ကျွန်မတို့ သူငယ်ချင်းလေးယောက် ထမင်းစားပြီးချိန် ဧည့်ခန်းကျယ်ကြီးထဲက ကော်ဖီစက်နားမှာ ကော်ဖီခွက်တွေနဲ့ အလုပ်ရှုပ်နေဆဲမှာပဲ ဧည့်ခန်းကျယ်ကြီးထဲကို အဘိုးအိုတစ်ယောက် တုန်တုန်ရီရီနဲ့ ဝင်လာခဲ့ပါသည်။
ဆောင်းရာသီကုန်စ ဆိုပေမယ့် အပြင်မှာ ရာသီဥတုက အနည်းငယ်ပူစပြုနေတာမို့ အဘိုးအိုမျက်နှာမှာ ချွေးစအချို့ကိုတွေ့နေရသလို ကျနေတဲ့ ချွေးစတွေကို သူ့ခေါင်းမှာ ပေါင်းထားတဲ့ အဖြူရောင် ခေါင်းပေါင်းစနဲ့ သုတ်ရင်း ကျွန်မနဲ့ မျက်နှာချင်းဆိုင်က ဆိုဖာ ဆက်တီပေါ်မှာ လာထိုင်တာမို့ ဆိုဖာရဲ့ အလယ်မှာထိုင်နေတဲ့ သူငယ်ချင်းမလေးက အခြားအစွန်းတစ်ဘက်ကို တိုးပေးလိုက်ပါသည်။
အဘိုးအိုဝတ်ဆင်ထားတဲ့ အရောင်တွေပြယ်လွင့်စပြုနေတဲ့ ယူနီဖောင်းနဲ့ Safety Shoe ကိုကြည့်ပြီး အဘိုးအို အလုပ်လုပ်နေတဲ့ ဌာနကိုကျွန်မတို့ သိခွင့်ရလိုက်ပါသည်။ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ ယူနီဖောင်းအကျီင်္လက်တိုရဲ့ အောက်မှာတော့ ကာကီရောင် ဆွယ်တာ လက်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပါသည်။
မျက်နှာပေါ်က ချွေးစက်တွေကို သုတ်နေတဲ့ အဘိုးအိုရဲ့ မျက်ဝန်းတွေဟာ အရောင်လက်နေဆဲဖြစ်ပေမယ့် သူ့ရဲ့ မျက်ခုံးမွေးတွေ မျက်တောင်မွေးလေးတွေပါ ဖြူဆွတ်နေခဲ့ပါသည်။ ခေါင်းပေါင်းစကို ကိုင်ထားတဲ့ အဘိုးအိုရဲ့ လက်ချောင်းလေးတွေကလဲ သိသိသာသာ တုန်ရီလို့နေခဲ့ပါသည်။
အဘိုးအိုစဝင်လာခဲ့တဲ့ အချိန်ကစလို့ ကျွန်မတို့ သူငယ်ချင်းလေးယောက် ဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို ရပ်တန့်ပြီး အဘိုးအိုကို မသိမသာ အကဲခတ်နေမိကြပါသည်။ ဒါပေမယ့် မည်သူတစ်ဦးတစ်ယောက်ကမှ အဘိုးအိုကို နှုတ်ခွန်းမဆက်ကြသလို အဘိုးအိုကလဲ ကျွန်မတို့ရှိနေတာကို ဂရုမထားပဲ အသက်ကို ပြင်းပြင်းရှုရင်း အမောဖြေနေခဲ့ပါသည်။
ကျွန်မတို့နဲ့ မနီးမဝေးနေရာတစ်ခုကနေ နေပူပူကွင်းပြင်ကိုဖြတ်လို့ ဒီရုံးခန်းတွေရှိရာကို လမ်းလျှောက်လာတာမို့ မောပန်းနေတာလဲဖြစ်နိုင်ပါသည်။
အဘိုးအို ရောက်မလာမီက အချိန်ပိုင်းလေးအတွင်းမှာတော့ နိုင်ငံတကာက ငွေကြေးတွေအကြောင်း အပြိုင်အဆိုင်ငြင်းခုန်နေကြတဲ့ ကျွန်မတို့ လေးယောက်စလုံးက အဘိုးအို ဝင်လာတဲ့အချိန်ကစလို့ အသံတွေတိတ်လို့ အဘိုးအို အမောဖြေနေတာကို အလိုက်သိစွာဖြင့် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့မိပါသည်။
ခေတ္တခဏ အနားယူပြီး အမောပြေသွားချိန်မှာတော့ အဘိုးအိုလဲ ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ အတူ ရုံးခန်းတွေရှိရာဘက်ကို တစ်လှမ်းချင်း လှမ်းသွားခဲ့ပါသည်။ တရွေ့ရွေ့ လှမ်းသွားတဲ့ အဘိုးအိုရဲ့ ကျောပြင်ကို ငေးကြည့်ရင်း
“သူဒီအသက်အရွယ်အထိ ဘာလို့အလုပ်လုပ်နေတာလဲမသိဘူး” ကျွန်မတို့ အဖွဲ့ထဲမှ တစ်ဦးတည်းသော ယောက်ျားလေးမိတ်ဆွေမှ တီးတိုးမှတ်ချက်ချပါသည်။
“သူ့အသက်က ၇၀ ပတ်ဝန်းကျင် သေချာတာကတော့ ၆၅ ထက်မငယ်ဘူး ဒီအချိန်ထိ အလုပ်လုပ်နိုင်တာ အရမ်းလေးစားဖို့ကောင်းတယ်” လို့ ကျွန်မက ခပ်တိုးတိုးဝေဖန်မိတော့
“သူ့မိသားစုအတွက် လိုအပ်နေသေးလို့ နေမှာပေါ့ သူ့သားသမီးတွေက ခုချိန်ထိ ထိုင်ကြည့်နေတာ အံ့သြစရာ"လို့ ကျွန်မဘေးမှာထိုင်နေတဲ့သူငယ်ချင်းက မညှာမတာ မှတ်ချက်ချလာပါသည်။
ကျွန်မရဲ့ မျက်နှာချင်းဆိုင်က သူငယ်ချင်းကတော့ ကော်ဖီသောက်မပျက်ပဲ နှုတ်ခမ်းတွေကွေးသွားတဲ့အထိ မဲ့လိုက်တာကို တွေ့လိုက်ရပါသည်။ သူကတော့ ဘာမှတ်ချက်မှမချခဲ့ပါ။ ဒါပေမယ့် သူမရဲ့ မျက်နှာအမူအယာမှာတော့ အဘိုးအိုကို အထင်သေးတဲ့ အမူအယာအချို့ကိုတွေ့လိုက်ရပါသည်။
“သူ့အသက်က ၆၀ ကျော်ပီဆိုရင် သူဘာလို့ ပင်စင်မယူသေးတာလဲမသိ”လို့ ပထမဆုံးမှတ်ချက်ချတဲ့ သူငယ်ချင်းက စိတ်ဝင်တစား မေးခွန်းထုတ်လာချိန်မှာတော့
“ပိုက်ဆံလေ ပိုက်ဆံ လူတိုင်းက အချိန်တိုင်းမှာ ပိုက်ဆံလိုနေတယ် နင်မသိဘူးလား"လို့ မညှာမတာမှတ်ချက်ချခဲ့သူ ကျွန်မဘေးမှ သူငယ်ချင်းက ထပ်ဆင့်မှတ်ချက်ချလိုက်ပြန်ပါသည်။
အလုပ်ခွင်မှာသိကျွမ်းခွင့်ရသူဆိုပေမယ့် သူမရဲ့ မျက်နှာပေါ်မှာ မာန်မာန အချို့ကို အမြဲလိုလို တွေ့နေရတတ်တာမို့ သူမရရှိထားတဲ့ ပြည့်စုံတဲ့ ဘဝမှာ မောက်မာနေဟန်ရတဲ့ သူငယ်ချင်းရဲ့ မှတ်ချက်တွေအတွက် ကျွန်မရဲ့ မသိစိတ်က အဘိုးအိုကို အားနာမိပါသည်။
“နိုး မဟုတ်ဘူး နင်ပြောနေတာ တခုခုလွဲနေပြီ” လို့ အစချီလို့ သူ့ကိုခွန်းတုန့်ပြန်ဖို့ စကားလုံးတွေကို ရှာနေမိပါသည်။
သူမကို တိုက်ရိုက်ပြောခြင်းမဖြစ်ရအောင် သူငယ်ချင်းယောက်ကျားလေးဘက်မျက်နှာမူလို့ ကျွန်မရင်ထဲက စကားလုံးတစ်ချို့ကို ပြောချပစ်လိုက်ပါသည်။
“သူ အလုပ်ကို ချစ်လို့ အလုပ်နေတာပါ။ သူပင်စင်ယူလိုက်ရင် အိမ်မှာ တစ်ယောက်တည်း ပျင်းနေလိမ့်မယ် ပြီးတော့ သူစိတ်ဓါတ်ကျသွားလိမ့်မယ် ။ ရောဂါ ဝေဒနာတွေ တစ်မျိုးပြီး တစ်မျိုး ဝင်လာလိမ့်မယ် သူအလုပ်လုပ်နေတာ သူ့အတွက် အကောင်းဆုံးပါ။” လို့ပြောမိတော့ ကျွန်မတို့ စကားဝိုင်းထဲက ယောက်ျားလေးမိတ်ဆွေက လက်ခံတဲ့ ပုံစံနဲ့ ခေါင်းငြိမ့်ပြပါသည်။
“မဟုတ်ဘူး နင်မှားတယ် သူပိုက်ဆံလိုလို့ လုပ်နေတာလေ ဒီတိုင်းပြည်မှာ ကိုယ်လုပ်မှ ကိုယ်စားရတာ နေစရိတ် စားစရိတ်တွေ အရမ်းမြင့်လာပြီ”
ဒီတစ်ခါဝင်ပြောသူကတော့ တချိန်လုံး ငြိမ်နေခဲ့ပြီး အစပိုင်းက နှုတ်ခမ်းမဲ့ကာ အဘိုးအိုကို အထင်သေးဟန်ပြသူ သူငယ်ချင်းမလေး။
အခုတော့ သူမက နှာခေါင်းရှုံ့လို့ မျက်နှာတစ်ခုလုံးကို လိမ်တွန့်ပြီး အားရပါးရ ဝေဖန် မှတ်ချက်ချနေပါသည်။
ကျွန်မရဲ့ မြှားဦးက အင်မတန် မိန်းမဆန်သော ထိုအမျိုးသမီးနှစ်ယောက်ဆီ လှည့်သွားခဲ့ပါသည်။ ကျွန်မတို့အားလုံးက သက်တူရွယ်တူ ငယ်ရွယ်သူတွေ အတွေးအခေါ်တွေလဲ တူသင့်ပါသည်။ အထူးသဖြင့် လူသားဆန်သင့်ပါသည်။ လူသားဆန်စွာ တွေးခေါ်ပြီး လူသားဆန်စွာ စာနာသင့်ပါသည်။ လူတစ်ယောက်ကို လူတစ်ယောက်လို့ ရိုးစင်းစွာ မြင်ပေးသင့်သည်ဟု ကျွန်မထင်မိပါသည်။
တကယ်ဆို ကျွန်မတကယ်တမ်း ဆွေးနွေးချင်ခဲ့တဲ့ ခေါင်းစဉ်က အဲဒီခေါင်းစဉ်မဟုတ်ခဲ့ပါ။ အသက်အရွယ်အိုမင်းနေပေမယ့် ကျွန်မတို့နဲ့ တန်းတူ ရုန်းကန်လှုပ်ရှားနေဆဲ အလုပ်လုပ်နေဆဲဖြစ်တဲ့ အဘိုးအိုတစ်ယောက်အပေါ် မြင်မိတဲ့ အမြင်တွေနဲ့ ခံစားမိတဲ့ မတူညီနိုင်တဲ့ ခံစားချက်တွေပဲ ဖြစ်ပါသည်။
ကျွန်မဘက်က အဘိုးအိုကို မြင်မြင်ခြင်း အဘိုးတစ်ယောက်အရွယ်မို့ ( caring) ဂရုစိုက်ချင်မိပါသည်။ ပြီးတော့ သူ့အတွက် စိုးရိမ်ပူပန်မှု (Concern) ဖြစ်ချင်ခဲ့ပါသည်။ နောက်တစ်ခုက သူငယ်ချင်းတွေထံမှ အဘိုးအိုအပေါ်( Empathize) ထပ်တူခံစားပေးမှု နဲ့ ( Sympathize) စာနာမှု တွေပဲဖြစ်ခဲ့ပါသည်။
သို့သော် ကျွန်မ မထင်ထားတဲ့ ခေါင်းစဉ်အောက်ကို အလိုလိုရောက်သွားချိန်မှာတော့ ကျွန်မတို့သူငယ်ချင်းတွေကြား အငြင်းပွားစရာ အကြောင်းက ဖန်လာခဲ့ပါသည်။
ဒီတစ်ချိန်မှာတော့ အင်မတန် မိန်းမဆန်သော အမြင်ကျဉ်းသော သူငယ်ချင်းနှစ်ယောက်လုံးကို သေသေချာချာ ကြည့်ပြီး သူတို့ နှစ်ယောက် အထူးတလည် ဆွေးနွေးချင်နေသော ငွေကြေး လိုအပ်ချက်ဆိုသော ခေါင်းစဉ်ကို အလှပဆုံးဆွေးနွေးဖြစ်လိုက်ပါသည်။
“အိုကေ နင်တို့ နှစ်ယောက်လုံးပြောတာတွေက ဖြစ်နိုင်ပါတယ် မှန်လဲမှန်နိုင်ပါတယ်… ဒါပေမယ့် တစ်ခုတော့ စဉ်းစားကြည့်လိုက်... ဒီကုမ္ပဏီရဲ့ ပေါ်လစီအရပေါ့လေ … ဒီအဘိုးအိုရဲ့ လုပ်သက်ကို မှန်းကြည့် … ငါမှန်းတာ မလွဲဘူးဆိုရင် သူ့ရဲ့ လုပ်သက်ဟာ အနှစ် ၂၀ ထက်မနည်းဘူး… အဲဒီတော့ သူရမယ့် လစာတွေ ခံစားခွင့်တွေ…ငါတွက်တာ မမှားဘူးဆိုရင် သူ့ရဲ့ တစ်လ ဝင်ငွေဟာ နင်တို့ ထင်သလောက်လဲ မနည်းလောက်ဘူး….
နင်တို့ ဒါတွေ တွေးမိလား… အဲလိုဆိုရင် သူပိုက်ဆံမျက်နှာတစ်ခုတည်းအတွက် အလုပ်လုပ်နေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား…”
ကျွန်မစကားဆုံးသွားချိန်မှာတော့ ကျွန်မတို့ အခန်းကျယ်ကြီးတစ်ခုလုံး ခေတ္တငြိမ်သက်သွားပါသည်။ ထိုသူငယ်ချင်းမနှစ်ယောက်လဲ အတွေးကိုယ်စီနဲ့ သိသိသာသာ ငြိမ်သက်သွားခဲ့ပါသည်။ အဘိုးအိုလက်ရှိရရှိထားတဲ့ ခံစားခွင့်တွေနဲ့ ဝင်ငွေပမာဏကို စိတ်တွက်နှင့်တွက်နေပုံရပါသည်။
ယောက်ျားလေးမိတ်ဆွေ တစ်ယောက်ကလွဲလို့ သူငယ်ချင်းမနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာ တစ်စုံတစ်ရာ အလိုမကျမှုကို တွေ့နေရတာမို့ ကျွန်မရဲ့ စကားလုံးတွေအတွက် သူတို့ကို ပြန်ပြီး အားနာသွားမိပါသည်။ ဒီစကားဝိုင်းလေးမှာ မလိုလားအပ်ပဲ အချိန်အတော်ကြာ ငြိမ်သက်တိတ်ဆိတ်နေခြင်းကို ကျွန်မမနှစ်သက်ပါ..
ဒ့ါကြောင့် ကျွန်မ သံတမန်နည်းသုံးပြီး ငြိမ်သက်မှုကို ဖြိုခွင်းလိုက်ရပါသည်… ငွေကြေးခေါင်းစဉ်တစ်ခုအတွက် လုပ်ဖော်ကိုင်ဘက်များနှင့် အချင်းများရခြင်းကို ကျွန်မ မလိုလားပါ။ ငွေကြေးတန်ဘိုးနှင့် အလုပ်တန်ဘိုးကို ရောထွေးပစ်ခြင်းကိုလဲ ကျွန်မ လက်မခံချင်ပါ။
ပြည့်စုံမှုကြောင့် တချိန်လုံး မာနရိပ်သန်းနေတဲ့ ဘေးနားက သူငယ်ချင်းကို ကျွန်မ အသိချင်ဆုံးမေးခွန်းတစ်ခုမေးခြင်းဖြင့် ဒီပဋိက္ခတစ်ခုကို အဆုံးသတ်ဖို့ စတင်ကြိုးစားလိုက်ပါသည်။
“သူငယ်ချင်း နင်ချမ်းသာတာ ငါသိတယ် နင့်အမျိုးသားရဲ့ ပြည့်စုံမှုကို ငါသိတယ် နင့်ရဲ့ ဘဝမှာ ကွက်လပ်မရှိခဲ့ဘူးဆိုတာ ငါသိခဲ့တယ်… ဒါပေမယ့် နင့်အတွက် မက်လောက်စရာမရှိတဲ့ လစာအတွက် နင်အလုပ်လုပ်နေတာကိုတော့ ငါအံ့သြမိတယ်… ဘာလို့ ဒီအလုပ်ကို လာလုပ်နေတာလဲ… အဲဒီအဖြေကို ငါ့ကို မပေးပါနဲ့ နင့်ကိုယ်နင်ပြန်စဉ်းစားပြီး အဖြေပေးလိုက်ပါ. အဲဒီအဖြေဟာ ဒီအဘိုးကြီး ဘာ့ကြောင့် ဒီအသက်အရွယ်အထိ အလုပ်လုပ်နေခဲ့တာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေလဲ ဖြစ်နိုင်ပါတယ်…”
ကျွန်မရဲ့ စကားဆုံးသွားချိန်မှာတော့ ကျွန်မတို့ မိန်းမသား သုံးယောက်ကြားက တင်းမာမှုကို ဖြေလျှော့စေဖို့ တစ်ဦးတည်းသော အမျိုးသား မိတ်ဆွေမှ စိတ်ဝင်စားစရာကောင်းသော ခေါင်းစဉ်တစ်ခုအောက်ကို မသိမသာ ဆွဲခေါ်သွားခဲ့ပါသည်။
“အိုကေ နင်ပြောချင်တာ ငါသဘောပေါက်ပြီ… အသက်အရွယ်ရ လာတဲ့ အဘိုးအိုတွေ အဘွားအိုတွေရဲ့ လိုအပ်ချက်က ပိုက်ဆံမဟုတ်ဘူး စည်းစိမ်မဟုတ်ဘူး… သူတို့ လိုချင်နေတာက နွေးထွေးမှု အင်း သူတို့ရဲ့ ဘေးနားမှာ ရှိနေမယ့် လူတွေရဲ့ ဂရုစိုက်မှု အလေးထားမှု ပြီးတော့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက မိတ်ဆွေ လုပ်ဖော်ကိုင်ဘက် တွေ…သူတို့မက်မောတာက လူတွေ အဖော်တွေ ဒါမှ သူတို့ အထီးကျန် မဖြစ်မှာလေ…. အထီးကျန်မှုက လူကို ပိုပြီး အိုစာစေတယ်တဲ့”
“နောက်တစ်ချက်က လူတွေက အလုပ်လုပ်ရင်း အချိန်တွေကို မသိမသာဖြတ်သန်းကြတယ် အိုမင်းခြင်းတွေကို မေ့လျှော့ထားကြတယ် … အလုပ်ထဲမှာ အာရုံထည့်ထားတော့ ဒေါသတွေ မောဟတွေ မရှိတော့ဘူး များသောအားဖြင့် လူတွေက အတ္တတွေ မာနတွေ ကျန်းမာမှုတွေ မကျန်းမာမှုတွေကိုပါ အလုပ်ထဲမှာ မြှုတ်နှံထားကြတယ်လေ…”
“အလုပ်လုပ်နေတဲ့ သူက အသက်ပိုရှည်တယ်ဆိုတဲ့သဘောပဲ…. ဆင်းရဲတဲ့သူလဲ အလုပ်လုပ်ရမယ် ချမ်းသာတဲ့သူလဲ အလုပ်လုပ်ရမယ်….အဲတော့ ငါတို့ မသေမချင်း အလုပ်လုပ်ရမယ် ဒီအဘိုးအိုလိုပေါ့ နောက်ဆုံးအချိန်အထိ အလုပ်လုပ်ရမယ် …”
သူငယ်ချင်းက သူ့စိတ်ထဲမှာ ပြောပြချင်နေတဲ့ စကားတွကို ရှည်လျှားစွာ ပြောပြရင်း သူ့လက်ထဲမှာ နောက်ဆုံးကျန်နေတဲ့ ကော်ဖီကို မော့ချပြီး ကျွန်မတို့ကို ကျောခိုင်းသွားခဲ့ပါသည်။
သူ့ရဲ့ရင်ထဲက ထွက်ကျလာတဲ့ စကားလုံးတွေအတွက် သူငယ်ချင်းကို ကျေးဇူးတင်စိတ်နဲ့အတူ လေးစားမိခဲ့ပါသည်။ အဘိုးအိုအတွက် ကျွန်မ ရင်ထဲမှာ ကျန်ရှိနေဆဲဖြစ်တဲ့ စကားလုံးတွေကို သူက ကျွန်မကိုယ်စား ပြောပြပေးခဲ့ပါသည်။
ကော်ဖီခွက်တွေကိုင်ပီး ငြိမ်သက်နေကြတဲ့ သူငယ်ချင်းမနှစ်ယောက်လဲ သောက်လက်စ တစ်ခါသုံး စက္ကူခွက်တွေကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီး မလှမ်းမကမ်းက ရုံးခန်းလေးထဲကို ဝင်သွားကြပါသည်။
နောက်ဆုံးကျန်ခဲ့တဲ့ ကျွန်မကတော့ ရေသန့်ဘူးလေးကိုင်လို့ အတွေးများစွာနဲ့ကျန်ခဲ့ပါသည်။
ကျွန်မကတော့ သူတို့လို ခါးသက်ပြင်းရှတဲ့ ကော်ဖီတွေကိုမနှစ်သက်ခဲ့ပါ…
အရောင်အဆင်း အနံ့အရသာ မရှိ ပကတိ ကြည်လင်တဲ့ ရေကိုသာ မြတ်နိုးစွာ သောက်ချင်သူ…
လောကကြီးကို ပကတိ အမြင်နဲ့ ကြည့်ချင်သူ…
လူသားဆန်ချင်လွန်းသူတစ်ယောက်သာဖြစ်ခဲ့ပါသည်။…
18 comments:
တစ် ဆိုပါလားးးးးးး။
လာပြန်ပြီ နှစ် တဲ့။
ဟောဒီမှာ သုံးးးးးးးးးးးးးး
ဟေ့ ဟေ့ ဟေ့ အပေါ်က တစ်ယောက် ဂဏာန်း တော်တော် ကြိုက် ဟုတ်လားးးး
ဒီမှာ ကြည့်လိုက်စမ်းဘာာာာာာာာ လေးးးးးးးးးးး တဲ့ကွ။ ဟင်းးဟင်းးးးးးးးးးးး
အော်ဟော်........ အပေါ် Angel Shaper တစ်ယောက်တည်း တည့်အောင်နေလေ။
ဘယ့်နှယ့် တစ်ယောက်တည်း လုနေတယ်။
ခု ဘယ်လောက်လဲ ငါးးးးးးးးးးးးး ဟုတ်လား။
ကဲ.... တော်ပြီ စာဖတ်တော့နော်။
လိမ်မာတယ်။ အဟဲ....
အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့ ဟုတ်လား ချစ်မကြီး သမီးကြားဖူးတာ မမှားဖူး ဟုတ်။ အလုပ်လုပ်တယ်ဆိုတာ လူတစ်ယောက် အသက်ရှင် ရပ်တည်မှုအတွက်(စား၊ဝတ်၊နေ၊ရေး)တစ်ခုတည်းမဟုတ်ဘူး။ ခန္ဓာကိုယ် ကျန်းမာရေးအတွက်၊ စိတ်ကျန်းမာရေးအတွက် တကယ်ကို လိုအပ်ပါတယ်နော်။
အသက်ကြီးတဲ့ အဘိုးအရွယ်တစ်ယောက် ဒီလိုအလုပ်ကို ဒီအရွယ်နဲ့ လုပ်နေတာကို စာနာနားလည်ပေးပြီး ဖေးမသင့်တယ်။ ဂရုတစိုက် လုပ်သင့်တာပေါ့။ ချစ်မကြီးရဲ့ ချစ်ညီမမို့လား မသိဘူး ခံယူချက်ချင်းတူတယ်။ ဒါပေမယ့် သမီးက ကော်ဖီခါးခါးကို သိပ်နှစ်ခြိုက်သလို ကြည်လင်တဲ့ရေကိုလဲ မြတ်နိုးစွာ သောက်သုံးတတ်သူပါ။ အဟဲ။ အရောင်စုံလွန်းတဲ့ ပတ်ဝန်းကျင်မှာ ချစ်မကြီး အဆင်ပြေပျော်ရွှင်ပါစေနော်။
အမြဲတမ်းသတိရနေတဲ့
ချစ်ညီမလေး
မနှင်း..
စိတ်ကူးလေးအရမ်းကောင်းတယ်။
ကော်ဖီနှင့်သောက်ရေသန့်ကို နှိုင်းပြတာ အကြိုက်ဆုံးဘဲ။
သဘာဝတွေမဟုတ်လား။ ကော်ဖီက ပူနေမှ၊ နောက်ကျိနေမှ သောက်လို့ကောင်းတယ်။
သောက်ရေသန့်က ကြည်လင်အေးမြနေမှ သောက်လို့အဆင်ပြေတယ်။
စဉ်းစားတာ အတော်လေးသဘောကျတယ်။
ဘလော့ဂ်ဆုရနိုင်ပါစေ မနှင်း။
မနှင်း idea လေးတော့သဘောကျတယ်၊ ဘကျောက်တို့ဆီမှာလဲ အဘိုးကြီးအဘွားကြီးတွေအလုပ်လုပ်နေတာပဲ
ဘကျောက်အပါအဝင်ပေါ့လေ..း))
အရမ်းကောင်းပါ၏
မနှင်းနဲ့ထပ်တူကျတဲ့အတွေးပဲတွေးဖြစ်ပါတယ်။
ဟုတ်တယ် မနှင်းရေ..
ပင်စင်စားပြီး အလုပ် မရှိရင် ရောဂါတွေ ပိုထူလာတတ်ကြတယ်။ ဒီတော့ ဒီက ပင်စင်စားကြီးတွေ အတော်များများက ဆေးရုံတို့ ၊ စာကြည့်တိုက်တို့ လို နေရာမျိုး မှာ လုပ်အားပေး ၊ ပရဟိတ္တ အလုပ်မျိုးတွေ လုပ်ကြတာ ရှိတယ်။
ရွှေပြည်ကြီးက ပင်စင်နာကြီးတွေ ဘဝ က ဒီအဖိုးကြီးထက် စာနာ စရာ ပိုကောင်း နေပြီ မနှင်းရေ ..
သူတို့  တတွေ ဆို ငွေ အတွက် ရော ၊ ပတ်ဝန်းကျင်မှာ အဆင်ပြေ ဖို့  အတွက်ရော ဘာမှ အာမခံ ချက်တွေ မရှိကြ ဘူးလေ ။
ပင်စင်စားကြီးတွေ ရတဲ့  လခ ဆိုတာ ၊အဲ့ဒီတလ အတွက် သွား သွားပြီး ထုတ် နေကြရတဲ့  ခရီးစရိတ် လောက်တောင် မရှိကြ ရှာဘုး တဲ့  ။
သူများ နိုင်ငံတွေ လို social welfare တွေကနေ ဘာမှ လုပ်ဆောင်ပေးကြတာ မရှိလို့  ..ရွှေ ပင်စင်နာကြီးများ အတွက် သောက်ရေသန့်  လေးများ တိုက်ကျွေး နိုင်ကြရင်တော့ အတိုင်းထက် အလွန် ပါ ပဲ ။
ရေ ငတ် နေ တဲ့  အချိန် မျိုး ဆို ၊ ရေသောက်လိုက်ရမှ စိတ်ချမ်းသာ တတ်ကြတာမို့ လူတိုင်း ရေသန့် ဘူးလေးများ ဆောင်ထား ကြရင် ကောင်းမယ် နော်။
ကောင်းလိုက်တဲ့စိတ်ကူး
အတွေးတွေလဲရလိုက်တယ်...
နောက်ထပ်နောက်ထပ်ပိုစ့်
ကောင်းကောင်းတွေရေးဖွဲ့နိုင်
ပါစေ.....
ဟုတ်တယ်နော်..
အလုပ်လုပ် နေရတော့ စိတ်လည်းငြိမ်တယ်..
စိတ်ဓါတ်လည်း အင်အားရှိတယ်...
ဒီလိုပါပဲ အကောင်းဖက်ကတွေးရင်းနဲ့ ဆက်လက်
လှမ်း လျှောက်နေကြ ရတာပါပဲ...
ပျော်ပါစေခင်ဗျာ...
*.*.*
အဟတ်ဟတ် မကြီး ဖတ်ပြီးပြီ ပေးအရက်ဖိုး
အဖိုးနားသွားတောင်းရမှာလား ဗျ
အဖိုးကအလုပ်လုပ်နေတာလေ
မကြီးပဲ ပေးလိုက်ပါ နော့
အသက်ကြီးတဲ့ လူတွေ အလုပ်လုပ်တာ ခုမှပဲ ခံစားမိတယ်
မကြီးရေးထားသလိုပဲ စဉ်းစားစရာတွေ များတယ်
အကြောင်းအရာခြင်းကလည်း မတူကြဘူး
လူလေးယောက် အမြင်ပေါ့လေ
အလွန်ကောင်းတဲ့ပိုစ့်လေးပါ
ဟုတ်ပါတယ်ဗျာ....။
တချို့တွေက အလုပ်လုပ်တိုင်း ပိုက်ဆံကြောင့်လို့ပဲထင်နေတတ်ကြပါတယ်...။
ကျွန်တော့်ဖေဖေဆိုရင် မူလတန်းပြ ကျောင်းဆရာကြီးဘ၀နဲ့ အသက် ၆၀ပြည့်မှ ပင်စင်ယူခဲ့တာပါ...။ သူ့လစာငွေနည်းနည်းလေးပေမယ့် ကလေးလေးတွေကို စာသင်ပေးရင်း ပျော်နေတတ်တာမျိုးပါ...။ အခုလည်း အိမ်မှာနေရင်း... အနားက ကလေးလေးတွေကို ခေါ်ပြီးစာသင်ပေးနေလေရဲ့တဲ့ခင်ဗျာ....း))
(၀ါသနာကိုးနော့်....း))
(အခုမှ ရောက်ဖြစ်တယ်ဗျာ....၊ လင့်ခ်လေးယူသွားတယ်...၊ လာလည်ပေးတာ...ကျေးဇူးဗျား...........း))
ခင်မင်တတ်တဲ့
ဏီလင်းညို
သဘောတူတယ်.. ကိုယ်လည်း ခုနေ တစ်သက် ထိုင်စားလို့ မကုန်အောင် ပိုက်ဆံအများကြီး ရခဲ့ရင်တောင် လုပ်ချင်တဲ့ အလုပ်တွေက ရှိနေတော့ လုပ်နေဦးမှာပါပဲ..
သူငယ်ချင်း ကျွန်တော်တို့သူငယ်ချင်းနဲ့မိတ်ဆက်ချင်ပါတယ်၊
သူငယ်ချင်းရဲ့blogလေ
းကိုဖတ်ရပါတယ်။သူငယ်ချင်းရဲ့အရေးအသားနဲ့
တင်ပြဟန်ကို
သဘောကျပါတယ်။ကျွန်တော်တို့ရဲ
့http://taylaydoeyethmatthan.ning.
com/မှာလဲရေးပေးစေချင်ပါတယ်။အကယ်လို့ ရေးရန်အခက်အခဲတစ်စုံတစ်ရာ
ရှိလို့ မရေးနိုင်လျှင်လည်း။
ကျွန်တော်တို့ကြိုက်တဲ့စာများကိုRefrenceလုပ်ဖို့
ခွင့်ပြုစေချင်ပါတယ်။
သူငယ်ချင်းကလောင်အမည်နဲ့သူငယ်ချင်း၏blog Link ကို ပါ
Refrence
၏နောက်တွင်ရေးပေးမည်ဖြစ်ပါသည်။အများဖတ်ရှု့ရန၊်
ဗဟုသုတနှင့်ရသ
ဖြေဖျော်မှုရရန်အတွက်လုပ်ခြင်းဖြစ်သည့်အတွက်
နားလည်စေချင်ပါသည်။
update
ဖြစ်သောpostများကိုလည်
းtaylaymin@gmail.comသို့ပို့ပေးးစေချင်
ပါသည်။ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျာ။
တေလေများ
အသက်ကြီးလာတဲ့အခါ ငွေကြေး စည်းစိမ်တွေထက် နွေးထွေးမှု ကိုပဲ လိုချင်မိမှာ ပါပဲ။
တသက်တာလုံး ဖြတ်သန်းခဲ့ပြီးပြီပဲ အရာရာကို ကြုံတွေ့ခဲ့ရပြီးပြီ။ လောကဓံနဲ့လည်း သူတလှည့်ကိုယ်တလှည့် ဖြစ်ခဲ့ရပြီးပြီ။
အဲဒီအချိန် အလိုအပ်ဆုံးက နွေးထွေးကြင်နာမှု ပါပဲ။
Post a Comment