နိစ္စဓူဝထဲက အပိုင်းအစတွေ

အိပ်ယာကနိုးလို့ မျက်လုံးအစုံ စပွင့်လာတဲ့အချိန်ဟာ မနက်မိုးလင်းချိန် မဟုတ်တာ...

အလုပ်ခွင်မှာ ပင်ပန်းခဲ့သမျှအတိုးချလို့ အိပ်စက်နားယူဖို့ အိပ်ယာဝင်ချိန်ဟာလဲ နေရောင်ခြည် နုနုလေးကျနေတဲ့ မနက်ခင်းလှလှလေးတွေ...

အိပ်ချိန်စားချိန် မညီမျှခြင်းတွေနဲ့ နိစ္စဓူဝ အပိုင်းအစတွေက တစစီ တစစီ...

တစ်သက်လုံး ညနဲ့နေ့နဲ့မှားယွင်းနေတဲ့ ဇီးကွက်တစ်ကောင်လိုပဲ ကျင့်ကြံရမလား ပျားတစ်ကောင်လို မနားတမ်းလှုပ်ရှားနေရမလား... လို့ တွေးတောပူပန်ရင်း ခြောက်ကပ်ကပ် ဖြတ်သန်းနေတဲ့နေ့ရက်တွေကလဲ မုန်းတီးနေမိတဲ့ နိစ္စဓူဝထဲက အပိုင်းအစလေးတစ်ခု...

ဇိမ်ခံကားကြီးတွေပေါ်က လမ်းဘေးဝဲယာကို ငေးမောကြည့်ရှုဖို့မေ့လျှော့ပစ်နေတဲ့ လူတန်းစားတစ်ချို့နဲ့
နေရောင်အောက်က ချွေးစက်ပေါင်းများစွာကြားမှာ လှုပ်ရှားရုန်းကန်နေတဲ့ ကော်လာပြာ လူတန်းစားတွေကို မြင်လိုက်တဲ့ အခိုက်အတန့်တွေမှာ မညီမျှခြင်း ညီမျှခြင်းနဲ့ လူတန်းစား ပြဿနာတစ်ရပ်အတွက် သက်ပြင်းမောတွေ အကြိမ်ကြိမ်ချမိရင်း ဒါဟာ နိစ္စဓူဝထဲက အပိုင်းအစလေးတစ်ခု ဖြစ်နေပြန်ရဲ့...

ကြားနေကျမဟုတ်တဲ့ လူယဉ်ကျေးတစ်ချို့ရဲ့ ဆဲဆိုသံတွေကို အာရုံစိုက်မိတဲ့ခဏမှာလဲ ဆဲဆိုခြင်းဟာ သူတို့အတွက် ဘာမှမဟုတ်သလို မဆဲမဆိုပဲကုန်ဆုံးသွားမယ့် နေ့တစ်နေ့ဟာလဲ အဓိပ္ပါယ်မဲ့နေသလိုလို....
သူတို့ဆဲသလို လှလှပပ မဆဲမဆိုတတ်ရင်ပဲ လူရာမဝင်တော့ သယောင်ယောင်....

လူတိုင်းနှုတ်ဖျားမှာ လွယ်ကူလွန်းစွာထွက်ကျလာတတ်တဲ့ အင်္ဂလိပ်လို လှလှပပလေး ဆဲဆိုခြင်းကိုပဲ မိုးခါးရေတစ်စက်လို လက်ခံရတော့မလိုလို....
ဖရုဿဝါစာ ဆဲဆိုခြင်း ဒါဟာ နိစ္စဓူဝထဲက အပိုင်းအစ တစ်ခုများ ဖြစ်နေလေသလား...

"Thank you" တွေနဲ့ "Sorry" ဆိုတဲ့စကားလုံးတွေနဲ့ ခပ်ဝေးဝေးမှာ အေးချမ်းစွာ အိပ်စက်ခွင့်ရချင်ပေမယ့် ရင်ထဲက မပါပဲပြောပြောနေရတဲ့ "Thank you" ပေါင်းများစွာ "sorry" ပေါင်းများစွာကို မုန်းတီးစွာ မေ့လျှော့ပစ်နေမိတဲ့ နိစ္စဓူဝကလဲ ခါးသက်သက်...

ပြီးတော့ အရွယ်သုံးပါးလုံးအတွက် မတွေ့မမြင်ရတဲ့ နှောင်ကြိုးတွေနဲ့အတူ စိတ်ကြွရူးသွပ်ဆေးတစ်ခုလို စွဲလမ်းစေတဲ့ အွန်လိုင်းပေါ်က အချစ်တွေကိုမျှားနေတဲ့ ငါးမျှားချိတ်တွေ...

အချစ်ဆိုတာ အွန်လိုင်းပေါ်က အလှပဆုံးမုသားတစ်ခု အရောင်းရဆုံး ကုန်ပစ္စည်းတစ်မျိုး ငွေကြေးကြားခံစရာမလိုပဲ အချိန်နေရာမရွေး လဲလှယ်လို့ရနေတဲ့ အွန်လိုင်းထုတ်ကုန်တစ်မျိုးလဲ ဖြစ်နေလေရဲ့....

ဒါလေးကလဲ လစ်လျှူရှုလို့မရတဲ့ နိစ္စဓူဝထဲက သင်ယူနေဆဲ သင်ခန်းစာလေးတစ်ခု ဖြစ်နေသေးတယ်....

ပျော်ရာမှာနေဖို့ အိပ်မက်မက်ရုံသာ တတ်နိုင်တဲ့ အခြေအနေမှာ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျမယ့် ဌာနေကို အဝေးကနေ မျှော်ငေးရုံ တမ်းတရုံပဲလေ....
ဌာနေကိုမလွမ်းမိပဲ ကုန်ဆုံးသွားတဲ့နေ့ဆိုတာကလဲ ရှားမှရှားဆိုတော့...
နိစ္စဓူဝတွေထဲမှာ အဆိုးရွားဆုံးက သံယောဇဉ်တွေကလွဲလို့ မက်မောစရာလုံးဝမရှိတဲ့ ဌာနေကို လွမ်းဆွတ်ခြင်းပြဿနာပဲပေါ့.....

သင်ကောင်းလျှင် ကျွနုပ်မဆိုးပါ ဆိုပေမယ့် ကျွနုပ်တို့ကောင်းနေသော်လဲ ဆိုးရွားဆဲဖြစ်နေတဲ့ မွေးဌာနေနဲ့အမိမြေကိုတော့ လွမ်းတမ်းတမိလို့ ဘက်ဂီယာထိုးဖို့ ကြိုးစားတိုင်း "မှားမယ် မှားမယ်" ဆိုတဲ့ သတိပေးဟွန်းသံတွေကို ဆူညံနေအောင်ကြားနေရတဲ့ နေ့တဓူဝတွေကလဲ မလှမပ.......

ဆုတောင်းခြင်းတွေနဲ့ ကင်းနေတာကြာပေမယ့် နေ့စဉ်နဲ့အမျှ မကြာမကြာ တမ်းတမိတဲ့ ဆန္ဒတစ်စုံကတော့ စီးပွားပျက်ကပ်ကြီး အမြန်ဆုံးပြီးလို့ မုန်းတီးနေမိတဲ့ ပတ်ဝန်းကျင်တစ်ခုကနေ အမြန်ဆုံး လွတ်မြောက်ခွင့်တစ်ခု....
နိစ္စဓူဝ တစ်နေ့တာကာလတွေကို အမြန်ဆုံးကုန်လွန်စေချင်တာ မျှော်လင့်ချက်ကြိုးပါးပါးလေး တစ်မျှင်ကြောင့်ဆိုတော့လဲ မလှပပေမယ့် တနေ့တာ ကုန်ဆုံးပြီဆိုရင်တော့ ဝမ်းသာနေမိသေးရဲ့....

ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး အရာတွေနဲ့အတူ ခေတ်ရှေ့ကို တလံမက နှစ်လံမက ပြေးနေတဲ့ မြို့ကြီးဟာ ကိုယ့်အမြင်မှာတော့ မြို့ပျက်ကြီးဖြစ်နေတာဟာ ကိုယ်မနှစ်သက်တဲ့ စရိုက်တွေ ကိုယ်လက်မခံချင်တဲ့ လူနေမှုဘဝတွေကြောင့်ဆိုရမလား ဒါဟာ နိစ္စဓူဝ မမြင်ချင်ပဲ မြင်နေရတဲ့ မြို့တစ်မြို့ မနေချင်ပဲနေနေရတဲ့မြို့ မချစ်ပေမယ့် အောင့်သက်သက်နမ်းရှိုက်မိနေတဲ့ မြို့လေ......

နေ့တဓူဝ ဘယ်နေရာသွားသွား အမှိုက်ပုံပေါင်းများစွာနဲ့ စစ်မြေပြင်တခုလို ပွစာကျဲနေတဲ့ မြို့ကြီး ကော်လာပြာအလုပ်သမားတွေရဲ့ ချွေးတွေနဲ့ ညစ်ပတ်ပေကျံနေတဲ့ မြို့ဟာ ဒူဘိုင်းမြို့ ကိုယ်မချစ်တဲ့မြို့ လူရိုင်းတွေနေတဲ့မြို့ စရိုက်ပျက်တွေရှိနေတဲ့မြို့ ဖြစ်သလို လူလိမ်တွေပေါတဲ့ မြို့လဲ ဖြစ်နေသေးရဲ့...

"ဘယ်ကောင်ကတော့ အလုပ်ပြုတ်ပီကွ" ဆိုတဲ့ အသံတွေ ဆက်တိုက်ဆိုသလို ကြားနေရင်းကနေ ရုတ်တရက် အသံတွေတိတ်ဆိတ်သွားတော့ ကိုယ့်ဘေးမှာ ဘယ်သူတွေ ကျန်နေသေးပါလိမ့်လို့ အပြေးအလွှားရေတွက်မိတဲ့ အချိန်တွေ... ဒါတွေကတော့ မမြင်ချင် မကြားချင် မသိချင်ခဲ့တဲ့ နိစ္စဓူဝအခန်းဆက် ဝတ္တုရှည်တစ်ပုဒ်လဲ ဖြစ်နေသေးရဲ့....

နိစ္စဓူဝ မရိုးနိုင်အောင်ကြားရတဲ့ မကြားချင်ပဲကြားနေရတဲ့ ငိုသံတွေ ညည်းတွားသံတွေနဲ့အတူ စာနာဖေးကူကြတဲ့ ရွှေမြန်မာတွေရဲ့ နှစ်သိမ့်သံတွေ စာနာတရားတွေနဲ့အတူ ....

ဘဝခပ်မေ့မေ့ ငပိနံ့မပျောက်သေးတဲ့ ရွှေမကျ ကြေးမကျ လူတစ်ချို့ရဲ့ မဖြစ်ညစ်ကျယ်ကျယ်အသံတွေ.....

အမုန်းတကာ့ အမုန်းဆုံးကတော့ နေ့တဓူဝ တွေ့နေမြင်နေရတဲ့ ရွှေအချင်းချင်းရေနှစ်သတ်တဲ့ ဇာတ်လမ်းတွေ ရွေကိုကြေးနဲ့ရောပစ်ဖို့ ဝန်မလေးပဲ လွယ်ကူလွန်းနေတဲ့ ရွှေပြည်သူလေးတွေရဲ့ ဇာတ်လမ်းလေးတွေ...

သူငယ်ချင်း ဘလော့ဂါ(ညီညီနိုင်) ပြည် တဂ်ထားတဲ့ပို့စ်လေးပါ...

ဒီတစ်ခါတော့ ချစ်ခင်ရတဲ့ ဒူဘိုင်းမြို့က ဘလော့ဂါမောင်နှမတွေ ဖြစ်တဲ့
ငုံ
ဇော်
သမီးပျို
ကိုနေလင်းချမ်း
ဖြူစင်ကြယ်
လင်းကြယ်ဖြူ
ကိုပီတာ
ကိုမောင်ဟန် တို့နဲ့အတူ...

အဘူဒါဘီမြို့က ချစ်သူငယ်ချင်းတွေဖြစ်တဲ့
အမရာ
မယ်မဒီ နဲ့
ကိုအိုင်လွယ်ပန်ကို လက်ဆင့်ကမ်း တက်ဂ်ပါရစေ...

14 comments:

emayarKhin said...

နှင်းရေ....နိစ္စဓူဝအပိုင်းအစတွေကို
ဖတ်ရင်းဖတ်ရင်းနဲ့..ဟုတ်လိုက်လေ
ငါ့အမရယ်....အမှန်တွေချည်းပါပဲလား
လို့တွေးရင်းဆက်ဖတ်ရင်းနဲ့..........
ပို့စ်လဲဆုံးသွားရော.....အဟဲ..........
ကိုယ့်အလှည့်ရောက်သွားရောဆိုသလိုဘဲ...

desertraindrops said...

နှင်းရေ စကားလုံးသုံးတာလေးတွေ ကောင်းတယ်ကွာ။
ဒူဘိုင်းမှာ ကိုယ့်ရဲ့နိစ္ဏဓူဝအပိုင်းအစများကို တချက်ချင်းစီ ဆွဲထုတ်ရတော့မယ် :)

sandar said...

အလွန်းကောင်းပါသည်။ ဤမျှကောင်းသော စားများမေ၇းတတ်သည်က မှန်ပါ၏ ။ စာဖတ်သူသာ လုပ်ခွင့်ပြုပါ။

မယ်မဒီ

သူကြီးမင်း (တုံးဖလား) said...

အပိုင်းအစတွေဆိုပေမဲ့ စိန်တွေစီထားသလို တန်ဖိုးရှိပြီး ဖတ်လို့ကောင်းတဲ့ ပို့စ်တ်တစ်ပုဒ်ပါဘဲ။

အဆင်ပြေပျော်ရွှင်ပါစေ။

စူး said...

ဖတ်လို့ကောင်းလိုက်တာ..

လင်းကြယ်ဖြူ said...

Interesting !!!!
I will try my best to get you back for your tag post as soon as my little laptop has recovered from her illness..He...
Enjoy and take care
Linn Kyel Phyu

kiki said...

နှင်းရေ..
ရွှေပြည်ကြီးက လွမ်းစရာ ၊မောစရာတွေအပြင်
လက်ရှိ တနေ့ ဓူဝ တစစီပေါင်းထားမှ ဘဝတခု ပြည့်စုံသွားသလို ဘဲနော် ....

အရေးအသား တင်ပြချက်လေးတွေ ကောင်းလွန်းနေတော့
မွန်းကြပ်နေတဲ့ စိတ်တွေတောင် ပြေလာစေမိတယ် ...

ခင်မင်လျှက်
ကိကီ

နေစိုးနိုင် said...

မှန်တာတော့ အမှန်တွေချည်းပါပဲ
မွန်းကျပ်လိုက်
စိတ်မောလိုက်နဲ့
နိစ္စဒူဝ ဘ၀တွေကိုမြင်ယောင်လာမိရပါသည်

မိုးစက်အိမ် said...

နိစ္စဓူဝအပိုင်းအစ အကြောင်းတွေကို
စိတ်ကူးတာတွေမဟုတ်ဘဲ ရင်တွင်း
ဖြစ်တွေဘဲရေးထားတာဘဲ ... လှမလှမသိပေမဲ.
ရိုးရှင်းတယ်ဗျာ ... :) အားပေးလျက်

အိုက်ခီလောက် said...

ဟဟဟ တော်သေးတယ် ဒူဘိုင်းကအဖွဲ့ မဟုတ်လို့ 
တပ့် ဘေးကလွတ်သွားသေးတယ်
အဟတ် ပျင်းနေတာေ၇းခိုင်းလို့ ကတော့
မနှင်းနော် ဘာမှလုပ်ပါဘူး
အာဘွားပေးမလို့ပါ အဟတ်
တစ်နေ့  တစ်နေ့ ကြားရတာငြီးငွေ့ နေပြီမနှင်းရာ
ဘာလုပ်ရင်ကောင်းမလည်းဟင်
တစ်ခုခုတော့လုပ်မှဖြစ်မယ်ထင်တယ်နော်
မနှင်းမတွေ့ တာတောင်ကြာနေပြီ အဟတ်
နေလို့ များကောင်းပါလေစ ငါ့အမတစ်ယောက်တော့
ယောက်ကျားများယူပါနဲ့ လေ
အဟတ် အမလုပ်စာထိုင်စားမဲ့မောင်တစ်ယောက်လုံးရှိသေးတယ်နော်
သတိရနေသေးလားဗျ အဟတ်

အိုင်လွယ်ပန် said...

TAG ကြွေးဆပ်ရန် အလို့ငှာ
ရေးတတ်သလို ရေးထားကြောင်းပါဗျာ ...
ကောင်းသောနေ့ပါ :)

သီဟသစ် said...

မနှင်းရေ

မျိုးကြီးရဲ့သီချင်းကိုတောင် သတိရသွားတယ်

အားလုံးအဆင်ပြေပါစေ

ခင်မင်စွာဖြင့်
သီဟသစ်

kohan said...

ရေးပြီကြောင်းပါခင်ဗျာ....ကျေနပ်မယ်ထင်ပါတယ်...

Angel Shaper said...

လာမည် လာမည်။ မမနှင်းတက်ဂ်ကြွေးကို ရာမဒမ် မပြီးခင် ဆပ်မည်။ သူ့ လို နှစ်ရက် သုံးရက် နားဖို့ မပြောနှင့် နားရက်မပေးပဲ ပိုလုပ်ရသော ရမဒမ်ကို အပီမုန်းနေသည်။ ဖတ်လို့ကောင်းလိုက်တာ မကေရယ်.။။။။။ ရေးပေးမယ်နော်။ ခေါင်းမူးသွားစေရမယ် ဟိဟိ

My Blog List