တစ်ခါတုန်းက စိတ်မပါလက်မပါ သင်ခန်းစာတွေကို ကြိုးစားပြီးလိုက်မှတ်နေရတဲ့ စာသင်ခန်းကျယ်ကြီးတစ်ခုထဲမှာ နေရာတစ်ခုအတွက် ကျွန်မ အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ဘူးပါသည်။
အဲဒီအချိန်တုန်းက စိတ်မဝင်စားတဲ့ ဘာသာရပ်တစ်ခုကို တစ်စုံတစ်ယောက်ရဲ့ ဖိအားပေးမှုကြောင့် မဖြစ်မနေ သင်ယူနေရတာမို့ စိတ်အခန့်မသင့်မှုပေါင်းများစွာကို တွေ့နေရတာလားဆိုတာကိုတော့ ကျွန်မကိုယ်တိုင်လဲကွဲကွဲပြားပြား မသိခဲ့ပါ။
လောကမှာ အမုန်းဆုံးအလုပ်တစ်ခုက ကိန်းဂဏန်းတွေကို ဟိုရွေ့သည်ရွေ့ ဟိုထည့်သည်ထည့် ပေါင်းနှုတ်မြှောက်စားလုပ်ရတဲ့ စာရင်းကိုင်အလုပ်။ သချာင်္တွက်တာထက် စိတ်ညစ်စရာကောင်းတဲ့ စာရင်းအင်းပညာကို ဘယ်တုန်းကမှစိတ်မဝင်စားခဲ့သလို ဘယ်တော့မှလဲ လေ့လာသင်ယူဖို့ စိတ်ကူးမရှိခဲ့ပါ။
ဒါပေမယ့် အလုပ်နဲ့ပက်သက်လာချိန်မှာတော့ အခြေခံစာရင်းအင်းပညာကို သိမှဖြစ်မယ် အခြေခံ စာရင်းကိုင်စာမေးပွဲဖြေဖို့ သင်တန်းသွားတက်ပါ ဆိုတဲ့ အထက်က ညွန်ကြားချက်တစ်ခု ရောက်လာတာမို့ စာသင်ကောင်းတဲ့ ဆရာတစ်ယောက်ကို ကြိုးစားရှာဖွေနေဆဲမှာ သင်တန်းတက်မယ့်အချိန်က ကိုယ်အားတဲ့ အချိန်တစ်ခုလဲ ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တစ်ခုပါ ထည့်သွင်းစဉ်းစားရပြန်တာမို့ ကိုယ်နဲ့ အဆင်ပြေတဲ့ နေရာနဲ့ သင်တန်းအချိန်ကိုသာ ဦးစားပေးပြီး ရွေးခဲ့မိပါသည်။
သင်တန်းကာလ ပထမဦးဆုံးတစ်ပတ်မှာတော့ အင်မတန်လွယ်ကူတဲ့ သင်ခန်းစာတွေကို စတွေ့ရတာမို့ ဆရာ စာသင်ကောင်းတယ် မကောင်းဘူးဆိုတာကို သိပ်ပြီး သတိမထားမိခဲ့ပါ။ စိတ်မဝင်စားတဲ့ဘာသာရပ်ပေမယ့် အလုပ်တစ်ခုကိုပြီးမြောက်အောင် လုပ်တဲ့အနေနဲ့ ဒီသင်တန်းကိုတော့ ဂရုတစိုက်နဲ့ မပျက်မကွက် တက်ခဲ့ပါသည်။
တစတစနဲ့ စာသင်ရက်လေးရလာချိန်မှာတော့ ဆရာရဲ့ ဝေးလံရှည်လျားစွာရှင်းပြနေပေမယ့် လိုရင်းမရောက်တဲ့ ရှင်းလင်းချက်တွေကြားမှာ ကျွန်မတို့ ကျောင်းသူအချို့ ဆရာ့စာသင်ခန်းကို စတင်ပျင်းရိစပြုလာပါသည်။
ဆရာရဲ့ သင်ခန်းစာတွေကို စိတ်ပျက်စေဖို့အတွက် ပိုပြီးဆိုးခဲ့တာက ကျွန်မရဲ့ စာသင်ခုံအနေအထား ဖြစ်ပါသည်။ ကျွန်မထိုင်နေတဲ့ စာသင်ခုံ အနေအထားက စာသင်ခန်းရဲ့ အတွင်းဘက်ကျကျ ဘယ်ဘက်ခြမ်း အရှေ့နားကျကျမှာဖြစ်နေသလို ဆရာစာသင်တဲ့ ဟောပြောပွဲစင်တစ်ခုက ကျွန်မခုံရဲ့ မျက်စောင်းထိုးနားလောက်မှာ ကွယ်နေခဲ့တာမို့ တခါတရံမှာ white Board ပေါ်က စာတွေကို သဲသဲကွဲကွဲမမြင်ရပါ။
White Board ပေါ်မှာ စာတွေချရေးရင်း ပါးစပ်ကလဲ အမျှင်မပြတ်အောင် ရှင်းပြနေတဲ့ ဆရာ့လက်ချာတွေကို မြင်သမျှတွေ့သမျှ အကုန်လိုက်မှတ်နေပေမယ့် တခါတရံမှာ မမြင်ရတဲ့ စာတွေကိုတော့ ဒီအတိုင်းပဲ ချန်ထားလိုက်ရပါသည်။ စိတ်အခန့်မသင့်တဲ့အချိန်တွေမှာတော့ ကွက်လပ်ဖြစ်နေတဲ့ စာမျက်နှာတွေထဲကို လွတ်သွားတဲ့ စာတွေကို ပြန်မကူးပဲ ပစ်ထားလိုက်ပါသည်။ ရာသီဥတုကောင်းလို့ စိတ်ပါချိန်မှာတော့ ဘေးနားက ကောင်မလေးဆီကနေ လွတ်သွားတဲ့ ကွက်လပ်တွေကို တဆင့် ပြန်ကူးယူလေ့ရှိပါသည်။
လွတ်သွားတဲ့ စာတွေပြန်ကူးရတိုင်း ကျွန်မရွေးချယ်ထိုင်မိတဲ့ ထိုင်ခုံနေရာအတွက် စိတ်ကသိကအောက်ဖြစ်ရပါသည်။ လွတ်သွားတဲ့ စာတွေကိုကူးယူခွင့်ရဖို့ ဘေးနားကကောင်မလးဆီကို အကူအညီတောင်းရတိုင်းလဲ အဲဒီကောင်မလေး ရထားတဲ့ နေရာလေးကို မသိမသာ မျက်စောင်းထိုးမိပါသည်။
နေရာကောင်းကောင်းမရလို့ အလုပ်ပိုတွေ ထပ်လုပ်ရတယ်ဆိုတဲ့ စိတ်နဲ့ စာသင်ခန်းနဲ့တကွ သင်ပေးတဲ့ ဆရာကိုပါ မဆီမဆိုင် စိတ်ကွက်မိတဲ့ အကြိမ်ပေါင်းလဲ မနည်းလှပါ။ စာသင်ခန်းထဲမှာ နေရာကောင်းကောင်း တစ်ခုရဖို့အတွက်လဲ ကျွန်မဘက်က အတတ်နိုင်ဆုံး ကြိုးစားကြည့်ခဲ့ပါသေးသည်။
နောက်ပိုင်းသင်တန်းချိန်တွေမှာလဲ ပုံမှန်စာသင်ချိန်ထက် အနည်းဆုံး မိနစ် ၂၀လောက် စောပြီး ရောက်အောင်သွားပြီး ကျွန်မလိုချင်တဲ့ ထိုင်ခုံနေရာတွေကို ရှာမိပေမယ့် ကျွန်မအတွက် သင့်တော်မယ့် နေရာတစ်ခုကို မရခဲ့ပါ။ စာသင်ခန်းရဲ့ ဟိုးအနောက်နားဘက်မှာတော့ ခုံလွတ်တွေရှိနေတတ်ပါသည်။ ဒါပေမယ့် နောက်ဘက်နားက နေရာတွေကို ကျွန်မ မနှစ်သက်တာမို့ စာတွေကို သဲသဲကွဲကွဲမြင်ရဖို့ အခွင့်အလမ်းရှိတဲ့ အနောက်ဘက်က စာသင်ခုံတွေကို ထိုင်ဖို့ စိတ်မကူးခဲ့ပါ။
ပြီးတော့ စာသင်ခန်းရဲ့ ညာဘက်ခြမ်း လူသွားးစကြံင်္နဲ့ ကပ်ရက်က ရှေ့ပိုင်းခုံတစ်ချို့လွတ်နေပေမယ့် လူသွားစင်္ကြံက ဖြတ်သွားဖြတ်လာလုပ်နေကြတဲ့ လူတွေဆီအာရုံရောက်မှာစိုးတာမို့ အဲဒီဘက်ခြမ်းက ခုံတွေကိုလဲ ယောင်လို့မှ မျက်စောင်းမထိုးခဲ့ပါ။
အကြောင်းအမျိုးမျိုး ဆင်ခြေအမျိုးမျိုးကြောင့် စာသင်ခန်းထဲကို ကျွန်မရောက်တဲ့အချိန်တွေမှာ အမြဲတမ်း အဆင်သင့်ဖြစ်နေတတ်တဲ့ white board ရဲ့မြင်ကွင်းကိုကွယ်နေတဲ့ နေရာတစ်ခုလွတ်တစ်ခုမှာပဲ စွဲစွဲမြဲမြဲထိုင်မိတတ်ပါသည်။ ကျွန်မရောက်လာတတ်တဲ့ အချိန်တွေဆိုရင် စာသင်ခန်းထဲမှာ ကျွန်မမျက်စိကျနေတဲ့ အရှေ့ဘက်နားက ထိုင်ခုံတွေမှာ လူပြည့်နေတတ်ပါသည်။
အဲဒီနေရာတစ်ခုအတွက် ဖြစ်လာတဲ့ စိတ္တဇကြောင့်လဲ လက်ချာတွေကို လယ်ဂျာစာအုပ်ကြီးထဲ ကူးထည့်ရင်း ခဲတံတွေ ပေတံတွေနဲ့ အလုပ်တွေရှုပ်နေရင်း ကျွန်မရဲ့ နံဘေးတည့်တည့်က ကောင်မလေးရထားတဲ့ ထိုင်ခုံတစ်ခုကိုတော့ မကြာခဏ မျက်စောင်းထိုးမိခဲ့ပါသည်။
ကျွန်မရထားတဲ့နေရာနဲ့ စာရင်အဲဒီနေရာလေးက လက်ချာတွေလိုက်ကူးရတာ ပိုလို့အဆင်ပြေနိုင်ပါသည်။ သူ့ရှေ့တည့်တည့်မှာ ဆရာရဲ့ ဟောပြောစင်မြင့်တစ်ခုရှိနေပေမယ့် white Board ပေါ်က စာတွေကိုတော့ သဲသဲကွဲကွဲ မြင်ရတာသေချာပါသည်။
ဇွဲကောင်းလွန်းတဲ့ ကျွန်မကလဲ ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်မစာသင်ခန်းထဲကိုဝင်လာတဲ့ အချိန်တိုင်းမှာ အဲဒီထိုင်ခုံလေးလွတ်မလွတ်ဆိုတာကို ပထမဆုံး ငဲ့စောင်းကြည့်မိပါသည်။ အဲဒီခုံလေးမလွတ်တာ သေချာမှသာ ကျွန်မကို စိတ်အနှောင့်အယှက်ပေးနေကျ ခုံလေးမှာပဲ အစွဲအလမ်းကြီးစွာ ထိုင်ဖြစ်ခဲ့ပါသည်။
အဲဒီနေရာလေးကို ရဖို့ ကျွန်မဘယ်လောက်ပဲ ကြိုးစားကြိုးစား ကျွန်မရဲ့ ကြိုးစားမှုက အရာမထင်ခဲ့ပါ။ သင်တန်းရှိတဲ့ နေ့တွေတိုင်းမှာ ကျွန်မ စာသင်ခန်းထဲ မရောက်ခင်ကတည်းက အဲဒီထိုင်ခုံနေရာလေးမှာ တစ်စုံတစ်ယောက်က လွယ်အိတ်အနီလေးနဲ့ အမြဲတမ်း နေရာယူထားတတ်တာမို့ စာသင်ချိန် ၆ လလုံးလုံး အဲဒီနေရာလေးကို ကျွန်မမရခဲ့ပါ။
ခါတိုင်းထက်ပိုစောပြီး စာသင်ခန်းထဲကို နာရီဝက်လောက် ကြိုရောက်ဖို့ကြိုးစားမိတော့လဲ သိပ်မထူးခြားလှပါ အဲဒီခုံလေးထဲမှာ အနီရောင် ကချင်လွယ်အိတ်လေးတစ်လုံးက ကျွန်မမရောက်ခင် ဘယ်အချိန်လောက်ကတည်းက ကြိုရောက်နှင့်နေမှန်းမသိ ။
ကျွန်မထက်ဝီရိယကောင်းစွာ ဒီနေရာလေးကို အမြဲလာဦးတတ်တဲ့ ကောင်မလေးကတော့ ကျွန်မလွတ်သွားတဲ့ စာတွေကို ကူးယူခွင့်ပေးနေကျ ဆံပင်ပျော့ပျော့ရှည်ရှည်လေးတွေရဲ့ ပိုင်ရှင် အသားဖြူဖြူ အရပ်မြင့်မြင့် ကောင်မလေးတစ်ယောက်ဖြစ်ပါသည်။
ပြီးတော့ သူမက မထူမပါး ပါဝါမျက်မှန်သေးသေးဝိုင်းဝိုင်းလေးကိုလဲ တပ်ထားတာမို့ သူမအတွက် အဲဒီနေရာလေးက အင်မတန်အရေးကြီးနေမယ်ဆိုတာကို ကျွန်မရိပ်မိလိုက်ပါသည်။
သူမရဲ့ အခက်အခဲကို စာနာမိပေမယ့်လဲ သူမရဲ့နေရာလွတ်မယ့် နေ့ကိုတော့ မမေ့မလျော့ စောင့်နေခဲ့ပါသေးသည်။ တကယ်ဆို ထိုင်ခုံနေရာလေးတစ်ခုအတွက် အဲလောက်အထိ မစွဲလမ်းသင့်မှန်းသိနေပေမယ့် အသိစိတ်ကို မသိစိတ်ထဲကနေရောက်ရောက်လာတဲ့ ကျွန်မရဲ့ အတ္တပါးပါးလေးက လွှမ်းမိုးလို့ အနိုင်ယူနေခဲ့ပါသည်။
သူမအတွက် အရေးကြီးတဲ့ နေရာတစ်ခုကို မမက်မောဖို့ အသိစိတ်က အမြဲသတိပေးနေပေမယ့် စာသင်ခန်းထဲကိုရောက်တိုင်းလဲ အဲဒီနေရာလေးကို သတိတရနဲ့ မကြည့်ပဲမနေနိုင်ခဲ့ပါ။ တနေ့နေ့မှာတော့ အဲဒီနေရာလေးကို ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့အတူ ဒီသင်တန်းခန်းမထဲကိုရောက်တဲ့အချိန်တိုင်းမှာ ကျွန်မရဲ့ မျက်လုံးတွေက အဲဒီထိုင်ခုံလေးကို အပြေးအလွားရှာဖွေနေမိဆဲ။
ထိုင်ခုံလေးပေါ်က လွယ်အိတ်နီနီလေး ပျောက်သွားမယ့်နေ့တစ်နေ့ကို စောင့်စားမိနေဆဲ။
စာသင်ချိန်တွေ တစတစ ကုန်ဆုံးလာချိန် စာမေးပွဲဖြေဖို့ လပိုင်းလောက်အလိုမှာတော့ ကျွန်မတို့စာသင်ခန်းထဲမှာ ကျောင်းသူတွေ တဖြည်းတဖြည်းလျော့ကုန်ပါသည်။ စာသင်ခန်းထဲက ကျောင်းသူတွေ တစတစ လျော့ကျသွားတာကို သတိမထားမိလောက်အောင် အဲဒီနေရာတစ်ခုဆီမှာပဲ ကျွန်မရဲ့ အာရုံတွေက ရောက်နေတဲ့အထိ အဲဒီနေရာလေးကို ရူးသွပ်နေခဲ့တဲ့အဖြစ်က ပြန်တွေးမိတိုင်း ရီချင်စရာ ပြုံးချင်စရာ ဟားချင်စရာ ကောင်းနေခဲ့ပါသည်။
နောက်ဆုံး ကျွန်မရဲ့ အနောက်တည့်တည့်မှာ အမြဲထိုင်တတ်တဲ့ ကောင်မလေးတစ်ယောက်က ဆရာစာသင်တာ ပျင်းဖို့ကောင်းတယ် အခြားကျူရှင်ပြောင်းတက်မယ်ဆိုပြီး ကျွန်မကိုလာစည်းရုံးမှ စာသင်ခန်းထဲက ကျောင်းသူတွေ ပျောက်ကုန်တဲ့ အကြောင်းရင်းကို သိခွင့်ရခဲ့ပါသည်။
ဒါပေမယ့် စာသင်ခန်းထဲမှာ ကျောင်းသူတွေလျော့ကုန်တာ ဆရာစာသင်တာမကောင်းလို့ ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းကြောင့်လို့တော့ ကျွန်မမယူဆလိုပါ။ ဆရာ့လက်ချာတွေကို မပျင်းမရိ လိုက်မှတ်ဖို့ ဆရာပြောလိုတဲ့ လိုရင်းကို မိမိရရ လိုက်မှတ်နိုင်ဖို့ ဆရာ့ရဲ့ ရှည်ရှည်ဝေးဝေး ပေရှည်လွန်းတဲ့ ရှင်းလင်းချက်တွေကို နားလည်နိုင်ဖို့ကို ကြိုးစား နိုင်ရင်တော့ ကျူရှင်ပြောင်းတက်စရာမလိုပဲ စာမေးပွဲဖြေနိုင်မှာ သေချာနေတာမို့ ကျူရှင်ပြောင်းတက်ဖို့ စည်းရုံးလာတဲ့ အဖွဲ့ကိုတော့ ငြင်းလိုက်မိပါသည်။
ဒီသင်တန်းမှာ ကျွန်မအတွက် လက်ချာလိုက်တဲ့ အချိန်တွေလောက်မှာပဲ အခက်အခဲ ရှိပေမယ့် လက်မြှောက်ပြီး ကျူရှင်ပြောင်းရလောက်တဲ့အထိတော့ ဆိုးဆိုးရွားရွားမဖြစ်သေးပါ။
ကျွန်မအတွက် ခပ်ပါးပါးလေးဆိုးနေတာက နေရာတစ်ခုအပေါ် မက်မောနေဆဲဖြစ်တဲ့ စိတ္တဇတစ်ခုပဲ ဖြစ်ခဲ့ပါသည်။ ကျွန်မ မရောက်မီ ရောက်နှင့်နေတဲ့ လွယ်အိတ်နီနီလေးရယ် ကျွန်မရောက်ပြီးမှ စာသင်ခန်းထဲကို ဝင်ဝင်လာတတ်တဲ့ အရပ်မြင့်မြင့် ဆံပင်ရှည်ရှည်လေးတွေပိုင်ရှင် ကောင်မလေးတစ်ယောက်ရယ်က ၆လလုံးလုံး ကျွန်မရဲ့ ရူးသွပ်မှု ဒီဂရီတွေ တလိမ်လိမ့်တက်စေခဲ့တဲ့ အကြောင်းအရာတွေပဲဖြစ်နေခဲ့ပါသည်။
နောက်ဆုံးမှာတော့ မယုံနိုင်လောက်အောင်ပဲ နေရာတစ်ခုအပေါ်စွဲလမ်းနေမိတဲ့ ကျွန်မရဲ့ အစွဲအလမ်းတွေ ပြေမယ့် အချိန်ကျရောက်လာခဲ့ပါသည်။
သင်တန်းကာလ ၆ လတိတိပြည့်ခါနီး ဆရာက မေးခွန်းဟောင်းတွေကို ပြန်ရှင်းပြနေတဲ့ အချိန်မှာပဲ စာမေးပွဲကြေးသွင်းဖို့ အကြောင်းတစ်ခုက ဖန်လာခဲ့ပါသည်။
သင်တန်း နောက်ဆုံးနေ့မတိုင်မီ တစ်ပါတ်လောက်အလိုမှာတော့ စာမေးပွဲကြေးသွင်းဖို့အတွက် အချိန်လုံလောက်စွာရဖို့ ကျောင်းကို ဝီရိယကြီးစွာနဲ့ ရောက်သွားခဲ့ပါသည်။ အဲဒီနေ့မှာတော့ ကျွန်မအတွက် မုန်းဖို့ကောင်းလောက်အောင်ကို အချိန်တွေပိုလျှံနေခဲ့ပါသည်။
စာမေးပွဲကြေးသွင်းပြီးချိန်မှာတောင် သင်တန်းစဖို့ အချိန်တစ်နာရီတိတိ လိုနေတာသေးမို့ စာသင်ခန်းတွေဘက်ကို မယောင်မလည်နဲ့လျှောက်လာခဲ့ပါသည်။ စာမေးပွဲအတွက် ရက်တွေသတ်မှတ်ပြီးဖြစ်တာမို့ အဲဒီအချိန်မှာတော့ နေရာတစ်ခုအတွက် အစွဲအလမ်းက အရင်ကလောက် မပြင်းထန်တော့ပါ။ အဲဒီအစွဲအလမ်းလေးကို ခပ်မေ့မေ့ ဖြစ်နေတဲ့ နေ့တစ်နေ့ဆိုရင်လဲ မမှားပါ။
ကျွန်မစာသင်ခန်းရှေ့ကိုရောက်တဲ့အချိန်မှာတော့ အတန်းထဲမှာ ဘယ်သူမှမရှိသေးပါ။ စာသင်ခန်းအပြင် ပြတင်းပေါက်နားမှာရပ်ပြီး မနေ့က ဆရာရေးထားခဲ့တဲ့ နှုတ်စ်တွေကို white Board ပေါ်မှာ လိုက်ဖတ်နေဆဲမှာ စာသင်ခန်းအနောက်ဘက်တံခါးကနေ လူတစ်ယောက်ဝင်သွားတာကို သတိထားလိုက်မိပါသည်။
သူက ကျွန်မကို မမြင်ပေမယ့် စာသင်ခန်းထဲကိုဝင်သွားတဲ့ သူ့ကိုတော့ ကျွန်မက အစအဆုံးမြင်တွေ့လိုက်ရပါသည် ။ ကျွန်မတို့နဲ့ ရွယ်တူလောက်ရှိမယ့် အသားဖြူဖြူ ဆံပင်စင်းစင်းလေးတွေပိုင်ရှင် ကောင်လေးတစ်ယောက် သူ့လက်ထဲမှာက ကျွန်မနဲ့ အတော်အတန်ရင်းနှီးနေခဲ့ဘူးတဲ့ လွယ်အိတ်နီနီလေးကိုကိုင်လို့။
အဲဒီကောင်လေးက ကျွန်မတချိန်လုံးစွဲလန်းနေခဲ့တဲ့ ထိုင်ခုံဆီကို တန်းတန်းမတ်မတ်လျှောက်သွားပြီး လွယ်အိတ်လေးကို ခုံထဲထည့်လိုက်တာကို တွေ့လိုက်မိတာမို့ အံ့သြစိတ်တွေနဲ့ ကျွန်မ မင်သက်သွားမိပါသည်။ ပါးစပ်အဟောင်းသားနဲ့ ကျွန်မ အံ့သြနေဆဲမှာပဲ ကောင်လေးက စာသင်ခန်းထဲက ပြန်ထွက်သွားပြီး ကျောင်းရှေ့တည့်တည့်မှာ ရပ်ထားတဲ့ သူ့ကားလေးပေါ်ကို တက်သွားခဲ့ပါသည်။
သင်တန်းကာလခြောက်လလုံးလုံး ကျွန်မကို နှိပ်စက်နေခဲ့တဲ့ နေရာတစ်ခုနဲ့ ပက်သက်ပြီး ထင်မှတ်မထားတဲ့ အဖြေတစ်ခုကိုရလာတဲ့အချိန်မှာတော့ ဟန်မဆာင်နိုင်အောင်ပဲ ကျွန်မအံ့သြသွားမိပါသည်။
စာသင်ခုံလေးထဲမှာ သူထားပစ်ခဲ့တဲ့ လွယ်အိတ်နီနီလေးကို သဲသဲကွဲကွဲတွေ့ချိန်မှာလဲ ထပ်ဆင့်အံ့သြရပြန်ပါသည်။ သင်တန်းကာလ ၆ လလုံးလုံး ဒီခုံလေးပေါ်မှာ တချိန်လုံး နေရာယူနေခဲ့တဲ့ ကချင် လွယ်အိတ်နီနီလေးထဲမှာ ဘာစာအုပ်မှ မပါတာကိုကျွန်မ နောက်ဆုံးအချိန်ကျမှ သိခွင့်ရခဲ့ပါသည်။
အဲဒီနေ့က ကျွန်မကို စိတ်ဒုက္ခတွေပေးနေတဲ့ နေရာလေးရဲ့ ပိုင်ရှင်ကောင်မလေး စာသင်ခန်းထဲဝင်လာချိန်မှာမှ အင်မတန်တုံးလွန်းအလွန်းတဲ့ ကိုယ့်ကိုယ်ကို ထပ်ပြီးအပြစ်တင်မိပါသည်။ ကောင်မလေးအမြဲတမ်းလွယ်လာတဲ့ အိတ်က ဒီဇိုင်းခပ်ဆန်းဆန်း ခပ်ရှုပ်ရှုပ် ဖန်စီအိတ် အနက်ရောင်တစ်လုံးဖြစ်နေပြီး လယ်ဂျာစာအုပ်အရှည်ကြီးတွေကိုတော့ ကောင်မလေးက လက်ထဲမှာ ကိုင်ထားခဲ့ပါသည်။
သူမရဲ့ ခုံထဲမှာ အမြဲတမ်းရှိနေတဲ့ လွယ်အိတ်အနီလေးကတော့……
အဲဒီနေ့မှာတော့ ဒုတိယအကြိမ်မြောက် တိုက်ဆိုင်မှုအဖြစ် လွယ်အိတ်လာထားသွားတဲ့ ကောင်လေးကပဲ သူ့ကောင်မလေးကို လာကြိုရင်း သူ့ရဲ့ လွယ်အိတ်နီနီလေးကို ပြန်ယူသွားတာကို တွေ့ခွင့်ရခဲ့ပြန်ပါသည်။
ပထမပိုင်းမှာ အဲဒီကောင်လေးနဲ့ ကောင်မလေးကို စိတ်တိုမိပေမယ့် အရာရာကို ပြန်သုံးသပ်မိချိန်မှာတော့ အဲဒီကောင်လေးရဲ့ မေတ္တာနဲ့ ချစ်သူအပေါ်ထားရှိတဲ့ စေတနာလေးကို လေးစားစိတ်ဝင်မိပါသည်။
ကျွန်မက နေရာတစ်ခုကို လိုချင်နေသူတစ်ယောက်ဖြစ်ပေမယ့် ကျွန်မနဲ့ ဆန့်ကျင်လွန်းစွာ ချစ်သူကို နေရာတစ်ခုဖန်တီးပေးလိုစိတ်ရှိတဲ့ ကောင်လေးကို ကျွန်မပိုလို့ လေးစားမိခဲ့ပါသည်။
သူ့ချစ်သူလေးအတွက် အချိန်အကြာကြီး အပင်ပန်းခံပြီး စိတ်ရှည်လက်ရှည် နေရာလာဦးပေးတတ်တဲ့ ကောင်လေးလိုမျိုး အလိုက်သိလွန်းတဲ့ ချစ်သူတစ်ယောက်လောက် အနားမှာရှိနေမယ်ဆိုရင် ဆိုတဲ့ အတွေးလေးက စိတ်ကူးထဲမှာ တခဏလေး ပေါ်လာပြီး ချက်ချင်းပဲ ပြန်ပျောက်ကွယ်သွားခဲ့ပါသည်။
လိုချင်တဲ့ နေရာတစ်ခုကိုရဖို့ ပြီးတော့ အဲဒီနေရာလေးမှာ တာရှည်တည်မြဲနေဖို့အတွက် ကျွန်မစိတ်ကူးမယဉ်ရဲခဲ့ပါ …စိတ်ကူးမယဉ်ရဲလောက်အောင်လဲ နေရာတွေနဲ့ ပက်သက်ပြီး ကံကောင်းတဲ့စာရင်းထဲမှာ တစ်ခါမှ မပါခဲ့ဘူးပါ။
ပျော့ညံ့လွန်းတဲ့ စိတ်ကြောင့် ကျွန်မလိုချင်ခဲ့တဲ့ နေရာတွေကို ဘယ်တုန်းကမှမရခဲ့သလို ရဖို့ကိုလဲ ဘယ်တုန်းကမှ မကြိုးစားခဲ့ဘူးတာမို့ ကျွန်မအတွက် အရေးကြီးတဲ့ နေရာတစ်ခုက မကြာခဏ ကွက်လပ်ဖြစ်နေတတ်ပါသည်။
ကျွန်မလိုပဲ ကံကောင်းခြင်းတွေကို စိတ်ကူးယဉ်လို့မရလောက်အောင်ကိုပဲ တခါတရံမှာ အချို့အချို့သော မိန်းကလေးတွေရဲ့ ကံကြမ္မာတွေက ဆိုးရွားနေတတ်တာကို မကြာခဏ တွေ့ခဲ့ဘူးပါသည်။ မိန်းကလေးချင်းတူပေမယ့် ကျွန်မတွေ့ဘူးလိုက်တဲ့ ကောင်မလေးလို ကံကောင်းတဲ့ မိန်းကလေးတွေက အင်မတန်ရှားပါးလှပါသည်။
ကိုယ်တိုင်က ကံမကောင်းသူများစာရင်း ဝင်တစ်ယောက် ဖြစ်နေပေမယ့် အခုချိန်မှာတော့ ကံမကောင်းသူစာရင်းဝင်တစ်ယောက် ဖြစ်ရခြင်းကိုကြံဖန်ဂုဏ်ယူပြီး ပျော်ရွှင်ကျေနပ်စွာ နေတတ်ခဲ့ပါသည်။
နေရာတစ်ခုကို ဆုံးရှုံးလိုက်ရလို့ ကျွန်မကံမကောင်းတဲ့ အချိန်မှာ ကျွန်မရဲ့နေရာကိုရသွားတတ်တဲ့ ကောင်မလေးတစ်ယောက်က ကံကောင်းသွားမှာသေချာတာမို့ ကံမကောင်းခြင်းတွေနဲ့ နေသားကျနေတဲ့ကျွန်မက သူတပါးကို နေရာတစ်ခုပေးလိုက်နိုင်တယ်ဆိုတဲ့ အသိနဲ့ ကျေနပ်နေခဲ့တာလဲဖြစ်နိုင်ပါသည်။
အဲဒီလို နေရာပေးလိုက်သူတစ်ယောက်ရဲ့ ပီတိလေးကိုရဖို့အတွက်တော့ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ဆန္ဒတွေ ပျော်ရွှင်မှုတွေ မျက်ရည်စတွေကို အထိုက်အလျှောက် စတေးခဲ့ရတာကိုတော့ ဟန်ဆောင်ပြီး မငြင်းလိုပါ။ ရွေးစရာ မရှိတဲ့အချိန်မှာ သူတစ်ပါးအတွက် နေရာတစ်ခုဖန်တီးပေးလိုသူတစ်ယောက်က သူပိုင်ဆိုင်ထားတဲ့နေရာတစ်ခုကို စွန့်လွှတ်လိုက်ရမှာသေချာတာမို့
သူမြတ်နိုးတဲ့ နေရာတစ်ခုအတွက် အချိန်အတိုင်းအတာတစ်ခုအထိတော့ ခံစားကြေကွဲနေရမှာတော့ သေချာလှပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် တချိန်က တွေ့ခဲ့ဘူးတဲ့ ကောင်လေးတစ်ယောက်ဆီက လေ့လာသင်ယူမိခဲ့တဲ့ သင်ခန်းစာတစ်ခု အသိစိတ်တစ်ခုကတော့ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် သူတပါးရဲ့ နေရာကို အလိုက်မသိလွန်းစွာ လုယူသူမဖြစ်စေဖို့ရယ် သူတပါးကိုသာ နေရာတစ်နေရာ ဖန်တီးပေးနိုင်သူဖြစ်ဖို့ ကြိုးစားဖို့ရယ်ပဲဖြစ်ခဲ့ပါသည်။
နေရာတစ်နေရာ လွယ်အိတ် နီနီလေးတစ်ခုနဲ့ ချစ်သူကို နေရာပေးချင်တဲ့ ကောင်လေးတစ်ယောက်ကို တိုက်ဆိုင်မှုတွေရှိလာတိုင်း ကျွန်မသတိရနေခဲ့သလို သတိရတိုင်းလဲ သူ့ကိုကျေးဇူးတင်နေမိပါသည်။
18 comments:
စကားပြေရေးနည်းနဲ့ စကားပြောပုံရေးနည်း ၂ခုရောနေသလိုပဲ။ စေတနာနဲ့ပြောပြတာပါ။ ကျနော်တို့လဲ သေချာမသိပါဘူး။ ဆရာလုပ်တယ် မထင်စေချင်ပါ။ “သည်” “၏” နဲ့ စာကြောင်းဆုံးမယ်ဆိုရင် “အဲဒီအချိန်တုန်းက” ဆိုတာမျိုး ရှောင်ရမယ်လို့ ထင်မိတယ်။ “အဲဒီအချိန်တုန်းက” နေရာမှာ “ထိုစဉ်က”လိုမျိုး ရေးရမယ်လို့ ထင်ပါတယ်။
“လွတ်သွားသော စာများ ပြန်ကူးရသော အခါတိုင်းပင်၊ ရွေးချယ်ထိုင်ခဲ့မိသော ထိုင်ခုံနေရာအတွက် စိတ်ကသိကအောက် ဖြစ်ရပါသည်။” (စကားပြေ)
“လွတ်သွားတဲ့စာတွေ ပြန်ကူးရတိုင်း ရွေးချယ်ထိုင်မိတဲ့ ထိုင်ခုံနေရာအတွက် စိတ်ကသိကအောက် ဖြစ်ရတယ်။” (စကားပြော)
http://shweamyutay.com/index.php?option=com_content&task=view&id=12&Itemid=464
အဲဒီမှာ နည်းနည်းဖတ်ကြည့်လို့ရမယ် ထင်ပါတယ်။ ကျနော် ပြောတာ သိပ်မရှင်းသလိုဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင် ခွင့်လွှတ်ပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ဂယ်ပဲ...
ခုမှပဲရေးတော့ တယ်...
များများရေး...
မြန်မြန်ရေး...
ဂယ်ဒမှီရှင်ကြီး ရေ...
ချစ်မ..စာလာဖတ်တယ်..
အမှတ်တရလေးပေါ့နော်..
ဖတ်လို့ကောင်းတယ်...
ချစ်တဲ့
အမရာ
ဪ .. လူအမျိုးမျိုး စိတ်အထွေထွေ
နေရာဦးပုံ အမျိုးမျိုး နဲ့  အချစ်ကိုဖေါ်ကျူးပုံ အထွေထွေပါ တကား...
ဒီလို ကောင်လေးမျိုး တယောက်လောက်များ ရှိရင် ကောင်းမှာ နော် ..း).
ဟို လူကြီးတွေ ရဲ့  နေရာ ..သူ့ 
သွား ဦး ခိုင်းထားရမယ် လေ..
နေရာဖန်တီးပေးသူမှာလည်း အတ္တတခုတော့ သေသေချာချာ ရှိနေမှာပါ။ သူ့ချစ်သူအတွက် ဆိုတဲ့ လက်ခံပေးလို့ရတဲ့ အတ္တ တစ်ခု ဆိုပါတော့။ ဒါပေမယ့် အတ္တတစ်ခု ဖြစ်ပေါ်လာတိုင်း ဆုံးရှုံးမှုတခုကလည်း ရှိနေမှာပါပဲ။ ဥပမာ အဲဒီနေရာလေးကို စောင့်ဆိုင်းနေတဲ့ သူတစ်ယောက်ယောက် အတွက်ပေါ့။
ရေးဟန်လေး ကောင်းတော့ စာဖတ်သူကို ဆွဲခေါ်သွားတာပါပဲ။
Lady silent ပြောသလိုပဲ ညီမ ။ စကားပြေနဲ့ စကားပြောပုံ လေးရောနေတယ်။ ဒါပေမယ့် ကြိုးစားပြီး ပုံဖော်ရေးသား ထားတဲ့အတွက် ညီမပေးချင်တဲ့ ရသလေးပေါ်လွင်ပါတယ်။
အဆင်ပြေပျော်ရွှင်ပါစေ။
နေရာဦးပေးမဲ့ ရည်းစားမရှာမိတာ...မှားပါတယ်ကွယ်..
ရေးချင်တာလေးကို သပ်သပ်ယပ်ယပ်တင်ပြတတ်တာတော့..
မနှင်းကိုချီးကျူးတယ်ဟေ့...
သိပ်ကောင်းပါတယ်
အရေးရော အတွေးပါ အတုယူစရာတွေပါ..
မြင်တာလေးတွေကို ဆွဲဆောင်အားကောင်းကောင်းနဲ့
ရေးတတ်တာလေးကိုက ပညာတစ်မျိုးပါဘဲနော်
အမြဲလာဖတ်မှာပါ..
လင့်ခ်လဲ ချိတ်ထားပါတယ်.. ခွင့်တောင်းသွားတယ်နော်..
ဒီ နေရာ ဆိုတဲ့ပို့စ်ကိုစိတ်ရှည်လက်ရှည်ဖတ်မိပါတယ်။ ဖတ်ပြီးတဲ့အချိန်မှာလဲကြိုက်ပါတယ်။ တစ်စုံတစ်ယောက်ဘေးနားမှာဒီအကြောင်းအရာတစ်ခုကိုလေပြေလေးနဲ့လာပြောနေသလိုလဲထင်မိပါတယ်။ ဆက်ရေးပါ...ငါတော့ကြိုက်တယ်။
နေရာတခုကိုမှ ရူးသွပ်မက်မောနေတတ်တဲ့ စိတ္တဇဆန်တဲ့ လုပ်ရပ်ကို သတိပေးရေးဖွဲ့ထားပုံက သင်ခန်းစာယူထိုက်ပါပေတယ်...
းဝ)
မမနှင်းရေ..
ဖတ်လိုက်ရတာ အရမ်းရသ မြောက်တယ်
သင်ခန်းစာယူထိုက်သလို ရေးသားမှုလေးကို လေးစားချီးကျူးပါတယ်
အားပေးလျှက်
မနှင်း..
ပို့စ်လေးတင်ပြထားတာ ချစ်စရာကောင်းလိုက်တာ။
ထပ်မံလာပါဦးမယ်နော်။
ခင်မင်စွာ..
မြသွေးနီ
www.myathwayyni.com
မနှင်း..
ပို့စ်လေးတင်ပြထားတာ ချစ်စရာကောင်းလိုက်တာ။
ထပ်မံလာပါဦးမယ်နော်။
ခင်မင်စွာ..
မြသွေးနီ
www.myathwayyni.com
မနှင်းရေ...
မနှင်းဆိုရင်ကော ကောင်လေးနေရာမှာ နေပေးမလား ဒါမှမဟုတ် အဲဒီကောင်မလေးနေရာမှာဘဲ ဖြစ်ချင်သလား။
ပြီးတော့ မနှင်းနေရာမှာဘဲ ဆက်နေလိုသလား။
စပ်စုကြည့်တားဝ(
ကိုကိုမောင် စပ်စုတာကို ပြန်ဖြေမယ်နော်းးးး)))
၁။ အင်း အဲဒီကောင်လေးလို ချစ်သူအတွက် အလိုက်တသိနဲ့ နေရဦးပေးတဲ့သူတစ်ယောက် ဖြစ်ချင်ပါတယ်...
၂။ တစ်ကြိမ်တစ်ခါလောက်တော့ အဲဒီကောင်မလေးလို ချစ်သူဂရုစိုက်တာကို ခံစားကြည့်ချင်တယ် (အမြဲတမ်းတော့မဟုတ်ပါ။ အမြဲတမ်းဆိုရင် သူများကို အားကိုးချင်စိတ်တွေ ပေါ်လာပြီး စိတ်ဓါတ်တွေ ပျော့ညံ့ကုန်မှာစိုးတယ်).....
၃။ မနှင်းနေရာမှာဆိုတာက အရင်က မသိခဲ့လို့ သူ့နေရာကို လိုချင်နေခဲ့တာလေ...
သိသွားတဲ့အချိန်မှာတော့ လိုချင်စိတ်မရှိတော့ပါဘူး...
ကိုယ်ရထားတဲ့နေရာက ဘယ်လောက်ပဲ ဆိုးတဲ့ နေရာဖြစ်နေပါစေ ဆက်နေရမှာပေါ့ ....
ကိုယ့်ရဲ့ ကျင့်ဝတ် သိက္ခာက နေရာတစ်ခုထက် တန်ဘိုးရှိတယ်လေ....
ဦးထားတဲ့ ပိုင်ရှင် ရှိမှန်းသိရက်နဲ့ သူများနေရာကို အတင်းဝင်လုယူတာမျိုးတော့ မဖြစ်ပါရစေနဲ့.....
ဒါပေမယ့် ကိုယ့်နေရာကိုလာလုမယ့်သူရှိရင်တော့ အသာတကြည် ဘေးဖယ်ပေးမှာပါ... အဲလိုလဲ မကြာခဏ ဘေးဖယ်ပေးခဲ့ဘူးတယ်... ( ဒီမေးခွန်းက ကိုကိုမောင်မေးဖို့ မေ့သွားတဲ့ မေးခွန်း...းးး))))
မနှင်း
မေးခွန်းကို ပြန်ဖြေပေးတဲ့အတွက် ကျေးဇူးဘဲ မနှင်းရေ...
မေးထားတဲ့မေးခွန်းအပြင် အပိုအဖြေတစ်ခုပါ ထပ်သိလိုက်ရတဲ့အတွက် သဘောပေါက်သွားတယ်... အော်.. မနှင်းတစ်ယောက် နေရာဖယ်ပေးရင်းနဲ့ ဒီအသက်အရွယ်ထိ ဒီလို ဖြစ်နေတာကိုး လို့။းဝ)
စာလေး ဖတ်လို့ကောင်းလို့ မန့်မယ်ဆို ဆင်းချလာတာ
အင်တာဗျူးနဲ့ လာတွေ့နေတာကိုး...း )
ကိုကိုမောင်ရေ ..
ဟုတ်မယ်ထင်တယ်ခင်ဗျ...
မဟုတ်ဘူးလား မနှင်းရေ...
မဟုတ်လောက်ပါဘူး...ဟုတ်တယ်ဆိုတာ..
မဟုတ်လောက်ပါဘူး..
မဟုတ်ဘူးလား...ဟုတ်တယ်..
မဟုတ်ဘူးဆို တာ လေ. ...ဟုတ် တယ်ဟုတ် ....???....း )
ပျော်ပါစေ
*.*.*
Swee Zar Kyaw .....
အင်းဒီစာလေးဖတ်ပြီးတော့ ရန်ကုန်မှာ နေတုန်းက သူ့အတွက်ပစည်းတခုဝယ်တိုင်း ကိုယ့်ကိုလည်း တခု အမြဲဝယ်ပေးတယ့် မမငယ်ကို သတိရမိတယ်။ ပြီးတော့ ကိုယ့်အတွက် သူပေးခဲ့တဲ့ နေရာတွေအတွက်.......
ကျေးဇူးပဲနော်
ချစ်ညီမ ...ဆွီဇာ
Post a Comment