မောင်နှင့် ဖန်တီးခြင်းအနုပညာ

မောင်ရေ မောင်နဲ့ဝေးနေခဲ့တဲ့ ရက်တွေမှာ တစ်ယောက်တည်း ဆိုတဲ့အတွေးတွေနဲ့ အားငယ်ဝမ်းနည်းတတ်လာပြီ မောင်ရယ်.. အရင်က အလုပ်ထဲရောက်ပြီဆိုတာနဲ့ အသင့် စောင့်နေတတ်တဲ့ မောင့်မျက်ဝန်းတွေကို မေဖူးအရမ်း လွမ်းတတ်လာပြီ။
မောင်နဲ့အတူတူရှိနေတုန်းက ဝေးဖို့ကို တခါမှ မတွေးခဲ့မိသလို ခုလိုလွမ်းနေရဖို့ တမ်းတကြေကွဲနေရဖို့ ဆိုတာ ကိုလဲ အိပ်မက်ထဲမှာတောင်မတွေးခဲ့ မမက်ခဲ့ပါဘူးမောင်ရယ်…..

အချစ်စစ်တို့မည်သည် မဖြောင့်ဖြူးဘူးလေ ဖူးဖူးရယ်လို့ မောင်နှစ်သိမ့်ခဲ့ပေမယ့် အဲလိုလွမ်းရဖို့ ဝေးနေရဖို့ မမျှော်လင့်ထားပဲ မောင့်ကို ချစ်ခဲ့မိတာပါ။ လွမ်းနေရမယ်မှန်းသိခဲ့ရင် မချစ်ရဲခဲ့ပါဘူးမောင်ရယ်။
မောင့်ကို လွမ်းရတဲ့ဒုက္ခ ကို ဘယ်သူတွေက ကိုယ်ချင်းစာပေးနိုင်မှာလဲ။ ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ထဲမှာ ဖတ်ခဲ့ဖူးတယ် မောင်မှတ်မိသေးလား ဖူးဖူးလဲ မောင့်ကို လွမ်းလွန်းလို့ ဂျွမ်းထိုးကောင်လေး ဖြစ်နေပြီ။

ဖူးဖူးရဲ့ အတိတ်တွေဟာ မောင့်ကြောင့်ပိုပြီး အသက်ဝင်လှပခဲ့သလို မောင်ပါဝင်ပက်သက်ခဲ့ဖူးတဲ့ အတိတ်ကို လွမ်းရတိုင်း မောင့်အနားကို အပြေးလေး လိုက်လာချင်မိတယ်…
ဖူးဖူးရဲ့ အလွမ်းတွေကို မောင်သိပါစေ မောင်မြင်နိုင်ကြားနိုင်ပါစေ ….
မောင့်ဆီက အလွမ်းတွေကိုလဲ မောင်ပို့လာတဲ့ အီးမေလ်းတွေ ခဲခြစ်ပန်းချီကားလေးတွေ အလွမ်း သီချင်းလေးတွေ ကတဆင့် ဖူးဖူး ခံစားတတ်နေပါပြီ စာနာတတ်နေပါပြီ မောင်ရယ်….



ရုံးကိုရောက်ရောက်ခြင်း စားပွဲပေါ်မှာ ဆီးကြိုနေသော ဖိုင် တစ်ထပ်ကြီးကို ကြည့်ရင်း ဒီနေ့လဲ မိုးချုပ်တော့မယ် ဆိုတဲ့အသိနဲ့ ဒီလို စနေနေ့ပေါင်းများစွာကို ဝမ်းနည်းစွာ ဖြတ်ကျော်ခဲ့ဘူးတာကို အမှတ်ရနေမိပါတယ်…
စနေနေ့တိုင်း သူများတွေ ၁ နာရီ ပြန်ချိန်မှာ ကိုယ့်မှာတော့ မပြီးမပြတ်နိုင်တဲ့ စာမူတွေ တစ်ထပ်ကြီးနဲ့ Dead line ပေါင်းများစွာကို ဖတ်ရှုပြင်ဆင် လို့ မပြီးနိုင်ခဲ့တာလဲ နှစ်နဲ့ချီနေခဲ့ပြီမို့ ထူးပြီး စိတ်မညစ်ရပေမယ့် မေဖူးနဲ့ အတူတူ ပြန်ဖို့ စောင့်နေမယ့် မောင့်မျက်နှာလေးကို ပြေးမြင်မိတိုင်းလဲ စိတ်မကောင်းခြင်းများစွာ ဖြစ်ရတာကို မောင်သိနိုင်ပါ့မလား…

မနေ့ညနေကတည်းက အစီအစဉ်တကျ ထားခဲ့တဲ့ ဖိုင်တွေကို မကိုင်ခင်မှာ ဘေးကပ်ရက်အခန်းထဲက မောင့်ကို မှန်ချပ်တွေကြားက လှမ်းကြည့်တော့ မောင်က ပြုံးပြီး လှမ်းကြည့်နေတာကို တွေ့တာမို့ မသိမသာ နှုတ်ခမ်းလေးစူပြလိုက်မိပါတယ်… မောင်ကလဲ ပြောစရာမလိုပဲ သဘောပေါက်နေသယောင်ယောင် ခပ်ပြုံးပြုံးလေး အားပေးလာပါတယ်။ ဒီနေ့လဲ ညနေစောင်းမှ ပြန်ရတော့မယ်ဆိုတာ မောင်သိနေပါတယ်ဆိုတဲ့ မျက်နှာပေးလေးနဲ့ မောင်ကတော့ အေးဆေးနေနိုင်သူပါ။

မောင်နဲ့ တစ်နေရာတည်းမှာ အတူတူ အလုပ်လုပ်နေရလို့သာ ခုလို နေ့တိုင်း တွေ့နေရတာမို့ မောင်နဲ့ ဆုံတွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာလေးကိုလဲ ကျေးဇူးတွေ တင်ရပါတယ်…

ဒီမီဒီယာ ကုမ္ပဏီမှာ မေဖူးတာဝန်က စာရေးသူ တိတိကျကျ ပြောရရင် ကုန်ပစ္စည်းကြော်ငြာတွေ အားလုံးအတွက် ပင်တိုင် ဇာတ်လမ်း ဇာတ်ညွှန်းရေးသူ။ မောင်ကတော့ ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲသူ။ မောင်က မေဖူးနောက်ကမှ အလုပ်ဝင်လာသူမို့ မေဖူးတို့က အလုပ်ထဲမှာပဲ တွေ့ခဲ့ကြသလို တစ်ယောက်နဲ့ တစ်ယောက် ချောင်းကြည့် ပြုံးပြ အားပေးရင်းနဲ့ အလုပ်ထဲမှာ ပျော်တတ်လာခဲ့တာ။
မောင်နဲ့စတွေ့တဲ့နေ့လေးတစ်နေ့ကိုလဲ အမှတ်တရတွေများစွာကြားထဲက သတိတရ ရှိနေတတ်ခဲ့သလို လူလည်ကျလွန်းတဲ့ ကလေးဆန်လွန်းတဲ့ မောင့်ကိုလဲ မမုန်းရက်နိုင်ခဲ့တာ မေဖူးက စိတ်ပျော့လို့ ဖြစ်မှာပါ…

မောင်စရောက်တဲ့နေ့က အစည်းအဝေးလုပ်ရင်း ဒါရိုက်တာကြီးက မောင့်ကို စပြီး မိတ်ဆက်ပေးပါတယ်။

မေဖူးတို့ဆီမှာက ဂရပ်ဖစ်ဒီဇိုင်နာတွေ တော်တော်များများ ရှိသလို အားလုံးက သူ့ဟာနဲ့သူ တော်ကြသူတွေ စိတ်ရှည် သည်းခံတတ်ကြသူတွေ… မောင်ကတော့ ခြွင်းချက်တစ်ယောက် ဖြစ်ခဲ့သည်.. မောင့်ပုံစံလေးက အနုပညာသမားပီပီ ဖြူဖြူ ပိန်ပိန်လေး ဒီကြားထဲမှာ ကာတွန်းရုပ်တွေထဲမှာ တွေ့ရတတ်တဲ့ မျက်မှန်လေးထောင့် သေးသေးလေးကို တတ်ထားတဲ့မောင်က ဆံပင်ညိုညိုပျောပျော့ ရှည်ရှည်လေးနဲ့မို့ မေဖူးအရမ်းနှစ်သက်တဲ့ ကိုရီးယား မင်းသားလေးနဲ့ တူနေပြန်ပါတယ်…

ဒီကြားထဲမောင်က ခဲခြစ်ပန်းချီဆွဲတဲ့နေရာမှာတော့ ဘယ်သူနဲ့မှမတူအောင်ကို တော်လွန်းလှသူပါ… အသက်အငယ်ဆုံးဖြစ်ပေမယ့် အမြဲတမ်းစတစ်ကော်လာအဖြူလေးတွေကို သပ်သပ်ရပ်ရပ် ဝတ်တတ်တဲ့မောင်က မောင်တို့ ဒီဇိုင်နာတွေကြားမှာ လူကြီးဆန်ဆန် တည်ငြိမ်နေခဲ့ပါသည်။

အဲဒီနေ့က အစည်းအဝေးခန်းမထဲမှာ မောင်မိတ်ဆက်ပုံက မှတ်မှတ်ရရပါ။ မောင်က ကျွန်တော့် နာမည် မိုးလို့ ခပ်တိုတိုပဲ မိတ်ဆက်ပြီး လက်ထဲမှာ ရှိနေတဲ့ ခဲတံတစ်ချောင်းနဲ့ စာအုပ်ထဲမှာ ဘာတွေမှန်းမသိ ရေးခြစ်နေခဲ့ပါသည်။
နောက်ရက် အစည်းအဝေးတွေမှာလဲ မှတ်စရာရှိတာ မှတ် ပြောစရာရှိတာ ပြောပြီးရင် မောင်က ခဲတံတစ်ချောင်းနဲ့ တစ်ယောက်တည်း အလုပ်တွေ ရှုပ်နေပြန်ပါသည်။

နောက်ပိုင်းချစ်သူတွေ ဖြစ်ပြီးမှ မောင့်စာအုပ်ကို မှတ်မှတ်ရရ တောင်းကြည့်တော့ မောင်က ခပ်ပြုံပြုံးလေးနဲ့ မရီနဲ့နော်လို့ ပြောပြီး စာအုပ်လေးကို ပေးလာပါသည်။
စာအုပ်ကိုဖွင့်ကြည့်တော့ ပထမဦးဆုံးစာမျက်နှာမှာက မေဖူးရဲ့ ပုံလေးကို မောင်က ပုံကြမ်းလေးဆွဲလို့ မေဖူးလို့ နာမည်တပ်ထားပါသည်။
နောက်စာမျက်နှာတွေမှာက ရုံးက လူတွေရဲ့ ပုံလေးတွေနဲ့ နာမည်လေးတွေကို တွေ့ရပါသည်။ မောင်စရောက်တဲ့နေ့က သိခွင့်ရခဲ့သူတွေအားလုံးကို နာမည်နဲ့တကွ မှတ်တမ်းတင် ပုံကြမ်းလေးတွေ ဆွဲထားခဲ့တာပါ။ မေဖူးရဲ့ ပုံလေးက ဘာလို့များ ထိပ်ဆုံးရောက်နေရတာလဲ လို့မေးတော့
မောင့်မျက်လုံးထဲမှာ ဦးဆုံးမြင်တာ မေဖူးတဲ့… တော်လိုက်တဲ့မောင်…

မောင့်စာအုပ်လေးရဲ့ အပြည့်နီးပါးမှာ မေဖူးရဲ့ ပုံလေးတွေကို အနေအထားမျိုးစုံနဲ့ တွေ့ရပါသည်။ မောင်က လှပ်တပြတ် မြင်သမျှပုံရိပ်တွေကို အမိအရ လိုက်ပြီး ရေးခြစ်ထားခဲ့တာမို့ မောင့်စာအုပ်လေးက မေဖူးရဲ့ ဓါတ်ပုံအယ်လ်ဘမ်လေးလို ဖြစ်နေခဲ့သလို.. မောင်ရေးခြစ်ထားတဲ့ပုံစံလေးကလဲ သေသေသပ်သပ်လေးမို့ မောင်နဲ့ မေဖူးကြားက အမှတ်တရ စာအုပ်လေးလဲ ဖြစ်နေခဲ့ပါသည်။

မောင်က မေဖူးကို မြင်မြင်ချင်း ချစ်ခဲ့ရတာ မောင့်မှာ သက်သေတွေ အပြည့်လို့ မကြာခဏ မောင်က နောက်တတ်ပါသေးသည်။
မေဖူးမှာသာ မအားလပ်လွန်းတာမို့ မောင်နဲ့ပက်သက်လို့ ကဗျာတစ်ပုဒ်တောင် အဖြစ်ရှိအောင် မရေးဖြစ်ခဲ့ပါ။
အရင့်အရင်တုန်းက ဝတ္တုတိုလေးတွေ ရေးခဲ့ဖူးပေမယ့် နောက်ပိုင်းမှာတော့ ကိုယ်ပိုင် စာရေးဖို့ အချိန်မပေးနိုင်လောက်အောင်ကို အလုပ်တွေက ဖိစီးနေခဲ့ပါသည်။

အလုပ်စရောက်ပြီဆိုတာနဲ့ မေဖူးရေ Testimonial ၊ မေဖူးရေ Story Board ၊မေဖူးရေ TV ကြော်ငြာ Edit လုပ်ပါအုံး မေဖူးရေ အင်တာဗျူး အတွက် မေးခွန်းလေးတွေ မေဖူးရေ Dead line နီးနေပြီ ဆိုတဲ့ မေဖူးပေါင်းများစွာကြားမှာ နစ်မွန်းနေခဲ့သလို အလုပ်မှာ မပြီးနိုင်တဲ့ ဇာတ်လမ်းတွေ ရေးစရာရှိတဲ့ စာသားတွေ ကို အိမ်အရောက်ပြန်သယ်ပြီး အိပ်ချိန်တွေပါ ဖဲ့ပေးပြီး စာရေးနေရသူမို့ မောင်နဲ့ ပက်သက်လို့ဂရုတစိုက် ဘာမှ မရေးဖြစ်ခဲ့သလို မောင်နဲ့တွေ့ဖို့ အချိန်တောင် မနည်း ချန်ထားရတဲ့ မေဖူးကို မောင်တစ်ယောက်သာ နားလည်ပေးနိုင်ခဲ့ပါသည်…

မေဖူးယူထားရတဲ့ တာဝန်တွေကလဲ အများသားမို့ စက္ကန့်တိုင်းလိုလို မေဖူးတစ်ယောက် ရင်ဖိုနေရသလို မေဖူး ဖန်တီးထားတဲ့ အနုပညာအပိုင်းအစလေးတွေတွေကို မေဖူးကိုယ်တိုင်မြတ်နိုးလွန်းတာမို့ ဒီအလုပ်မှာ မေဖူး တခါမှ စိတ်မပျက်ခဲ့သလို ပင်ပန်းတယ်လဲ မထင်ခဲ့ပါ။

ကုမ္ပဏီက လက်ခံပြီး တာဝန်ယူလုပ်ပေးနေတဲ့ ကုန်ပစ္စည်းပေါင်းများစွာ ပြည်တွင်း ပြည်ပ Brand ပေါင်းစုံအတွက် နံရံကပ်ပိုစတာ လက်ကမ်းစာစောင်ကစလို့ တီဗွီကြော်ငြာတွေ အဆုံး မောင် မေဖူးနဲ့တကွ မေဖူးတို့ဆီက ဒါရိုက်တာ အဖွဲဝင်တွေအားလုံးရဲ့ အနုပညာ အပိုင်းအစတွေနဲ့ ပြည့်နှက်နေခဲ့သလို အောင်မြင်ကျော်ကြားခဲ့တဲ့ ကြော်ငြာတွေကလဲ မေဖူးတို့ ကုမ္ပဏီအတွက် နာမည်ကြီးစေဖို့ ဖြစ်စေခဲ့ပါသည်။

မေဖူးတို့ ဖန်တီးထားတဲ့ အနုပညာလေးတွေက ကမ္ဘာကျော်စေတဲ့အထိ မဖြစ်ခဲ့ပေမယ့် အတိုင်းအတာ တစ်ခုအထိ နာမည်သတင်း ကြီးနေတာတွေ့တိုင်း ဇာတ်လမ်း ဇာတ်ညွှန်းလေးတွေ ဖန်တီးပေးရသူ မေဖူးတစ်ယောက် ပီတိတွေနဲ့အတူ အလုပ်တွေကြားမှာ နစ်သထက်နစ်လာခဲ့ပါတယ်။

မောင်ကတော့ အလုပ်ထဲမှာ သူများတွေလို သိပ်စိတ်မရှည်တတ်တာမို့ မောင်တို့ အခန်းထဲမှာ မကြာခဏ ပူညံပူညံအသံတွေ ကြားရတတ်ပါသည်….

ရုံးကအဖွဲတွေက Story Board တွေထိုင်တိုင်း အစည်းအဝေးတွေထိုင်တိုင်း Dead Line အရမ်းကပ်မှ အလုပ်တွေအပ်တိုင်း မောင်နဲ့ အမြဲတမ်း စကားများရတတ်သည်။ မောင်က အရာရာကို စိတ်ရှည်လက်ရှည်တိတိကျကျ လုပ်ပေးတတ်သူမို့ အနီးကပ်မှ လာပြီးလောတာမျိုးကို မကြိုက်သလို မလုပ်နိုင်ရင် မလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသား ပြောပစ်တတ်သူ…

ဘာကိုမှ အားမနာတတ် မောင်သိတာက အနုပညာတစ်ခုကို ဖန်တီးနေတာ ဖြစ်တဲ့အတွက် အရမ်း စီးပွားရေးဆန်လွန်းရင် အနုပညာတွေ အရာမထင်မှာ အပေါစား အနုပညာတွေ ဖြစ်သွားမှာ ဒါတွေကို တွေးပြီး စိုးရိမ်တတ်သူ….


မောင်ဖန်တီးမယ့် အနုပညာလေးအတွက် လုံလောက်တဲ့ အချိန် အတိုင်းအတာ မရခဲ့ရင် မောင်တစ်ယောက် ဒေါသထွက်လို့ မဆုံးတော့ပါ။ အဲလိုအချိန်တွေမှာ မောင့်ကိုနားလည်အောင်မေဖူးကပဲ ချော့မော့ခဲ့ရဘူးသလို မေဖူးတစ်ယောက် အလုပ်ထဲမှာ ပြဿနာလေးတွေ ဖြစ်တိုင်း မောင်က စိုးရိမ်ပူပန်လွန်းစွာ နားချပေးရစမြဲ။

အနုပညာကို ဖန်တီးတဲ့ အပေါ်မှာတော့ မောင်နဲ့မေဖူးက ခံယူချင်ချင်းတူကြပါသည်။ ကိုယ်တိုင်ဖန်တီးထားသော အနုပညာများကို မြတ်မြတ်နိုးနိုးတန်ဘိုးထားတာ ချင်းလဲတူကြပါသည်။ ရင်နဲ့အမျှခံစားပြီး မွေးထုတ်ဖန်တီးထားတဲ့ အနုပညာလေးတွေအတွက် ရလာတဲ့ မဖြစ်မလောက်လစာကိုတော့ ပီတိတွေနဲ့ထိုက်ထိုက်တန်တန် လဲလှယ်ကြတာလဲ တူနေပြန်ပါသည်။

တခါတုန်းက မေဖူးတို့ ကုမ္ပဏီက လုပ်ပေးလိုက်တဲ့ တီဗွီကြော်ငြာလေးတစ်ခု မထင်မှတ်ပဲ အရမ်းနာမည်ကြီးသွားခဲ့ပါသည်။ ကုန်ပစ္စည်းလဲ ရောင်းမလောက်အောင် နာမည်ကြီးခဲ့ပါသည်။ ကြော်ငြာလာအပ်တဲ့ ကုမ္ပဏီကြီးက မေဖူးတို့ ဒါရိုက်တာကြီးနဲ့ တကွ မန်နေဂျာတွေကို ဒင်နာပါတီလုပ်ပေးပါသည်။

ဒင်နာသွားရတဲ့လူတွေစာရင်းမှာတော့ ကြော်ငြာဖြစ်မြောက်ရေးအတွက် ဦးနှောက်တွေ မီးကျွမ်းလောက်အောင် အိုင်ဒီယာ ဆန်းဆန်းလေးတွေ အပူတပြင်းစဉ်းစားပေးခဲ့သူ မေဖူးမပါခဲ့သလို ကြော်ငြာရိုက်ကွင်းမှာ လိုက်လံကြီးကြပ်ပြီး မိုးလင်းက မိုးချုပ်ထမင်းမစားပဲ ပင်ပန်းခဲ့တဲ့ ရိုက်ကွင်းတာဝန်ခံ မောင်လဲ မပါခဲ့ပါ။

မေဖူးတို့ဖန်တီးပေးခဲ့တဲ့ အနုပညာလမ်းကြောင်းပေါ်မှာ လှလှပပ ဖြတ်လျှောက်ခဲ့တဲ့ နာမည်ရ ရုပ်ရှင်သရုပ်ဆာင် မင်းသမီး မင်းသားနဲ့အတူ အစစအရာရာ အချာသတ်ပြီးစီးမှ တဖက်ကုမ္ပဏီကို သွားပြီး သဘောတူညီခွင့်တောင်းရသူ ပွဲမပြီးခင်နဲ့ ပွဲအပြီးမှာ ကြားဝင်ညှိနှိုင်းရောင်းချသူ မီဒီယာအရာင်းတာဝန်ခံတွေ က ပျော်တပြုံးပြုံးနဲ့ ဒင်နာတက်ခဲ့ကြသလို ရလာတဲ့ လက်ဆောင်တွေတပွေ့တပိုက်နဲ့ နောက်နေ့မနက်မှာ ဒင်နာအကြောင်းစမြုံပြန်နေတာတွေ့တော့ မေဖူးတစ်ယောက် စိတ်မကောင်းစွာ မျက်နှာပျက်နေပေမယ့် မောင်က လူကြီးဆန်ဆန် တရားချခဲ့သူပါ။


ဒါတွေက ဖြစ်နေကျပေမယ့် မေဖူးက မိန်းကလေးပီပီ တခါတရံ အရမ်းခံစားရပါသည်။ မောင်ကတော့ ဒါတွေက အနုပညာသမားတွေအတွက် မပြောပလောက်တဲ့ ဖြစ်ရိုးဖြစ်စဉ်လေးတွေလို့ နားလည်နေတတ်သူလေးပါ။
ဒီဒဏ်တွေကို အပြည့်အဝခံနိုင်ရင် မေဖူးဝါသနာပါလွန်းတဲ့ စာရေးသူတစ်ယောက်အဖြစ် သတ္တိရှိရှိ ရပ်တည်လို့ရပြီလို့လဲ အားပေးပြန်ပါတယ်…

မေဖူးတစ်ယောက် စာရေးချင်စိတ်တွေ ဖြစ်လာအောင် အားပေးခဲ့သလို မေဖူးဖန်တီးထားခဲ့တဲ့ စာတိုစာရှည်လေးတွေ အပေါ်မှာလဲ ဂရုတစိုက်ဝေဖန်အားပေးတတ်သူက မေဖူးရဲ့ တဦးတည်းသော မောင်ရယ်လေ။ မေဖူးအိုင်ဒီယာလေးတွေ လန်းလာပြီ အတွေးအခေါ်တွေ တိုးတက်လာပြီ ကြိုးစားထားနော် မေဖူးလုပ်ရင် ဘာမဆိုဖြစ်တယ် ဆိုတဲ့ အားပေးသံတွေကို မောင်တစ်ယောက်တည်းဆီကပဲ ကြားခဲ့ရပါသည်..

စီးပွားရေးနဲ့ နွယ်နေတဲ့ အနုပညာဖန်တီးမှုအပိုင်းမှာလဲ ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် သိက္ခာရှိရှိ ဘယ်လို ရပ်တည်ရမယ်ဆိုတာကို မောင်က သူနားလည်ထားသလောက် ပြောပြတတ်ပါသည်။

ဆက်ပါအုံးမည်

7 comments:

အိုက်ခီလောက် said...

အဲ့လိုလေ ဖတ်လို့ ကောင်းတုန်းလေ
ဆက်ပါအုန်းမည် ဆိုတာလေ ဘယ်ကအတတ်ကောင်းတွေလည်းဟင်
လူကိုလေ ဆန့် တစ်ငင်ငင်လုပ်နေတဲ့ အမ ပြန်ခံရပါစေဗျာ
ချစ်သူ က ဆန့် တစ်ငင်ငင် လုပ်တာပြန်ခံရပါစေဗျာ
မတောင်းပဲပြည့်တဲ့ဆုပေးလိုက်တယ်
မပြောချင်ဘူး ဟူး ဖတ်ရတာကောင်းခန်းရောက်ရင် အဲ့လိုပဲ
အမြန်ဆက်ဗျာ နော်
မဟုတ်လို့ ကတော့ ကျိန်စာပါ တိုက်မှာ
အဟီး

desertraindrops said...

ခိလောက် ဆက်ရန်ဆိုတာကြီးကို မကျေမနပ်နဲ့ ဆုတောင်းသွားပါလားဟ။ ဖတ်လို့ကောင်းတယ်။ ဆက်ရန်လေးကို စောင့်မျှော်လျက်.အဲ..ကော်နက်ရှင်ကြီးလဲ ကောင်းပါစေနော့။။(ဒါမှ မြန်မြန်ဖတ်ရမှာလေ)

yehtutnaung said...

ကိုရီးယားကားလို တဆင့်တက်ချင်ပြီဆို ဆက်ရန်နဲ့ တိုးပြီ..။ :P
ဆက်လက် အားပေး မျှော်နေပါတယ်ဗျာ။

ကောင်းကင်ရဲ့ သမီးပျို said...

ငါလဲ မကျေနပ်လို့ ရန်တွေ့မလို့ လာတာ ခလောက်က အရင်ရန်တွေ့သွားတော့ တွေ့တော့ဘူး ဆက်ရန်ဆိုတဲ့အချိုးတွေပြင်ပါ သယ်ရင်းအရင်းမို့နော် ဟင်း ဒေါသအောက်လာပြီကွာ ပြောရင်းနဲ့

ဇော် said...

ဟင် ...
အမ် ...။
ဘာတုန်းဟ။ ဆက်ပါအုံးမည်တဲ့။ အီးး။ ကောင်းခန်းရောက်တုန်းရှိသေး ရင်ထဲကို ခုလုခုလုဖြစ်သွားတာပဲ။ ဘာများလဲလို့ အလုပ်ကရောက်ရောက်ချင်း အပြေးအလွှားလာလိုက်တာကို ခုတော့ ရင်ခံသွားရပြီ။ ရန်တွေ့မို့ရှိသေး အပေါ်မှာ ဂျစ်ကိုနဲ့ တမီးဗျိုက ရှိနေတော့ ဂလုကနဲ မကျေနပ်စိတ်ကို ပြန်မြိုချရင်း လှည့်ပြန်သွားတယ်။ ဟွန်း။ နောက်နေ့ လာချောင်းမယ်။ မရေးရသေးလို့ကတော့ အနုမြူလာကြဲပလိုက်မယ်။ အေးရော။ ဟွင်း...။

Anonymous said...

အဲဒီလို လုပ်ရဘူးလေ ဖတ်ကောင်းပြီဆိုရင် ဆက်ရန်တွေနဲ့ဘဲ တိုးနေတယ်
အဆင်ပြေပျော်ရွှင်ပါစေဗျာ

သီဟသစ် said...

နှင်းရေ..
ဖတ်လို့ကောင်းတုန်းမီးပျက်သွားပြီ...

ဆက်ရန်ကို မျှော်နေမည်...

ခင်မင်စွာဖြင့်
သီဟသစ်

My Blog List