ဆုနဲ့ဆူး

ဆုမှတ်တမ်း

ဝလုံးဝိုင်းဝိုင်းလေးရေးလို့ ပညာစသင်ခဲ့တဲ့ ကလေးဘဝကစလို့ အခုဖြတ်သန်းနေတဲ့ အချိန်တစ်ခုအထိ ရရှိခဲ့ဘူးတဲ့ အောင်မြင်မှု အမှတ်တံဆိပ်လေးတွေကို ဆုလို့ခေါ်မယ်ဆိုရင်တော့ ဆုပေါင်းများစွာ ရခဲ့ဘူးပါတယ်...

တခါမှလဲ မရေတွက်ခဲ့ဘူးတာမို့ မရေမတွက်နိုင်အောင်လို့ပြောရမလား တော်တော် များခဲ့ပါတယ်လို့ပြောရမလား။
အမှတ်တရများစွာ ဖြစ်ခဲ့ဘူးတဲ့ ဆုလေးတွေ အောင်မြင်မှုလေးတွေကို အခုမိုးခါးက တက်ဂ်လာတော့မှ ပြန်တွေးမိတော့ ပျော်မိသလို ကြည်လဲကြည်နူးမိပါတယ်။

မူလတန်းအရွယ်မှာတော့ ဆုပေးပွဲနီးလာပြီဆိုရင် မြိတ်က အဘိုးတွေအဘွားတွေ ပို့ပေးတတ်တဲ့ အင်္ကျီအသစ်လေးတွေ အမြဲရတတ်တာမို့ ဆုပေးပွဲတွေကို စောင့်နေခဲ့ဖူးပါတယ်။ တစ်နှစ် တစ်ခါဆုယူရင် အင်္ကျီလှလှလေး ဂါဝန်လှလှလေးတွေ နှစ်စုံနှုန်းနဲ့ရတတ်တာမို့ တစ်နှစ်တစ်နှစ် မြန်မြန်ကုန်စေချင်ခဲ့မိသေးတယ်။

အဲဒီအချိန်တုန်းက မှောင်ခိုခေတ်လို့ပြောလို့ရသေးတာမို့ မြိတ်က အဘိုးအဘွားတွေမျက်နှာနဲ့ ကျောင်းမှာလဲ နာမည်ကြီးခဲ့ပါသေးတယ်။ ကျောင်းက ဆရာမတွေရော ရန်ကုန်သူ သူငယ်ချင်းတွေပါ ဆုပေးပွဲမှာ ကိုယ်ဝတ်လာမယ့် အဝတ်အစားလှလှလေးတွေကို အမြဲစောင့်ကြည့်နေခဲ့တာကိုလဲ သေသေချာချာကို မှတ်မိနေပါသေးတယ်။

ကျောင်းက ပေးတဲ့ဆုတစ်ဆုအတွက် ဘိုးဘွားတွေက ထပ်ဆောင်းပေးခဲ့တဲ့ ဆုတွေကိုပါ အမြဲရနေတာမို့ မူလတန်းဘဝက ဆုတွေကို ကျွန်မအနေနဲ့ အခုထိမမေ့နိုင်ခဲ့ပါဘူး။

အလယ်တန်း အထက်တန်းမှာတော့ အဲလို လှလှပပ အပြင်အဝတ်အစားတွေ ဝတ်လို့မရတာမို့ ဆုပေးပွဲတွေက ရိုးစင်းခဲ့ပါတယ်။ ဒါပေမယ့် ရခဲ့တဲ့ဆုတွေရဲ့ အရေအတွက်ကတော့ တစ်နှစ်ထက် တစ်နှစ် ပိုလို့များလာခဲ့ပါတယ်။
သာမန်ထူးချွန်သူတွေ ရလေ့ရှိတဲ့ ပညာရည်ချွန်ဆုတွေအပြင် မြန်မာစာ ထူးချွန်ဆု စာပေထူးချွန်ဆုနဲ့ အထိမ်းအမှတ်ပေါင်းစုံသော ပြိုင်ပွဲတွေမှာ ရနေကျ ဆုတံဆိပ်တွေကလဲ ထပ်တိုးလာပါတယ်။

ကျောင်းအဆင့်ကနေ မြို့နယ်အဆင့်အထိပါ ပါလာတော့ ရခဲ့တဲ့ ဆုတွေကို ကိုယ်ကိုယ်တိုင် တောင်မမှတ်မိလောက်အောင်ကို များခဲ့ပါတယ်။ တစ်နှစ်တစ်နှစ် ကျောင်းဆုပေးပွဲတွေမှာ ကိုယ်ရခဲ့တဲ့ ဆုတံဆိပ်တွေကို တစ်ယောက်တည်းတောင် မသယ်နိုင်ခဲ့ပါဘူး....

အရီရဆုံးအချိန်တွေကတော့ ဓါတ်ပုံရိုက်တဲ့ အချိန်တွေပါပဲ ဆုတံဆိပ်တွေ မနိုင်မနင်းနဲ့ သူငယ်ချင်းတွေကြားမှာ ဟာသဖြစ်နေခဲ့တာကလဲ ပြန်တွေးတိုင်း အမှတ်ရစရာလေးပါ။

ဘဝရဲ့ အမှတ်တရ အဖြစ်ဆုံးအချိန်ကတော့ အထက်တန်းမှာ စခဲ့ပါတယ်။ အထက်တန်းတက်ခဲ့ရတဲ့ နှစ်နှစ်လုံးဟာ မေ့ရက်စရာမရှိတဲ့ အမှတ်တရတွေနဲ့ ပြည့်နေခဲ့ပါတယ်။

ကိုးတန်းစာမေးပွဲတွေ ဖြေခါနီးအချိန်မှာ ရုတ်တရက် ကောက်ကာငင်ကာ ရောဂါရပါတယ်။ စာမေးပွဲဖြေဖို့ ၁၀ ရက်လောက်ပဲ လိုတဲ့ အချိန်မှာ ကိုယ့်ရဲ့ မျက်လုံးတွေက အနီးရော အဝေးပါ မမြင်ရတော့ပါဘူး။
တချိန်လုံး ဝမ်းနည်းပက်လက်နဲ့ ငိုနေခဲ့ရပါတယ်။ ကျောင်းလဲ မတက်နိုင်တော့ပါဘူး။

ဒါပေမယ့် အရမ်းခင်တဲ့ သူငယ်ချင်းနှစ်ယောက်က ကျောင်းဆင်းချိန်မှာ အိမ်ကိုလာပြီး စာကူကျက်ပေးပါတယ်။
သူတို့ကျက်တဲ့ အသံကိုနားထောင်ပြီး စာလိုက်ဆိုရပါတယ်။ သချာင်္ပုစ္ဆာတွေကိုတောင် အသံထွက်ပြီး တွက်ပေးခဲ့တဲ့ သူငယ်ချင်းလေးတွေကို ယနေ့အချိန်ထိ မေ့လို့မရခဲ့ပါဘူး။

စာမေးပွဲဖြေတဲ့အချိန်မှာတော့ ရုတ်တရက် ကောက်ကာငင်ကာ ရလာတဲ့ ပါဝါ ၁၈၀ ရှိတဲ့ မျက်မှန်လေးနဲ့ စာမေးပွဲဖြေခဲ့ရပါတယ်။

အဲဒီနှစ်က ပိုပြီး အမှတ်တရဖြစ်စခဲ့တာကတော့ စာလာကူကျက်ပေးတဲ့ သူငယ်ချင်းတွေက ဆုမရပဲ ကိုယ်က တစ်ကျောင်းလုံးမှာ ဒုတိယဆုရခဲ့ပါတယ်။ အခြားအခြားသော ပြိုင်ပွဲဝင်ဆုတွေကတော့ ထုံးစံအတိုင်းပါပဲ ဒိုင်းဆုလေးတွေက စီစီရီရီ။

ဆယ်တန်းတက်တဲ့နှစ်မှာတော့ ဇာတ်လမ်းကစလာပါတယ်။ ကျောင်းရဲ့ လက်ရွေးစင် မြန်မာစာ ထူးချွန်သူတစ်မို့ ကျောင်းအဆင့်တဲ့ ပြိုင်ပွဲ မြို့နယ်အဆင့် ပြိုင်ပွဲ တိုင်းအဆင့်ပြိုင်ပွဲ မရိုးနိုင်အောင် လက်စွမ်းပြရပါတယ်။

တကယ်ဖိဖိစီးစီး လုပ်ရမယ့် ဘာသာရပ်ပေါင်းစုံက စာတွေကတော့ လစ်ဟင်းခဲ့ပါတယ်။

စာမေးပွဲဖြေကာနီးမှာတော့ ကျူရှင်ဆရာတွေနဲ့ပါ ပြဿနာဖြစ်ရပါတယ်။ ကျူရှင်လဲ အချိန်မှန် မတက်နိုင်ခဲ့သလို စာလဲ မကျက်နိုင်ခဲ့ပါဘူး။
ဖေဖော်ဝါရီလအထိ ပြိုင်ပွဲတွေ မပြီးနိုင်ခဲ့တဲ့အပြင် တခါမှ မကြားဖူးတဲ့ ကျပန်းစကားပြောပြိုင်ပွဲအတွက် မြို့နယ်အဆင့်မှာ ရွေးချယ်ခံရပါတယ်။ အဓိက ပြဿနာကတော့ အဲဒီပြိုင်ပွဲအတွက် စာဖတ်ရတာပါပဲ။

ကျောင်းစာကြည့်တိုက်နဲ့ မလုံလောက်တာမို့ မြို့နယ်စာကြည့်တိုက်အထိ ခြေဆန့်လို့ စာလိုက်ဖတ်ရပါတယ်။
ပြောရမယ့် ခေါင်းစဉ် ၁၆ မျိုးအတွက် သတင်းအချက်အလက်တွေ စုဆောင်းရပါတယ်။ ပြီးတော့ ပြောရမယ့် အချိန် ၁၅ မိနစ်စာအတွက် ပြင်ဆင်လေ့ကျင့်ရပါတယ်။ ကိန်းဂဏန်းပေါင်းများစွာ ရာဇဝင်ပါင်းများစွာကို အလွတ်ကျက်ရပါတယ်။

မြို့နယ်အဆင့်ပြိုင်ပွဲပြီးလို့ ခရိုင်အဆင့်ကို တက်မယ့်အချိန်မှာတော့ စာမေးပွဲဖြေရန် ၂ ပတ်သာလိုတော့တာမို့ ဆရာမတွေကပဲ စိတ်မကောင်းစွာနဲ့ အဲဒီပြိုင်ပွဲကို ဆက်ဝင်ဖို့ ငြင်းပေးခဲ့ရပါတယ်။ အဲလိုမှ မငြင်းခဲ့ရင်လဲ တသက်လုံးက စာမေးပွဲမကျဘူးပါဆိုတဲ့ ရာဇဝင်က တစ်မျိုးပြောင်းသွားနိုင်ပါတယ်။

နောက်ဆုံးမှာတော့ ဆယ်တန်းစာမေးပွဲကြီးကို အကျအရှုံးမရှိ အောင်မြင်ခဲ့ပေမယ့် အများထင်ထားသလို မျှော်လင့်ထားသလို ကြီးကြီးကျယ်ကျယ် အောင်မြင်မှုတွေမရခဲ့ပါဘူး။ ချစ်ခင်မြတ်နိုးအပ်တဲ့ အစွမ်းကုန် ကြိုးစားခဲ့တဲ့ မြန်မာစာမှာတောင်မှ ယုံကြည်မှုလွန်ကဲလွန်းစွာ အမှားလုပ်ခဲ့တာမို့ ၇၃ မှတ်နဲ့ တင်းတိမ်လိုက်ရပါတယ်။

ဒါပေမယ့် ထုံးစံအတိုင်း အထက်တန်းကျောင်းရဲ့ နောက်ဆုံးတက်ခွင့်ရခဲ့တဲ့ ဆုပေးပွဲမှာတော့ ဘာမှန်းမသိတဲ့ ဆုတံဆိပ်ပေါင်းများစွာ ခပ်တည်တည်နဲ့ သွားယူခဲ့ရပါသေးတယ်။

ရင်ထဲမှာတော့ သိရက်နဲ့စူးဝင်နေခဲ့တဲ့ ဆူးတစ်ချောင်းနဲ့ပါ။ အဲဒီနေ့က ဆေးတက္ကသိုယ်ဝင်ခွင့်ရလိုက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကြည့်အောက်မှာ သိသိသာသာတော့ နာကျင်နေခဲ့ပါတယ်။

အဲလိုတွေ ဖြစ်လာမယ်ဆိုတာကို ကြိုသိခဲ့ပေမယ့်လဲ ကိုယ်တိုင်က လိုလိုလားလား ရွေးခဲ့လျှောက်ခဲ့တဲ့ လမ်းဖြစ်တဲ့အတွက် နောင်တတော့ မရခဲ့ပါဘူး။ ဆုတွေရဲ့ အဆုံးမှာ ဆူးမှတ်တမ်းတစ်ခုရဲ့ အစလို့လဲ ပြောလို့ရပါတယ်။

ဆူးနိဒါန်း
အထက်တန်းတက်စဉ်က ရခဲ့တဲ့ဆူးလေးက တက္ကသိုလ်တက်ချိန်မှာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ပါတယ်။
ထုံးစံအတိုင်း တက္ကသိုယ်အဆင့် ပြိုင်ပွဲတွေ ဆက်တိုက် ဝင်ပြိုင်ခဲ့ပါတယ်။

ပထမနှစ်ကျောင်းသူ တစ်ယောက်ရဲ့ ပြိုင်ဘက်တွေက ဂုဏ်ထူးတန်း မဟာတန်းတက်နေသူတွေ နာမည်ကျော်တွေ ဖြစ်နေတာတော့ မဆန်းခဲ့ပါဘူး ကြောက်လဲ မကြောက်ခဲ့မိပါဘူး။

ပြိုင်ဘက်ကျော်တွေနဲ့ ပက်သက်လို့ တခါတုန်းကတော့ ငိုရမလို ရီရမလို အဖြစ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။
အဲဒီနေ့က စာစီစာကုံးပြိုင်ပွဲတစ်ခုမှာ လူပေါင်း ၂၀ နီးပါးရှိခဲ့ပေမယ့် နေ့လည်ပိုင်းမှာ ဆက်ပြီး ပြိုင်ခဲ့ရတဲ့ ကဗျာ ပြိုင်ပွဲမှာတော့ မြန်မာစာ မဟာတန်းက ကိုတော်ချောတစ်ယောက်နဲ့ ကိုယ်နဲ့ နှစ်ယောက်ပဲရှိခဲ့ပါတယ်။

ပြိုင်ပွဲမစခင်မှာ မျက်မှန်ထူကြီး တပ်ထားခဲ့တဲ့ ဘသားချောက ကိုယ့်ကို ပေစောင်းစောင်းနဲ့ ကြည့်နေပါတယ်။
သူက အကြီးတန်းက နာမည်ကျော်မို့ ပထမနှစ်ကျောင်းသူ ကလေးသာသာကိုယ့်အပေါ်မှာ မာန်လဲ တက်နေတာကို သတိထားမိပါတယ်။

သူက ကျောင်းက နာမည်ကျော်တစ်ယောက် ဖြစ်နေခဲ့တာကို သိနေခဲ့ပေမယ့် ခပ်အေးအေးလေးနဲ့ ရေးစရာရှိတာလေးရေးပြီး အိမ်ပြန်လာခဲ့ပါတယ်။

နောက်ရက် ဆုစာရင်းတွေ ထွက်ချိန်မှာတော့ ကိုယ်တော်ချောက ဒုတိယ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ နှစ်ယောက်တည်း ပြိုင်ခဲ့ရတဲ့ ပွဲမှာ ဒုတိယရသူ သူကတော့ ဘယ်လိုနေမယ် မသိခဲ့ပေမယ့် သူ့ကို အားနာစွာ သနားစွာနဲ့ ကိုယ်တစ်ယောက်တည်း စိတ်တွေရှုပ်နေခဲ့ပါတယ်။

အဲဒီအဖြစ်ထက်ရီစရာ ကောင်းတဲ့ အဖြစ်လေးက တစ်ခုရှိပါသေးတယ်။
တက္ကသိုလ် အရသာ ဆိုတာ ဘာမှန်းမသိခင်ဆူပူမှုတွေကြောင့် ၁၉၉၇ မှာ ကျောင်းတွေ
ထပ်ပိတ်လိုက်ပြန်ပါတယ်။

ကျောင်းတွေ ပိတ်ထားတဲ့အချိန်မှာ အိမ်ကို စာတစ်စောင်ရောက်လာပါတယ်။
စာလေးက တစ်ကြောင်းတည်း တိုတိုလေးပါ ...ဒါပေမယ့် စာကိုကိုင်ပြီး ကြောက်စိတ်တွေနဲ့ လူက တုန်နေခဲ့ပါတယ်။

မော်ကွန်းထိန်းနှင့် မနက်ဖြန်လာတွေ့ပါ...ဆိုတဲ့ စာကြောင်းလေးက ကိုယ့်ကို တော်တော် နှိပ်စက်ခဲ့ပါတယ်။
ကျောင်းတက်ခဲ့တဲ့ အချိန်က လေးငါး လထက်မပိုခဲ့ပါဘူး။ အဲဒီအချိန်တိုတိုလေးမှာ ကျောင်းစည်းကမ်းတွေလဲ မဖောက်ခဲ့မိပါဘူး။။ သူများတွေ တို့အရေး အော်နေတဲ့အချိန်မှာလဲ ကံကောင်းစွာနဲ့ ကိုယ်တို့ တစ်ခန်းလုံးက ကျိုက်ထီးရိုးတောင်ပေါ်ကို ရောက်နေခဲ့ချိန်ပါ။ သေချာတာကတော့ ကိုယ့်မှာ ဘာအပြစ်မှမရှိခဲ့ပါဘူး။

မော်ကွန်းထိန်းရုံးခန်းကို အလန့်တကြားနဲ့ ရောက်သွားတဲ့ အချိန်မှာတော့ ဌာနမှုးနဲ့ မော်ကွန်းထိန်း အပြင် ကထိက ဆရာမကြီး နှစ်ယောက်ကို ပါတွေ့ရပါတယ်။ ကိုယ်ထင်ထားသလို အပြစ်ရှိလို့ ခေါ်တွေ့တာမဟုတ်ပါဘူး။

တကယ်တော့ နိုင်ငံတော်အဆင့် ကျင်းပမယ့် ပွဲတစ်ပွဲအတွက် ဒဂုံတက္ကသိုလ်က ထူးချွန်ကျောင်းသူ အနေနဲ့ တက်ရောက်ပြီး ပန်းခြင်းလဲပေးဖို့အတွက် ဆရာတွေက ခေါ်တွေ့ပြီး လိုအပ်တာတွေကို စီစဉ်ပေးတာပါ။
ရင်ထိတ်ခဲ့တာတွေ ပျောက်သွားပေမယ့် ဆံပင်တိုနံ့နံ့နဲ့ ကိုယ့်ကို ဆံထုံးထုံးဖို့ စီမံနေတဲ့ ဆရာမကြီးတွေ ကြားမှာ ချွေးပြန်နေခဲ့တာကိုလဲ သတိရနေဆဲပါ။

ဆူးမှတ်တမ်း

ကံမကောင်းအကြောင်းမလှစွာနဲ့ ပထမနှစ် တက္ကသိုလ် ပိတ်ထားချိန်တွေမှာ ကုမ္ပဏီတစ်ခုမှာ အလုပ်ရပါတယ်။ ကျွန်မချစ်တဲ့ ကျောင်းနဲ့ ဝေးခဲ့ပါတယ်။

ကျောင်းတွေ ပြန်ဖွင့်ချိန်မှာတော့ ရင်နာနာနဲ့ အဝေးသင်ပြောင်းလိုက်ရပါတယ်... ကျောင်းပြောင်းလျှောက်ချိန်မှာ မော်ကွန်းထိန်းဆရာတွေ ဌာနမှုးဆရာတွေက အတန်တန် တားနေခဲ့ပေမယ့် အားနာခြင်းများစွာ စိတ်မကောင်းခြင်းများစွာနဲ့ နှုတ်ဆက်ခဲ့ရပါတယ်။

ဘဝမှာ ပျော်ရာနေရာတစ်ခုထက် တော်ရနေရာတစ်ခုကို ရွေးရချိန်ဟာ ဝမ်းနည်းစရာ အကောင်းဆုံးအချိန်လဲ ဖြစ်သလို ဘဝမှာ စိတ်ဒဏ်ရာတစ်ခုကိုလဲ ဖြစ်စေခဲ့ပါတယ်။

ဒဏ်ရာတွေက ဆက်တိုက်ဆိုသလို နှိပ်စက်ခဲ့ပါတယ်။ အလုပ်ကနေ အပြေးအလွှား ပရက်တီကယ်ခန်းကို ပြေးရချိန်တွေ ကျူရှင်တွေယူုပီး မဟားဒယား စာတွေကျက်ရချိန်တွေဟာ ကျွန်မအတွက် ဆူးစူးခဲ့ချိန်တွေပါပဲ။

နယ်မှာ ကျောင်းဆရာမလုပ်နေတဲ့ သူငယ်ချင်းမလေး သူ့ကလေးတွေစာမေးပွဲရှိတာကြောင့် သူ့ရဲ့ကျူတိုရီယယ်တွေ ပရက်တီကယ်တွေကို ကြိုးစားပြီး မေ့ထားခဲ့ရတာတွေ ပရက်တီကယ် အမှတ်လေး ၂မှတ် ရဖို့ ကုန်းတတန် ရေတတန် ကျောင်းလာတက်ခဲ့ရတာတွေကို မြင်တိုင်း ရင်ထဲမှာ ဆူးတွေထပ်စူးနေခဲ့ပါတယ်.....

အဆိုးရွားဆုံးအချိန်တွေကတော့ ကိုယ်တန်ဘိုးထားခဲ့ရတဲ့ ပညာရေးစနစ်ကြီး ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့တာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရချိန်ပါပဲ။

ဒုတိယနှစ်မှာတော့ သိပ်မခံစားလိုက်ရပါဘူး အဝေးသင်တွေရဲ့ အသံဆိုးတွေ စနစ်ဆိုးတွေကိုတော့ စပြီးတော့ ကြားခဲ့ရပါတယ်။

ဒုတိယနှစ်စာမေးပွဲဖြေချိန်မှာ ပြတင်းပေါက်က တိုက်လာတဲ့လေကြောင့် ကိုယ့်အနောက်နားက သူငယ်ချင်းကောင်မလေးကူးနေတဲ့ စာရွက်သေးသေးလေးလွင့်သွားချိန် အခန်းစောင့်ဆရာမက စာရွက်အပိုင်းအစလေးကို အသည်းအသန်လိုက်ဖမ်းချိန်မှာ ခပ်အုပ်အုပ်ထွက်လာတဲ့ရီသံလေးတွေက ကိုယ့်ရင်ထဲက ဒဏ်ရာတွေရဲ့ အစပါ။

တတိယနှစ်မှာတော့ မေးခွန်းလိုက်တဲ့ စပေါ့လိုက်တဲ့ ထုံးစံလေးက နာမည်ကြီးနေတာမို့ အများသူငါတွေလို လှည်းတန်းမှာ ညအချိန်မတော်မေးခွန်း သွားစောင့်တဲ့အလုပ်ကို လုပ်ခဲ့ပါတယ်။

ပထမဆုံးနေ့မှာတော့ ရလာတဲ့မေးခွန်းတွေကို ပြန်စိစစ် တွက်ချက်ရင်း မနက်စောစော စာမေးပွဲဖြေဖို့ကို စိတ်စောနေခဲ့ပါတယ်။

စာမေးပွဲခန်းထဲမှာ ဆရာမပေးလာတဲ့ မေးခွန်းစာရွက်ကို ရလို့ သေသေချာချာ ကြည့်တဲ့အချိန်မှာတော့ ကမ္ဘာလောကကြီး ပြောင်းပြန်ဖြစ်သွားသလို ခံစားလိုက်ရပါတယ်။

ကိုယ့်လက်ထဲက မေးခွန်းစာရွက်ဟာ လှည်းတန်းမိတ္တူဆိုင်မှာ ဝယ်ခဲ့တဲ့ မေးခွန်းစာရွက်ကို ကော်ပီကူးထားသလိုပါပဲ တထပ်တည်းကျအောင်ကို စပေါ့တွေက ပေါက်ခဲ့တာပါ။ ရင်နာနာနဲ့ အနောက်နားက သူငယ်ချင်းကို လှမ်းကြည့်မိတော့ သူငယ်ချင်းက ပြုံးလို့ပျော်လို့လေ......
ကိုယ့်ရင်ထဲက ဆူးတစ်ချောင်းကို နာနာကျင်ကျင်နဲ့ပဲ မေ့ဖို့ကြိုးစားခဲ့ပါတယ်။
တသက်လုံးက ရင်းနှီးကျွမ်းဝင်လာခဲ့တဲ့ ပညာရေးစနစ်ကြီးက တခုခုတော့ လွဲနေခဲ့ပါတယ်။

ငွေပေးဝယ်လို့မရတဲ့ ပညာဆိုတာ အခုချိန်မှာ ငွေပေးပြီးဝယ်နေရသလို ဖြစ်နေတာ....
ပညာတတ်ဆိုတာ အရည်အချင်းတွေထက် အရေအတွက်တွေ ဖြစ်လာစေဖို့လား ဆိုတဲ့ ဒွိဟ အတွေးတွေ တွေးတတ်လာစေဖို့များလား....

ရင်နာခြင်းက ဒီမှာတင် မပြီးခဲ့ပါဘူး... ကျောင်းမပြီးမချင်း တက္ကသိုလ်ကြီးက လက်ပြလို့ နှုတ်မဆက်မခြင်း ဆူးတွေက တစ်ချောင်းပြီး တစ်ချောင်း မကုန်နိုင်အောင်စူးခဲ့ပါတယ်။။။။

နောက်ဆုံးနှစ် စာမေးပွဲဖြေချိန်ကို ထပ်ရောက်လာပါတယ်။
အများမိုးခါးရေသောက်တော့ ကိုယ်တိုင်လဲ လိုက်သောက်မိပါတယ်။ ( ဒီပို့စ်က မိုးခါးတက်ဂ်တဲ့ ပို့စ်ဆိုတော့ မိုးခါးရေ နားလည်ပေးနော်)

တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး ဖြစ်ခဲ့ပြန်ပါတယ်။ ကိုယ်တို့ စာမေးပွဲဖြေရမယ့်နေရာက တောင်ဥက္ကလာက အထက်တန်းကျောင်းတစ်ကျောင်းပါ။

သင်္ချာကျောင်းသူဆိုပေမယ့် မေးခွန်းရတိုင်းလဲ မလွယ်ခဲ့ပါဘူး ရတဲ့မေးခွန်းကို ခေါင်းမီးတောက်လာတဲ့အထိ စဉ်းစားပြီး ပြန်တွက်ရပါတယ်။ မမြင်ဖူးတဲ့ ပစ္ဆာကို တွေ့မိရင်တော့ တစ်ညလုံးမအိပ်ရတော့ပါဘူး သူငယ်ချင်းတွေ ခေါင်းချင်းရိုက်ပီးတွက်ရပါတယ်။။

အရေးပေါ်အဆောင်တွေဖြစ်တဲ့ ကယ်ကူလေတာတွေမှာ ပုံသေနည်းတွေကို ခဲတံလေးတွေနဲ့ရေးရပါတယ်။ စာတွေကို လက်ရေးသေးသေးလေးတွေနဲ့ရေးပြီး တိပ်အကြည်တွေနဲ့ ရေစိမ်လို့ စတစ်ကာလုပ်ရပါတယ်။

မေးခွန်းဝယ်ရတာလွယ်ပေမယ့် မေးခွန်းရတဲ့အချိန်မှာ မသိဖူး မတွက်ဖူး မမြင်ဖူးတဲ့စာဖြစ်နေရင် အဲဒီရေးပေါ်အဆောင်တွေကို သုံးခဲ့ရပါတယ်။

စာမေးပွဲ ဒုတိယနေ့မှာ မမြင်ဘူးတဲ့ပုစ္ဆာတစ်ပုဒ် မတွက်တတ်တာမို့ အနီးဆုံးမှာ ရှိတဲ့ ဆရာမအိမ်ကို ပြေးတော့ အချိန်က ည ၁၂ နာရီကျော်နေပါပြီ။ ဆရာမက ကြိုးစားရှင်းပြပေမယ့် အကုန်လုံးက လုံးဝကို နားမလည်တာမို့ ဆရာမက လက်မြှောက် အရှုံးပေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ဆရာမကိုယ်တိုင် လက်ရေးသေးသေးလေးတွေနဲ့ တွက်ပေးခဲ့တဲ့ စာရွက်လေးကို ကိုင်လို့ မိတ္တူဆိုင်မှာ ချုံ့လိုက်ပါတယ် ပြီးတော့ ကပ်ခွာလုပ်လို့ အဆာင်ဘဝကို ပြောင်းလိုက်ရပါတယ်။

အဲဒီစာရွက်လေးကိုကိုင်ရင်း ဆရာမလက်ရေး သေးသေးလေးကို ကြည့်ပြီး ဝမ်းနည်းမိပေမယ့် ဆရာမကိုယ်ကိုင်က ပညာကိုငွေပေးလို့ ဝယ်နေရတဲ့ တပည့်လေးတွေကို စာနာစွာ နားလည်စွာ ဝိနည်းရှောင်လို့ ကူညီပေးနေခဲ့တာဆိုတော့ ရင်နာနေရုံကလွဲလို့ ကိုယ်လဲ ဘာမှမတတ်နိုင်ခဲ့ပါဘူး။

အကြီးဆုံးဆူးတစ်ချောင်း ဝင်ခဲ့တဲ့ အချိန်ကတော့ တောင်ဥက္ကလာက ကျောင်းမှာပါ။ ပထမဆုံးနေ့မှာ စာမေးပွဲခန်းထဲဝင်ဖို့ လုပ်နေချိန်မှာ ကျော်ငးသားတစ်ယောက်က ပိုက်ဆံလာကောက်ပါတယ်။ ဆက်ကြေးလို့ပြောရင် တော်တော်ရီုင်းပေမယ့် တချို့ကျောင်သားတွေက အဲဒီရိုင်းစိုင်းတဲ့ အသုံးအနှုန်းကို သုံးလို့ ဆရာမတွေကို ဆက်ကြေးပေးရမယ်လို့ ပြောလာပါတယ်။

အများသောက်နေတဲ့ မိုးခါးရေပါ.. မငြင်းခဲ့ပါဘူး အများနဲ့တန်းတူ ပေးခဲ့ပါတယ်။
အိတ်ထဲက ပိုက်ဆံထုတ်နေချိန်မှာ အနောက်နားက ထွက်လာတဲ့ အသံတစ်သံကြောင့် စိတ်အနှာင့်အယှက် ထပ်ဖြစ်ရပြန်ပါတယ်။

ပိုက်ဆံပေးတာက သူခိုးတွေပေးတာ ငါတို့က မခိုးဘူး အမှန်အကန်ဖြေမှာဆိုတဲ့ အသံက ကျူရှင်က မာနခဲ မမတစ်ယောက်ရဲ့ အသံပါ။ သူက စာလဲတော်သလို အဲဒီနှစ်က ဂုဏ်ထူးတန်းလဲ ဝင်ခဲ့ပါတယ်။

ဘဝတူကျောင်းသားတွေကြားမှာ မကြားချင်တဲ့ အသံပေါင်းစုံကို ကြားနေရတာကို စိတ်မကောင်းမိပေမယ့်...
ကျောင်းသားတွေ ရိုင်းစိုင်းနေပြီလား ဆရာဆရာမကို တန်ဘိုးမထားကြဘူးလား ဆိုတဲ့ မေးခွန်းတွေနဲ့ စိတ်လေးနေချိန်မှာ ပိုက်ဆံကောက်တဲ့ ကျောင်းသားက ကိုယ့်ဘေးကို ထပ်ရောက်လာပြန်ပါတယ်။

ကံဆိုးလှစွာပဲ အဲဒီအခန်းမှာ ထိုင်ရမယ့် ကိုယ့်ခုံက အခန်းစောင့် ဆရာမရဲ့ဘေးကပ်ရက်မှာ ဖြစ်နေတာမို့ ဆရာမကို ပိုက်ဆံပေးတဲ့ အလုပ်က ကိုယ့်ခေါင်းပေါ်ရောက်လာပြန်ပါတယ်။

ကိုယ်မှမကူညီရင်လဲ မဖြစ်တာမို့ ကျောင်းသားချင်းတူတူ တာဝန်ပိုမယူနိုင်ဘူး မလုပ်နိုင်ဘူးလို့လဲ မငြင်းရက်ခဲ့ပါဘူး။

ကိုယ်တော်ချောက စာအိတ်လေးနှစ်လုံးကို လက်ထဲလာထည့်ပေးလို့ မီးစင်ကြည့်ကဖို့ သင်ပေးနေပြန်ပါတယ်။
ကြားဖူးနားဝတွေကို လက်တွေ့မြင်နေရသလို ကိုယ်တိုင်က မဖြစ်မနေ ဆက်ပြီး တာဝန်ယူရပြန်တော့ ရင်ထဲမှာ အပူလုံးတွေဆို့နေပါတယ် ခံစားချက်ပေါင်းစုံနဲ့ အရမ်းလဲ ဝမ်းနည်းရပါတယ်။

စာအိတ်လေးနှစ်အိတ်ကို ယူလို့ ကိုယ့်ခုံပေါ်တင်ထားတဲ့ လက်ဆွဲခြင်းလေးနှစ်လုံးထဲကို မသိမသာထည့်လိုက်ချိန်မှာတော့ မိုးခါးရေ သောက်မိတဲ့ ကိုယ်မျက်ရည်မကျမိအောင် ထိန်းထားရပါတယ်။

တကယ်ဆို ဆရာသမားတွေအပေါ် ကျူးလွန်ခဲ့တဲ့ မှားခဲ့တဲ့ အမှားတွေရှိခဲ့မယ်ဆိုရင် ဒီလိုအမှားမျိုးတော့ မဖြစ်ချင်ခဲ့ပါ...
တပည့်ကောင်း တပည့်ကမှ ထူးချွန်တဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့လေတော့ ဆရာတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ရရှိခဲ့ဘူးလေတော့...
ဒီလို အနေအထား ဒီလို အခြေအနေတွေကို ရင်ဆိုင်ရချိန်တွေမှာ ကိုယ်လိုလူမှ မျက်ရည်မကျရင် မျက်ရည်မကျမိတဲ့သူဆိုတာ ရှိပါ့အုံးမလား...

ကိုယ်ချစ်ခဲ့တဲ့ ပညာ ကိုယ်တန်ဘိုးထားခဲ့ရတဲ့ အနန္တဂိုဏ်းဝင်ဆရာတွေကို စော်ကားမိသလို ဖြစ်နေခဲ့ရင် ပစ်မှားမိသလို ဖြစ်ခဲ့ရင်.... ဆိုတဲ့အတွေးနဲ့
ဆရာ ဆရာမတွေအပေါ် တသက်လုံးက ထားရှိလာခဲ့တဲ့ ချစ်ခြင်းမေတ္တာတရားတွေ အကြောက်တရားတွေကို ပြန်ပြောင်း သတိရမိရင်း ကိုယ့်ရဲ့ လက်တွေ တဆတ်ဆတ် တုန်နေခဲ့ပါတယ်....

ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူးတွေ တန်ဘိုးတွေ နှိုင်းယှဉ်တုပလို့မရတဲ့ သိက္ခာတွေကို ပြန်ပြောင်းမြင်ယောင်ရင်း.....

အဲဒီနေ့က နစ်ဝင်ခဲ့တဲ့ ဆူးတစ်ချောင်းဟာ
အရာရာ ပြီးဆုံးချိန်မှာတောင် နာနာကျင်ကျင်နဲ့ ကိုယ့်ရင်ထဲမှာ စူးဝင်နေခဲ့တာ ယနေ့အချိန်ထိ......

ဒီပို့စ်လေးကို မိုးခါးအတွက် ချစ်ရတဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာအားလုံးအတွက်ရေးပါတယ်...

13 comments:

ဇော် said...

ဆုနဲ့ စူးတဲ့။
စိတ်ဝင်စားစရာကောင်းတယ်နော် ဒေါ်လေးရေးထားတာလေ။ ကျနော်ကတော့ ဒေါ်လေး ဘာရေးရေး ဖတ်လို့ ကောင်းနေရော။ ခက်တာက ကျနော်က သူများလို့ အသေးစိတ် ပြန်မမန့်တတ်တာပဲ။

အယ် အီဖေကိုယ် ၁တဲ့ဗျ။ ခိခိ။
ကိုကြယ်တို့ ကိုချမ်းတို့ အိမ်ကျယ်တို့ မငုံတို့ တမီးဗျိုတို့ရေ ... တာ့တာဗျ။ အီဖေကိုယ် ငဇော် တစ်ပါခင်ဗျာ။ ငှဲငှဲ။ ဟီဟိ။

စူး said...

good post.

totally agree.

ur point of view is a mirror of our education.

But fortunately, i never met such kind of things.

I'm really lucky.

I understand what u mean.
so sad to read and worry for our new generation.

မိုးခါး said...

အဟုတ်ပါပဲ နှင်းရေ
အများ မိုးခါးရေသောက်လို့ လိုက်သောက်ရင်း တန်ဖိုးရှိတဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို နှမြောမိတယ် .. ဒီလိုသာဆက်သွားမယ်ဆိုရင်တော့ ..

မိုးစက်အိမ် said...

မနှင်းရေ အနော်လိုက်ဖတ်နေတဲ. ဆုနဲ.ဆူး
ပို.စ်တွေ ထဲမှာတော. မနှင်းပို.စ်လေးကို
သဘောအကျဆုံးပါဘဲဗျာ ... တကယ်ကို
အရေးအသား ပြောင်မြောက်ပါတယ်...ဖတ်နေ
ရင်းနဲ. အရမ်းရှည်ပေမဲ. အဆုံးထိဖတ်ချင်အောင်
ဆွဲဆောင်မှု ရှိတယ်ဗျာ...အားပေးလျက်...

kiki said...

မနှင်း အရေးအသား ညက်ညက်လေးနဲ့  ဆူးလေးတွေအကြောင်း ရေးချက်က သိမ်မွေ့ ပါတယ် ။ပညာရှိ ဆန်ဆန် ပေါ့ ။

ဒို့ကတော့ ခပ်ကြမ်းကြမ်းဘဲပြောတတ်လို့ ..
ပြောတတ်သလိုသာ ပြောလိုက်ချင်တယ် ...

ခုခေတ်ကြီး က ရွှေတိုင်းပြည်ကြီးမှာ ပညာရေးတင်မက တော့ပါဘုး . ကျန်းမာရေး ၊စီးပွားရေး ၊ယဉ်ကျေးမှု ၊ အားလုံး နီးပါး မှာ ခြစား ပြီး ၊ သံမှိုရိုက်ထားသလို စွဲနေတဲ့  ဆူးပေါင်းများစွာ မို့  နှုတ်မရ ၊ ပြုမရ တွေနဲ့  ပျက်အစဉ် ပြင်မရ လို့ သာဖြစ်နေပြီ လေ ...
ရော မ ရောက်တော့ ရောမသား ပေါ့ ...

( မနှင်းရဲ့  အကြွေး တောင် မဆပ်ရသေးဘူးး ) .း)
စတေး ရှောင် နေတာ ...

ရွက်လွင့်ခြင်း said...

မနှင်းရေ အရေးကောင်းလို့  ကွက်ကွက်ကွင်းကွင်းကို မြင်ယောင်မိပါတယ်။
မနှင်းခံစားခဲ့ရတာတွေကို ကျွန်တော်လည်း နားလည်ပါတယ်
ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်လည်း ၉၃ မှာ၁၀တန်းအောင်တော့ မနှင်းရေးပြတဲ့ တက္ကသိုလ်ရဲ့ ခြစားသွားတဲ့ စနစ်ကြီးကို ကိုယ်တိုင်လည်း ကြုံလဲ့ ဖြတ်သန်းခဲ့ရပါတယ်။
ပြန်တွေးကြည့်ရင် စိတ်မကောင်းစရာ တော်တော်ကောင်းပါတယ်။
စာမေးပွဲမှာ ခိုးမချရင် ခေတ်မမှီတဲ့ ပုံကို ပေါက်နေတော့တာပဲ။

Angel Shaper said...

ငဇော် ငညစ်...ဘာတစ်လဲ...
မအိပ်ပဲ စောင့်နေပြီးတော့များ။။။ဟွန်းးးးးးးး
မကျေနပ်လို့ လှမ်းအော်တာနော်။
ဆုနဲ့ဆူးလေး ဖတ်လို့ကောင်းအောင် သာမက တွေးစရာလေးတွေ ပေးပြီးးးးးး မှတ်စရာလေးကို မသိမသာချချပြတဲ့ တီတီနှင်းကို လေးစားအားကျပါကြောင်းးးးးးးးးးးးးး

လင်းကြယ်ဖြူ said...

ဟုတ်ပ ငဇော် ဘာ တစ်နေတာလဲမသိဘူး..တစ်ညလုံးထိုင်နေပြီးတော့ကို....
တို့လည်းမန့်တယ်ဟေ့......မနှင်း...
မှတ်သားစရာတွေပဲနော်.........

သီဟသစ် said...

မနှင်းရေ

မြန်မာစာထူးချွန်သူမို့ စာရေးကောင်းတာကိုးကွဲ့
ပညာရေးစနစ်နဲ့ ဆူးတွေကတော့ ပြောရင်လဲ ဆုံးမယ် မထင်ပါကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

သူကြီးမင်း (တုံးဖလား) said...

ကျနော်လဲ ညီငယ် မိုးစက်အိမ်ပြောတဲ့အတိုင်းပါဘဲ။

သားကြီး said...

ကျနော်နဲ့များတခြားစီ
ကျနော့်စာသင်ခန်းက ဖိုက်တင်ပလေးကခပ်များများ
ဒါကြောင့်လည်းမနှင်းကစာရေးကောင်းတာကိုး
ပညာရေးအကြောင်းပြောမယ်ဆိုရင်တော့
နောင်လာနောက်သားတွေအတွက်ရင်လေးရပါကြောင်း... :P

အညတြလေးရဲ့အိမ်မှာ said...

မမရေ အရမ်းတော်တာပဲ။ မမ လိုတော်တဲ့သူဖြစ်ချင်တယ်။ Good job, keep it up,,,

Beauty Studio USA Branded Store said...

ဒီပိုစ်ကို အတော်များများလိုက်ဖတ်ကြည့်နေတာ ရေးသူအားလုံး ကောင်းပါတယ်။ရေးတတ်ကြတယ်။ ဒီအထဲ မနှင်းအရေးလေးကတော့ တော့ပ်။
(ကိုယ်ဘော်ဒါမို့ ပိုမပြောပါ)အဟုတ်။ရေးတတ်လိုက်တာ မနှင်းရယ်....။ဟင်းချက်ပြီးရင် ပို့လိုက်နော်။အိမ်သူကပြောတယ် ချည်ပေါင်းပေးတဲ့အတွက် ကျေးဇူးပါ မနှင်းရေ။

My Blog List