယာမှုအတွက် လမ်းရွေးတာမှားခဲ့ရင် ပန်းတိုင်တိတိကျကျ မရှိပဲ လုပ်ချင်ရာတွေ လုပ်နေခဲ့ရင် အသက်အရွယ်ရလာရင် ဒုက္ခရောက်တတ်တယ် ဆိုတာကိုပါ လူကြီးတစ်ယောက်လို စဉ်းစားပေးခဲ့ပါသည်

နောက်ဆုံးမှာတော့ မောင်က ဘာလဲ မေဖူးက မေဖူးသွားချင်တဲ့ ဒင်နာတွေ ဧည့်ခံပွဲတွေ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေ ရှုတင်တွေကို သွားချင်လို့ အရောင်းတာဝန်ခံလုပ်ချင်တာလား လို့ မေဖူးကို ခပ်တည်တည်နဲ့ စသလိုလိုနောက်သလိုလို ပြောခဲ့ပါသည်။

မှတ်မှတ်ရရ မေဖူးတို့ခွဲခွာခါနီး တပတ်လောက်အလိုမှာ မောင်သိသိသာသာ မျက်နှာပျက်နေခဲ့ပါသည်။
ဒါပေမယ့် ထမင်းစာချိန်တွေ့တိုင်းမှာတော့ အလုပ်ကိစ္စတွေကလွဲလို့ ဘာကိုမှ မပြောခဲ့ပါ။
မေဖူးကလဲ ဘယ်လိုမှ မထင်ထားတာမို့ အမှုမဲ့ အမှတ်မဲ့ပဲ နေခဲ့လိုက်ပါသေးသည်။
တစ်ရက်မှာတော့ မနက်စောစော မေဖူးရုံးရောက်တဲ့အချိန်မှာ မောင်က ဖုန်းဆက်လာပါသည်။ ညနေရုံးဆင်းရင် တူတူပြန်မယ် ပြောစရာတွေရှိတယ် လို့ပြောလာခဲ့ပါသည်။

မောင်ပြောလာတဲ့နေ့မှာပဲ မေဖူးက ကံဆိုးလှစွာ အလုပ်ထဲမှာ ပြဿနာတွေ ရင်ဆိုင်ရပါတော့သည်။
ပြဿနာက ဖြစ်နေကျ ပြဿနာပါ။ ထုံးစံအတိုင်း စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အတ္တနဲ့ အနုပညာရှင်တွေရဲ့ မာနတွေပြိုင်ရာက ကြားထဲက မေဖူးတို့ မီဒီယာတွေက အလုပ်ရှုပ် ဦးနှောက်ခြောက်ရတဲ့ ပြဿနာလေးတွေပါ။

မေဖူးတို့ တာဝန်ယူပြီး ကြော်ငြာတွေလုပ်ပေးနေတဲ့ ကိုယ်ဝန်ဆောင်အားဆေး ကြော်ငြာတဲ့ သရုပ်ဆောင် မင်းသမီးချောလေးရဲ့ ပြဿနာပါ။ မင်းသမီးချောလေးနဲ့ ဒီဆေးကြော်ငြာအတွက် စာချုပ်ချုပ်ပြီး ကြော်ငြာတွေ တောက်လျှောက်လုပ်နေဆဲမှာ မဂ္ဂဇင်းတစ်ခုမှာ အဲဒီမင်းသမီးလေးရဲ့ အင်တာဗျူးပါလာခဲ့ပါသည်။
အင်တာဗျူးမှာ ရွှေမင်းသမီးလေးက (သူမ ကိုယ်ဝန်ဆောင်နေစဉ်အချိန်က) အခြားကိုယ်ဝန်ဆောင်အားဆေးကို သုံးစွဲနေပါတယ်လို့ ပြောထားတဲ့ သတင်းကို ဆေးကြော်ငြာ လာအပ်တဲ့ ကုမ္ပဏီကြီးက သိသွားပြီး မေဖူးတို့ကို ပြဿနာရှာပါသည်။ အခုအချိန်မှာတော့ ရွှေမင်းသမီးလေးက မီးဖွားပြီးပါပြီ။ ဒါပေမယ့် မေဖူးတို့ တာဝန်ယူထားတဲ့ ကုန်ပစ္စည်း ဖြစ်နေတာမို့ ဖြစ်လာတဲ့ ပြဿနာကို မေဖူးတို့ဘက်က အကောင်းဆုံး အလှပဆုံး ဖြေရှင်းပေးရမယ့် တာဝန်ရှိနေပါတယ်။

မေဖူးတို့သတင်းရတဲ့ အချိန်က ညနေစောင်း အလုပ်ဆင်းကာနီးဆဲဆဲ အမှုတွဲက မေဖူးဆီ တည့်တည့်ဝင်လာပါသည်။ မင်းသမီးလေးရဲ့ အင်တာဗျူးပါတဲ့ မဂ္ဂဇင်း ရအောင်ရှာပါတဲ့။ ဘယ်လက ထုတ်မှန်းမသိ ဘာမဂ္ဂဇင်းမှန်းမသိ စာကြည့်ခန်းထဲမှာ ရှိရှိသမျှ ရာနဲ့ချီတဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေကို လှန်ရတော့မယ် ဆိုတဲ့အသိနဲ့ ဒီနေ့လဲ မိုးချုပ်မှ အိမ်ပြန်ရတော့မယ် ဆိုပြီး ဝမ်းနည်းနေမိပါတယ်။
ဒါပေမယ့် အလုပ် တာဝန် ဆိုတဲ့ အသိက ဝင်လာတာမို့ မေဖူးတစ်ယောက်တည်း စာကြည့်ခန်းထဲမှာ ရှာပုံတော်ဖွင့်နေမိပါတယ်။ ရုံးဆင်းချိန်မှာတော့ အလိုက်သိလွန်းတဲ့မောင်နဲ့ အခြားသူငယ်ချင်း တစ်ယောက်ကပါ စာကြည့်ခန်းထဲ ရောက်လာပြီး မေဖူးကို အင်တာဗျူးသတင်းပါတဲ့ မဂ္ဂဇင်းကို ကူပြီးရှာပေးပါတယ်။

ည ၇ နာရီခွဲလောက်မှာတော့ အောင်မြင်စွာနဲ့ သတင်းကိုတွေ့ခဲ့ပေမယ့် အဲဒီနေ့က မောင်နဲ့ အေးအေးဆေးဆေး စကားမပြောလိုက်ရပါဘူး။ အိမ်ကိုပဲ တန်းပြီး ပြန်ခဲ့ရပါတယ်။ မောင့်ကို အားနာလိုက်တာလို့ပြောတော့ မောင်က အလိုက်သိလွန်းစွာ ပြုံးပြပြီး အားပေးနေပါသေးတယ်။ ဒီနေ့မအားလဲ နောက်နေ့ပေါ့တဲ့ အေးဆေးပါ ဖူးဖူးရယ်တဲ့။

နောက်နေ့မှာလဲ မေဖူးက ကံဆိုးနေဆဲပါ။ ညနေ ရုံးဆင်းရင်မောင်နဲ့ အတူတူ ပြန်မယ်လို့ ကြိုပြီးတွေးထားပေမယ့် နေ့လည်ပိုင်းမှာပဲ အလုပ်တစ်ခု ထပ်ပေါ်လာပါတယ်။ အသံသွင်းဖို့ကိစ္စပါ။ ဟိုးအရင်က ကုန်ပစ္စည်း ကြော်ငြာတစ်ခုမှာ နောက်ခံစကားပြောတဲ့နေရာမှာ မေဖူးကိုယ်တိုင် ပြောခဲ့ဘူးတာမို့ အဲဒီကုန်ပစ္စည်းကြော်ငြာကို နောက်ထပ် ပုံစံအသစ်နဲ့ ပြန်ပြီး လုပ်တဲ့အချိန်မှာလဲ မေဖူးကပဲ နောက်ခံစကားပြောပေးဖို့ ဖြစ်လာပါတယ်။

အဲဒီအတွက်က လစာနဲ့မဆိုင်တဲ့ အနုပညာကြေး သတ်သတ်ရပေမယ့် မေဖူးတို့အတွက်ကတော့ ရံဖန်ရံခါ အကူအညီပေးရုံ သဘောလောက်ပဲ လုပ်ပေးဖြစ်ခဲ့သလို ရုံးမှာရှိတဲ့ အခြားဝန်ထမ်းအချို့ကလဲ နောက်ခံစကားပြောတာမျိုးကို ကြုံရင် ကြုံသလို လုပ်ပေးရပါတယ်။

အသံသွင်းဖို့ကို ပြီးခဲ့တဲ့ အပတ်ကတည်းက ကြိုပြီး ရက်ချိန်းယူခဲ့ပေမယ့် ရလာတော့လဲ ဒီလိုနေ့မျိုး ဖြစ်နေသလို အချိန်ကလဲ ရုံးဆင်းချိန်ဖြစ်နေပြန်ပါတယ်။ မောင့်ကို ဖုန်းခေါ်ပြီး အသိပေးလိုက်တော့ မောင့်မျက်နှာလေးညိုသွားတာကို မှန်ချပ်တွေကြားထဲကနေ မြင်လိုက်ရတာမို့ စိတ်မကောင်းဖြစ်ရပြန်ပါတယ်။
မောင်ဘာတွေ ဖြစ်နေလဲ ဘာအမှားအယွင်းတွေ ဖြစ်နေလဲလို့ စဉ်းစားနေတဲ့ အချိန်မှာပဲ မောင်က ဖုန်းပြန်ဆက်လာပါတယ်။

အသံသွင်းဖို့အတွက်က အရေးကြီးတာမို့ မောင်က နားလည်ပေးသလို မေဖူးကိုလဲ ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ မောင်တို့က အရေးမကြီးဘူး အလုပ်က ပိုအရေးကြီးတယ် စိတ်ငြိမ်ငြိမ်ထား အေးအေးဆေးဆေးပဲလို့ ထပ်ပြီး အားပေးပြန်ပါတယ်။

ဒီလိုနဲ့ နောက်နေ့ကို ထပ်ရောက်လာပြန်ပါတယ်။ မနက် ရုံးရောက်တာနဲ့ မောင်က ထုံးစံအတိုင်းနှုတ်ဆက်ရင်း မနေ့က အသံသွင်းတာ အိုကေလား ဘယ်အချိန်မှပြီးလဲ စိတ်တိုင်းကျရဲ့လား ဆိုတဲ့ မေးခွန်းတွေအများကြီး နဲ့ မေဖူးကို အားမနာရအောင် စကားတွေလာပြောနေပါတယ်။

မေဖူးကတော့ ချိန်းမိတဲ့ နှစ်ရက်လုံးလွဲနေခဲ့တာမို့ မောင့်ကို အားနာနေဆဲပါ အားနာနာနဲ့ ဒီနေ့တော့ ဘာမှမရှိလောက်တော့ပါဘူးမောင်ရယ်လို့ ပြောတော့ မောင်က မောင်လဲထင်ပါတယ်လို့ ပြန်ပြောလာပါတယ်။ ဒါပေမယ့် မောင့်ရဲ့ ထင်ပါတယ် ဆိုတဲ့အသံမှာ အားသိပ်မပါသလိုပဲ မေဖူးခံစားလိုက်ရပါတယ်။

မောင့်ရဲ့ ထင်ပါတယ်ဆိုတဲ့ စကားက မေဖူးကိုနှိပ်စက်နေခဲ့သလို နောက်ထပ်ပြဿနာတစ်ခုကလဲ ထပ်ပြီးနှောင့်ယှက်လာပြန်ပါသည်။

အားဆေးတစ်မျိုးအတွက် ကြော်ငြာ ဖြစ်တဲ့ အင်တာဗျူး ဆောင်းပါးတစ်ပုဒ်ကို အပြီးသတ်ကာနီးမှ ကြော်ငြာအပ်သူက စာသားတစ်ချို့ကို မကြိုက်ပါ၊ ပြင်ပေးပါ၊ ရအောင်ပြင်ပေးပါလို့ ပြောလာပါတယ်။ သူပြင်ခိုင်းထားတဲ့ အင်တာဗျူးဆောင်းပါးကလဲ ဒိတ်ဒိတ်ကြဲ စူပါမင်းသားနဲ့ အင်းတာဗျူးထားတဲ့ ဆောင်းပါး ကိုရွှေချောက လက်မှတ်ထိုးပြီးသား အားလုံးပြီးပြီး ဖြတ်ပြီးသား။

ထုံးစံအတိုင်း ကြားခံဆိုတဲ့ ကြားခံနယ် မီဒီယာသမားတွေ ဒုက္ခများပြန်ပါတယ်။ မင်းသားကို ဖုန်းဆက် မျက်နှာချိုသွေး ချော့မောပြီး ဒီနေရာလေးတော့ ပြင်ချင်ပါတယ်၊ အဆင်ပြေမယ်ဆိုရင် ဘာညာနဲ့ ပြောခဲ့ပေမယ့် အနုပညာသမား စစ်စစ်ကြီးက မာနကြီးလွန်းစွာနဲ့ ပြင်ခွင့်မပေးပါ ကြိုက်ရင်သုံး မကြိုက်ရင် မသုံးပါနဲ့တဲ့ အလုပ်သဘောကအရ ကြော်ငြာတွေလုပ်နေပေမယ့် ပရိတ်သတ်ကို ဖိအားတွေပေးပြီး နှိပ်စက်တဲ့ စာသားမျိုးကိုတော့ သူအင်တာဗျူးထားတဲ့ ဆောင်းပါးထဲမှာ မထည့်ပေးနိုင်ပါတဲ့။

ပြဿနာက ထင်တာထက်ပိုပြီး ကြီးလာတာမို့ ကိုရွှေမင်းသားကို အပွိုင့်မန့် တောင်းတော့ လာချင်ရင် ညနေရှိမယ် နက်ဖြန်ဆိုရင် နယ်ထွက်ရမယ်တဲ့။ သူနဲ့လုပ်ထားတဲ့ အင်တာဗျူးကလဲ မေဖူးကိုယ်တိုင်ရေးထားတဲ့ မေးခွန်းလေးတွေရယ် သူ့ရဲ့ အိုင်ဒီယာလေးတွေရယ် တဝက်စီပါနေသေးတာမို့ ကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ပြီး ဆွေးနွေးရမယ့် အနေအထားမို့ ညနေ ၅ နာရီ အရောက်လာမယ်လို့ ချိန်းလိုက်မိသလို ရင်ထဲမှာလဲ မီးတစလို ပူလောင်နေပါတယ်။

မှန်ချပ်တွေကြားထဲကနေ မောင့်အခန်းကို လှမ်းကြည့်တော့ မောင်က နားကျပ်လေးတပ်ပြီး သီချင်းလေး ညည်းရင်း ဒီဇိုင်းတချို့ဆွဲနေတာကို လှမ်းတွေ့ရပါတယ်။ ဒီရုံးမှာက မောင်တို့အခန်းထဲက ဒီဇိုင်နာတွေပဲ အေးဆေးကြပါတယ်။ အာရုံကိုယ်စီ အတွေးကိုယ်စီနဲ့ ငြိမ်သက်ပြီး အလုပ်တွေလုပ်နေသလို တချို့ကလဲ ပတ်ဝန်းကျင်က အသံတွေကို မေ့ပစ်ဖို့ သီချင်းတအေးအေးနဲ့ လိုအပ်တဲ့ပုံလေးတွေကို ဖန်တီးနေကြပါတယ်။

စိတ်မကောင်းခြင်းကြီးစွာနဲ့ မောင့်ကို ဖုန်းခေါ်ပြီး အသိပေးတော့ မောင့်အသံတွေက တမျိုးဖြစ်နေပြန်ပါတယ်။ ဖူးဖူးရယ်တဲ့ တိုးတိုးလေးညည်းရင်း ဖုန်းချသွားပါတယ်။ မောင်ဘာကိုမှ ထပ်မပြောတော့ပါ။ မေဖူးလဲ အရမ်းအံ့သြသွားပေမယ့် အခြားဖုန်းတစ်ခုဝင်လာတာမို့ မောင့်နဲ့ပြောနေတဲ့ဖုန်းကို ဖြတ်ပြီး ဝင်လာတဲ့ဖုန်းကို ပြောနေခဲ့သလို ညနေသွားဖို့အတွက်လဲ စီစဉ်စရာတွေ စီစဉ်နေလိုက်ပါတယ်။

မနက်ဖြန်ဆိုရင် စနေနေ့ဆိုတော့ ဘယ်လောက်ပဲ အရေးကြီးတဲ့ ကိစ္စပဲလာလာ ဘေးဖယ်ပြီး မောင်နဲ့ တူတူ မြို့ထဲသွားမယ်လို့လဲ ဆုံးဖြတ်လိုက်ပါတယ်။

မနက်ဖြန်ကျရင်တော့ ခုလို မလွဲစေရပါဘူး မောင်ရယ်လို့ တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်နေသလို ညနေလေးနာရီခွဲလောက်မှာတော့ အပြင်သွားဖို့ ပြင်ဆင်ရင်း မောင်တို့အခန်းထဲကို ဝင်သွားပြီး မောင့်ကိုနှုတ်ဆက်မယ်ဆိုတဲ့ အတွေးနဲ့ မောင့်နောက်နားကိုရောက်သွားတော့ မောင်က မေဖူးကို သတိမထားမိခဲ့ပါဘူး။ စိတ်ဝင်တစားနဲ့ ပုံတစ်ပုံကို သဲကြီးမဲကြီး ဆွဲနေခဲ့ပါတယ်။
မောင့်ကွန်ပြူတာကို ကြည့်မိတော့ မောင်ဆွဲနေတဲ့ပုံက မေဖူးရဲ့ ပုံလေးဖြစ်နေပါတယ်။ မေဖူးမနေ့က အသံသွင်းဖို့သွားတာသိနေခဲ့တာမို့ မေဖူးအသံသွင်းနေတဲ့ပုံလေးကို စိတ်ကူးလေးနဲ့ ပုံဖော်ပြီး ဆွဲနေတာပါ။
မောင့်စားပွဲပေါ်မှာလဲ အရင်ကလို လုပ်လက်စ တန်းလန်း ဒီဇိုင်းစာရွက်တွေ ရှိမနေခဲ့ပါဘူး ရှင်းလင်းလို့နေပါတယ်။ မေဖူးလဲမောင့်ကို မနှောင့်ယှက်ချင်တာမို့ တိတ်တိတ်လေးပဲ ပြန်ထွက်လာခဲ့ပါတယ်။
တကယ်လို့သာ အဲဒီမေဖူးရဲ့ ပန်းချီပုံလေးဟာ ဒီကုမ္ပဏီမှာ မောင်နောက်ဆုံးဆွဲခဲ့တဲ့ ပန်းချီပုံလေး ဖြစ်နေတယ်ဆိုတာ သိခဲ့ရင်….

ပြီးတော့ မောင့်ရဲ့ နောက်ကျောကနေပြီး မောင့်ကို မြင်ခွင့်ရခဲ့တာဟာ မေဖူးအတွက် နောက်ဆုံးတွေ့ဆုံခြင်းဆိုတာ သိခဲ့ရင်….

မေဖူးလေ ရှိရှိသမျှ အလုပ်တွေကို ပစ်ထားပြီး မောင့်အနားမှာပဲ ရှိနေပေးခဲ့မှာ သေချာပါတယ် မောင်ရယ်။
အဲဒီနေ့က အလုပ်တွေအောင်မြင်စွာ ပြီးခဲ့ပေမယ့် ဒိတ်ဒိတ်ကြဲ မင်းသားရဲ့ မာနနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အတ္တတွေကြား သံတမန် တစ်ယောက်လို ချောမောစွာ အဆင်ပြေစွာ စေ့စပ်ညှိနှိုင်းပေး နိုင်ခဲ့ပေမယ့်….
မေဖူးရဲ့ ပုဂ္ဂလိက ခံစားချက်တွေကို စတေးလို့ မောင့်မျက်နှာလေး ညိုနေတာကို ခဏမေ့ထားလို့ မေဖူး တစ်ယောက် တစ်ကိုယ်ကောင်းဆန် မိသလို ဖြစ်ခဲ့တာဟာ မေဖူးအတွက် အမြဲအမှတ်ရနေစေမယ့် နောင်တလေး တစ်ခုဖြစ်ခဲ့ပါတယ်မောင်…

ပြင်ဆင်ချိန်မရခဲ့လို ပြင်ဆင်ဖို့လဲ အခွင့်အရေး မရလိုက်တဲ့ နောင်တလေးပါ။

နောက်နေ့မနက်စောစော မေဖူး အလုပ်ကိုရောက်လာချိန်မှာတော့ မေဖူးကို စောင့်မျှော်နေတတ်တဲ့ မောင့်မျက်လုံးလေးတွေကို မေဖူး မတွေ့ရတော့ပါ။ မောင်နောက်ကျနေတာ ဖြစ်မှာပါဆိုတဲ့ စိတ်ကူးလေးနဲ့ စောင့်နေပေမယ့် မနက် ၁၀ နာရီလောက်မှာတော့ မေဖူးစားပွဲပေါ်ကို အေဖိုးဆိုဒ် ရုံးသုံးစာအိတ် အဝါရောင်လေး တစ်လုံးရောက်လာပါတယ်။

စာအိတ်ပေါ်မှာရေးထားတာက မိုးရဲ့ တာဝန်လွှဲပြောင်းပေးအပ်ခြင်း မှတ်တမ်းများတဲ့….
စာအိတ်ထူထူကြီးကို ကိုင်ထားရင်း မေဖူးရဲ့ မျက်လုံးကို မေဖူး မယုံနိုင်အောင် အံ့သြနေတုန်းမှာပဲ မောင့်ဆီက ဖုန်းဝင်လာခဲ့ပါတယ်။

မောင်လေဆိပ်ကနေ ဖုန်းခေါ်နေတာပါတဲ့ နောက် ၄၅ မိနစ်ဆိုရင် လေယာဉ်ထွက်တော့မယ်တဲ့ ဖူးဖူးအစစအရာရာ ဂရုစိုက်ပါတဲ့ မောင် စာရေးထားခဲ့တယ်တဲ့ ဖူးဖူးကို အရမ်းချစ်တယ် ဆိုတဲ့ ရှတတ အသံလေးမှာ မောင့်ရယ်သံတွေ၊ မောင့်အားအင်တွေ ပျောက်ဆုံးနေခဲ့သလို မေဖူးကိုယ်တိုင်လဲ မောင်လို့ တစ်ခွန်းပဲ ခေါ်လိုက်နိုင်ပါတယ်...

နားမလည်ခြင်းများစွာ မယုံကြည်နိုင်ခြင်းများစွာနဲ့ မေဖူးတို့နှစ်ယောက်ရဲ့ ခဏတာ နှုတ်ဆက်ခြင်းက ခြောက်ကပ်ကပ် နိုင်ခဲ့သလို ရုပ်ရှင်တွေထဲကလို ကြေကွဲစရာလဲ ကောင်းနေခဲ့ပါတယ်။ မောင်ထားခဲ့တဲ့ စာအိတ်ရှည်ရှည်လေးထဲမှာ မောင်တာဝန်ယူထားရတဲ့ ကုန်ပစ္စည်းတွေရဲ့ ဒီဇိုင်းတွေထည့်ထားတဲ့ စီဒီချပ်လေးတွေက စတစ်ကာလေးတွေ ကပ်လို့ သေသေသပ်သပ်ရှိနေခဲ့သလို ရုံးက logo လေးကပ်ထားတဲ့ မောင်သုံးနေကျ Memory Stick လေးက ၂ခု ပြီးတော့ မောင့်ရဲ့ နေ့စဉ်ရေး ဒိုင်ယာရီလေးနဲ့ စာလေးတစ်စောင်…..

မောင့်စာလေးကို အရင်ဆုံးဖတ်မိတော့

ဖူးဖူး
မောင်ကံမကောင်းခဲ့ဘူး ဖူးဖူးရယ်… ချစ်သူတစ်ယောက်ကို ချစ်လို့မဝခင်
ချစ်သူရဲ့ အနားမှာ ကြည်နူးလို့ မဝခင်မှာ ခွဲခွာခြင်းက မောင့်ဆီကို
တန်းတန်းမတ်မတ် ရောက်လာခဲ့သလို ...
မောင်မပြောရက်လို့ မပြောဖြစ်ခဲ့တဲ့ စကားတွေ အတွက် နောင်တ တရားတစ်ခုကလဲ မောင့်ကို နှိပ်စက်နေပြန်တယ်..
ချစ်သူလေးကို မြင်နေရရုံနဲ့ ကျေနပ်နေတတ်တဲ့ မောင်က ခွဲခွာခြင်းဒဏ်ကိုတော့
မခံစားနိုင်ခဲ့ပြန်ဘူး ဖူးဖူးရယ်..
ချစ်သူလေးကို အစောကြီးကတည်းက အသိပေးရမယ့် ကိစ္စလေးတွေ ရှိနေပေမယ့်
အချိန်တစ်ခု ကို စောင့်နေရင်း ပြောမထွက်ဖြစ်ခဲ့တဲ့ စကားလုံးတွေကို မျိုချရင်း
မောင်တစ်ယောက်တည်း ကြေကွဲနေခဲ့တာ ကြာပါပြီဖူးဖူးရယ်…
မောင်ဒီအလုပ်ကို မဝင်ခင်ကတည်းက အမေရိကားမှာရှိတဲ့ Media ကောလိပ်တစ်ခုကို
လျှောက်ထားခဲ့တာမို့ ကျောင်းဝင်ခွင့်စောင့်ရင်းနဲ့ လေ့လာတဲ့ အနေနဲ့ ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တယ်ဆိုတာ မောင်နဲ့ ကုမ္ပဏီက ဒါရိုက်တာကြီးကလွဲ လို့ ဘယ်သူမှမသိခဲ့ကြပါဘူး။
အခုကျောင်းဝင်ခွင့်ကျလာတော့လဲ ဖူးဖူးကို ဖွင့်ပြောဖို့ အခွင့်အရေး က မရခဲ့ပြန်ပါဘူး။
ဖူးဖူးကို ဖွင့်ပြောဖို့ မောင်လေ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် မောင်တို့ နှစ်ယောက်လုံး ကံမကောင်းခဲ့ဘူးနော်။
မောင်အရမ်းစိတ်မကောင်းဖြစ်ရသလို အရမ်းလဲ ဝမ်းနည်းရပါတယ် ဖူးဖူးရယ်…
မောင့်ရဲ့ ကြေကွဲခြင်းက အတိုင်းအဆမဲ့ပါ… မောင့်ကို စိတ်မဆိုးပါနဲ့ ဖူးဖူးရယ်
ခွဲခွာခြင်းအတွက် မောင်ကိုယ်တိုင် အဆင်သင့် အဖြစ်သေးခင်မှာ
ဖူးဖူး ဝမ်းနည်းမှာ ကြေကွဲမှာ မျက်ရည်ကျမှာကိုလဲ မောင်က မလိုလားခဲ့ပါဘူး...
ဖူးဖူးလဲ ခံနိုင်ရည်မရှိဘူး ဆိုတာ မောင်သိနေခဲ့တာမို့ ခုချိန်ထိ အသိမပေး ဖြစ်ခဲ့ သလို
အသိပေးဖို့ ပျက်ကွက်ခဲ့တဲ့ မောင့်ကို စိတ်ဆိုးမှာတော့ အရမ်းစိုးရိမ်ပါတယ်..
နောက်ဆုံး အချိန်လေးအထိ ဖူးဖူးနဲ့ တမိုးတည်းအောက်မှာ ရှိနေချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့
ဖူးဖူးအနားမှာ နေခဲ့ပေးပါတယ် ဖူးဖူးရယ်..
ဖူးဖူးရယ် ခွဲခွာခြင်းက ခဏလေးပါ… ဖူးဖူးဆီကို မောင် ပြန်လာခဲ့မှာပါ…
ယုံကြည်ပေးပါ ချစ်သူရယ် ဖူးဖူးကို မောင်အရမ်း ချစ်ခဲ့ရသလို
မြတ်နိုးရခြင်းတွေကလဲ အတိုင်းအဆမဲ့ပါ…
မောင့်ကို ယုံကြည်စွာ သစ္စာရှိစွာနဲ့ စောင့်နေပေးပါ..
ဖူးဖူးရဲ့ အနာဂတ်အတွက် မောင်တို့ရဲ့ အနာဂတ်အတွက် မောင်
ကျောင်းတက်ရင်း အလုပ်လုပ်ရမယ်.. ပြီးရင် ဖူးဖူးနဲ့ ပြန်ဆုံဖို့ ကြိုးစားမယ်…
ခဏလေးတော့ စောင့်ပေးပါဖူးဖူးရယ်….
အရမ်းချစ်တဲ့
မောင်


စာလေးဆံုးသွားချိန်မှာတော့ ဖူးဖူး မျက်ဝန်းက မျက်ရည်တွေက အတားအဆီးမရှိ ကျလာခဲ့သလို တစ်ခါမှ စိတ်မကုန်ခဲ့ဘူးတဲ့ ဒီအလုပ်ကိုလဲ မေဖူး ခါးခါးသီးသီး စိတ်ကုန်မိခဲ့ပါတယ်။
ချစ်သူကို အတိုင်းအတာတစ်ခုထက်ပိုပြီး နားလည်တတ်လွန်းတဲ့ မောင်… စာနာတတ်လွန်းတဲ့ မောင့်ကိုလဲ စိတ်တိုမိပေမယ့် အရာရာဟာ သူ့အစီအစဉ်နဲ့သူ ပြီးဆုံးသွားခဲ့ပြီမို့ ကြေကြေကွဲကွဲ ရခဲ့တဲ့ နောင်တလေးကလွဲလို့……
မောင်နဲ့စဝေးခဲ့တဲ့ ဒီစနေနေ့မှာတော့ မုန်းချင်စရာ ကောင်းလောက်အောင် အလုပ်က စောစောပြီးနေပြန်ပါတယ်။

ဘယ်တော့မှ မကုန်ဆုံးနိုင်မယ့် အလုပ်တွေ ဖြေရှင်းလို့ ညှိနှိုင်းလို့ မဆုံးခဲ့တဲ့ ပြဿနာတွေနဲ့ ဒီမီဒီယာလောက ကြီးကို မေဖူးကိုယ်တိုင် သံယောဇဉ် ဖြတ်ချင်ပေမယ့် မောင်လိုလိုလားလား မက်ခဲ့တဲ့ အိပ်မက်တွေနဲ့ ရှင်သန်နေတဲ့ ဒီလောကကြီးထဲမှာ မောင့်ပြန်လာမယ့် အချိန်ကို စောင့်နေရင်း မေဖူးလဲ အိပ်မက်တွေ မက်နေမှာပါမောင်…

မောင်အမြဲပြောပြောနေတဲ့ ပြီးပြည့်စုံတဲ့ ဘဝလေးကို သတိရရင်း တမ်းတရင်းလေ…
ဖူးဖူးရေ
လူတစ်ယောက်အတွက်
လုပ်ရမယ့် အလုပ်တစ်ခုရှိနေရမယ်
ချစ်ရမယ့် ချစ်သူတစ်ယောက် ရှိနေရမယ်
မက်ရမဲ့ အိပ်မက် တစ်ခုရှိနေရမယ်တဲ့ ဒါဆို ပြီးပြည့်စုံတဲ့ ဘဝတဲ့

မေဖူးနဲ့ မောင်က ပြီးပြည့်စုံတဲ့ ဘဝလေးကို ပိုင်ဆိုင်ပြီးသားပါ၊ နှစ်ယောက် ဝေးနေတာကလွဲလို့ပေါ့…
နားလည်မှုခြင်း စိတ်ခြင်းနီးနေသရွေ့လဲ မေဖူးတို့ အမြဲနီးစပ်နေမှာပါ။ လွမ်းရတဲ့ ရက်တွေမှာတော့
မောင့်ပို့လာတဲ့ စာလေးတွေ ဖတ်ရင်း မောင့်အတွက် ကဗျာလေးတွေရေးရင်း အတူတူရှိခဲ့ဘူးတဲ့ နေ့ရက်တွေကို တမ်းတရင်း မောင့်ကို မေဖူး စောင့်နေပါတယ်….

10 comments:

yehtutnaung said...

ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အလုပ်တာဝန်တွေကြားထဲမှာ နှစ်မြုပ်ရင်း ကိုယ်အမြတ်တနိုး တန်ဖိုးထားတဲ့ အချိန်ကလေးတွေ ဆုံးရှုံးသွားရတာ နှမြောစရာ ကောင်းတယ်ဗျာ..။
ဒါပေမယ့် သူတို့  နှစ်ယောက်ရဲ့  ချစ်ခြင်းက ဆုံးခန်းမတိုင် သေးပါဘူးလို့  ထင်ပါတယ်။ စစ်မှန်တဲ့ အချစ်တွေဟာ တည်ဆောက်ဖို့  ခက်ခဲပါပေမယ့် ပျောက်ကွယ်သွားဖို့  ခဲယဉ်းပါတယ်။ ကြင်နာသူ နှစ်ဦး ပြန်ဆုံနိုင်ပါစေလို့  ဆုတောင်းလိုက်ပါတယ်ဗျာ။

အိုက်ခီလောက် said...

အာ ဘာပြောရမှန်းသိတော့ဘူး အမေရေးသွားတာ အားလုံးဖတ်တယ်
အမကိုယ်တိုင်များ ဖြစ်နေလားလို့ သံသယ ဝင်နေမိတယ်
စာရေးတယ်တာပြောတာ အမရေးသွားတာက ကိုယ်အကျွမ်းတဝင် ရှိနေတဲ့အလုပ် လို ပဲ
စာရေးကောင်းတယ် အမ ကိုကြိုက်တယ် ချစ်တယ်
အမရေးရင် အားရပါးရရေးတာကို သဘောကျမိတာ
သူများလို့ လေးငါးခြောက်ပိုင်း မေ၇းဘူး
ရှည်ကြီးရေးပေးတယ် ဖတ်ရတာအားရတယ် အမရေ
ဒါများ ဆက်ရန် လုပ်လို့ ကတော့ နာပြီသာမှတ်

desertraindrops said...

အင်းနော်.တခါတလေ. အလုပ်ရှုပ်နေတာတွေဟာ ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးစေတယ်နော်။ နားလည်ပေးတယ်ဆိုပေမဲ့ အတိုင်းအတာတခုထိလောက်ပဲပေါ့နော်။ သိပ်ကောင်းပါတယ်။

စူး said...

hi, they have happy ending ????

ဇော် said...

အင်းး
ရင်ထဲမှာ တစ်မျိုးကြီးပဲ။
အိပ်ပျက်ခံပြီးတောင် ဖတ်လိုက်ရတယ်။
အဲ့လောက်စွဲဆောင်နိုင်စွမ်းရှိတာ။

မီးမီးချစ် said...

ပြန်မလာရင် လိုက်သွားလေ .. ဒီတခါတော့ အလုပ်များတာ ကိုအကြောင်းမပြနဲ့တော့နော်

ကောင်းကင်ရဲ့ သမီးပျို said...

ငါမပြန်ခင်အပြီးရေးပေးလို့ကျေးဇူးနှင်းရေ ဖတ်လဲုပြီးရော ၀မ်းနည်းလိုက်ရတာဟယ် အကြောင်းကိုသိလား ငါ့ကိုအဲလောက်ချစ်မယ့်သူမရှိလို့ အဟားဟား ကောင်းတယ်သယ်ရင်းရေ ဆက်လုပ်ဟ

သီဟသစ် said...

နှင်းရေ...

ရေးတတ်လိုက်တာ..
ဖူးနဲ့မောင် အပြင်မှာတကယ် ရှိရင် သူတို့ မြန်မြန်ပြန်ဆုံကြပါစေ လို့
ဆုတောင်ပေးသွားပါတယ်..

ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

အခုမှ ဘဲ ဇာတ်သိမ်းလေး လာဖတ်ရတော့တယ်.၊ဘယ်လိုပြောရမှန်းကို မသိလောက်အောင်ဘဲ ပြန်ဆုံနိုင်ကြပါစေလို့ဘဲ
ဆုတောင်းပေးပါတယ်
အဆင်ပြေပျော်ရွှင်ကြပါစေဗျာ

မိုးခါး said...

လူတယောက်အတွက်
လုပ်ရမယ့် အလုပ်တစ်ခု
ချစ်ရမယ့် ချစ်သူတယောက်
မက်ရမယ့်အိမ်မက်တခုလိုတယ်ဆိုတာလေး တော်တော်သဘောကျပါတယ် ..း)
လူချင်းဘယ်လောက်ဝေးလဲ စိတ်ချင်းနီးနေရင် ဆန္ဒရှိနေရင် ပြန်ဆုံတွေ့ကြမှာပေါ့နော် ..

My Blog List