locker ယဉ်ကျေးမှု
Locker တွေကို ဘယ်အချိန်ကစပြီး သုံးခဲ့ဘူးသလဲဆိုတာကို သေသေချာချာ မမှတ်မိတော့ပေမယ့် ကျွန်မအနေနဲ့ locker သေးသေးလေးတွေနဲ့တော့ အတိုင်းအတာ တစ်ခုအထိ ရင်းနှီးခဲ့ဘူးပါသည်။ ပစ္စည်းတွေ ထည့်သိမ်းဆည်းတဲ့ ဗီရိုဆန်ဆန် စာတိုက်ပုံးဆန်ဆန် ရှည်မျောမျော လေးထောင့်ကျကျ locker လေးတွေက ကျွန်မတို့အတွက် ပစ္စည်းယာယီသိမ်းဆည်းရုံသက်သက်မဟုတ်ပဲ သူ့နေရာနဲ့သူတော့ အလွန်အသုံးဝင်ခဲ့ပါသည်။
အခုတစ်ကြိမ်မှာလဲ locker တစ်ခုကို ထပ်မံသုံးစွဲရဖို့ အကြောင်းက ဖန်လာခဲ့ပါသည်။ ကျွန်မရထားတဲ့ သော့လေးမှာ ရေးထားတဲ့ နံပါတ်လေးအရဆိုရင် ကျွန်မရဲ့ locker က နံပါတ် ၁၀၀ ကျော်ကိုပြထားတာမို့ ဒီအခန်းကျယ်ကြီးထဲမှာ locker တွေ ဘယ်လောက်များများရှိနေလဲဆိုတာကို သိချင်စိတ်က ကျွန်မကို ပထမဆုံး စတင်နှိပ်စက်ခဲ့ပါသည်။
လောလောဆယ် ပူပူနွေးနွေး ရလာတဲ့ သော့လေးကို ကိုင်ထားရင်း ကိုယ့် locker ကို အရင်မရှာသေးပဲ အခန်းထဲမှာရှိတဲ့ locker တွေက နံပါတ်တွေကို စိတ်ဝင်တစားနဲ့ လိုက်ဖတ်တော့ စုစုပေါင်း ၂၅၀ ကျော် ရှိတာကို တွေ့လိုက်ရပါသည်။ တိတိကျကျ ပြောရရင် ဒီနေရာမှာ Locker စုစုပေါင်း ၂၅၈ ခုတိတိ ရှိနေပါသည်။Locker ၂၅၈ လုံးက လူ ၂၅၈ ယောက်ကို ကိုယ်စားပြုနေမယ်ဆိုရင်တော့ ဒီအခန်းလေးထဲမှာ ဘဝပေါင်း ၂၅၈ ခုတိတိကို ကျွန်မ လေ့လာခွင့်ရမှာဖြစ်ပါသည်။
ရှိရှိသမျှ locker တွေကို စိတ်တိုင်းကျ လှည့်ပတ်ကြည့်ပြီးမှ ကိုယ့် Locker လေးကိုလိုက်ရှာတော့ အခန်းကျယ်ကြီးရဲ့ ညာဘက်ထောင့်နားမှာ ၁၀၇ ဆိုတဲ့ locker လေးကို တွေ့လိုက်ရပါသည်။locker ရဲ့ အနေအထားကလဲ ကိုယ့်ရဲ့ လက်နဲ့လှမ်းမီတဲ့ အနေအထားမို့ ခြေဖျားထောက်ပြီး ပစ္စည်းအထုတ်အသွင်း လုပ်ရမှာကို စိတ်ပူစရာမလိုတော့။။
Locker လေးရဲ့ ပုံစံက ရှင်းလင်းနေတာမို့ စမြင်မြင်ချင်းမှာပဲ ဒုတိယအကြိမ်မြောက် ထပ်မံ စိတ်ချမ်းသာမိပြန်ပါသည်။ locker လေးရဲ့ မျက်နှာပြင်ပေါ်မှာ ၁၀၇ ဆိုတဲ့ နံပါတ်လေးက လွဲလို့ ဘာမှမရှိ ပကတိ ရှင်းလင်းလို့ အမှတ်အသား တန်ဆာဆင်ခြင်း မရှိတဲ့ သာမန်ဝန်ထမ်းတစ်ယောက်ရဲ့ Locker ရဲ့ အသွင်အပြင်လေးမို့ မြင်မြင်ချင်းနှစ်သက်သွားမိပါသည်။
ကိုယ့် Locker ရဲ့ ညာဘက်ကပ်ရက်က locker လေးကတော့ နံပါတ် ၁၀၈။ မြင်လိုက်တာနဲ့ မိန်းကလေးတစ်ယောက်ရဲ့ locker မှန်းသိသာလှပါသည်။ အနီရောင် နှင်းဆီပန်းပွင့် စတစ်ကာလေးတွေကို locker လေးရဲ့ မျက်နှာပြင်ပေါ်မှာ ကပ်ပြီး အလှဆင်ထားတာမို့ နှင်းဆီပန်းကြိုက်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ Lockerပဲဖြစ်ရမယ် လို့ပဲ မှတ်ချက်ချမိပါသည်။
ပြီးတော့ အဲဒီ locker လေးထဲမှာ မိန်းကလေးတစ်ယောက်ရဲ့ အသုံးအဆောင်တွေဖြစ်မယ့် ရေမွေးပုလင်းလေးတွေ ရှိနေမလား Cosmetic တွေရှိနေမလားဆိုတာကို စိတ်ကူးလေးနဲ့ခန့်မှန်းကြည့်လိုက်မိပါသည်။
ဘယ်ဘက်က locker မသိမသာ ကိုကြည့်မိတော့ နှင်းဆီပန်းတွေနဲ့ လုံးဝဆန့်ကျင်နေတဲ့ စတေကာတစ်ခု။ ၁၀၆ ဆိုတဲ့ နံပါတ်ဘေးနားမှာ တွေ့လိုက်ရတဲ့ စတေကာလေးက အရိုးခေါင်းပုံ အနီရဲရဲ စတေကာလေးဖြစ်နေတာမို့ ဒီlocker ရဲ့ ပိုင်ရှင်လေးက ယောက်ျားလေးတစ်ယောက် ဖြစ်မှာတော့သေချာနေပါသည်။ ယောက်ျားလေးကမှ စီးကရက်ကို အလွန်အမင်းနှစ်သက်တဲ့သူမျိုးလား ဒါမှမဟုတ် အဖျော်ယမကာ ခုံမင်တဲ့ ယောက်ကျားလေးဖြစ်မလားဆိုတာတော့ သိပ်ပြီး မသေချာလှပါ။
ဒီlocker လေးရဲ့ ပိုင်ရှင်က စရိုက်ဆိုးဆိုးလေးတွေရှိနေတဲ့ လူငယ်တစ်ယောက်ဖြစ်နိုင်သလို… ဂျစ်ကန်ကန်နိုင်တဲ့ ချာတိတ်တစ်ယောက်လဲဖြစ်နိုင်ပါသည်.. ဒါမှမဟုတ် ခြေမြန်လက်မြန် စိတ်မြန်တဲ့ သွေးဆူလွယ်တဲ့ ကောင်လေးတစ်ယောက်လဲဖြစ်နိုင်ပါသေးသည်။
ကျွန်မကတော့ ကြံကြံဖန်ဖန် အရိုးခေါင်းပုံစတစ်ကာ ကပ်ထားတဲ့ locker လေးနဲ့ နှင်းဆီပန်းပွင့်တွေ ကပ်ထားတဲ့ locker လေးကြားမှာ အင်မတန်ရိုးစင်းလှတဲ့ locker လေးတစ်ခုကို ရထားတာမို့ ဘေးချင်းကပ်ရက်က locker ပိုင်ရှင်တွေကို မမြင်ဘူးခင်ကတည်းက ကြိုတင်ပြီး စိတ်ဝင်စားနေမိပါသည်။
နောက်ပိုင်းမှာတော့ တနေ့ကို အနည်းဆုံး နှစ်ကြိမ်ကနေ သုံးကြိမ် လေးကြိမ်လောက်အထိ ဒီအခန်းကျယ်ကြီးထဲက locker လေးကို ဖွင့်ဖို့ ကြောင်းကိစ္စတွေ ရှိနေတတ်တာမို့ ဒီအခန်းထဲကို ရောက်လာတိုင်း သော့တန်းလန်းနဲ့ ပွင့်နေတတ်တဲ့ locker တွေနဲ့ ဖြတ်သွားဖြတ်လာတွေ့ရတတ်ပါသည်။
လူတစ်ယောက်ချင်းစီကို စာအုပ်တွေဖတ်သလို လိုက်ပြီး လေ့လာတတ်တဲ့ အကျင့်ကြောင့် အမှတ်တမဲ့ တွေ့လိုက်ရတဲ့ locker တွေက တဆင့် သူတို့နဲ့ လူတစ်ယောက်ချင်းစီရဲ့ စိတ်နေသဘောထားလေးတွေ ဘဝလေးတွေကို ဆက်စပ်ပြီး တွေ့လာရပါသည်။
Locker ပေါ်က အရောင်စုံ အသွေးစုံ အမှတ်အသားလေးတွေ တံဆိပ်လေးတွေ စတေကာလေးတွေကတော့ locker ပိုင်ရှင်လေးတွေကို စိတ်ဝင်စားမိစေဖို့ ဆွဲဆောင်မှုပေးနေတဲ့ ကြော်ငြာဆိုင်းဘုတ်လေးတွေနဲ့ တူနေခဲ့ပါသည်။
ကျွန်မတို့ သုံးစွဲနေခဲ့တဲ့ Locker လေးတွေအားလုံးက ပုံစံတူ အရွယ်တူ အရောင်တူ တွေဖြစ်ပေမယ့် ပိုင်ရှင်တွေရဲ့ သဘောကျ ပြုပြင်ခြင်းကို ခံနေရတဲ့ Locker တော်တော်များများ ကတော့ အမှတ်အသားပေါင်းစုံ စတစ်ကာပေါင်းစုံနဲ့ မျက်စိနောက်စရာကောင်းလောက်အောင် ရှုပ်ပွနေခဲ့ပါသည်။
Locker လေးတွေရဲ့ မျက်နှာပြင်ပေါ်မှာ နာမည်ကို ပန်းစာလုံးတွေနဲ့ဖော်ပြီး စတစ်ကာတွေ ကပ်ထားသူရှိသလို မိမိတို့ရဲ့ ကိုယ်ပိုင်နံပါတ်လေးတွေကို စာလုံးထွင်းပြီး ကပ်ထားသူတွေလဲရှိပါသည်။ ပြီးတော့ ပန်းပွင့်ပုံ ကြယ်ပုံ ငါးပုံ အသီးအနှံပုံ မွစိမွစိ စတစ်ကာလေးတွေကိုလဲ Locker တွေရဲ့ မျက်နှာပြင်ပေါ်မှာ ပြန့်ကျဲနေအောင် ကပ်ထားပြီး အမှတ်အသားပြုလုပ်ကြပါသေးသည်။
အရုပ်ပေါင်းစုံနဲ့ ပေပွနေတဲ့ ဒီlocker လေးတွေက မူလတန်းကျောင်းသားလေးတွေရဲ့ စာသင်ခုံလေးတွေနဲ့လဲ ခပ်ဆင်ဆင်တူနေပြန်ပါသည်။
ကျွန်မကတော့ ကျွန်မပိုင်ဆိုင်ခွင့်ရထားတဲ့ မျက်နှာပြင်ပြောင်ရှင်းနေတဲ့ locker ရိုးရိုးစင်းစင်းလေးကိုပဲ သဘောကျမိပါသည်။ ကိုယ့်ရဲ့ locker လေးရဲ့နေရာကို ကိုယ်ကိုယ်တိုင် မှတ်မိနေရင်လုံလောက်ပြီလို့လဲ ခံယူထားပါသည်။ သူများတွေ လုပ်ထားသလို စတစ်ကာတွေ နာမည်တွေ ကိုယ်ပိုင်နံပါတ်တွေကပ်ပြီး ဒီ locker ရဲ့ ပိုင်ရှင်က ကိုယ်ပါလို့ မဏ္ဍပ်တိုင်တက်ပြီး ကြွားနေစရာမလိုဘူးလို့လဲ ထင်မိပါသည်။
Locker တွေအားလုံးကတော့ တစ်ပေခွဲသာသာ ပတ်လည်လောက် အရွယ်အစားရှိပေမယ့် အဲဒီLocker လေးတွေထဲမှာတော့ မိမိတို့ရဲ့ အသုံးအဆောင်ပစ္စည်း သေးသေးဖွဲဖွဲလေးတွေကို အစီအရီထည့်ထားကြသလို တချို့ကြတော့လဲ ဖရိုဖရဲ ထည့်ချင်သလို ပစ်ထည့်ထားတတ်ပါသည်။ အများစုက ဖြစ်သလို ပစ်ထည့်ထားပြီး လိုအပ်တဲ့ အချိန်ကျမှ အလွယ်တကူ ယူသုံးနေတာကို တွေ့ရပါသည်။
ပထမဆုံး အမှတ်မထင့် ပွင့်နေတဲ့ locker တစ်ခုရှေ့က ဖြတ်လျှောက်မိတဲ့ နေ့က ကျွန်မ တွေ့ခွင့်ရလိုက်တဲ့ locker ကတော့ ကျွန်မ Locker ရဲ့ ညာဘက်က နှင်းဆီပွင့်လေးတွေ ကပ်ထားတဲ့ Locker နဲ့ Locker ပိုင်ရှင်မလေးဖြစ်ပါသည်။ကိုယ့် locker လေးထဲမှာ ပစ္စည်းတွေထည့်နေဆဲမှာ ဘေးနားကို ကောင်မလေးတစ်ယောက်ရောက်လာတာ မို့သူမလေးကို ပြုံးပြမိရင်း နှင်းဆီပွင့်တွေရဲ့ ပိုင်ရှင်ဆိုတာကို တန်းသိလိုက်တာမို့ locker ကိုဖွင့်နေတဲ့ သူမရဲ့ နှုတ်ခမ်းနီရဲရဲလေးကို ငေးမောနေဆဲမှာ ကိုယ်လုံးဝ ထင်မှတ်မထားတဲ့ ပစ္စည်းတစ်ခုက သူမရဲ့ locker ထဲမှာ အခန့်သားနေရာယူနေတာကို တွေ့လိုက်ရပါတယ်။
သူမကတော့ သော့ပွင့်လာတာနဲ့ တပြိုင်နက် သူမမစီးထားတဲ့ နှစ်လက်မသာသာ မြင့်တဲ့ ရှူးဖိနပ်ကို ချွတ်ပြီး locker ထဲက တစ်လက်မလောက်အမြင့်ရှိတဲ့ ရှူးဖိနပ်ကို ထုတ်စီးလိုက်ပါသည်။ ပြီးတော့ သူမစီးလာတဲ့ ရှူးဖိနပ်မြင့်မြင့်လေးကိုတော့ locker ထဲကို ပြန်ထည့်ထားလိုက်ပါသည်။ locker ကိုပြန်မပိတ်မီ အချိန်လေးမှာတော့ သူမရဲ့ ရှူးဖိနပ်ဘေးမှာစီစီရီရီရှိနေတဲ့ ကော်ဖီခွက်လေးနဲ့ ကော်ဖီထုပ်လေးတွေ စားစရာ မုန့်ဗူးလေးတွေကို သေချာစောင့်မကြည့်ရပဲ မြင်ဖြစ်အောင်မြင်လိုက်မိပါသည်။
ကျွန်မ ထင်မှတ်ထားသလို cosmetic တွေ ရေမွေးပုလင်းလေးတွေကိုတော့ သူမရဲ့ Locker လေးထဲမှာ မတွေ့ခဲ့ရပါ။ အင်မတန် လှပ နှစ်လိုဖွယ်ကောင်းတဲ့ ကောင်မလေးတစ်ယောက်ရဲ့ locker လေးက မထင်မှတ်ထားတဲ့ အံ့သြမှုတစ်ခုကို ပေးပြီးတဲ့နောက်မှာတော့ နောက်ထပ် ပွင့်နေတဲ့ locker တစ်ခုကို နားနေချိန်မှာ ထပ်ပြီးတွေ့လာပါသည်။
အမှတ်မထင် ထနောက်ထပ် တွေ့မိတဲ့ locker လေးတစ်ခုကတော့ ကျွန်မ locker လေးရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ locker လေးတစ်ခုဖြစ်ပါသည်။ locker နံပါတ်ကိုတော့ စဉ်းစားလို့မရတော့ပါ။ ပိုင်ရှင်ကတော့ နှာတံစင်းစင်းလေးနဲ့ ဆံပင်တိုတိုလေးတွေကို ဂျယ်လ်နဲ့ ထောင်ထားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါသည်။ သူ့ locker ဘေးက ဖြတ်လျှောက်သွားချိန်မှာ ပွင့်နေတဲ့ တံခါးလေးမှာ စီစီရီရီ လှပစွာ ကပ်ထားတဲ့ အပြာရောင် ပန်းရောင် အနီရောင် အသည်းပုံ စတစ်ကာလေးတွေကို ဦးစွာ သတိထားမိလိုက်ပါသည်။
အင်မတန် Romantic ဆန်တဲ့ ကောင်လေးပါလားလို့ ကြိတ်ပြီးပြုံးနေတဲ့ အပြုံးက ကြာကြာမခံလိုက်ပါ။ သူ့ locker ထဲမှာ တွေ့လိုက်ရတာက ဖြစ်သလို ပစ်ထည့်ထားတဲ့ နက်တိုင်လေးတစ်ခု ဖိနပ်တိုက်ဆေးဘူးနဲ့ ဖိနပ်တိုက်တဲ့ ဘရပ်ရှ် တစ်ခု ဖိနပ်တိုက်တဲ့ ဘရပ်ရှ်လေးဘေးမှာက ခေါင်းလိမ်းဆီဗူးလေးတစ်ဗူး နဲ့အတူ ပွကျဲနေတဲ့ စီးကရက်တွေက ဟိုတစ်လိပ် သည်တစ်လိပ် တစစီ ပြီးတော့ ပီကယ်တောင့်လေးတွေ နဲ့ အကြွေစေ့တွေ အကြွေစေ့တွေကတော့ သူ့ locker ထဲမှာ ဟိုတစသည်တစ ပြန့်ကျဲလို့နေခဲ့ပါသည်။ အင်မတန် Romantic ဆန်တယ်လို့ ထင်မြင်ရတဲ့ ကောင်လေးရဲ့ Locker ကလဲ အစီအစဉ်မကျ ရှုပ်ပွပွ ဖြစ်နေတာမို့ ပထမအကြိမ်တုန်းကလောက်တော့ မအံ့သြမိတော့ပါ။
မှတ်မှတ်ရရ ရှိနေဆဲဖြစ်တဲ့ အခြား locker တစ်ခုကလဲ ကြယ်ပွင့်လေးတွေ လခြမ်းကွေးကွေးလေးတွေပုံပါတဲ့ စတစ်ကာလေးတွေ နဲ့ အသည်းပုံ ခပ်ကြီးကြီးလေးတစ်ခုကို ထင်ထင်ရှားရှား ကပ်ထားတဲ့ locker လေးတစ်ခု။ ပိုင်ရှင် ကောင်မလေးကတော့ သွားတက်လေးနဲ့ ရီလိုက်တိုင်းလှတဲ့ ကောင်မလေးတစ်ယောက် ။ နံပါတ်ကလဲ စိတ်ဝင်စားစရာ ၂၂၂ ။
သော့တန်းလန်းနဲ့ပွင့်နေတဲ့ သူမရဲ့ Locker ရှေ့မှာ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေချိန်မှာ မထင်မှတ်ပဲ သူမရဲ့ locker လေးကို တွေ့လိုက်ရခြင်းဖြစ်ပါသည်။သူမလေးရဲ့ locker ထဲမှာကျတော့ ယူနီဖောင်းစကပ်တိုလေးတွေနဲ့တွဲဝတ်တဲ့ ခါးအထိရှည်တဲ့ ခြေအိတ်ပါးပါးလေးတွေ ၊( ဘယ်နှစ်စုံမှန်းတော့မသိ သူလုံးထွေးပြီး ပစ်ထည့်ထားတဲ့ ပုံအရ သုံးစုံမက လေးငါးစုံလောက်ရှိမှာတော့သေချာပါသည်) သွားတိုက်တံ ( သွားတိုက်တံကလဲ ထိပ်က ဘရပ်ရှ်လေးကို ဖုံးထားတဲ့ အဖုံးမပါ) နဲ့ သွားတိုက်ဆေးဘူးလေးရယ် ပြီးတော့ ဇွန်းနဲ့ခက်ရင်းတစ်စုံ စတီးနဲ့လုပ်ထားတဲ့ တူကတစ်စုံ ခေါင်းဘီးက တစ်ခု ပြီးတော့ ဘီစကစ်မုန့်နဲ့ စားစရာအချို့ အားလုံးက Locker ထဲမှာ တစစီပြန့်ကျဲလို့။ ပြီးတော့ အသည်းပုံလေးတွေပါတဲ့ အဖြူရောင် ကော်ဖီဗူးလေးတစ်ဘူးကိုလဲ ခြေအိတ်တွေအနားမှာ သေသေချာချာတွေ့လိုက်ရပါသည်။
သူမလဲပဲ အင်မတန် စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးတစ်ယောက် ဖြစ်နိုင်ပါသည်။ ဒါပေမယ့် ဖြစ်သလို ပစ်ထည့်ထားတဲ့ ခြေအိတ်တွေနဲ့ ကော်ဖီဗူးလှလှလေးကတော့ အဆက်အစပ်မဲ့နေခဲ့ပါသည်။
အခြားအခြားသော locker တွေထဲမှာတော့ ကော်ဖီခွက်လေးတွေ ကော်ဖီဗူး သကြားဗူးလေးတွေ ဇွန်း ခက်ရင်းလေးတွေ ကော်ဖီထုတ်လေးတွေနဲ့ ပီကေထုတ်လေးတွေ ပြီးတော့ အသုံးအဆောင်ပေါင်းစုံ ရေမွေးဘူးလေးတွေ ခေါင်းလိမ်းဆီဘူးလေးတွေ စီးကရက် မီးခြစ် ဆေးကဒ်လေးတွေ ကလစ်လေးတွေ သွားတိုက်ဆေး သွားပွတ်တံတွေ ဘော်ဒီစပရေးတွေ စားစရာမျိုးစုံနဲ့ မလျှော်မဖွတ်ပဲထည့်ထားတဲ့ ယူနီဖောင်း ၊ဖိနပ်ကအစ ခြေအိတ်အဆုံး ထည့်ချင်တဲ့ ပစ္စည်းလေးတွေကို ထည့်ချင်သလို ပစ်ထည့်ထားတတ်ကြပါသည်။
Locker သေးသေးလေးထဲမှာ အစီအစဉ်တကျ ထည့်ထားခြင်းမျိုးမဟုတ်ပဲ အဆင်ပြေသလို သင့်တော်သလို မိမိတို့ရဲ့ အသုံးအဆောင်လေးတွေကို ထည့်သို သိမ်းဆည်းထားကြတာမို့ စားစရာနဲ့ ဖိနပ်တွေ ခြေအိတ်တွေ ရောထွေးပြီးထည့်ထားရခြင်းအတွက်လည်း ဘယ်သူကမှ စိတ်အနှောင့်အယှက်ဖြစ်ပုံမရကြပါ။
ဖိနပ်တိုက်ဆေးနဲ့ ခေါင်းလိမ်းဆီဗူးတွေ ပီကယ်တွေ စီးကရက်တွေကို ပူးပူးကပ်ကပ် ပစ်ထည့်ထားရလို့လဲ စိတ်ညစ်ဟန်မပြကြသလို ဖိနပ်တွေ ခြေအိတ်တွေနဲ့ သွားတိုက်တံတွေ သွားတိုက်ဆေးတွေ စားစရာဗူးတွေ မိတ်ဆွေဖြစ်နေခြင်းအပေါ်မှာလဲ နေသားကျနေကြတာကို တွေ့နေရပြန်ပါတယ်။
မိမိတို့လိုချင်တဲ့ အသုံးအဆောင်တွေကို လိုချင်တဲ့ အချိန်မှာ အလွယ်တကူ ထုတ်ယူသုံးစွဲလို့ရပြီး စနစ်တကျ စီစီရီရီ ထားသိုထားဖို့ ရိုက်နှက်ပြီး သတိပေးနေတတ်တဲ့ ဆရာတွေလဲ မရှိတာမို့ locker ယဉ်ကျေးမှုလေးက လူပေါင်းများစွာ ဘဝပေါင်းများစွာ အတွက် နေသားတကျ ဖြစ်နေခဲ့တာလဲဖြစ်နိုင်ပါသည်။
ဒီlocker တွေထဲမှာ ဘာတွေပဲထည့်ရမယ် ဘာတွေတော့ မထည့်ရဘူးလို့ စနစ်တကျ သတ်မှတ်ပေးထား ခြင်းမရှိတာကြောင့်လဲ မိမိတို့ရဲ့ Locker လေးတွေကို စိတ်တိုင်းကျ လွတ်လပ်စွာ ဖန်တီးခွင့်ရနေခြင်းလဲ ဖြစ်နိုင်ပါသည်။
Locker လေးတွေရဲ့ အတွင်း အပြင်ပြုပြင်မွမ်းမံမှုတွေမှာလဲ အထိန်းအကွပ်မရှိ locker ပိုင်ရှင်လေးတွေရဲ့ စိတ်ကူးသက်သက်နဲ့ ဖန်တီးခွင့်ပေးထားတာမို့ ဒီ locker လေးတွေဟာ ပိုင်ရှင်လေးတွေရဲ့ ဘဝတစ်စိတ်တစ်ပိုင်းနဲ့ကို လှစ်ဟပြနေသလို စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါသည်။
သူများlocker တွေကို စိတ်ဝင်တစားလိုက်ကြည့်ပြီး အစီအစဉ်မကျ ပွရှုပ်နေတဲ့ Locker ပေါင်းများစွာကို တွေ့မိလာချိန်မှာတော့ စိတ်တိုင်းမကျလွန်းစွာ ကျွန်မရဲ့ Locker လေးကို မကြာခဏ ရှင်းလင်း သန့်ရှင်းနေမိတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ကုန်စပြုလာပါသည်။
ကျွန်မတို့ရရှိထားတဲ့ Locker လေးတွေက အရွယ်တူ ပုံစံတူ ကျွန်မတို့ ထည့်သွင်းသိမ်းဆည်းမိနေတဲ့ ပစ္စည်းတွေကလဲ ကျွန်မတို့အတွက် အခြေခံကျတဲ့ လိုအပ်ချက်လေးတွေ ဖြစ်ခဲ့သလို ကျွန်မတို့ ပိုင်ဆိုင်ထားကြတဲ့ အသုံးအဆောင် တော်တော်များများကလဲ တူနေကြပါသည်။
ပစ္စည်းတွေကို ထားသိုထားပုံတွေက အများသောအားဖြင့် အစီအစဉ် တကျ ရှိမနေခဲ့ပါ။ ဖရိုဖရဲ ပွစာကျဲနေတာများသလို အဆီအငေါ်မတည့်စွာ အဆက်အစပ်မဲ့စွာ တွဲဖက်ပြီးသိမ်းဆည်းနေမိတဲ့ ပစ္စည်းတွေအားလုံးကိုလဲ အလားသဏ္ဍန်တူစွာ Locker တိုင်းမှာ တွေ့နေရတတ်ပါသည်။။
locker တွေနဲ့ပက်သက်ပြီး လူတွေရဲ့ စိတ်တွေကို ဖတ်ဖို့ ကြိုးစားနေရင်းက ကျွန်မတို့ပိုင်ဆိုင်နေတဲ့ ဘဝဆိုတဲ့ Locker သေးသေးလေးနဲ့ ကျွန်မတို့ စွဲလန်းစွာ ထည့်သွင်းသိမ်းဆည်းနေမိကြတဲ့ ဘဝက ပေးလာတဲ့ အတွေ့အကြုံတွေနဲ့ သိမ်းဆည်းသိုလှောင်ပုံတွေကိုပါ ဆက်စပ်ကြည့်မိပါသည်။
ကျွန်မတို့ကို ပိုင်ဆိုင်ထားတဲ့ ဘဝ locker သေးသေးလေးတွေထဲမှာလဲ ကျွန်မတို့အတွက် လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ တွေ့သမျှ မြင်သမျှ ရသမျှ အမှတ်တရ ပေါင်းများစွာကို လောဘကြီးစွာ ကောက်ယူသိမ်းဆည်း ချင်ကြတာဟာ လူ့သဘာဝတစ်ခုဖြစ်နိုင်ပါသည်။
ဘဝကို မိမိတို့ စိတ်တိုင်းကျ စီမံနေသူများပီပီ ဘဝမှာ အရေးကြီးသော အရာများအားလုံးကို စွဲလန်းစွာ သိမ်းဆည်းထားကြသလို အမှိုက်ကဲ့သို့ မိမိအတွက် လုံးဝအရေးမပါသောအရာများကိုလဲ သံယောဇဉ်ကြီးစွာဖြင့် locker ထဲမှာ သိုလှောင်သိမ်းဆည်းမိကြပြန်ပါသည်။
အချိန်အခါမဟုတ် မလိုအပ်ပဲ ရောက်လာတတ်တဲ့ သံယောဇဉ်အပိုလေးတွေကိုလဲ နေရာပေးပြီး ထပ်မံသိမ်းဆည်းလိုကြပြန်ပါသည်။
ဘဝမှာ မထင်မှတ်ပဲရခဲ့တဲ့ အောင်မြင်မှု ပျော်ရွင်မှုတွေနဲ့အတူ မတော်တဆ ဝင်တိုက်မိခဲ့သော ခလုတ်ကန်သင်းတွေကိုလဲ ကောက်ယူပြီး အတူတူ သိမ်းဆည်းကြပြန်ပါသည်။
အခက်အခဲဒုက္ခတွေနဲ့ သုခတွေကိုလဲ မမေ့မလျှော့ ကောက်ယူသိမ်းဆည်းပြီး အမှတ်တရ သိမ်းထားဖို့အတွက် locker လေးထဲ ထည့်လိုက်ကြပြန်ပါသည်။
တခါတရံမှာ ကျလာတတ်တဲ့ မျက်ရည်စအချို့နဲ့အတူ မှတ်မှတ်ရရ လက်ဆောင်ရခဲ့တဲ့ အပြုံးပန်းပွင့်တွေကိုလဲ မမေ့မလျှော့ locker လေးထဲ ထည့်သိမ်းကြပြန်ပါသည်။
အချို့ အစိတ်အပိုင်းများကို စနစ်တကျ သိုလှောင်သိမ်းဆည်းကြသလို အချို့အချို့သော အစိတ်အပိုင်းများကိုလဲ ဖြစ်သလို သိမ်းဆည်းသိုလှောင်ကြပါသည်။
အကန့်အသတ်မဲ့စွာ အတားအဆီးမဲ့စွာ မိမိလိုအပ်သမျှ ကောက်ယူသိမ်းဆည်းနိုင်ခွင့်ရှိတာမို့ ကျွန်မတို့ရဲ့ Locker တွေမှာ ကျွန်မတို့ နှစ်သက်မြတ်နိုးတဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေတာတစ်ခုကတော့ စိတ်ချမ်းသာစရာကောင်းလှပါသည်။
ပြီးတော့ မိမိစိတ်တိုင်းကျ ဖန်တီးပုံဖော်ထားတဲ့ locker လေးတွေရဲ့ ပုံသဏ္ဍန်က ပိုင်ရှင်လေးတွေရဲ့ စိတ်ကူးပုံရိပ်လေးတွေကို ဖော်ပြနေတာမို့ ဆန်းဆန်းပြားပြား locker လေးတွေကို ချစ်စဖွယ်တွေ့ရတတ်သလို ရိုးစင်းလှတဲ့ locker လေးတွေကိုလဲ မတူညီတဲ့ပုံစံတွေနဲ့ တွေ့ခွင့်ရနေပါသေးသည်။
ထူးထူးခြားခြားဖြစ်စေတာ လူတွေကို အံ့သြစေတာကတော့ အဲဒီlocker တွေထဲမှာ မိမိတို့ စိတ်တိုင်းကျ ထည့်သိမ်းထားမိကြတဲ့ ပစ္စည်းလေးတွေပဲ ဖြစ်ပါသည်။
အစီအစဉ်မကျ အလျဉ်းသင့်သလို (Random ) သိုလှောင်ထားခြင်းသက်သက်ဖြစ်နေခဲ့တာမို့ ကိုယ်ပိုင် locker လေးကို သတိတရပြန်ကြည့်မိတိုင်း အဆီအငေါ်မတည့်တဲ့ လွဲချော်မှုတွေ အဆက်အစပ်မဲ့နေတဲ့ ဘဝရဲ့ အစိတ်အပိုင်းတွေကို မြင်တွေ့ရစမြဲ။
ဒါပေမယ့်လဲ အဲဒီလို အဆီအငေါ်မတည့် ထည့်သွင်းသိမ်းဆည်းနေရခြင်းကို နှစ်ခြိုက်နေကြဆဲ....
စနစ်တကျမရှိတဲ့ မလှပတဲ့ locker ယဉ်ကျေးမှုကြီးထဲမှာပဲ တဝဲလည်လည်နဲ့ ပျော်ဝင်နစ်မြုပ်နေကြဆဲ......
( အကြောင်းအမျိုးမျိုးကြောင့် ပို့စ်အသစ်တွေ မတင်နိုင်ခဲ့တဲ့ အချိန်တွေမှာ မမေ့မလျော့ စာလာဖတ်ကြတဲ့ စာဖတ်သူများအားလုံးနဲ့ သူငယ်ချင်း မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ )
Tuesday, March 02, 2010
|
Labels:
အက်ဆေး
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
10 comments:
ငယ်ငယ်ကတော့ စနစ်တကျထည့်တတ်ပေမဲ့ အခုကြီးလာတော့ဖြစ်သလိုပစ်ထည့်နေတတ်ပြီ..
ဟုတ်တယ်မနှင်း...
ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်တော့ အဆီအငေါ်မတည့်တာတွေပဲ တွေ့နေရတယ်။ ကျန်းမာပျော်ရွှင်စွာနဲ့စာပေတွေကိုဆက်လက်ရေးသားနိုင်ပါစေ။
ခင်တဲ့
သဒ္ဓါ
အဟဲ .. ..များရဲ့ လော့ကာကြီးထဲ ထဲ့ထားတာတွေ မနှင်းတွေ့ မသွားတာ တော်ပါသေးရဲ့  ...
အဟုတ်ပဲ .. လူတယောက်ကို အပြင်ပန်းကြည့်ပြီး အတွင်းသဏ္ဍန်ကို ခန့် မှန်းလို့  ခက်တယ် လေ..
အတွေးဆန်းတယ်နော်၊
အရေးလန်းတာ ပေါ့
စာအရေး အရမ်းကောင်းပါတယ်..
ချီကျူးပါတယ်နော်.. ဘလောဂ့်ရေးတာ မကြာသေးလို့
ခုမှ လာဖတ်ဖြစ်တာ ခွင့်လွှတ်ပါ..
လင့်ပါ ယူသွားကြောင်း ခွင့်တောင်းသွားပါတယ်နော်....
Locker လေးတွေအကြောင်းကနေ တဆင့် လူတွေအကြောင်းကို ဆွဲခေါ်သွားတာလေး... စိတ်ဝင်စားအောင်ရေးတတ်တယ်...
သဘောကျတယ်...း))
ဟုတ်တယ်ဗျိုး...
ကျွန်တော်တို့ အလုပ် က Locker ကတော့ ရှုပ်ပွပြီး
မရတဲ့ သူတွေ မရကြတော့ သူငယ်ချင်းအရင်းတွေ ဆိုရင် Share ပြီး သုံးနေကြတယ်...
ခံစားချက်တွေ ၊ ဖြစ်ပျက်တွေ မပြတ်သိုလှောင်နေတဲ့
ဘ၀ Locker လေးထဲမှာလဲ အခုလို အဆင်မပြေသူတွေကို ဝေမျှခံစားရင်း ချစ်ချစ်ခင်ခင် ဆို
သိပ်ကောင်းမှာပဲ နော...စိတ်ကူးယဉ်သက်သက်ပါ...
ပျော်ပါစေ အစ်မရေ
*.*.*
လော့ကာလေးကတစ်ဆင့် ဘ၀ပေးပညာတွေကို ယူသွားပါတယ်။
ကျနော်ကတော့ လော့ကာထဲမှာ စာအုပ်နှင့်ရေသန့်ဘူးဘဲ ထည့်ထားဖြစ်ပါတယ်။ ကျန်တဲ့အသုံးအဆောင်ကို ထည့်ရကောင်းမှန်းတောင် မသိခဲ့ပါဘူး။ ဖိနပ်ထည့်ဖို့ဆို အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ အမှန်အကန်ပြောရရင် လော့ကာဟာ ကျောင်းတက်ကျောင်းပြန် မယူနိုင်လောက်အောင် လေးလံလှတဲ့ စာအုပ်တွေ သိမ်းထားဖို့လို့ဘဲ ကျနော်က ထင်နေခဲ့တာ။
locker ယဉ်ကျေးမှုကြီးကို
သဘောတကျဖတ်သွားပါကြောင်း....
Post a Comment