မှတ်မှတ်ရရ Safety reason

လက်ထဲမှာပါလာတဲ့ စာအုပ်တွေနဲ့အတူ ထမင်းဘူးတွေကို Conveyor belt ပေါ်တင် လက်ကိုင်ဖုန်းလေးနဲ့ Locker key လေးကိုတော့ ပလတ်စတစ်ခွက်လေးထဲ သေသေချာချာ ထည့်ပေးပြီးချိန်မှာ အိုင်ဒီကဒ်ကိုပြပြီး Security gate ကိုဖြတ်လာခဲ့ပါသည်။

ခြေလှမ်းသုံးလှမ်းလောက်ကျော်သွားပြီးမှ စက်က တတီတီနဲ့ အော်လာတာတာမို့ နောက်တစ်ကြိမ် ထပ်ပြီး ဖြတ်ဖို့ နောက်ပြန်လှည့်လာရင်း ကုတ်အကျီအိပ်ကပ်တွေထဲကို စမ်းတော့ အိတ်တွထဲမှာ ဘာမှမရှိ သော့တွေ အကြွေစေ့တွေကိုလဲ သေသေချာချာ ထုတ်ထားခဲ့တာမို့ မဆီမဆိုင် ထကြောင်တဲ့ စက်ကိုပဲ စိတ်တိုလာမိပါသည်။

အင်မတန် ဇီဇာကြောင်တဲ့ စက်လို့ ရေရွတ်နေတဲ့ ကိုယ့်ကို လုံခြုံရေးတာဝန်ကျ ဝန်ထမ်းက ထုံးစံအတိုင်း တာဝန်အရပြုံးပြရင်း နောက်တစ်ကြိမ်ထပ်ဖြတ်ခိုင်းတာမို့ စိတ်ချရအောင် စီးထားတဲ့ လေဒီရှူးကိုပါချွတ် conveyor Belt ပေါ်တင်ပေးပြီး Security gate ကိုထပ်ဖြတ်တော့မှ စက်က သဘောကောင်းလွန်းစွာ ဘာသံမှထွက်မလာပဲ ငြိမ်နေခဲ့ပါသည်။

Staff room ထဲရောက်တော့ မနက် ၇ နာရီစွန်းစွန်းပဲရှိသေးတာမို့ clock in ဝင်ဖို့ စောနေသေးပေမယ့် မေ့သွားမှာစိုးတာနဲ့ ကိုယ်ပိုင်နံပါတ်လေးတွေကို ရိုက်ထည့်ပီး ညာဘက်လက်ကလေးကို စက်ပေါ်တင်တော့ စက်က Error ပြနေပြန်ပါသည်။ တခုခုတော့ တခုခုပဲလို့ စဉ်းစားရင်း ကိုယ့်လက်ချောင်းလေးတွေကို ပြန်ထောင်ကြည့်တော့ မှ ညတုန်းက လက်မမှာ ဝတ်ထားမိတဲ့ လက်စွပ်က ပြဿနာဖြစ်နေတာပဲလို့ သဘောပေါက်ပြီး လက်စွပ်ကို ချွတ်ပီး လက်ဖဝါးကို ပြန်တင်တော့မှ Clock in successful တဲ့။ ဒါလဲ သူ့ရဲ့ Safety reason ပဲထင်ပါရဲ့ ။

စောစောစီးစီးမှာ Safety Reason ပဲလေ စိတ်ရှည်ပါလို့ ၂ခါတိတိ တီးတိုးရေရွတ်အားပေးရင်း စာသင်ခန်းထဲပြေးဝင်လာတော့ ဆရာက ကွန်ပြူတာရှေ့မှာ ထိုင်ပြီး အလုပ်စရှုပ်နေတာကိုတွေ့လိုက်ရပါသည်။ တကယ်ဆို အတန်းက ၈ နာရီမှစမှာ ဆရာက ၇ နာရီကတည်းက အတန်းထဲကိုရောက်နေတော့ အံ့သြချင်ပေမယ့်လဲ သူ့ရဲ့ အလုပ်တွေအတွက် သူဝီရိယကောင်းနေတာနေမှာလို့ ကောင်းတဲ့ ဘက်ကတွေးပေးရင်း သူလဲ သူ့ရဲ့ safety အတွက် traffic လွတ်အောင် စောစောလာတာဖြစ်မှာပဲလေလို့ အမှတ်ပြည့်ပေးလိုက်မိပါသည်။

ကိုယ်က စာတွေမပြီးသေးလို့စောစောလာတာ ဆိုတော့ ဆရာ့ဆီသွားပြီး စကားတွေပြောဖို့ မစဉ်းစားပဲ ကိုယ့်ခုံမှာကိုယ်ထိုင်ပြီး ထုံးစံအတိုင်း လက်ချောင်းလေးတွေက ကွန်ပြူတာကီးဘုတ်ပေါ်ကို အလျှင်စလိုရောက်သွားပြီးမှ အချိန်မှီလက်ပြန်ရုတ်လို့ ပိုက်ဆံအိတ်ထဲက hand sanitizer ဗူးလေးကိုထုတ်ပြီး လက်ချောင်းလေးတွေနဲ့ လက်နှစ်ဘက်လုံးကို ကို အရင် သန့်စင်လိုက်ရပြန်ပါသည်။

လက်ကို သန့်စင်ပြီးသွားတော့လဲ ကီးဘုတ်ပေါ်မှာ ဖုံမှုန့်တွေ ရှိနေနိုင်တာမို့ ကီးဘုတ်ကို လေနဲ့မှုတ်ရင်း တစ်ရှူးနဲ့ ခပ်နာနာဖိတိုက်လိုက်ပါသည်။ ဒီကီးဘုတ်နဲ့ ၈ နာရီလုံးလုံး စခန်းသွားရအုံးမှာဆိုတော့ စိတ်သန့်သန့်နဲ့ သုံးဖို့ ပြင်ဆင်ရတာမဆန်းလှပါ။ အများသုံးကွန်ပြူတာတွေကိုသုံးခါနီးတိုင်း hand Sanitizer သုံးဖို့ သတိတရနဲ့ သတိပေးနေတတ်တဲ့ သူငယ်ချင်းကို သတိတရနဲ့ ကျေးဇူးတင်မိပေမယ့် တခါတရံမှာ အလုပ်ရှုပ်သလိုခံစားမိတာကိုတော့ မငြင်းနိုင်ပါ။ ကိုယ့်ရဲ့ Safety reason အတွက်ပဲလေ အဲလောက်တော့ ဂရုစိုက်ရမှာပေါ့။

၇ နာရီခွဲလောက်ကျတော့ အမြဲစောစောရောက်လာတတ်တဲ့ သူငယ်ချင်းမရောက်လာပြီး စားပွဲပေါ်ကို ရေသန့်ဘူး တစ်ဘူးလာတင်ပေးပါသည်။ သူကိုယ်တိုင်လဲ ဘေးနားက စားပွဲမှာထိုင်ပြီး သူ့ရေဘူးကို မော့သောက်နေပါသည်။
သူငယ်ချင်းမလေး စိတ်ချမ်းသာရေးအတွက် စားပွဲပေါ်က ရေဘူးကို နေ့လည်စာစားချိန်မတိုင်ခင်ကုန်အောင် သောက်ပြရပါအုံးမည်။

ပြီးတော့ နေ့လည်မှာ ထပ်ရောက်လာမယ့် ရေတစ်ဘူးနဲ့ပေါင်းပြီး ညနေအိမ်မပြန်ခင် ရေ၁ လီတာကုန်အောင်သောက်ပြရအုံးမယ့် အရေးတွေးရင်း ရင်မောမိပါသည်။ "နင့်ရဲ့ ကျန်းမာရေးအတွက် တနေ့ကို အနည်းဆုံး ရေ ၂ လီတာ ကုန်အောင်သောက်ပါ နင်ရေသောက်ဖို့လိုတယ်"လို့ မမောတမ်းပြောလာမယ့် သူ့ရဲ့စေတနာတွေကို ရေသောက်ပျင်းတဲ့ကိုယ်က စူပုတ်ပုတ်နဲ့ ကျေးဇူးတင်နေရပါသေးသည်။ သူအမြဲသတိပေးနေကျ စကားတစ်ခွန်းက “ရေက နင့်အတွက် Life Guard, Safe Guard “ တဲ့..

နေ့လည်စားစားချိန်ကျတော့ သူငယ်ချင်းက ဟမ်ဘာဂါမစားရတာကြာပီ သွားစားရအောင်လေလို့ ခေါ်တော့ "နိုး ဟမ်ဘာဂါတစ်လုံးစားဖို့ Security Gate ၃ ခုကို အသွားရော အပြန်ပါဆို ၆ ခါတိတိဖြတ်ရမယ် ငါ့ဖုန်းပွန်းတယ် ပြီးတော့ ဖိနပ်တချိန်လုံးချွတ်နေရမယ် မတန်ဘူး ငါ့မှာ ထမင်းဘူးပါတယ်"လို့ငြင်းရင်း ထမင်းစားခန်းဆီထွက်လာတော့ “အဲဒါနင့်ရဲ့ Safety အတွက်လေ” လို့ အားကျမခံပြန်အော်သွားတဲ့ သူငယ်ချင်းရဲ့ အသံက အနောက်နားမှာ ကျန်နေရစ်ခဲ့ပါသည်။

ထမင်းဘူးထည့်ရတာ အလုပ်ပိုပေမယ့် အစားတလုတ်အတွက် Food Court ကိုသွားဖို့ လုံခြုံရေးဂိတ်တွေကို အထပ်ထပ်ဖြတ်ရတာကိုတော့ စိတ်မရှည်ချင်ပါ။ ဒီလောက်လုံခြုံရေးတင်းကြပ်တဲ့ နေရာတွေမှာ အလုပ်လုပ်ရတာ ကိုယ့်အတွက် လုံခြုံမှုရှိပေမယ့် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတာမို့ စိတ်မရှည်နိုင်ပါ။

ထမင်းစားခန်းထဲမှာ ထမင်းစားနေဆဲမှာပဲ အနောက်နားက သူငယ်ချင်းတစ်ယောက်ရဲ့ အလန့်တကြားအော်သံနဲ့အတူ Admin office က Secretary အဘွားကြီးရဲ့ ပွစိပွစိ ရွတ်ဖတ်သံကြားတာမို့ မသိမသာနားစွင့်မိတော့ Tea Bag ကို ကော်ဖီခွက်ထဲထည့် microwave ထဲထည့်ပြီး နွေးနေတဲ့ သူငယ်ချင်း moroccan မလေးက Safety reason ဆိုတဲ့ စကားလုံးတွေနဲ့ မနားတမ်း ပစ်ပေါက်ခြင်းခံနေရတာကို သနားစရာ တွေ့လိုက်ရပြန်ပါတယ်။ သူ့ကော်ဖီခွက်ကို microwave ထဲထည့်နေတာတွေ့မိပေမယ့် ဖောင်းဆိုတဲ့ အသံကြီးနဲ့ microwave ထဲကနေ တခုခုထပေါက်သံကြားမှ သူပြဿနာဖြစ်နေတာကို သဘောပေါက်မိပြီး Safety ထဲက မထွက်တဲ့ နေ့ပါလားလို့ မသိမသာပြုံးမိပါသည်။

ထမင်းစားပြီးတော့ ထမင်းစားခန်းထဲက ထွက်လာပြီး ရုံးခန်းတွေကိုဖြတ်ပြီး စာသင်ခန်းဆီပြန်ထွက်လာချိန်မှာ စတိုခန်းထဲက လှမ်းခေါ်တာမို့ ဝင်မေးကြည့်တော့ စတိုတာဝန်ခံက “မင်း Safety Jacket ရပီလား”တဲ့ “ဆိုင်လို့လား ငါ့အလုပ်က Safety Jacket မလိုဘူး”လို့ ပြန်စွာတော့ “ဒီမှာလုပ်နေတဲ့ V.P က အစ Safety Jacket လိုတယ် မရှိသေးရင်ယူသွားဆိုတာ” နဲ့ သူထုတ်ပေးတဲ့ jacket ဝါဝါထိန်ထိန်လေးကို သေချာဖြန့်မကြည့်ပဲ ယူလာခဲ့လိုက်ပါသည်။

စာသင်ခန်းထဲရောက်တော့ ဆရာက လက်ထဲက jacket ကို ယူကြည့်ပြီး “ဟေး မင်းဂျက်ကက်က မင်းနဲ့ဆိုရင် အိုဗာဆိုဒ်ဖြစ်နေတယ် ဒါက Large တဲ့ မင်းဝတ်ရမှာက Small size ပြန်သွားလဲပါ။ မင်းရဲ့ Safety အတွက် မင်းနဲ့ အဆမတန်ကြီးနေတဲ့ Jacket ကို လုံးဝ ဝတ်လို့မရပါတဲ့”… လာပြန်ပီ Safety Jacket ဝတ်ဖို့ကိုတောင် Safe မဖြစ်နိုင်ဘူးဆိုပါလား…. ဒီနေ့တော့ တခုခုလွဲနေပြီထင်ပါရဲ့။


အချိန်စေ့လို့ ၃ နာရီထိုးတာနဲ့ ဖတ်လက်စ လေ့ကျင့်ခန်းတွေကို ပိတ် ကွန်ပြူတာကို log out လုပ်ပြီး ဆရာကို ထုံးစံအတိုင်း ကျေးဇူးပါလို့ ပြောပြီး အခန်းထဲက ထွက်လာတော့ အနောက်နားမှာထိုင်တဲ့ သူငယ်ချင်းတစ်ယောက်က “ဟေး ဒီနေ့ငါ့ကားနဲ့ လိုက်ခဲ့ ငါလိုက်ပို့မယ်”လို့ပြောလာတော့ နေပူထဲမှာ ဖယ်ရီကားဝင်းဆီကို လမ်းလျှောက်ရမယ့် အချိန်၁၅မိနစ်သက်သာမှာကို ပြေးမြင်ပြီး အိုကေ လိုက်မယ်လို့ပြောရင်း သူနဲ့စကားတပြောပြောနဲ့ ကားပါကင်ကို လျှောက်လာခဲ့ပါသည်။

သူ့ကားဆီရောက်တော့ ကိုယ့်ရဲ့ ထုံးစံအတိုင်း နောက်ခန်းတံခါးကိုဆွဲဖွင့်တော့ ကိုယ်တော်ချောက “ဟေး ငါက နင့်ဒရိုင်ဘာမဟုတ်ဘူး လာရှေ့မှာလာထိုင် သူများကား လိုက်စီးပီး မကြီးကျယ်နဲ့” ဆိုတာနဲ့ “ငါကားစီးရင် ထိုင်ခုံက ခါးပတ်ပတ်ရမှာပျင်းတယ် အရှေ့မှာ မထိုင်ချင်ဘူး ဆောရီးလို့” ပြန်ပြောတော့ “နင်တို့ Asian တွေဟာလေ ပျင်းကိုပျင်းတယ် ထိုင်ခုံ ခါးပတ်ပတ်ခိုင်းတာက for your Safety reason “တဲ့ ကောင်းရော… တနေ့လုံး Safety ထဲကကို မထွက်ရတော့ဘူးထင်ပါရဲ့…. ကိုယ်ထိုင်ခုံ ခါးပတ်ပတ်ရမှာ ပျင်းတာနဲ့ပဲ အာရှသားတွေ ငပျင်းတွေ ဖြစ်ကုန်ပါပေါ့လား ။။ သူပြောသလိုပဲ အာရှတိုင်းသားတွေက သူတို့ westerner တွေလောက်တော့ ဘယ်အရာကိုမှ သဲသဲမလှုပ်တာသေချာနေတာမို့ ပါးစပ်ပိတ်ပီး အိမ်မြန်မြန်ရောက်ပါစေ ဆုတောင်းနေလိုက်မိပါသည်။

အိမ်ရောက်ရောက်ချင်းမှာပဲ ချစ်စရာသူငယ်ချင်းလေးက မုန့်ဟင်းခါးချက်ထားတယ် တည့်ရင်စားနော် ဆိုတာနဲ့ အိုကေစားချင်တယ် ငရုပ်ကောင်းပါလား ဂျင်းပါလား ပူလား စပ်လား စုံနေအောင်မေးရင်း လနဲ့ချီပြီးမှီဝဲနေရတဲ့ အစာအိမ်ဆေးတွေ လုံလုံလောက်လောက် ကျန်မကျန်ပြေးစစ် ရင်း မကြာသေးခင်က အသစ်စက်စက်ရထားတဲ့ Health Card လေးကိုလဲ မျက်စောင်းထိုးရင်း မုန့်ဟင်းခါးကို ငရုပ်သီးမပါပဲ နှစ်ပန်းကန်တိတိစားလိုက်ပါသည်။

လောလောဆယ် ကိုယ်နဲ့မတည့်တဲ့ မုန့်ဟင်းခါး ၂ပွဲ စားထားမိတဲ့အတွက် Safety Reason ကတော့ ကိုယ့်ဆီမှာ အသင့်ဖြစ်နေရမယ်လေ။ တခုခုပြန်ဖြစ်ရင် ပြန်သာက်ဖို့ ဆေးလုံလုံလောက်လောက်ရှိရမယ်။ ဆေးရုံဆေးခန်းသွားရမယ်ဆိုရင်လဲ ပိုက်ဆံရှိရမယ်။ ခုတော့ ဒါတွေအကုန်ပြည့်စုံနေပြီ လူနာကို အလိုလိုက်တဲ့ ဆရာဝန်မလေးတစ်ယောက်လဲ အနားမှာရှိနေသေးတယ်လေ….

တနေ့တာရဲ့ နောက်ဆုံးအချိန် ကိုယ်ပိုင်အချိန်တွေကို ပျော်ရွင်စွာကျော်ဖြတ်ဖို့ သီချင်းအကျယ်ကြီးဖွင့်လို့ တနေ့စာ မေးလ်တွေကို အသည်းအသန် စစ်နေဆဲမှာပဲ အသိတရားတစ်ခုက ခေါင်းထဲကို ဖြတ်ကနဲ ထပ်ဝင်လာပြန်ပါသည်။။

အစွဲအလန်းတွေ သံယောဇဉ်ဖြစ်စေမယ့် စာတွေကို အသည်းအသန် မျှော်လင့်စောင့်ဆိုင်းနေတတ်တာ...
ကိုယ်စိတ်လိုလက်ရ စကားပြောချင်တဲ့သူတစ်ယောက်ကို အသည်းအသန် မျှော်လင့်နေတတ်တာဟာလဲ
ကိုယ့်စိတ်ကိုကိုယ် ဒုက္ခပေးနေခြင်းတစ်မျိုးဖြစ်နေပီလား…..

ကိုယ့်အတ္တလေးပိစိလေးအတွက် သူများရဲ့ ကိုယ်ပိုင်ချိန်တွေ အလေးထားမှုတွေကို အငမ်းမရမျှော်နေခြင်းဟာ သူတပါးကို စိတ်အနှောင့်အယှက်ပေးနေခြင်းများလား….

တကယ်လို့များ ကိုယ်ဟာ သူတပါးရဲ့ အလိုက်သိမှုကို မလိုက်မသိစွာ တောင်းဆိုနေသူတစ်ယောက် ဖြစ်နေခဲ့ရင်တော့ ကိုယ့်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ Safety အတွက် ရင်မအေးစရာဖြစ်တော့မယ်ထင်ပါရဲ့…

သံယောဇဉ်ရပ်ဝန်းလေးရဲ့ Safety အတွက် အလိုက်မသိမှုတွေတစစီ မြိုချရင်း….

ကိုယ့်ရဲ့ Safety ကိုယ်ချစ်တဲ့ သူတွေရဲ့ Safety အတွက် မငြိမ်းသောမီးတွေကို ဥပက္ခာပြုဖို့ ကြိုးစားရင်း….

11 comments:

Sein Lyan Tun said...

အခုရော ဥပေက္ခာပြုနေနိုင်ပြီးလား...

SAFETY FIRST!!!!

လင်းကြယ်ဖြူ said...

Safety First တဲ့နော်...
သည်းခံလိုက်ပါ...း )
ဒါမှ Secure ဖြစ်သွားမှာပေါ့...

ပျော်ပါစေ

*.*.*

ရွှေရတုမှတ်တမ်း said...

blog လည်ဖို့တောင် safety လိုအုန်းမလား မသိဘူး..
ဘကျောက်လဲ အခု safety သင်တန်းတခုတက်ဖို့ရှိသေးတယ်...မနှင်းရေ့

ရေတမာ said...

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်ပါတယ် မကြီးနှင်းရေ........ ဖတ်ရတာ အရသာရှိတယ်း))

Vista said...

အမြဲလာဖတ်တယ် ပျော်ရွှင်ပါစေနော်

kiki said...

မနှင်း အလုပ်လုပ်နေတာ သမ္မတ အိမ်တော်ကြီး ထဲမှာလား လို့ တောင် ထင်မိတယ်။ ဒါမှမဟုတ် အာကာသ သိပ္ပံ အနုမြူ သင်တန်းကျောင်း တခုခု များလား..လို့ လေ ...း) ။
Safety reason အရ saving bank ထဲ မှာ ရော Safty amount ရှိပြီလား ဗျိုး...
ှSafety chatting လုပ်နိုင်ပါစေ ....း))

emayarKhin said...

စိတ်လေပါ့
ကို Safety ရေလို့
အော်သွားတယ်..နှင်းရေ..
ဖုန်းဆက်လိုက်မယ်..

မြစ်ကျိုးအင်း said...

သံယောဇဉ်တွေအားလုံး ပြန်စစ်ဆေးရတော့မယ်ထင်တယ်။
စာရေးသွားတာလေးများ တစစနဲ့ ပြောချင်တဲ့ဆီ ဆွဲခေါ်သွားတာ မသိလိုက်ရ သလိုလို....။

စာကောင်းလေးတွေ ထပ်မျှော်နေပါတယ်ဗျာ

desertraindrops said...

:)) ဆရာဝန်အနားခေါ်ထားတယ်ဆိုပြီး ဟင်းဟင်းနော်.safety first တဲ့

ahphyulay said...

ရေးပဲ ရေးနိုင်လွန်းတယ်ဗျာ..၊ အရှည်ကြီးတွေကို ။
နာလိုဘူးဗျာ။ရေးနိုင်လွန်းလို့ လေ။
နောက်တစ်ခုက ကျွန်တော့် လိုပဲ သံယောဇဉ် ကို အမျိုးမျိုး
ဖွဲ့ နေတော့ တာကို ။
ဒါပေမဲ့  အားပေးနေမယ်ဗျို့ ...။
ကျွန်တော်က အတွေးနှေး အရေးနှေး အထနှေး လွန်းတတ်
တော့  မရောက်ဖြစ်ဘူးဗျာ။ လာအော်မှ ဓါတ်လိုက် လိုက်သလို
လန့် ပြီး ထ အော် တတ်တော့ တာလေ..။

ကိုရင်နော်ခင်လေးငယ် said...

ဖတ်လို့သိပ်ကောင်းပါတယ် အစ်မရေ..
တလိမ့်ချင်း တလိမ့်ချင်း စိတ်ဝင်စားအောင် ဆွဲရေးလာတာလေး နှစ်သက်မိတယ်..

ကျန်တဲ့ ပိုစ့်တွေကိုလည်း ဆက်ဖတ်ပါဦးမယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်ခင်လေးငယ်

My Blog List