မိုး (၃)
မနက်စောစော အလုပ်သွားဖို့ ပြင်ဆင်ပြီး မေမေနဲ့အတူတူ ကော်ဖီသောက်ရင်း မောင့်အကြောင်းတွေပြောနေတာတောင်မှ မိုးမျက်လုံးတွေက ထမင်းစားစားပွဲနံရံမှာ ကပ်ထားတဲ့ ပြက္ခဒိန်လေးဆီက မခွာနိုင်ခဲ့ပါ။
အိမ်က ပြက္ခဒိန်တွေအားလုံးမှာ မောင်ပြန်လာမယ့်ရက်ကို ဆော့ပင်န်တွေနဲ့ ဝိုင်းထားခဲ့တဲ့မိုးကို မေမေက အရူးမလေးလို့ မကြာမကြာ စနေခဲ့ပါသည်။
ကော်ဖီသောက်ပြီးချိန်မှာတော့ ရုံးကဖယ်ရီရောက်လာတာမို့ မေမေ့ကိုနှုတ်ဆက်ပြီး ကားပေါ်တက်လာတဲ့အထိ မိုးအတွေးတွေထဲမှာ မကြာခင်မှာ ဆင်နွှဲရမယ့် မင်္ဂလာပွဲလေးကို စိတ်ကူးပုံဖော်ရင်း မိုးရဲ့ မျက်နှာလေးကလဲ ခပ်ပြုံးပြုံးလေး ဖြစ်နေမိပါသည်။
စံရိပ်ငြိမ်မှာနေတဲ့ ဝန်ထမ်းတစ်ယောက်ကို ဝင်ခေါ်ပြီးချိန် လှည်းတန်းမီးပွိုင့်မှာ ကားကမီးပွိုင့်မိနေတာမို့ မြင်နေကျ ပတ်ဝန်းကျင်ကို ထုံးစံအတိုင်း ငေးမောနေရင်း ရုတ်တရက် ဗိုက်ထဲက ထိုးပြီး အောင့်လာပါသည်။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေပါလိမ့်လို့ စဉ်းစားအဖြေရှာနေဆဲမှာ ဗိုက်ထဲက မခံမရပ်နိုင်အောင် ထိုးပြီး အောင့်လာသလို ဘယ်လိုမှလဲ ဟန်မဆောင်နိုင်တော့တာမို့ ဘေးနားက သူငယ်ချင်းကို ပြောပြတော့ သူငယ်ချင်းက ကားသမားကိုလဲ အနီးဆုံးဆေးခန်းကို မောင်းပါလို့ပြောလိုက်တဲ့အသံကို ကြားလိုက်တဲ့အချိန်မှာ မိုးရဲ့ လက်ဖျားတွေက အေးစက်လို့နေပါသည်။။
ဆေးခန်းရောက်တဲ့အချိန်မှာတော့ ဆရာဝန်မလေးရဲ့ မေးခွန်းတွေကို မဖြေနိုင်အောင်ကို နာကျင်နေတာမို့ မျက်ရည်တွေဝဲနေတဲ့မိုးကို ဆရာဝန်မလေးက အားပေးရင်း ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေနဲ့ ရောဂါကို ရှင်းပြနေသလို အနီးစပ်ဆုံးဆေးရုံကိုသွားဖို့ အမြန်ဆုံးသွားဖို့ အကြံပေးတာမို့ ဆေးခန်းနဲ့ သိပ်မလှမ်းလှတဲ့ ဆာကူရာ ဆေးရုံကြီးကို မိုးရောက်ခဲ့ပြန်ပါသည်။
ဆေးရုံရောက်ရောက်ချင်း လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ပြီး အာထရာဆောင်း ရိုက်ကြည့်တဲ့အချိန်မှာတော့ မိုးရဲ့ဗိုက်ထဲမှာ တစ်လက်မ ပတ်လည်လောက်ရှိတဲ့ အကျိတ်တစ်ခုတွေ့ရတာမို့ အရေးပေါ်ခွဲစိတ်ဖို့ဖြစ်လာခဲ့ပါသည်။ မေ့ဆေးဆရာဝန်မလေး မေ့ဆေးမပေးမီအထိ ခွဲစိတ်ခန်းထဲက ကုတင်ပေါ်မှာ ချွေးတွေပြန်ရင်း ဘုရားစာတွေ ရွတ်ရင်း မေမေ့ကိုတရင်း ....
မေ့ဆေးအရှိန်နဲ့ ငြင်သာနူးညံ့စွာ ပေါ့ပါးစွာ အေးချမ်းစွာ တိမ်ဟုန်စီးရင်း မိန်းမောနေရင်း မေ့ဆေးပြယ်လို့ သတိရလာချိန်မှာ မိုးဘေးနားမှာ ပထမဆုံးတွေ့လိုက်ရသူကတော့ မေမေ ပြီးတော့ မိုးရဲ့ အလုပ်က ညီမငယ်လေးတစ်ယောက်နဲ့ သူနာပြုဆရာမတစ်ယောက်။
ဆရာမကို မြင်မြင်ချင်း သိချင်စိတ်နဲ့ မေးမိတဲ့မေးခွန်းကလဲ မိုးဘာဖြစ်ခဲ့တာလဲ ဘာ့ကြောင့် ဗိုက်နာခဲ့တာလဲ ဘာ့ကြောင့်အခုလို အရေးပေါ်ခွဲစိတ်လိုက်ရတာလဲ ဆိုတဲ့ မေးခွန်း.. တကယ်ဆို ခွဲစိတ်ခန်းထဲ စဝင်ကတည်းက ဒီမေးခွန်းကို မေးချင်ခဲ့ပေမယ့် ခံစားနေရတဲ့ နာကျင်မှုဝေဒနာတွေကြောင့် သိချင်စိတ်ကို မြိုသိပ်ခဲ့ရတာကို မိုးကိုယ်တိုင် ဝိုးတဝါးလေး မှတ်မိနေပြန်ပါသည်။
မိုးမေးခွန်းရဲ့ အဆုံးမှာတော့ သူနာပြုဆရာမလေးက မိုးခေါင်းရင်းက စားပွဲပေါ်မှာ တင်ထားတဲ့ ပုလင်းအဖြူလေးကို ပြပြီး မိုးကို ရှင်းပြပါသည်။ ပုလင်း အကြည်လေးထဲမှာတွေ့ရတာက ဂေါ်လီလုံးနဲ့ ခပ်ဆင်ဆင်တူတဲ့ စိမ်းညို့ညို့ အလုံးလေးတစ်လုံး သေသေချာချာကြည့်မိတော့ အသည်းယားစရာ ရေညှိရေမှော်တွေနဲ့ ခပ်ဆင်ဆင်တူတဲ့ ဘောလုံးသေးသေးလေးတစ်လုံးလို အသားလုံးလေး။
အံ့သြစရာ ကောင်းလှစွာ ရောဂါတစ်မျိုးကို လက်မခံချင်ပဲ ကောက်ကာငင်ကာရခဲ့သလို ဒါဟာ ဗိုက်ခွဲရခြင်းရဲ့ အဓိက တရားခံဖြစ်နေတာကလဲ မိုးအတွက် ထူးထူးဆန်းဆန်း ဖြစ်နေခဲ့ပါသည်။
မိန်းကလေးတစ်ယောက်အတွက် ရနိုင်ချေရှိတဲ့ ရောဂါတွေကလဲ ထူးထွေဆန်းပြားလွန်းလှပါသည်။ တိုးတက်နေတဲ့ ခေတ်ကာလနဲ့ ဆေးပညာတွေကို လိုက်လို့မမီခဲ့ပေမယ့် ဒီလိုရောဂါမျိုးတွေကို ကြားဖူးနားဝ အတွေ့အကြုံမရှိတဲ့ မိုးလို မိန်းကလေးအတွက်တော့ ထိတ်လန့်စရာ တုန်လှုပ်စရာကောင်းနေခဲ့ပါသည်။
ကာယကံရှင်ကိုယ်တိုင်လဲ မယုံတစ်ဝက်ယုံတစ်ဝက် လက်ခံရအခက် လက်မခံရအခက် ဒီအသားလုံးတစ်လုံးက မိုးရဲ့ဗိုက်ထဲမှာ ဘယ်အချိန်ကစလို့ ရှိနေခဲ့တာလဲ ဘယ်ကရောက်လာခဲ့တာလဲဆိုတာကို ဘဲဥအစရှာမရသလို ဖြစ်နေချိန်မှာ စာနာစွာနဲ့အားပေးခဲ့သူတွေက ဆရာဝန် ဆရာမတွေ မေမေနဲ့ သူငယ်ချင်းများ အားလုံး။
နောက်နေ့ညနေမှာတော့ မောင့်မေမေနဲ့အတူ မောင့်အမနှစ်ယောက် ဆေးရုံကို ရောက်လာခဲ့ပါသည်။ မိုးရဲ့ ကျန်းမာရေး အခြေအနေလာမေးရင်း ထုံးစံအတိုင်း စုံစမ်းစစ်ဆေးရေး ဝင်ခြင်းဆိုတာကိုတော့ ပါးနပ်လွန်းတဲ့မိုးက ရိပ်မိနေခဲ့ပါသည်။
သူတို့သားအမိတွေကို ဗီရိုလေးပေါ်က ဖန်ပုလင်းလေးကို ပြရင်း ထုံးစံအတိုင်း ပကတိရိုးသားစွာ ရှင်းပြနေတဲ့ မေမေ့ဘေးနားမှာ မိုးကတော့ နှုတ်ဆိတ်နေမိပါသည်။ ဒါပေမယ့် မကြာခင်မှာ ဆွေမျိုးတော်ရမယ့် မောင့်မေမေနဲ့ မမတို့ရဲ့ မျက်နှာရိပ် မျက်နှာကဲကိုတော့ မသိမသာစူးစမ်းနေမိပါသည်။
ပုလင်းလေးထဲက အသားလုံးလေးကိုကြည့်ရင်း သိသိသာသာ မျက်နှာပျက်သွားတဲ့ မောင့်မေမေနဲ့ ထူးဆန်းစွာ အံ့အားသင့်စွာ ဟန်မဆောင်နိုင်စွာ မေးခွန်းတွေထုတ်လာတဲ့ မောင့်မမရဲ့ မေးခွန်းတွေကို ကြိုးစားဖြေနေဆဲမှာ မိုးလုံးဝမထင်မှတ်ထားတဲ့ ဧည့်သည်တစ်ယောက်က မိုးထံရောက်လာခဲ့ပါသည်။
မိုးရဲ့ ဂျပန်လူမျိုး ကောင်လေးနဲ့အတူ ကုမ္ပဏီက မန်နေဂျာ အန်ကယ်ကြီးတစ်ယောက် စားစရာလက်ဆောင်တွေပါတဲ့ ခြင်းတောင်းကြီးကိုဆွဲလို့ အခန်းထဲကို ဝင်လာတဲ့ အချိန်မှာတော့ မိုးဆီကို ကြည့်လာကြတဲ့ မောင့်မေမေနဲ့ မမတွေရဲ့ အကြည့်တွေက စူးစမ်းခြင်းထက်ပိုတဲ့ အဓိပ္ပါယ်တွေ ပြည့်လို့နေခဲ့ပါသည်။
ကံကြမ္မာတရားက အလှည့်အပြောင်းမြန်လွန်းတယ်လို့ ပြောလို့ရခဲ့သလို ဆိုးတဲ့ကံတွေကလဲ အဖော်ပေါင်းနဲ့သာ လာတတ်တယ်ဆိုတာကို မိုးလက်ခံဖို့ အခြေအနေတွေက ဖန်တီးလာခဲ့ပါသည်။
မောင့်မေမေနဲ့ မောင့်မမတွေနဲ့ ဆေးရုံမှာ တွေ့ဆုံခဲ့ခြင်းဟာ မိုးတို့ မိသားစု နှစ်စုအနေနဲ့ နောက်ဆုံးတွေ့ဆုံခြင်း နောက်ဆုံးအကြိမ် ပက်သက်ခြင်းလဲ ဖြစ်ခဲ့ပါသည်။
နောက်နေ့တွေမှာတော့ မေမေနဲ့ သူငယ်ချင်း တစ်ချို့ကလွဲလို့ ဆေးရုံကို ဘယ်သူမှ ရောက်မလာခဲ့ပါ။ မိုးဆေးရုံကဆင်းတဲ့ အချိန်အထိ စုစုပေါင်း ငါးရက်တာ ကာလအတွင်းမှာ မောင်နဲ့ပက်သက်တဲ့ သတင်းတွေလဲ ပျောက်ဆုံးလို့နေခဲ့ပါသည်။
တကယ်ဆို မိုးဆေးရုံတက်နေတဲ့သတင်းကို မောင့်မိသားစုကနေတဆင့် မောင်လဲ သိနေမှာ သေချာပါသည်။ ဒါပေမယ့် ဆေးရုံကဆင်းပြီး အိမ်မှာ အနားယူနေခဲ့တဲ့ အချိန်တွေမှာလဲ မောင့်ဆီက ဘာသတင်းမှမရခဲ့သလို အိမ်ချင်းကပ်နေခဲ့တဲ့ မောင့်မိသားစုကလဲ ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့ပါသည်။
နှစ်အိမ့်တစ်အိမ် ဝင်ထွက်သွားလာခဲ့တဲ့ အစဉ်အလာတွေ ပျက်လို့ ချောင်းပေါက်မတတ် ဝင်ထွက်သွားလာနေခဲ့ကြတဲ့ မောင့်မိသားစုကလဲ မိုးတို့အိမ်ဘက်ကို ရောက်မလာခဲ့ပါ။
တိတိကျကျပြောရရင် မောင်ပြန်လာဖို့ နှစ်ပတ်တိတိ အလိုကတည်းက မိုးနဲ့မောင်နဲ့ကြားမှာ မမြင်နိုင်တဲ့ အနှောင့်အယှက် ပယောဂ တစ်ခု ဝင်လာခဲ့သလို မောင်ပြန်လာပြီးတဲ့လဲ အချိန်အထိ နားမလည်နိုင်စရာ အလွဲတွေကို လက်ခံရခဲ့သူကလဲ ကံဆိုးလွန်းတဲ့မိုး...
................................................................................
နားမလည်နိုင်ခြင်း ဝေခွဲမရခြင်းများစွာနဲ့ မောင့်ကိုကြိုဆိုခွင့်မရခဲ့တဲ့ မိုးတစ်ယောက် မောင်ပြန်လာမယ့်နေ့မှာ မရည်ရွယ်ပါပဲ အိပ်ယာကနေ အစောကြီးနိုးနေမိပါသည်။ ပြောင်းလဲနေတဲ့ အခြေအနေတစ်ခုနဲ့အတူ မိုးကို တကူးတက လာမခေါ်နိုင်တဲ့ မောင့်မိသားစုကို မသိမသာမျှော်နေမိပေမယ့် မိုးအလုပ်သွားဖို့ အချိန်နီးလာတဲ့အထိ ဘယ်သူမှလာမခေါ်တာမို့ စိတ်မကောင်းခြင်းများစွာနဲ့ အလုပ်ကို ထွက်လာမိပါသည်။
မောင်ပြန်လာရင်တွေ့ကြုံရင်ဆိုင်ရမယ့် ရင်မဆိုင်ရဲတဲ့ အခြေအနေတစ်ခုကို ကြိုတွေးနေမိပေမယ့် မိုးဘက်က အမှားအယွင်းမရှိအောင် နေခဲ့တာကို လိပ်ပြာသန့်နေတာမို့ မောင်နဲ့ မတွေ့မီ နာရီပိုင်းလေးအထိ မိုးရင်ထဲမှာ ပေါ့ပါးနေဆဲ။
မောင်မရှိတဲ့ အချိန်တွေမှာ မောင့်အလိုကျ မောင့်စည်းကမ်းတွေကို လိုက်နာခဲ့တာကို မောင်ကိုယ်တိုင် သိနေခဲ့တာမို့ မိုးတို့ကြားမှာ နားလည်မှု ကိုယ်စီရှိနေဆဲဆိုတာကိုလဲ အပြည့်အဝ ယုံကြည်နေခဲ့ပါသေးသည်။
ပုံမှန်အလုပ်ပြန်ချိန်မှာပဲ မိုးအိမ်ပြန်ရောက်ခဲ့ပါသည်။ အိမ်ထဲကို ဝင်လာချိန်မှာတော့ မိုးမျှော်လင့်ထားသလိုပဲ မိုးကိုစောင့်မျှော်နေခဲ့သူက မေမေတစ်ယောက်တည်းမဟုတ်ခဲ့ပါ။
အချိန်တွေ အကြာကြီး ကတည်းက မိုးစောင့်မျှော်ခဲ့ရတဲ့မောင်က ဧည့်ခန်းမှာ မေမေနဲ့စကားပြောရင်း မိုးပြန်လာမယ့် အချိန်ကို စောင့်နေခဲ့ပါသည်။ ဒါပေမယ့် မိုးကို ပြုံးပြလာတဲ့မာင့်အပြုံးတွေက ခါတိုင်းလို အသက်မပါလှပါ။ မောင်ပြုံးတာက နှုတ်ခမ်းလေး ကွေးရုံ ဟန်ဆောင်ပြုံးဆိုတာကို မောင့်နှလုံးသားထဲအထိ ဖောက်ထွင်းမြင်နေခဲ့တဲ့မိုးက သိနေခဲ့ပါသည်။
"မိုးနေကောင်းရဲ့လား" ဆိုတဲ့ ပထမဆုံး နှုတ်ဆက်လာတဲ့အသံကလဲ ခပ်လေးလေး ဟိုးအဝေးကြီးက လာတဲ့ အသံလှိုင်းတစ်ခုလို ခြောက်ခြောက်သွေ့သွေ့ အသက်မပါလှပါ။
မိုးကိုယ်တိုင်ကလဲ မောင့်ကိုတွေ့ရင်ပြောမယ်လို့ ကြိုတင် ပြင်ဆင်ထားတဲ့ စကားလုံးတွေပျောက်ဆုံးလို့ အားတင်းပြီး ပြုံးပြလိုက်ရတဲ့ မိုးရဲ့ အပြုံးလေးကလဲ သိပ်မပီပြင်ခဲ့တာကို အားနာနာနဲ့ သိနေခဲ့ပြန်ပါသည်။
တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းစကားတွေပြောနေဖြစ်ပေမယ့် ရင်ထဲက စကားတွေကတော့ အပြင်ကို ထွက်မလာခဲ့ပါ။ အထူးသဖြင့် မောင့်မျက်ဝန်းတွေထဲက မိုးအပေါ်စိမ်းသက်နေတဲ့ အရိပ်တွေကို စိတ်မကောင်းခြင်းများစွာနဲ့ ငေးမောနေခဲ့ရုံကလွဲလို့ မိုးဘက်ကလဲ ဘာပြောပြရမှန်းမသိအောင်ကို တွေဝေနေခဲ့မိပါသည်။
နှစ်နှစ်တိတိ ကွဲကွာနေရတဲ့ အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ပြန်လည်ဆုံဆည်းခြင်းက ခြောက်ခြောက်သွေ့သွေ့ အေးအေးစက်စက် နွေးထွေးမှုတွေ ပျောက်ဆုံးနေခဲ့ပါသည်။
အဆိုးဆုံးကတော့ သာကြောင်းမာကြောင်း မေးမြန်းတာကလွဲလို့ မင်္ဂလာပွဲကိစ္စနဲ့ပက်သက်လို့ မောင့်ဆီက ဘာစကားတစ်ခွန်းမှ မဟလာခဲ့တာမို့ အံ့သြခြင်းများစွာနဲ့ နှုတ်ဆိတ် ငြိမ်သက်နေခဲ့ရပြန်ပါသည်။
မောင်ရောက်ရောက်ချင်းမှာ အငြင်းပွားစရာ ငြိုငြင်စရာတွေ မဖြစ်ချင်တာမို့ မိုးမေးချင်နေတဲ့ မေးခွန်းတွေကို မြိုသိပ်လို့ ဟန်ဆောင်နေရတဲ့ အပေါ်မှာ မိုးကိုယ်တိုင်လဲ မပျော်နိုင်ခဲ့ပါ။
တကယ်ဆို မောင်ကိုယ်တိုင် တဖွဖွမှာလို့ မင်္ဂလာပွဲအတွက် စိတ်တူကိုယ်တူ ရူးသွပ်ခဲ့ကြတာကိုတော့ မောင်နားလည်စာနာသင့်ပါသည်။ အနည်းဆုံး မိုးစိတ်ပြေဖို့အတွက်တော့ ဖြေရှင်းပေးသင့်ပါသည်။ မောင့်မိသားစုနဲ့ မိုးရဲ့ကြားမှာ မပြေလည်စရာရှိခဲ့ရင်လဲ မောင်ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း မေးသင့်ပါသည်။
မောင်ပြောလာမယ့် အချိန် မေးလာမယ့် အချိန်တွေကို မိုးက စိတ်ရှည်စွာ စောင့်နေခဲ့ပါသည်။ မောင်ကလဲ မိုးတို့ကိစ္စနဲ့ ပက်သက်လို့ ဘာတစ်ခွန်းမှ မေးမလာခဲ့ပါ။
မောင့်ရဲ့ ပြောင်းလဲခြင်းတွေနဲ့ အေးစက်မှုတွေအပေါ်မှာ မိုးသိချင်ခဲ့တဲ့ မေးချင်ခဲ့တဲ့ မေးခွန်းတွေကတော့ ရင်ထဲမှာ အစီအရီရှိနေခဲ့ပါသည်။
မေးခွင့်ရဖို့ အချိန်တစ်ခုကို စောင့်နေမိတာကလဲ ပြင်လို့မရတော့မယ့် အမှားတစ်ခုကို ထပ်ပြီး ကျူးလွန်သလို ဖြစ်ခဲ့တယ်ဆိုတာကို အချိန်တွေ လွန်မှ သိခွင့်ရခဲ့ပါသည်။
.....................................................................................
အရင်လို လက်ပွန်းတတီး မရှိပေမယ့် အခင်အမင်မပျက် အပြုံးအရယ်မပျက်ပဲ အေးစက်နေတဲ့ မိုးတို့နှစ်ယောက်ကြားမှာ မေမေကိုယ်တိုင်ကလဲ ဝင်ရောက်ညှိနှိုင်းခြင်းမရှိပဲ မေးမြန်းခြင်းမရှိပဲ မသိသလိုနေပေးခဲ့တာမို့ မိုးအနေနဲ့ စိတ်အေးရပါသေးသည်။
မောင်စရောက်ကာစမှာ ပတ်ဝန်းကျင်က မသိမသာ စောင့်ကြည့်နားစွင့်နေတဲ့ သတင်းကိုတော့ မေမေ့ဆီက တဆင့်သိရသလို မသိမသာ ကိုယ်တိုင်ကိုယ်ကျ လာစပ်စုကြသူတွေကိုလဲ မိုးကိုယ်တိုင် မယုတ်မလွန်လေး အဖြေပေးဖြစ်ခဲ့သေးပါသည်။
မောင်ပြန်လာပြီး နှစ်ပတ်လောက်ကြာချိန်မှာတော့ မိုးပတ်ဝန်ကျင်းက မိုးကို ကြည့်လာတဲ့အကြည့်တွေကပါ ပြောင်းလဲလာပြန်ပါသည်။ ပတ်ဝန်းကျင်နဲ့ မပက်သက်ချင်ပေမယ့် ပတ်ဝန်းကျင်ရဲ့ စောင့်ကြည့်ဝေဖန်ခြင်းကို ခံနေရချိန်မှာတော့ မောင့်ကိုပါ မသိမသာ စိတ်ကွက်လာမိပါသည်။
တစ်ရက်မှာတော့ မိုးအလုပ်သွားခါနီးအချိန်လေးမှာ မိုးရဲ့ ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ရောက်လာပြီး "မင်္ဂလာပွဲ ဘယ်တော့လဲဟေ့ မစောင့်နိုင်တော့ဘူး" လို့ ပေါ်ပေါ်တင်တင် မေးလာတဲ့အချိန်မှာတော့ "မိုးလဲ သေချာမသိဘူး သိချင်ရင် မောင့်ကိုသွားမေး" လို့ စိတ်မရှည်စွာနဲ့ တုန့်ပြန်မိပြီးတဲ့ အချိန်မှာတော့ အခြေအနေတွေက ပိုလို့ရှုပ်ထွေးလာခဲ့ပါသည်။
မိုးဘက်က စိတ်မရှည်စွာ ပြီးစလွယ် ပြောခဲ့ပေမယ့် မိုးရဲ့သူငယ်ချင်းမလေးက မောင့်ကို တကယ်ပဲ သွားမေးခဲ့ပါသည်။ မေးတာကမှ မောင့်အိမ်မှာ မောင့်မိသားစုရှေ့မှာ မေးခဲ့တာမို့ သူသိခွင့်ရခဲ့တဲ့ အဖြေတစ်ခုကိုလဲ ချစ်သူငယ်ချင်းမလေးက နေ့မဆိုင်းပဲ မိုးကို ပြန်လာပြောပြခဲ့ပါသည်။
ညနေ မိုးအလုပ်ပြန်လာချိန်မှာတော့ မေမေ့ကို မျက်နှာမကောင်းလှစွာတွေ့ရသလို သူငယ်ချင်းမလေးကလဲ မိုးပြန်လာချိန်ကို စိတ်ရှည်လက်ရှည် စောင့်နေခဲ့ပါသည်။
မိုးကြားရမယ့် သတင်းတွေ မကောင်းနိုင်ဘူးဆိုတာကို သိနေခဲ့ပေမယ့် မကြားချင် မသိချင်သော သတင်းတွေကို နာကျင်နေခဲ့သော ရင်အစုံနဲ့ နားစွင့်ခဲ့ရပါသည်။
မိုးအပေါ်ထားရှိခဲ့သော မောင့်မိသားစု သဘောထားနဲ့တကွ မိသားစုကို မလွန်ဆန်နိုင်သော မောင့်ဆုံးဖြတ်ချက်တို့ကို သဲသဲကွဲကွဲ သိခွင့်ရချိန်မှာတော့ ဆောက်တည်ရာမရစွာ နာကျည်းစွာ ခံပြင်းစွာ ပတ်ဝန်းကျင်နဲ့တကွ လူတွေကို မုန်းတတ်လာခဲ့ပါသည်။
မိုးရဲ့ အရေးပေါ်ခွဲစိတ်မှုနဲ့ ဆေးရုံတက်ခဲ့ရတဲ့ အဖြစ်တွေအတွက် မောင့်မိသားစုက မိုးကို သံသယဝင်ခဲ့ပါသည်။ မိုးရဲ့ ကိုယ်ကျင့်သိက္ခာ ရက်ရက်စက်စက် စော်ကားတဲ့ သံသယအတွေးတွေနဲ့ မောင့်မိသားစုက ထောက်ပြလာတဲ့ သဲလွန်စတွေကို မိုးကိုယ်တိုင်က တအံ့တသြ ဝမ်းနည်းနေချိန်မှာတော့ မိုးတို့သတင်းက ပတ်ဝန်းကျင်မှာ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်အဖြစ် ပြန့်နှံ့လို့နေခဲ့ပါသည်။
မိုးပြန်ကြားရတဲ့ သတင်းစကားတွေအတွက် နေစရာနေရာ မရှိအောင်ကို ရှက်ရွံ့တုန်လှုပ်ခဲ့ရသလို မောင့်မိသားစုကိုလဲ အံ့သြခြင်းများစွာနဲ့အတူ နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါသည်။
"ကောင်မလေးက နိုင်ငံခြားသားနဲ့ မရှင်းမရှင်း ဖြစ်ပြီး ဆေးရုံတောင်တက်ရတယ်"
"ကောင်မလေးက သစ္စာမရှိလို့ ရှုပ်လို့ ကောင်လေးက အခုလက်မထပ်တော့တာလေ"
"ကောင်လေးမိဘတွေက ကောင်မလေးရဲ့ ကိုယ်ကျင့်တရားကို မကြိုက်လို့ အခုတော့ သဘောမတူတော့ဘူးလေ....."
"ကောင်လေး ပြန်မလာခင်လေးတောင် အဲဒီကောင်မလေးက နိုင်ငံခြားသားနဲ့ ခရီးတူတူထွက်ကြသေးတယ် "
ဒီသတင်းစကားတွေ မောင့်မိသားစုဆီကမှ မလာရင် ဘယ်သူ့ဆီကမှ လာနိုင်စရာမှရှိဘူးဆိုတာ သိနေတာမို့ မောင့်အိမ်ကိုသွားပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့တဲ့ မိုးကို မေမေက တားခဲ့ပါသည်။
"ထားလိုက်ပါ သမီးရယ် အချိန်တန်ရင် အမှန်တရား ဆိုတာ ပေါ်လာမှာပါ မောင်ကောင်းမြတ်လဲ နားလည်လာမှာပါ သူသမီးဆီကို ပြန်လာမှာပါ" လို့ အကောင်းမြင်တတ်သူပီပီ သဘောထားကြီးစွာနဲ့ တားမြစ်လာခဲ့တာမို့ စိတ်ကိုဖြေတတ်အောင် ကြိုးစားခဲ့ရပါသည်။
မိုးတစ်ခါဘူးမှ မမျှော်လင့်ထားတဲ့ တိုက်ခိုက်လာတဲ့ စကားလုံးတွေကို ဖြေရှင်းခွင့်လဲ မရခဲ့သလို အလုံးစုံကို သိခွင့်ရချိန်မှာတော့ မောင့်ကိုလဲ နားလည်အောင်ရှင်းပြခွင့် မရတော့ပါ။
မိုးကိုယ်တိုင် ဆောက်တည်ရာမရစွာ အံ့အားသင့်နေခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ မောင်တစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားပြန်ပါသည်။
မောင်ခရီးထွက်နေတယ် ဆိုတဲ့ သတင်းလေးကိုပဲ မောင့်သူငယ်ချင်းတစ်ယောက်ဆီက ကြားခဲ့ရပါသည်။
မိုးကိုတိုက်ခတ်လာတဲ့ မုန်တိုင်းတစ်ခုမှာ မောင်ကစက်ကွင်းမလွတ်သူ ဖြစ်ခဲ့လေတော့ ပန်ဝန်းကျင်က ဝေဖန်လာတဲ့ စကားလုံးလှိုင်းလုံးတွေအောက်မှာ မောင်လဲ အလူးအလဲ ခံစားလိုက်ရပါသည်။
မောင့်မိသားစုက ဖန်တီးလာတဲ့ တဖက်သတ်စွဲချက်တွေအတွက် မိုးတို့ နှစ်ယောက်လုံးအပေါ် ပတ်ဝန်းကျင်က ဝေဖန်လာချိန်မှာတော့ မောင်ကိုယ်တိုင်လဲ ခံနိုင်ရည်နည်းနေခဲ့တာမို့ ခရီးက ပြန်လာပြီး ခွင့်ရက်မစေ့ခင်မှာပဲ မိုးကို နှုတ်မဆက်ပဲ မောင်ပြန်သွားခဲ့ပါသည်။
မောင်ရဲ့ အဓိက အားနည်းတွေချက်ကို သိခွင့်ရချိန်မှာတော့ မိုးကိုယ်တိုင်လဲ တားမြစ်ချိန်မရတော့ပါ။ မောင်နားလည်အောင် လက်ခံလာအောင် ရှင်းပြဖို့လဲ အခွင့်အလမ်းမရှိတော့ပါ။
ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းသူ အယုံလွယ်လွန်းသူ ဝေဖန်ခြင်းကို မခံနိုင်သူ ကိုယ်ပိုင်ယုံကြည်ချက်နည်းပါးသူ မိသားစုကို မလွန်ဆန်ရဲသူ ..... ချစ်သူအပေါ် မပွင့်လင်းခဲ့သူ နားလည်မှု အားနည်းခဲ့သူမောင်က မိုးရဲ့ အဝေးကို ပြန်ရောက်သွားခဲ့သလို မိုးမေမေ အားပေးခဲ့သလိုလဲ မိုးအပေါ်မှာ နားမလည်နိုင်တော့ပါ မိုးဆီကိုလဲ ဘယ်တော့မှ ပြန်မလာတော့ပါ။
သဝန်တိုတတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ချစ်သူဖြစ်နေရခြင်းကို တခါမှ စိတ်မပျက်ခဲ့ပေမယ့် သဝန်တိုလွန်းစွာ ယုံကြည်ချက်မဲ့လွန်းစွာ တဖက်သတ်စွဲချက်တွေကို ယုံကြည်ပြီး မိုးကို ထားခဲ့တဲ့ မောင့်ကို စိတ်နာမိခဲ့ပေမယ့် မုန်းလို့ မရနိုင်ခဲ့ပါ။
ချစ်သူတွေကြားမှာ အခက်အခဲတွေ နားလည်မှု မတူညီတာလေးတွေ ရှိစမြဲ... အချစ်စစ်တို့ လမ်းဟာ ကြမ်းတမ်းမြဲ ဆိုတာ မောင်ကိုယ်တိုင် သိခဲ့ပါသည်... အပြန်အလှန် နားလည်မှု ယုံကြည်မှုတွေနဲ့ အခက်အခဲမှန်သမျှကို ပြေလည်အောင် ဖြေရှင်းလို့ ရနိုင်တယ်ဆိုတာကိုလဲ မောင်သိခဲ့ပါသည်.....
ဒါပေမယ့် မောင်ကိုယ်တိုင် ရင်ဆိုင်တွေ့ကြုံချိန်မှာတော့ မောင့်ရဲ့အတ္တ မောင့်ရဲ့ အစွဲအလမ်းများကို ပတ်ဝန်းကျင်က အနိုင်ယူသွားခဲ့ပါသည်။ မောင်ကိုယ်တိုင်က လွန်ကဲစွာ ပျော့ညံ့ခဲ့သူ ဖြစ်ခဲ့ပါသည်။
မိုးအတွက်တော့ မောင့်တစ်ယောက်တည်းအပေါ် စွဲစွဲလမ်းလမ်း မြတ်နိုးခဲ့တာမို့ နားလည်မှုတွေနဲ့ ပြန်လာမယ့် အချိန်ကို စောင့်နေခဲ့ပေမယ့် မောင်ပြန်မလာခဲ့ပါ...
မိုးဆီ မောင်ပြန်မလာခဲ့သလို အကြောင်းပြချက် တစုံတရာမရှိပဲ ရက်ရက်စက်စက် အဆက်အသွယ် ဖြတ်ခဲ့ပါသည်။
နောက်ထပ် နှစ်နှစ်တိတိ ကြာချိန်မှာတော့ မောင့်ကိုယ်စား မိုးဆီကို ရောက်လာခဲ့တာက မောင့်ရဲ့ မင်္ဂလာဖိတ်စာလေးတစ်စောင်....
မောင့်မေမေ စိတ်တိုင်းကျ ရွေးချက်ပေးခဲ့တဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့တဲ့ မောင့်ရဲ့ လက်ထပ်ပွဲကို မိုးမသွားဖြစ်ခဲ့သလို မေမေလဲ မသွားခဲ့ပါ။ မိုးခံစားခဲ့ရတာတွေအတွက် လူကြီးပီသစွာ နားလည်မှုရှိလွန်းခဲ့တဲ့ မေမေကိုယ်တိုင်လဲ စိတ်မကောင်းဖြစ်ခဲ့ရပါသည်။
မောင့်ရဲ့ ဖိတ်စာနဲ့တကွ မိုးထပ်မံရရှိခဲ့တဲ့ ဒဏ်ရာတွေအတွက်တော့ မောင့်မိသားစုနဲ့အကွ မိုးရဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို မေမေရော မိုးပါ စိတ်အနာကြီးနာခဲ့ရပါသည်။
မောင့်ဖိတ်စာတွေ အတွက် မိုးနာကျင်နေဆဲ အပြစ်ရှာတတ်သော ပတ်ဝန်းကျင်မှာ ရှက်ရွံ့အားငယ်နေဆဲမှာပဲ မထင်မှတ်ထားတဲ့ အတင်းအဖျင်းတွေကို မောင့်မိသားစုဆီက ထပ်မံကြားခဲ့ရပါသေးသည်။
"ကောင်းမြတ်က စိတ်ပျော့တယ် ဒါကြောင့် ဒီတစ်ခေါက် ပြန်လာတုန်းမှာ အချိန်မီလေး စီစဉ်ရတာ"
"စိတ်မပြတ်နိုင်လို့ မိုးနဲ့ပြန်လက်ထပ်ပြီး ဟိုမရောက်သည်မရောက် မျိုးမစစ်ကလေး မွေးလာရင်ဒုက္ခ ငါတို့မိသားစု မျက်နှာပျက်ရမှာ" ဆိုတဲ့ ဆိုးရွားလွန်းတဲ့ စကားလုံးတွေကို မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပေမယ့် ဒဏ်ရာတွေများစွာ ရခဲ့ပြီးတဲ့ မိုးကတော့ ထူးပြီး မတုန်လှုပ်ခဲ့ပါ။
မိုးပေါ်အငြိုးတကြီးနဲ့ မုန်းနေခဲ့တဲ့ မောင့်မိသားစုအပေါ်မှာ မိုးဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ခဲ့ရပေမယ့် ကာယကံရှင် မောင်တစ်ယောက်လုံးကိုတောင် ဆုံးရှုံးခဲ့ရတာမို့ မောင့်မိသားစုအပါ် အမုန်းမပွားအောင် ကြိုးစားခဲ့ပါသည်။ မောင့်မိသားစုဆီက ရခဲ့တဲ့ ဒဏ်ရာတွေအတွက်တော့ ရင်ထဲမှာ အချိန်နဲ့အမျှ နာကျင်နေခဲ့မိပါသည်။
မောင်နဲ့လက်ထပ်ခဲ့တဲ့ မိန်းလေးကိုတော့ မိုးသေသေချာချာ မသိခဲ့ပါ။ ဒါပေမယ့် မောင်တို့ လက်ထပ်ပြီးချိန်မှာ မောင့်အိမ်ကို ဝင်ထွက်သွားလာနေတဲ့ အမျိုးသမီးတစ်ယောက်ကိုတော့ မောင့်မဟေသီလေးအဖြစ် သတိထားမိခဲ့ပါသည်။
မောင်နဲ့ မတိမ်းမယိမ်း အသားညိုညို ညက်ညက် မြန်မာဆန်တဲ့ မိန်းကလေးတစ်ယောက် သူမရဲ့ ထူးခြားချက်လေးက ရှည်လျားသန်စွမ်းလှတဲ့ ဆံပင်နက်နက်ထူထူလေးတွေ အထူးသဖြင့် မောင် မြတ်နိုးတတ်တဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်တဲ့ မိန်းကလေးတစ်ယောက်လို့ပဲ မိုးကောက်ချက်ချမိပါသည်။
မောင်အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာလဲ မိုးတို့နှစ်ယောက် မတွေ့ဖြစ်ခဲ့ကြပါ။ မောင့်ဇနီးချောလေးအိမ်မှာ လိုက်နေခဲ့တဲ့ မောင်ကိုယ်တိုင်လဲ အလုပ်တာဝန်ရှိတဲ့ ကျွန်းလေးဆီကို ကူးချည်သန်းချည် သွားနေခဲ့တာမို့ မောင်နဲ့ မောင့်ဇနီးချောလေးကိုလဲ မမြင်ရသလောက် မိုးနဲ့ အဆက်အသွယ်တွေ ပြတ်နေခဲ့ပါသည်။
......................................................................................
မိုးအတွက်တော့ အချိန်တွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲနိုင်တဲ့ အချစ်တစ်ခုနဲ့ ပိုင်ဆိုင်ခဲ့ဘူးတဲ့ ဘဝတစ်ခုကို သတိရလွမ်းဆွတ်နရင်း မောင်ထားခဲ့တဲ့ ဒဏ်ရာတွေကို မေ့မရစွာ ထွေးပိုက်ရင်း အမှန်တရား တစ်ခုကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါသည်။
ပတ်ဝန်းကျင်က ထင်နေခဲ့သလို မောင့်မိသားစုက ပုတ်ခတ်ခဲ့သလို မိုးမမှားယွင်းခဲ့ပါ မိုးသစ္စာမမဲ့ခဲ့ပါ။ မောင့်ကို အချိန်နဲ့အမျှ သစ္စာရှိခဲ့တဲ့ မိုးအတွက် အဖော်မပါ တစ်ကိုယ်တည်း ဖြစ်သန်းခဲ့တဲ့ အချိန်သည်သာ အခိုင်မာဆုံး သက်သေ ဖြစ်ခဲ့ပါသည်။
မောင့်အပေါ်မှာ ပေးနိုင်ခဲ့တဲ့ တစ်ခုတည်းသော သစ္စာအဖြစ် မပြောင်းလဲတဲ့ မိုးကိုသာ မောင်အစဉ်အမြဲတွေ့ခွင့်ရစေချင်ပါသည်။
မိုးဘဝမှာ ချစ်ဦးသူ မောင့်တစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာကို မောင့်အသိစိတ်က လက်ခံလာစေချင်ပါသည်။
မောင့်ချစ်သူမိုးက မောင့်အပေါ်မှာ အမြဲတမ်းဖြူစင်ခဲ့တာကို မောင်သိစေချင်ပါသေးသည်။
မိသားစုအလိုကျ မောင့်ဘက်က ပြောင်းလဲနိုင်ခဲ့ပေမယ့် အပြောင်းအလဲမရှိပဲ ရူးသွပ်စွာ သစ္စာရှိပြနေခဲ့တဲ့ မိုးရဲ့ သစ္စာတရားကိုလဲ တချိန်ချိန်မှာ မောင်ကိုယ်တိုင် နားလည်စေချင်မိပါသည်။
ပြီးတော့ မိုးအပေါ် ပုတ်ခတ်စော်ကားခဲ့ဘူးတဲ့ ပတ်ဝန်းကျင်ကိုလဲ သိစေချင်ပါသည်။
ပတ်ဝန်းကျင်ဆိုတာ မိန်းကလေးတစ်ယောက်ကို အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲကို တွန်းချနိုင်သလို လက်လှမ်းလို့ မမီတဲ့ ကောင်းကင်ပေါ်ကိုလဲ တွန်းပို့ပေးတတ်ပါသည်။
မိုးကတော့ ပတ်ဝန်းကျင်က တွန်းချခဲ့တဲ့ ချောက်ကမ်းပါးထဲ မကျအောင် ကြိုးစားခဲ့ပေမယ့် ဘယ်သူမှ မထင်မှတ်ထားတဲ့ မောင်က မထင်မှတ်တဲ့ အခြေအနေမှာ မထင်မှတ်တဲ့ အနေအထားနဲ့ ချောက်ကမ်းပါးထဲ ကျခဲ့သူဖြစ်နေတာကတော့ ထူးဆန်းလွန်းနေပါသည်။
လောကကြီးက ဆန်းကြယ်လွန်းလှသလို ကံကြမ္မာတွေကလဲ ဆန်းကြယ်ခဲ့ပါသည် ချောက်ထဲကို ကျခဲ့တာက မောင်တစ်ယောက်တည်းမဟုတ်ခဲ့ပါ မောင့်ကို ချစ်လွန်းတဲ့ မောင်နဲ့ ပက်သက်ပြီး မိုးအပေါ် အကောင်းမမြင်နိုင်ခဲ့တဲ့ မောင့်မိသားစုပါ မိုးမထင်မှတ်ထားတဲ့ ချောက်ထဲကို ကျခဲ့ပါသည်။
..................................................................................
မောင်နဲ့ ပက်သက်သက်သမျှကို အမှတ်တမဲ့ မေ့လျှော့ထားမိတဲ့မိုးတစ်ယောက် နှစ်ပေါင်းများစွာကြာမှ မောင့်ကို ပြန်တွေ့ချိန်မှာ သဲလွန်စများစွာကို တစစီ ဆွဲထုတ်မိချိန်မှာတော့.....
မောင့်တစ်ယောက် မောင့်မဟေသီ မောင့်သမီးလေးနဲ့အတူတူ တွဲလို့ မောင့်မိသားစုဆီကို ဘယ်တုန်းကမှ မလာခဲ့တာ ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ ဆိုတာ သေသေချာချာ မသိခဲ့ပေမယ့်...
ကော်ပတ်ရုတ်လေးလို လှပလွန်းတဲ့ မောင့်သမီးချောလေးရဲ့ မျက်လုံးစိမ်းစိမ်း ဆံပင်ညိုညိုလေးတွေကို မြင်ရယောင်ချိန်မှာ...
အဆက်အစပ်မရှိစွာ သတိရနေမိတဲ့
မိုးအားကျစွာ ငေးကြည့်ဖူးခဲ့တဲ့ မောင့်ဇနီးလေးရဲ့ နက်မှောင်သန်စွမ်းလှတဲ့ ဆံနွယ်ထူထူလေးတွေ...
မောင့်ရဲ့ ထူထဲသန်စွမ်းလှတဲ့ ဆံပင်တိုတို ထောင်ထောင်လေးတွေ.....
ပြီးတော့ မိုးဘယ်တုန်းကမှ စိတ်မဝင်စားခဲ့တဲ့ မောင့်ချစ်ဇနီးလေးရဲ့ အလုပ်ကိစ္စတွေ....
မထင်မှတ်ပဲ သိခွင့်ရခဲ့တဲ့ (မောင်နဲ့တကွ မောင့်မိသားစုတောင် မသိခဲ့တဲ့) မောင့်ဇနီးချောလေးရဲ့ နောက်ကြောင်းဇာတ်လမ်းတွေ...
...
သာမန်ကုမ္ပဏီဝန်ထမ်း မိန်းကလေးတစ်ယောက်ဖြစ်တဲ့ မောင့်ဇနီးလေးက ဘယ်သူမှ မသိခဲ့တဲ့ အင်မတန် စိတ်ဝင်စားစရာ ပုံပြင်လေးတစ်ပုဒ်ကို ပိုင်ဆိုင်ခဲ့ဖူးသူလေး.....တဲ့
မောင့်ဇနီးလေးရဲ့ ရည်းစားဟောင်းလေးကလဲ မြန်မာပြည်ကို မကြာခဏဝင်ထွက် သွားလာနေခဲ့တဲ့ မြန်မာလူမျိုးမဟုတ်သော ဆံပင် အညိုရောင်လေးပိုင်ရှင်တစ်ယောက် ဖြစ်နေတာကမဆန်းလှပေမယ့်...
မိုးအတွက်တော့ လောကကြီးကပဲ ဆန်းကြယ်နေခဲ့ပါသည်။။။
Saturday, August 22, 2009
|
Labels:
ဝတ္ထုတို
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
14 comments:
ပျော့ညံ့လွန်းလှတဲ့ ယောကျာင်္းမျိုး နဲ့ ကံကောင်းစွာ အကြောင်း မဖက်မိလိုက်တဲ့  မိုး တယောက် သူ့ ကိုယ်ပိုင် ဘဝလေးထဲမှာ အေးချမ်းပျော်ရွှင်နေနိုင်မှာပါ ။
မျက်လုံးစိမ်းစိမ်း ဆံပင်ညိုလေးနဲ့ မြေးကလေးကို ရလိုက်တဲ့ အဲဒီ အဖွား စိတ်ထဲ ဘယ်လောက် နောင်တ ရနေမိမလည်း လို့ ပါ တွေးမိလိုက်ပါရဲ့  ။
လည်လွန်းတဲ့ ဘီ ဟိုဟာသင့် တာ ပေါ့ နော်။။
နှင်းရေ ... အရေးအသားလေးတွေ နူးညံ့ လှပလွန်းလို့ 
ဘယ်လို ကွန်မန့် ပေးရမှန်း မသိလောက်အောင်ပါဘဲ ..
စာရေးဆရာမ လုပ်လို့ ရပြီ နော် ။
အားကျမိတယ် သိလား ။
ခင်မင်လျှက်
ကိကီ....
မနှင်းရေ..စောင့်ပြီးဖတ်ရကျိုးနပ်သွားတယ်..အဲဒါကြောင့်တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယုံကြည်မှုက အရေးအကြီးဆုံးပဲလို့ ပြောကြတာ..ဒါပေမဲ့ မိုး ကိုတော့ အဲလို တစ်ယောက်တည်း အထီးမကျန်စေချင်ဘူး...
၂ နဲ့၃ ကို တဆက်ထဲဖတ်လိုက်တယ်...။
စာဖတ်သူတယောက်အနေနဲ့ပြောရင် ပထမဆုံးအပိုင်းမှာ ဝေးသွားတဲ့အကြောင်း ချပြ
ထားတယ် ...။ဇာတ်သိမ်းကို အရင်ချပြတာမျိုး လူတိုင်း သိပ်မလုပ်ရဲဘူး ဘာကြောင့်ဆိုတော့ ဇာတ်သိမ်းသိထား ပြီးရင် ဖတ်ရတဲ့သူတွေ အရှိန်လျော့သွားတတ်တယ်လေ။
ဒါပေမယ့် စာရေးသူဟာ သူ့ဇာတ်ကို သူနိင်နင်းစွာ ကိုင်တွယ်သွားတယ်...။စာဖတ်သူတွေက သူ့ရဲ့ အရေးအသားမှာ လိုက်ပါသွားအောင် လုပ်နိင်တယ်။
ဇာတ်ကိုလည်း အရှိန်အမြင့်ဆုံးအချိန်ရောက်မှ အလှည့်အပြောင်းတွေနဲ့ လိုသလို ဖန်တီးသွားနိင်တယ်။
စာမူကောင်းတပုဒ်ပါ...။
တန်းဝင်တဲ့ လက်ရည်မျိုးလည်းရှိပါတယ်..။
စာရေးတာကို ၀ါသနာ ပါခဲ့ရင် မဂ္ဂဇင်းတွေကို ပို့ပါ..။
ကိုယ့်စာမူကို ပုံနှိပ်စာလုံးအဖြစ် ပြန်မြင်ရတဲ့ ခံစားချက်က တော်တော်ပီတိဖြစ်ဘို့ကောင်းတယ်။
စာရေးကောင်းတဲ့ သူငယ်ချင်းကို အားပေးပါတယ်။
နုတ်ခမ်းထောင့်စွန်းလေး ပြုံးပီး ကျေနပ်စွာ ဖတ်သွားတယ်..
ဒါပဲလေ...။ မိုးမှန်တယ်..။
အပြင်မှာ အဲလိုသာဖြစ်မယ်ဆိုရင်တော့ တော်တော်မုန်းဖို့ကောင်းတဲ့ ရည်းစားနဲ့ မိသားစုပဲ
မပတ်သတ်တာပဲကောင်းတယ်
(ဒေါမနဿပွားသွားပါတယ် .. အဲဒါ မိုးကြောင့် .. (မှားလို့) မနှင်းကြောင့် :P)
မနှင်းရေ ကျွန်တော်စာရေးဆရာမအသစ် တွေ့သွားပြီ။စောင့်ဖတ်ရကျိုးလဲနပ်တယ်။ တကယ်ဆို အခန်းဆက်ဝတ္ထုရှည်အဖြစ်နဲ့တောင်ဖြစ်နိုင်တယ်။
နှင်းရေ...လှလှပပလေးနဲ့
ဇာတ်သီမ်းသွားပြီပေါ့......
ဇာတ်သိမ်းလေးကတော်တော်ကောင်းတယ်....
သူတပါးရဲ့ကိုယ်ကျင့်သိက္ခာကို
စော်ကားကြတဲ့သူတွေ......
အဟတ်....ချက်ခြင်းကိုခံရတော့တာပဲနော်...
အရမ်းကြိုက်တယ်......
ဇာတ်လမ်းကောင်းကောင်းတွေများများရေး
ဖွဲ့နိုင်ပါစေ...နှင်းရေ....
ချစ်သော
အမရာ
၁ ၂ ၃ တစ်ခါထဲ အပြီးဖတ်သွားတယ်။
မနှင်းက အရမ်းစာရေးကောင်းတာဘဲ။ ဇာတ်ကောင်တွေကို ပေါ်အောင် ရေးနိုင်စွမ်းရှိတယ်။
မဟုတ်မှလွဲရော.. မိုးဆိုတာ... မနှင်းများလားမသိဘူး။
သရုပ်ပါလွန်းလို့။
ဟဲ ဟဲ.. ခင်လို့စတာနော်။ စိတ်မဆိုးနဲ့။
နှင်းလား မိုးလား သေချာပြောနော်း)
အရမ်းကောင်းတဲ့ ၀တ္ထုလေးတစ်ပုဒ်ပါ။
အဆင်ပြေပျော်ရွှင်ပါစေ။
မ... ဇာတ်သိမ်းလေး သိပ်လှတာပဲ... ပျော့ညံ့တဲ့ အတ္တလွန်ကဲတဲ့ ယောက်ျားတစ်ယောက်အတွက် အသင့်တော်ဆုံး ဇာတ်သိမ်းဆိုရင် ညီမ စိတ်ပုတ်လွန်းရာ ကျမလားဟင်...? အစ်မ အရေးသားထဲမှာ မျောပါရင်း မိုးဘက်က သိပ်နာသွားမိလို့ပါ...
အဲဒါတူသောအကျိုးပေးပဲ
ယောင်္ကျားတစ်ယောက်ဖြစ်ပြီး ကိုယ့်ချစ်သူ
အကြောင်းသေသေချာချာမစူးစမ်းဘဲ
အသိုင်းအဝိုင်းရဲ့စကားတွေနဲ့ ပစ်ပယ်နိုင်တယ်ဆိုကတည်းက အဲဒီ“မောင်”ဆိုတဲ့လူဟာ ပျော့ညံ့တဲ့လူဖြစ်နေတာပဲ
“မိုး”နဲ့မညားလိုက်တာပဲ ကြံဖန်ပြီးဝမ်းသာပါတယ်
အဲလိုယောင်္ကျားတစ်ယောက်ဟာ အိမ်ထောင်ဖက်ကောင်းတစ်ယောက်ဖြစ်လိမ့်
မယ်လို့တော့ ဘယ်သူမှအာမ မခံနိုင်ဘူး
ဇာတ်လမ်း က မဂ္ဂဇင်းတိုက်ကို ပို့ဖို့ကောင်းတယ်..
စာမူတစ်ပုဒ်အနေနဲ့....
ကောင်းတယ်....၀ထ္ထုရှည် စမ်းရေးကြည့်ပါလား..
အားပေးနေပါတယ်...
ပျော်ပါစေ..
မိုးမှန်ပါတယ်ကွယ်။
မောင့်ကို မေ့လိုက်တော့နော်။
လူညံ့တစ်ယောက်ပဲလေ။
သူ့ ( ကွက်လပ် ) ကိုပဲ ချစ်နေတာကောင်းပါတယ်။ ဟဲဟဲ
တမင်သက်သက် ဖွနှောက်တာပါဗျာ။။။
ကျုပ်မမကြီးကို ချစ်လို့ ဟိဟိ။
အရမ်းတော်တာပဲ မနှင်းရယ်။။။။။
လေးစားအားကျပါတယ်။
ုဒီလိုယောက်ျားမျိုးနဲ့ ဝေးခဲ့တဲ့ မိုးအတွက်ကံကောင်းပါတယ်။ ကံကြမ္မာ အတုံ့ အလှည့်အကြောင်းကို တင်ပြသွားပုံလေးက လှတယ်နော်။ နောင်မကြာခဏ ရောက်မယ့်နေရာလေးပါ။
Post a Comment