မိုး (၂)

မိန်းကလေးတစ်ယောက်အတွက် ပတ်ဝန်းကျင်က ချမှတ်ပေးထားတဲ့ စည်းတွေ ဘောင်တွေက ကျဉ်းမြောင်းလွန်းပါတယ်...
လူတစ်ယောက်အပေါ် အကောင်းမြင်ပေးဖို့ခက်လွန်းပေမယ့် အဆိုးမြင်ဖို့လွယ်လွန်းတာက သူ့ရဲ့ ပတ်ဝန်းကျင်ပါ....

မောင်ဟာ သဝန်တိုတတ်သူတစ်ယောက်ဖြစ်ပေမယ့် သဘောထား သေးသိမ်တဲ့သူတော့ မဟုတ်ခဲ့ပါဘူး..
ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ ပရောဂတွေ မောင့်အတွေးထဲကို ရောက်လာခဲ့ချိန်မှာတော့......

ငယ်ချစ်တွေလို့ ပြောလို့ရတဲ့ မောင်နဲ့မိုးအတွက် မိုးတို့ နှစ်ယောက်လုံး ကျောင်းပြီးတဲ့ချိန်အထိ အရာရာဟာ အဆင်ပြေနေဆဲ ချစ်သူနှစ်ယောက်ကြားမှာ သာမန်ဖြစ်ရိုးဖြစ်စဉ် စိတ်ကောက် စိတ်ဆိုးတာကလွဲလို့ ပြဿနာကြီးကြီးမားမားလဲ မရှိခဲ့ပါ...

မောင်က သဝန်တိုတတ်သူမို့ မောင့်စိတ်တိုင်းကျ မောင်သတ်မှတ်ပေးထားတဲ့ မတင်းလွန်း မလျော့လွန်းတဲ့ စည်းဘောင်တွေအတွင်းမှာ နှစ်သက်စွာ ကျေနပ်စွာ ပျော်ဝင်နေခဲ့သူက မိုး....

ဝတ်ပုံစားပုံကအစပြုလို့ အနေအထိုင် အသွားအလာ အပြုအမူ အပြောအဆိုတွေ အဆုံး မောင့်စိတ်တိုင်းကျ မောင့်သဘောကျ လိုက်လျောခဲ့သူကလဲ မိုး....

"မောင့်ချစ်သူမိန်းကလေးတစ်ယောက်ကို မောင်ထားပေးထားတဲ့ တန်ဘိုးတွေ စံချိန်စံညွှန်းတွေကို မိုးနားလည်ပေးပါ"

"အမှန်အတိုင်းပြောရရင် မောင်တို့ယောက်ျားလေးတွေက အကျင့်မကောင်းဘူး မိုးရဲ့ မောင်တို့သာ မျက်နှာများချင်တာ ချစ်သူကောင်မလေးက မျက်နှာများခဲ့ရင် မျက်နှာများနေရင်တော့ ခွင့်မလွှတ်နိုင်ဘူး"...

"ခွှင့်လွှတ်သည်ထားအုံးတော့ အဲဒီမိန်းကလေးကို လက်ထပ်ဖို့ကို ဘယ်တော့မှ မစဉ်းစားတော့ဘူး အဲဒါ ယောက်ျားတွေရဲ့ အတ္တပဲ မိုးရဲ့" လို့လဲ စိတ်ရှည် လက်ရှည် ရှင်းပြတတ်တာမို့ မောင့်ရဲ့ သဝန်တိုမှုအပေါ် မိုးနားလည်ပေးနိုင်ခဲ့ပါသည်။

နှစ်ဘက်မိဘတွေကြားမှာလဲ ဆက်ဆံရေးက အဆင်ပြေနေတာမို့ နှစ်အိမ့်တအိမ် ဝင်ထွက်သွားလာရင်း မိုးတို့နှစ်ယောက် ရှေ့ရေးအတွက်လဲ စိတ်ပူစရာမရှိခဲ့ပါ...

မိုးတို့နှစ်ယောက်လုံး တပြိုင်တည်းကျောင်းပြီးချိန်မှာတော့ ကံကောင်းစွာနဲ့ မောင်ကအာရှတိုက် ကျွန်းနိုင်ငံလေးတစ်နိုင်ငံက အလုပ်တစ်ခုကို လက်ခံရရှိခဲ့ပါသည်။ မာင့်အလုပ်က နှစ်နှစ်စာချုပ်ချုပ်ထားတာမို့ မောင်ပြန်လာတာနဲ့ လက်ထပ်ဖို့အတွက် နှစ်ဘက်မိဘရဲ့ သဘောတူညီချက်လဲရပြီးသားမို့ မိုးတို့နှစ်ယောက်ရဲ့ ဘဝခရီးလမ်းက ဖြောင့်ဖြူးနေခဲ့ပါသည်။

သဝန်တိုတတ်လွန်းတဲ့ မောင်ကတော့ ခရီးမထွက်ခင်မှာ ထုံးစံအတိုင်း မှာတမ်းရှည်ကြီးကို ချွေနေခဲ့ပါသည်။
မောင်ချမှတ်တဲ့ တားမြစ်ချက်တွေ စည်းမျဉ်းစည်းကမ်းတွေကလဲ အရင်ကထက် ထပ်လို့ တိုးလာခဲ့ပါသည်။ မောင့်ကိုချစ်သောမိုးကလဲ ကြည်ဖြူစွာနဲ့ လက်ခံနားလည်ခဲ့ပါသည်။ ထပ်တိုးလာတဲ့ စည်းမျဉ်းတွေကိုလဲ တသဝေမတိမ်းလိုက်နာခဲ့ပါသည်။

"မောင့်အပေါ်မှာ သစ္စာရှိပေးပါ... မောင်မိုးအနားမှာ မရှိပေမယ့် မိုးနားမှာ ရှိနေစဉ်ကထက်ပိုလို့ နေတာထိုင်တာ သွားတာလာတာကို ဂရုစိုက်ပါ... မောင့်သိက္ခာ မိုးသိက္ခာ နှစ်ဖက်မိသားစုရဲ့ သိက္ခာအတွက် မိုးသစ္စာရှိပေးပါ"...တဲ့

ချစ်သူသက်တမ်း ငါးနှစ်အတွင်း တစ်ခါမှမခွဲစဖူး ခွဲရမှာမို့ မောင်စိတ်ပူနေခဲ့တာ စိုးရိမ်နေခဲ့တာ စိတ်မချနိုင် ဖြစ်နေခဲ့တာကို မိုးအပြစ်မမြင်ရက်ခဲ့ပါ...

ချစ်တတ်သူတစ်ယောက်ရဲ့ ခံစားချက်တွေကို ချစ်တတ်သူတွေကသာ ရင်ထဲက စာနာတတ်တာမို့ မောင့် စိုးရိမ်မှုတွေကို မိုးထပ်တူထပ်မျှ ခံစားလို့ရခဲ့ပါသည်။

မောင်သွားပြီးမကြာခင်မှာပဲ မိုးလဲ ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါသည်။ အလုပ်စဝင်စဉ်က မိုးကျွမ်းကျင်တဲ့ စာရင်းကိုင်ရာထူးအတွက် ဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဂျပန်စကားမတောက်တခေါက်ပြောတတ်တဲ့ မိုးက ကုမ္ပဏီကိုရောက်လာတဲ့ ဂျပန်လူမျိုး ပညာရှင်တစ်ယောက်ရဲ့ အတွင်းရေးမှူးတာဝန်ကိုပါ ပူးတွဲလက်ခံလိုက်ရပါတယ်။

မိုးရဲ့အလုပ်ကိစ္စမှန်သမျှကို မောင်ကိုအသိပေးခဲ့သလို မိုးရဲ့ တနေ့တာ လုပ်ငန်းစဉ်တွေကို သိနေခဲ့တဲ့အတွက် မောင်က မိုးကို အမြဲသတိပေးနေတတ်ပါတယ်။ အထူးသဖြင့် အတွင်းရေးမှူးတာဝန်နဲ့ပက်သက်လို့ အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ခွဲခြားထားဖို့ တဖွဖွ မှာနေတဲ့မောင့်စကားသံတွေကို မိုးမေ့မထားခဲ့ပါ။

"အစစအရာရာ ဂရုစိုက်နော် မောင်စိတ်ချမယ်နော် " "လူတိုင်းကို သတိထားပြီး ဆက်ဆံနော် မလိုအပ်ပဲ အရမ်းအားမနာနဲ့ " ဆိုတဲ့မှာတမ်းကိုလဲ မောင်ကမရိုးနိုင်အောင် မှာတတ်ပါသေးသည်။

မောင့်ထက်ပိုလို့ မိုးကိုဂရုစိုက်ခဲ့သူ မိုးရဲ့ခြေလှမ်းတိုင်းကို စောင့်ကြည့်နေသူတွေကတော့ မောင့်မိသားစုပဲဖြစ်ပါသည်။ မိုးအလုပ်သွားချိန် အလုပ်ပြန်ချိန်တွေကို မောင့်မိသားစုက စိတ်ဝင်တစားစောင့်ကြည့်နေခဲ့တာကိုတော့ မိုးကတော့ သတိမထားမိခဲ့ပါ။

မိုးဘက်ကလဲ မှန်မှန်ကန်ကန် နေထိုင်ခဲ့သူ အမှားမကျူးလွန်ခဲ့သူမို့ လိပ်ပြာလုံခဲ့သလို ပတ်ဝန်းကျင်ကိုလဲ ဂရုစိုက်စရာမလိုဟု ယုံကြည်ခဲ့မိပါသည်။

မောင်မရှိတဲ့ တစ်နှစ်ကျော် တစ်နှစ်ခွဲကာလအတွင်းမှာလဲ မိုးတို့ကြားမှာ ပြဿနာသေးသေးလေးတောင် မဖြစ်ခဲ့ပါ။ မိုးအပေါ်မောင်ယုံကြည်ခဲ့သလို မောင့်အပေါ်လဲမိုးဘက်က သံသယကင်းခဲ့တာမဆန်းပါ။

တစခါတရံမှာ (ရှားပါးလွန်းလှတဲ့ တခါတရံ) တော့ အကြောင်းမျိုးစုံကြောင့် မိုးရဲ့ အိမ်ပြန်ချိန်တွေ နောက်ကျနေတတ်ပါသည်။ ရှောင်လွဲလို့မရတတ်တဲ့ ညစာစားပွဲတစ်ချို့ကြောင့်ဖြစ်စေ ရုံးဆင်းချိန်နီးမှ ပေါ်လာတတ်တဲ့ အရေးပေါ်အစည်းအဝေးကြောင့်ဖြစ်စေ မိုးအချိန်လွန်မှ အိမ်ပြန်ရောက်ခဲ့ပါသည်။

မိုးအတွက် ရှားပါးလွန်းတဲ့ တခါတရံဆိုပေမယ့် မိုးအိမ်ပြန်ချိန်နောက်ကျနေခဲ့တဲ့ ရက်တွေတိုင်းမှာ မောင့်ရဲ့ အစ်မ တစ်ယောက်ယောက်ကို မိုးအိမ်မှာ တွေ့ရလေ့ရှိတာကတော့ အံ့သြစရာ ကောင်းနေခဲ့ပါသည်။

"မိုးလေးပင်ပန်းနေပြီလား ဒီနေ့နောက်ကျလိုက်တာနော်" ဆိုတဲ့ အသံချိုချိုလေးတွေနဲ့အတူ စူးစူးစမ်းစမ်း ကြည့်လာခဲ့တဲ့ အကြည့်ဒဏ်တွေကိုလဲ မိုးက အပြုံးမပျက် ဟန်ဆောင်မှုမရှိပဲ တုန့်ပြန်နိုင်ခဲ့ပါသည်။

"မိုးရဲ့ဘော့စ်က အသက်ဘယ်လောက်ရှိပြီလဲ အိမ်ထောင်နဲ့လား သားသမီးတွေရှိမှာပေါ့နော်" ဆိုတဲ့ မဆီမဆိုင်မေးခွန်းတွေအပေါ်မှာ
"သူက မိုးနဲ့ ရွယ်တူလောက်ပဲ အိမ်ထောင်မရှိဘူးလေ သူက ငယ်ငယ်လေးနဲ့ အရမ်းတော်တယ် အလုပ်အရမ်းကြိုးစားတယ် မမရဲ့" လို့ မလိမ်မညာပဲ အမှန်အတိုင်း ပြောပြဖြစ်ခဲ့မိတဲ့အတွက် မောင့်မိသားစုရဲ့ သံသယတွေ တစတစ ကြီးထွားနေခဲ့တာကို မိုးက သတိမထားမိခဲ့ပါ။

မောင်ကိုယ်တိုင်က သဝန်တိုတတ်သူ တစ်ယောက်ဖြစ်သလို မောင့်မိသားစုဝင်တွေကလဲ သဘောထားမကြီးကြပါ.. အမြင်မကျယ်ကြပါ.. ခေတ်နောက်ပြန်ဆွဲသော ရှေးရိုး အမြင်တွေနဲ့ ဘောင်ကျဉ်ကျဉ်းလေးထဲမှာ နေထိုင်ကြသူတွေဆိုတာကို သိခဲ့ပေမယ့် မိုးကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံခဲ့ပါသည်။ မောင့်မိသားစုအပေါ် လေးစားစွာဆက်ဆံခဲ့သလို အကြည်အညိုလဲ မပျက်ခဲ့ပါ။

မိုးရဲ့အလုပ်ကိစ္စ ကိုယ်ရေးကိုယ်တာကိစ္စမှန်သမျှကို မိုးမိသားစုနဲ့ ထပ်တူထပ်မျှ မောင့်မိသားစုက သိခွင့်ရခဲ့ပါသည်။ မိုးဘက်ကလဲ ထိန်ကွယ်စရာမရှိတာမို့ အရာရာတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောပြအသိပေးခဲ့ပါသည်။

.............................................................................................................................

မောင်ပြန်လာဖို့ သုံးလလောက်အလို မိုးရဲ့ရုံးပိတ်ရက်တစ်ခုမှာတော့ မောင်ဖုန်းဆက်လာခဲ့ပါသည်...

"မိုးရေ မောင်စာချုပ် သက်တမ်း နှစ်နှစ် ထပ်တိုးလိုက်တယ်... ဒါပေမယ့် ခွင့်၄၅ ရက်တော့ရတယ် မောင် ပြန်လာမယ်နော် မင်္ဂလာကိစ္စ စီစဉ်ထားပါ။ "
ဆိုတဲ့ မောင့်စကားသံကြောင့် မိုးနှုတ်ခမ်းစူမိချိန်မှာတော့
"မောင်ရောက်တာနဲ့ လက်ထပ်မှာနော် မောင့်မိသားစုနဲ့တိုင်ပင်ပြီး မင်္ဂလာပွဲအတွက် မိုးစိတ်တိုင်းကျ စီစဉ်ထားပေးပါ" လို့ မောင်ကထပ်ခါတလဲလဲ မှာနေခဲ့ပါသည်။

မောင်ပြန်လာခါနီး သုံးလလောက်အလိုမှာကတည်းက မောင့်ဆန္ဒအရ မင်္ဂလာကိစ္စအတွက် မိုးတို့ မိသားစုနှစ်စုကြားမှာ အလုပ်များနေခဲ့ပါသည်။

နှစ်ဘက်မိဘ သဘောကျလက်ခံသော မင်္ဂလာပွဲတစ်ပွဲ ဖြစ်စေရေးအတွက် ညှိနှိုင်းစရာ တိုင်ပင်စရာတွေက များလှပါသည်။

မောင်ကသာ မယုတ်မလွန် မိုးစိတ်တိုင်းကျစီစဉ်ပါလို့ ပြောခဲ့ပေမယ့် တစ်ဦးတည်းသောသားပိုင်ရှင် မောင့်မိဘစိတ်တိုင်းကျသာ စီစဉ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

နှစ်ဖက်မိဘကြား စီစဉ်စရာများအကြား မိုးတစ်ယောက် ဗျာများနေချိန်မှာ မိုးရဲ့ အလုပ်မှာလဲ အလုပ်ပို တာဝန်ပိုတွေကို လုပ်နေရပြန်ပါသည်။

မိုးတို့ ကုမ္ပဏီရဲ့ ရှယ်ယာဝင်များ ပိုင်ဆိုင်သော ဟိုတယ်အသစ်တစ်ခု မန္တလေးမှာဖွင့်တာမို့ ဒါရိုက်တာ အဖွဲ့ဝင်လူကြီးများနဲ့အတူ မိုးကိုယ်တိုင်လဲ ဟိုတယ်ဖွင့်ပွဲကို မဖြစ်မနေ တက်ရောက်ခဲ့ရပါသည်။

မိုးမိသားစုနဲ့အတူ မောင့်မိသားစုအားလုံးကိုပါ အသိပေးခဲ့တာမို့ နှစ်ဘက်မိသားစုက ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့ကြပါသည်။

မင်္ဂလာပွဲဆင်နွဲကြမယ့် မောင့်မေမေ နဲ့ မောင့်မမများက
"မိုးရေ မင်္ဂလာပွဲအတွက် ကြိုးကြီးချိတ်တွေ သေသေချာချာကြည့်ခဲ့လေ ကြိုက်ရင် တခါတည်းအော်ဒါပေးခဲ့နော်"
လို့ သတိတရမှာကြသလို...
"အမရပူရက ရက်ကန်းစင်တွေကို ရောက်အောင်သွားခဲ့နော် အဆင်ဆန်းဆန်းလေးတွေရှိရင် ဓါတ်ပုံရိုက်လာခဲ့ စရံပေးဖို့လိုရင်လဲ တစ်ခါတည်းသာပေးခဲ့လိုက်နော်"
လို့ မေမေကိုယ်တိုင်ကလဲ မန္တလေးကို တကူးတက ဖုန်းဆက်ပြီး မှာခဲ့တာမို့ ဟိုတယ်ဖွင့်ပွဲပြီးချိန်မှာ မိုးတစ်ယောက် ကြိုးကြီးချိတ်ရှာပုံတော်ဖွင့်ရပြန်ပါသည်။

မိုးခရီးသွားနေခဲ့သည့် သုံးရက်တာ ကာလအတွင်းမှာလဲ မောင်နဲ့အဆက်အသွယ်မပြတ်ခဲ့ပါ။ မောင်က တပတ်တစ်ခါ ဖုန်းဆက်တတ်သလို အခြေအနေထူးခြားတိုင်းလဲ မိုးက မောင့်ဆီဖုန်းဆက်လို့ သတင်းပို့ရသူမို့ မိုးခရီးထွက်မယ့် ကိစ္စကို မောင်လဲသိခဲ့ပါသည်။

မင်္ဂလာရက်ကိုတော့ မောင့်စိတ်တိုင်းကျ သတ်မှတ်ထားခဲ့သလို တစ်ဦးတည်းသော သမီးဖြစ်တဲ့ မိုးအတွက် မေမေ့ကို ထားခဲ့ဖို့ မဖြစ်နိုင်တာမို့ မိုးတို့အိမ်မှာပဲ မောင့်ကို ခေါ်ထားဖို့ ဆုံးဖြတ်ခဲ့တာကိုတော့ မောင့်မေမေက နှုတ်ခမ်းစူခဲ့ပေမယ့် ကန့်ကွက်ခြင်းမရှိခဲ့ပါ။

မင်္ဂလာခန်းဝင်စ္စည်းတွေကိုတော့ မိုးရဲ့မေမေကိုယ်တိုင် စိတ်တိုင်းကျ စီမံပေးခဲ့ပါသည်။ မောင့်မိသားစုက တာဝန်ယူပါရစေဆိုသည့်တိုင်အောင် မေမေက လက်မခံခဲ့ပါ။
ချစ်သမီးမိုးတစ်ယောက် မျက်နှာမငယ်ရအောင် မေမေက အကောင်းဆုံး အပြည့်စုံဆုံးဖြစ်အောင်စီစဉ်ပေးခဲ့ပါသည်။

.................................................................................................................................

မောင်ပြန်လာရန် တစ်လခန့်အလိုမှာတော့ မင်္ဂလာဖိတ်စာတစ်ခုသာ စီစဉ်ရန်ကျန်ပါတော့သည်။
မိုးမင်္ဂလာကိစ္စများအားလုံးကို မိုးတို့ကုမ္ပဏီမှလဲ သိနေခဲ့တာမို့ မောင့်ကို စိတ်ဝင်တစား စောင့်မျှော်နေသူများထဲတွင် မိုးရဲ့ ဂျပန်ပညာရှင်လေးလဲ ပါနေခဲ့ပါသည်။

မောင်ပြန်ရောက်ရောက်ချင်းမှာ မိုးတို့နှစ်ယောက်ကို ဒင်နာပွဲလေးစီစဉ်ပေးပါရစေလို့လဲ သူက ယဉ်ယဉ်ကျေးကျေး ခွင့်တောင်းထားပါသေးသည်။ မိုးကိုယ်တိုင်ကလဲ မောင့်ကိုလဲ အသိပေး ပြောပြထားတာမို့ မောင်ကိုယ်တိုင်ကလဲ သူခွင့်တောင်းလာတဲ့ ဒင်နာလေးကို ဝမ်းသာအားရ သဘောတူခဲ့ပါသည်....

"မိုးရေ မြန်မာစာ ကောင်းကောင်းလေးရတဲ့ အင်းလျားလမ်းက ဖူဂျီမှာ စီစဉ်နော် သူလဲအဆင်ပြေ မောင်လဲ အဆင်ပြေပေါ့ မောင် မြန်မာစာ အရမ်းစားချင်နေတယ်"တဲ့....

မိုးတို့နှစ်ယောက်ကြား ပျော်ရွင်စရာ ရင်ခုန်စရာ ကြည်နူးစရာ မျှော်လင့်ချက်ပေါင်းများစွာနဲ့ အိပ်မက်လေးတစ်ခုက လှပနေခဲ့ပါသည်။

မိုးကိုယ်တိုင်လဲ ချစ်သူမောင်ပြန်လာမယ့် အချိန်တွေကို လည်ပင်းညောင် ရေအိုးဖြစ်မတတ် မျှော်စောင့်ရင်း ပျော်ရွှင်စွာ ကြည်နူးစွာ...

မှတ်မှတ်ရရ မောင်မလာမီ ၁၀ ရက်အလိုအထိ... မိုးအတွက် မုန်တိုင်းလေးတစ်ခု မဝင်လာမီအချိန်လေးအထိ...

မိုးဘဝ အကွေ့အပြောင်းဖြစ်စေမယ့် မိုးအတွက် သေရာပါ ဒဏ်ရာ တစ်ခုဖြစ်စေခဲ့တဲ့ ရုတ်တရက် ဆေးရုံတက်ပြီး ခွဲစိတ်မှုမခံယူမီ အချိန်လေးအထိ...

ဆက်ရန်... ( တစ်ပိုင်းသာ ကျန်ပါတော့သည်... စိတ်ရှည်လက်ရှည် လာအားပေးကြသော သူငယ်ချင်းများကို ကျေးဇူးတင်လျှက်)


14 comments:

pandora said...

ဖတ်လို့သိပ်ကောင်းပါတယ်။ ညက်ညောတဲ့ အရေးအသားလေး။ အဲဒီလို ၀တ္ထုလေးတွေ များများရေးပါနော်။

နောက်တစ်ပိုင်းကို ဆက်စောင့်နေမယ်။

Yu Ya said...

ဇာတ်လမ်းလေးလည်းကောင်းသလို အရေးအသားပိုင်းလည်း ညက်ညောလို့ ဆက်ရန်ကို နေ့တိုင်း မျှော်နေမိတယ် အစ်မနှင်းရေ...

emayarKhin said...

အဟင်းးးးဟင်းးးးး
နောက်တပိုင်းးးးးးး

လင်းကြယ်ဖြူ said...

တကယ်ကို ညက်တဲ့ အရေးအသားပါပဲ..
ပြီးတော့ မိုး လေး ကံကောင်းပါစေ...
မိုးရေ..အဲ..မနှင်းရေ..
မျှော်နေမယ်နော်....ဇာတ်သိမ်းပိုင်း...
ပျော်ပါစေ

yangonthar said...

မျှော်နေပါတယ် မနှင်းရေ ..... ဆက်ရန် ဆက်ရန် ..... :D

kiki said...

ဆွဲဆောင်သွားလိုက်တာ ....အသက်တောင်မရှုရဲဘုး
မိုးတယောက်တော့ သဝန်တို ၊သံသယများသူတွေကြားထဲ ဇာတ်သိမ်းကတော့ အလွမ်းလေး ဘဲ ဖြစ်လိမ့်မယ် ထင်တယ် ...
ဆက်ရန်ရှိသေးတယ်ဆိုတော့ စောင့်ဖတ်ရမှာပေါ့ ..

ခင်မင်လျှက်
ကိကီ

သားကြီး said...

လမ်းမှာဘာတွေဆက်ဖြစ်မလဲ
အစစအရာရာအိုကေနေပြီကွယ်
မိုးထဲကို မုန်တိုင်းထပ်မရောပါနဲ့တော့

Angel Shaper said...

မိုးကတော့ လုပ်ချလိုက်ပြန်ဘီနော်။
မြန်မြန်လုပ်ပါဂျာ။။။
မျှော်နေတယ်။ တစ်ပိုင်းပဲပြောတာနော်။
ပြီးအောင်ရေးပါ။ ဒါပဲ။။။။။။။

စူး said...

အရမ်းကောင်းတယ်ကွာ...
အမြန်ဆက်ပါ..

သီဟသစ် said...

ဟမ်
မနှင်း..
မြန်မြန်ရေးပါဗျို့

ဇာတ်လမ်းက ဆွဲဆောင်မှုတအားရှိတယ်



ခင်မင်စွာဖြင့်
သီဟသစ်


မွေးနေ့ဆုတောင်းအတွက် ကျေးဇူးပါ

Beauty Studio USA Branded Store said...

အမရယ် ပျော်စရာကမ္ဘာထဲ ဘာအနှောင့်တွေလာဦးမှာလဲဗျာ။ကောင်းတယ်အမရေ။ မျော်တလင့်လင့်စောင့်နေပါမယ်။

Anonymous said...

သေရာပါ ဒါဏ်ရာလေးတစ်ခုဖြစ်စေခဲ့တဲ့ မုန်တိုင်းငယ်
လေးကို မုန်းတီးမိပေမယ့် ဂဂဏဏ သိချင်သေးတယ်ကွယ်

အလင်းရောင် said...

ကောင်းလိုက်တာဗျာ... ဆက်ရန်ကျန်တာလေးကို ဖတ်ချင်နေမိတယ်။ ဇာတ်လမ်းကကောင်းနေပြီးနော်... ဇာတ်ရှိန်မြင့်ထားတာလား... မျှော်နေရတာ ရေအိုးစဉ် ဖြစ်တော့မယ်နော်... ဟဲဟဲ။ နောက်ဆုံးအပိုင်းလေးတင် ရင်လက်တိုလိုက်ပါအုံးဗျာ... စောင့်နေတယ်နော်...နှင်းရေ.။

Sein Lyan Tun said...

ကော့မန့် ပေးရန်နောက်ဆုံးတစ်ပိုင်မျှော်


စိတ်အေးတုန်းဖတ်ရတာ ကောင်းလိုက်တာ မနှင်းရယ်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

My Blog List