လူနဲ့မူ

“Try to learn rules, then you know how to break them properly…..” ဆိုတဲ့အဆိုလေးကို သဘောကျမိပေမယ့် အချို့ အချို့သော စည်းကမ်းတွေ ဥပဒေတွေဟာ သိထားရုံ ကျွမ်းကျင်ထားရုံနဲ့ အဲဒီစည်းကမ်းတွေ ဥပဒေတွေကို လက်တလုံးခြား ချိုးဖောက်နိုင်ဖို့ မလွယ်လှပါ။

အထူးသဖြင့် စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ထားတဲ့သူတွေဟာ စည်းကမ်းချိုးဖောက်သူတွေ မဖြစ်သင့်ပါ။ ကိုယ်တိုင်က စံပြရှေ့ဆောင်အဖြစ်လိုက်နာကျင့်သုံးမှ အခြားသူတွေလဲ တိတိကျကျ လိုက်နာမှာ သေချာလှပါသည်။

(၁)
ဂျူတီပြီးချိန်မှာ ဖယ်ရီဂိတ်ကိုသွားဖို့အတွက် လေယာဉ်ကွင်းထဲမှာပြေးနေတဲ့ ကားလေးတွေကို လမ်းကြုံစီးဖို့ စောင့်နေဆဲမှာပဲ လေယာဉ်မယ်သုံးယောက် ကျွန်မတို့ ရပ်နေတဲ့ အနားကိုရောက်လာခဲ့ပါသည်။ သူတို့တာဝန်ကျတဲ့ လေယာဉ်ဆီကို သွားမယ်ဆိုတာ သိနေသလို မကြာခဏ ဆိုသလို မြင်နေတွေ့နေကျ မျက်နှာလေးတွေ ဖြစ်တာမို့ ကျွန်မတို့ကပဲ အရင်ဆုံးပြုံးပြလိုက်မိပါသည်။

သူတို့သုံးယောက် ကျွန်မတို့ကို ဖြတ်ကျော်သွားချိန်မှာတော့ လေယာဉ်မယ်တစ်ယောက် လက်ထဲမှာဆွဲလာတဲ့ ခရီးဆောင်အိတ်ငယ်တစ်လုံးနဲ့အတူ ကတ္တီပါ စောင်ခပ်ထူထူတစ်ထည်ထည့်ထားတဲ့ အိတ်ကြီးတစ်လုံးကိုတွေ့လိုက်ရပါသည်။
“အိုး ဂေါ့ အဲဒီစောင်တွေက လက်ဆွဲအိတ်အနေနဲ့ ဒီလေယာဉ်ပေါ်မှာ သယ်ခွင့်မပြုထားဘူးလေ … သူက ဘာလို့အဲလို သယ်သွားရတာလဲ “လို့ ခပ်တိုးတိုးရေရွတ်မိတော့ ကျွန်မဘေးနားမှာ ရပ်နေတဲ့ သူငယ်ချင်းမလေးက လေယာဉ်မယ်ကိုတစ်လှည့် သူ့လက်ထဲမှာ ဆွဲထားတဲ့ စောင်ထူထူထည့်ထားတဲ့ အိတ်ဖောင်းဖောင်းကြီးကို တလှည့်ကြည့်ပြီး နားမလည်နိုင်သလို ပြုံးလိုက်တာကို တွေ့လိုက်ရပါသည်။

"Rules maker should not be rules breaker" လေ လို့ ဆက်ပြီး လျှာရှည်မိတော့ ကျွန်မရဲ့ သူငယ်ချင်းတွေအားလုံး ဝါးကနဲ ပွဲကျသွားခဲ့ပါသည်။
ကျွန်မတို့ကောင်တာတွေဆီကို ရောက်လာသမျှ ခရီးသည်တွေကို သက်ဆိုင်ရာ လေကြောင်းလိုင်းတွေရဲ့ မတူညီကြတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အမြှုပ်ထွက်မတတ် ရှင်းပြနေရသူမို့ အဲဒီလေယာဉ်မယ်လေးတွေရဲ့ မိခင်လေကြောင်းလိုင်းက ဥပဒေတွေကို ကျွန်မတို့အားလုံး ကောင်းကောင်း နားလည်ခဲ့ပါသည်။

သက်ဆိုင်ရာ ခရီးသည်တွေကိုလဲ တတ်နိုင်သလောက် နားလည်အောင် ရှင်းပြဖြစ်ခဲ့ပါသည်။ ဒါပေမယ့် သူတို့လေကြောင်းလိုင်းက လေယာဉ်မယ်လေးတွေကတော့ သူတို့ချမှတ်ထားခဲ့တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သူတို့ကိုယ်တိုင် မေ့လျော့နေကြတာလား…. သိလျှက်နဲ့ မသိချင်ယောင်ဆောင်ပစ်ခဲ့ကြတာလား …..

သူတို့သယ်ခွင့်မရှိတဲ့ ပစ္စည်းကို သယ်လာတာကို စည်းကမ်းတွေကို နားလည်နေကြတဲ့ ကျွန်မတို့လို ဝန်ထမ်းတွေ တွေ့ကြသလို သူတို့ဖြတ်သန်းခဲ့ကြတဲ့ လုံခြုံရေးဂိတ်တွေက လုံခြုံရေး ဝန်ထမ်းတွေလဲ တွေ့ကြမှာသေချာလှပါသည်။

ဒီလေယာဉ်မယ်လေးကို ကျွန်မတို့ အံ့သြနေကြသလို ခရီးသည်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးတတ်တဲ့ လုံခြုံရေးဂိတ်က ဝန်ထမ်းတွေလဲ အံ့သြနေကြမှာ သေချာပါသည်။

ခရီးသည်တွေအတွက် သူတို့ချမှတ်ထားတဲ့ စည်းကမ်းတွေကို သူတို့ မသိကြဘူးဆိုတာကတော့ လုံးဝကို မဖြစ်နိုင်တာ သေချာလှပါသည်။

သိလျှက်နဲ့ လစ်လျူရှုပစ်ခဲ့ကြတယ်ဆိုရင်တော့ ဘေးလူတွေအမြင်မှာ တော်တော်လေးကို အရုပ်ဆိုး အကျည်းတန်တဲ့ စည်းကမ်းဖောက်ဖျက်မှုပဲဆိုတာ သူတို့သိခဲ့ကြရင်……..

(၂)
အလုပ်ရှုပ်လှတဲ့ မနက်ခင်းတစ်ခုမှာ ကျွန်မတာဝန်ကျတဲ့ ကောင်တာမှာ ခရီးသည်အချို့နဲ့ အလုပ်ရှုပ်နေတုန်းမှာပဲ ဘေးကပ်လျှက်မှာထိုင်နေခဲ့တဲ့ သူငယ်ချင်းမလေးရဲ့ ဒေါသသံအချို့ကို ကြားလိုက်ရပါသည်။ သူငယ်ချင်းမလေးက သူ့မရှေ့က ခရီးသည်တစ်ယောက်နဲ့ စကားအချေအတင်ပြောနေကြတယ်ဆိုတာ သေချာပါသည်။

"လေဆိပ်မှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းဖြစ်ပြီး ဒါလေးတောင်မသိဘူးလား…. ဒီစည်းကမ်းကို လေဆိပ်ဝန်ထမ်း တိုင်းသိတယ် … နားလည်တယ်… နင်လဲသိလျှက်သားနဲ့ ဘာလို့ အဲလို လုပ်ရတာလဲ” လို့ ဒေါသသံနဲ့ ပြောနေတဲ့သူငယ်ချင်းကို မရယ်မိအောင် ကြိုးစားလိုက်ပေမယ့် သူ့ရှေ့မှာ ရပ်နေခဲ့တဲ့ လေဆိပ်ဝန်ထမ်းဆိုတဲ့ ခရီးသည်ကိုတော့ အာဂ ဝန်ထမ်းဆိုပြီး တစ်ချက်စောင်းငဲ့ကြည့်လိုက်မိပါသည်။

ပြီးတော့ ကျွန်မတို့ ဝန်ထမ်းတွေ အလုပ်ရှုပ်နေချိန်မှာ ၃၅ ကီလိုရှိတဲ့ ခရီးဆောင်အိတ်တစ်လုံးကို လက်ခံပေးဖို့ အလိုက်မသိလွန်းစွာ တောင်းဆိုနေတဲ့ လေဆိပ်ဝန်ထမ်းဆိုသူကိုတော့ မဆီမဆိုင် ဒေါသထွက်မိပါသည်။

ခရီးဆောင်အိတ်တစ်လုံးရဲ့ အလေးချိန်ဟာ အများဆုံး ၃၂ ကီလိုထက်မပိုရဆိုတဲ့ ဥပဒေကို သူကိုယ်တိုင် သိနေနားလည်နေပေမယ့် သူကိုယ်တိုင်ပဲ မသိချင်ယောင်ဆောင်ပြီး ၃၅ ကီလိုတိတိ ထုပ်ပိုးလာခဲ့ပုံရပါသည်။

လေဆိပ်ဝန်ထမ်းတစ်ယောက်ဆိုပြီး အခွင့်ထူးခံစားချင်စိတ်နဲ့ သူများတွေကို လက်မခံနိုင်တဲ့ ခရီးဆောင်အိတ်ကို သူ့အတွက် လက်ခံပေးစေချင်ပုံရပါသည်။

ကိုယ်တော်ချောက နိုင်ငံတကာ လေဆိပ်ဥပဒေအရ ဘယ်သူမှ ခွင့်မပြုနိုင်တဲ့ အလေးချိန်အတွက် အချိန်ကုန်ခံ လေကုန်ခံပြီး ကျွန်မတို့ ဝန်ထမ်းတွေကို စိတ်ဒုက္ခပေးနေတာကိုတော့ စိတ်မရှည်ချင်ပါ။

အလုပ်သမားဥပဒေအရ ကုန်တင်ကုန်ချ အလုပ်သမားတွေရဲ့ ကျန်းမာရေးအတွက် ၃၂ ကီလိုထက်လေးလံတဲ့ ဝန်ထုတ်ဝန်ပိုးတွေကို သယ်မခွင့်မရှိဘူးဆိုတာကို သူနားမလည်နိုင်သည့်တိုင်အောင် သာမန် လေဆိပ်ဝန်ထမ်းတွေအားလုံး သိနေတဲ့ ဒီစည်းကမ်းလေးကိုတော့ သူကိုယ်တိုင် ခရီးသွားဖြစ်နေချိန်မှာ မမေ့မလျော့ လိုက်နာသင့်ပါသည်။

အဲဒီနေ့က သူရော ကျွန်မသူငယ်ချင်းပါ အချိန်ကုန် လေကုန် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ သူ့ရဲ့ ၃၅ ကီလို ခရီးဆောင်အိတ်ကို ၃၂ ကီလိုဖြစ်အောင် ပြန်လျှော့ချပြီးမှ သူ့လိုရာခရီးကို သူသွားခွင့်ရခဲ့ပါသည်။

လူတွေ ဘယ်လိုမှပြင်ယူလို့မရနိုင်တဲ့ စည်းမျဉ်း စည်းကမ်းတွေကို နားလည်နေပါလျှက်နဲ့ အချိန်ကုန် လေကုန်ခံပြီး ပြင်ဖို့ ကြိုးစားတတ်ကြတဲ့ ခပ်ကြောင်ကြောင် လူသားတွေကြောင့် အလုပ်ခွင်မှာ ကျွန်မတို့ မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ဘူးပါသည်။

(၃)
၁၂ နာရီနီးပါး ဆက်တိုက်အလုပ်လုပ်ပြီး ခေါင်းကိုက်စပြုနေတဲ့ ညသန်းခေါင်းယံအချိန်မှာ အသက် ၅၀ ပတ်ဝန်းကျင်လောက်ရှိမယ့် အမျိုးသားခရီးသည်တစ်ဦး ကျွန်မရှေ့ကို ရောက်လာခဲ့ပါသည်။ ဂျူတီပြီးဖို့ နာရီဝက်လောက်သာလိုတော့တာမို့ ကျောင်းဆင်းကာနီး ကလေးတစ်ယောက်လို ပျော်ရွှင်ပြီး သူ့ကို အချိုဆုံးဖြစ်အောင် ပြုံးပြနှုတ်ခွန်းဆက်လိုက်ပါသည်။

“ကျေးဇူးပြုပြီး လက်မှတ်နဲ့ ပတ်စ်စပို့လေးပေးပါ”လို့ တောင်းလိုက်ချိန်မှာတော့ ကောင်တာပေါ်ကို စိတ်မရှည်လက်မရှည် ပစ်တင်လာတဲ့ ပတ်စ်ပို့စာအုပ်တစ်အုပ်နဲ့အတူ Blackberry ဖုန်းတစ်လုံးကိုတွေ့လိုက်ရပါသည်။

သူ့ရဲ့ အပြုအမူတွေက လူကြီးလူကောင်းသိပ်မဆန်လှဘူးဆိုတာ သိပေမယ့် လူတိုင်းကို စိတ်ရှည်သည်းခံရမယ်ဆိုတဲ့ အသိနဲ့ သူ့ရဲ့ ရိုင်းပြမှုကို မသိချင်ယောင်ဆောင်နေလိုက်ပါသည်။

သူ့လက်ကိုင်ဖုန်းထဲမှာတွေ့ရတဲ့ ဘွတ်ကင်နံပါတ်တွေကိုရိုက်ထည့်ပြီး သူ့နာမည်ကို ကြိုးစားပြီးရှာဖွေနေဆဲမှာပဲ “ ငါက Frequent Flyer ခုံနံပါတ်တစ် စင်္ကြန်လျှောက်လမ်းကို လိုချင်တယ်”လို့ အမိန့်ပေးတဲ့ လေသံနဲ့ ခပ်မာမာပြောလာတာမို့ ဒေါသကို ခေတ္တမျိုသိပ်ပြီး ပြုံးနေမိပေမယ့် “ဒီလေယာဉ်က နင့်ကိုယ်ပိုင်လေယာဉ်မဟုတ်ဘူး နင်လိုသမျှ ရမယ်မထင်နဲ့ ”လို့ စိတ်ထဲမှာကျိတ်ပြီး ပြန်ပြောလိုက်မိပါသည်။

ဒါပေမယ့် “ဒီခုံတွေကို နင်တို့ Block လုပ်ထားတယ်ဆိုတာသိတယ် ငါ့ကို ရှည်ရှည်ဝေးဝေး မရှင်းပြနဲ့ ရအောင် Release လုပ်ပေးပါ “ လို့ ဆရာလုပ်တဲ့ လေသံနဲ့ သူဆက်ပြောလာတဲ့ အချိန်မှာတော့ “ဒီလေယာဉ်က ငါ့လေယာဉ်ဆိုရင်တော့ နင့်ကို ကက်ပတိန်နဲ့အတူတူ ခေါင်းခန်းထဲမှာ ပေးထိုင်ပါတယ် အခုတော့ ငါ ကြိုးစားကြည့်ပါရစေ “ လို့ ခပ်ရွတ်ရွတ် ပြန်ပြောလိုက်မိပါသည်။

သူပဲ ကံဆိုးသလား ကျွန်မပဲ ကံမကောင်းတာလားမသိပါ သူတောင်းတဲ့ နေရာကို ဘယ်လိုမှ ကြိုးစား ပေးလို့မရခဲ့ပါ။ ဆရာကြီးလေသံနဲ့ လူတတ်ကြီးလုပ်နေသူမို့ ဒီထိုင်ခုံမရနိုင်တဲ့ အကြောင်းကို နိုးတစ်လုံးတည်းနဲ့ ပြောလို့မရဘူးဆိုတာကို သိနေတာမို့ သူ့ကိုတော့ ရှည်ရှည်ဝေးဝေးရှင်းပြဖို့ သေချာတဲ့ သတင်းအချက်အလက်တွေကို ရှာဖွေရင်း Seating plan ကိုလဲ ဖွင့်ထားလိုက်ပါသည်။

“ဒီနေ့ခရီးစဉ်မှာ ခရီးသည် အများကြီးမရှိဘူး သုံးပုံတစ်ပုံ လောက်ပဲရှိတာမို့ လေယာဉ်ရဲ့ အလေးချိန် ညှိလို့ရအောင် အရှေ့ပိုင်းက ခုံတွေနဲ့ အနောက်ပိုင်းက ခုံတွေတော်တော်များများကို Block လုပ်ထားရတယ်။ အခုငါပေးထားတဲ့နေရာက နင့်ရှေ့မှာ ဘယ်သူမှမရှိဘူး ဒါပေမယ့် ခုံနံပါတ် ၈ ဒီထက်ပိုပြီး ငါကြိုးစားလို့မရနိုင်တော့ဘူး” လို့ပြောရင်း သူ့ရဲ့ ပတ်စပို့စာအုပ်နဲ့အတူ boarding Pass ကိုပါ ကမ်းပေးလိုက်မိပါသည်။

ကျွန်မကမ်းပေးတဲ့ ပတ်စပို့စ်စာအုပ်ကို ပြန်မယူပဲ “ ခုံနံပါတ် တစ်မှမရရင် ငါမသွားဘူး နင့်ထက်ရာထူးကြီးတဲ့သူခေါ်ပေးလို့” ပြောလာတာမို့ မျက်နှာ ချင်းဆိုင်မှာရှိတဲ့ မန်နေဂျာရုံးခန်းကို လက်ညှိုးထိုးပြလိုက်ပါသည်။

“မန်နေဂျာကတော့ နင့်ဆီလာမှာ မဟုတ်ဘူး နင်လိုချင်တာရှိရင် နင်ပဲသွားရမှာ အဲဒီရှေ့တည့်တည့်က ရုံးခန်းက မန်နေဂျာရုံးခန်း … အဲဒီကနေ ဆက်သွားပြီး ဘယ်ဘက်ချိုးလိုက်ရင် နင်သွားမယ့် လေကြောင်းလိုင်းရဲ့ ရုံးခန်းကိုရောက်လိမ့်မယ် …. ကြိုက်တဲ့ရုံးခန်းသွားပြီး နင်လိုချင်တဲ့ နေရာကိုတောင်း သူတို့ခွင့်ပြုတယ်ဆိုရင် ခွင့်ပြုတဲ့သူကို ငါ့ဆီဖုန်းဆက်ခိုင်းလိုက် ငါ့နာမည်နဲ့ ကောင်တာနံပါတ်ပါမှတ်သွားနော် နင်ကို မကူညီနိုင်လို့ စိတ်မကောင်းပါဘူး…..” လို့ အချိုသာဆုံးလေသံနဲ့ ရှင်းပြပြီး အလှဆုံးပြုံးပြလိုက်ပါသည်။

ဒီလေယာဉ်ကို တစ်ပတ်တခါစီးနေသူလား တစ်လ တစ်ခါစီးနေသူလားတော့ ကျွန်မမသိပါ။ သူပြောသလို Frequent flyer ဆိုရင်တော့ ဒီခရီးစဉ်တွေ ဒီလေယာဉ်တွေနဲ့ သူအတော်ရင်းနှီးနေမှာသေချာပါသည်။ ပြီးတော့ Frequent Flyer ဆိုတဲ့ ကဒ်ပြားတစ်ခုကို ကိုင်ထားသူက သူရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကို သေသေချာချာ သိထားသင့်သလို သူရသင့်တာတွေထက်ပိုပြီးတော့လဲ မတောင်းဆိုသင့်ဘူးဆိုတာကို နားလည်ထားသင့်ပါသည်။

တစ်ခါတစ်ရံရခဲ့ဘူးတဲ့ အခွင့်ထူးတစ်ရပ်ကို အမြဲတမ်းခံစားရမယ်လို့ ပုံသေတော့ တွက်မထားသင့်ပါ။
ခရီးသွားတွေနဲ့ လေယာဉ်တစ်စီးရဲ့ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်ရင်လိုအပ်သလို ချမှတ်ထားတဲ့ စည်းကမ်းတွေအကြောင်းကို မဟာပညာကျော်ဖြစ်တဲ့ ခရီးသည်က အနည်းအကျဉ်းတော့ သိထားမှာတော့သေချာပါသည်။

မန်နေဂျာရုံးခန်းဆီသွားပြီး သူလိုချင်တဲ့ ထိုင်ခုံသွားတောင်းတဲ့ ခရီးသည်က ကျွန်မကောင်တာပိတ်တဲ့အချိန်အထိ ပြန်ရောက်မလာတာမို့ သူသိထားခဲ့တဲ့ အခွင့်အရေးတွေထက် ပိုတဲ့ ဗဟုသုတနဲ့ အတွေ့အကြုံသစ်တစ်ခုကို တစ်ယောက်ယောက်ဆီကနေ ထပ်မံလေ့လာသိရှိသွားခဲ့ပြီလို့ ကျွန်မ ယုံကြည်လိုက်မိပါသည်။

(၄)
ရှားရှားပါးပါးလုပ်ခွင့်ရတဲ့ ချာတာခရီးစဉ်တစ်ခုအတွက် တာဝန်ကျတဲ့ ကောင်တာမှာထိုင်ပြီး ကျွန်မနဲ့ လုံးဝမရင်းနှီးတဲ့ ခရီးစဉ်တစ်ခုကို Check – In လုပ်ပေးရတဲ့ နေ့တစ်နေ့မှာ ထူးထူးဆန်းဆန်း အဖြစ်အပျက်တစ်ခုကို ကြုံတွေ့လိုက်ရပါသည်။

လေယာဉ်ခရီးစဉ်က ရုရှားပြည်ထောင်စုထဲက ကျွန်မလုံးဝမကြားဖူးခဲ့တဲ့ မြို့နှစ်မြို့ကိုသွားမယ့်ခရီစဉ်လေးဖြစ်ပါသည်။

ခရီးသည်အားလုံးက ရုရှားဘာသာစကားပြောမယ့်ခရီးသည်တွေ ဆိုတာ သေချာပါသည်။ လေယာဉ်ဆိုက်ရောက်မယ့် မြို့နှစ်မြို့ရဲ့နာမည်ကလဲ ရုရှားအသံနဲ့ခက်ခက်ခဲခဲ ထွက်ရတဲ့ ရှည်ရှည်ဝေးဝေး မြို့နာမည်တွေ ဖြစ်နေပါသည်။ တာဝန်ကျတဲ့ သူငယ်ချင်းမလေးနှစ်ယောက်နဲ့ အတူကြိုးစားပြီး အသံထွက်ကြည့်ပေမယ့် ကျွန်မတို့အတွက် အသံထွက်ဖို့ တော်တော်ခက်ခဲနေခဲ့ပါသည်။

ခရီးသည်တွေကိုကြိုးစားပြီး မေးကြည့်ပေမယ့် သူတို့ကိုယ်တိုင်က ဘယ်သွားမှာလဲ ဆိုတဲ့ ရိုးစင်းလှတဲ့ မေးခွန်းတစ်ခုကိုတောင် မဖြေနိုင်ကြတာမို့ လက်မှတ်ထဲမှာပါတဲ့ မြို့တွေကိုပဲ မမှားမယွင်းရအောင် ကြိုးစားပြီး Check- In လုပ်ပေးဖြစ်ခဲ့ပါသည်။

အင်္ဂလိပ်စကားရေရေလည်လည်ပြောတတ်မယ့် ခရီးသည်တစ်ယောက်ယောက်ကိုမေးရင်တော့ အသံထွက်အမှန်ကိုသိရမှာသေချာတာမို့ အဲဒီနေ့မှာ အင်္ဂလိပ်စကားပြောမယ့်ခရီးသည်တစ်ယောက်ကို ကျွန်မတို့ စောင့်နေခဲ့မိပါသည်။

ကံဆိုးလှစွာနဲ့ပဲ ခရီးသည် ၁၀၀ ကျော်လောက် ကုန်သွားတဲ့အထိ ကျွန်မတို့တွေ့ချင်တဲ့ အင်္ဂလိပ်စကားပြောခရီးသည်ကို မတွေ့ခဲ့ရပါ။ ကောင်တာပိတ်ကာနီး နာရီဝက်လောက်အလိုမှာတော့ အင်္ဂလိပ်လို ချိုချိုသာသာ နှုတ်ခွန်းဆက်လာတဲ့ ရုရှားသူ ချောချောလေးတစ်ယောက် ကျွန်မရှေ့ကိုရောက်လာခဲ့ပါသည်။

သူမရဲ့ အင်္ဂလိပ်စကားသံ ခပ်ဝဲဝဲကိုကြားရချိန်မှာတော့ ဝမ်းသာအားရနဲ့ ဘယ်သွားမှာလဲလို့ မေးလိုက်မိပါသည်။ သူမရဲ့ ခပ်ဝဲဝဲ အသံထွက်အောက်မှာ ကျွန်မတို့သိချင်နေတဲ့ မြို့နာမည်တစ်ခုကို တိတိကျကျ သိလိုက်ရပေမယ့် ခရီးသွားမယ့် သူမဆီမှာ လေယာဉ်လက်မှတ်ပါမလာခဲ့ပါ။

လေယာဉ်လက်မှတ်ကို တောင်းချိန်မှာတော့ ပတ်စ်ပို့စာအုပ်တစ်အုပ်ကို ထိုးပေးပြီး E-ticket E-ticket ဆိုပြီး အဆက်မပြတ်ရေရွတ်နေခဲ့ပါသည်။

သူမပေးတဲ့ ပတ်စပို့စ်ထဲကနာမည်နဲ့အတူ ခရီးသည်ဘွတ်ကင်ထဲမှာ ရှာကြည့်တော့လဲ သူမနာမည်ကိုမတွေ့ရပါ။ E-ticket E-ticket လို့ ကြက်တူရွေးတစ်ကောင်လို ရွတ်နေတဲ့ သူမကို “ E-ticket ဆိုရင်တောင် လက်မှတ် နံပါတ် လိုတယ် ဘွတ်ကင်ကုဒ်ရမှဖြစ်မယ် ဒီမှာတော့ နင့် နာမည်မတွေ့သေးဘူး”လို့ ရှင်းပြတော့လဲ “ ငါဝယ်လာတာ E-ticket လက်မှတ်မလိုဘူးလေ... လာတုန်းကလဲ ဒီလိုပဲလာတာလေ ဘွတ်ကင်ကုဒ်က ငါ့ကွန်ပြူတာထဲက အီးမေးလ်ထဲမှာ ကျန်ခဲ့တယ် “လို့ ပြန်ပြောလာပါသည်။

“အိုကေ ဘာပဲဖြစ်ဖြစ် အဲဒီဘွတ်ကင်ကုဒ်ကိုရရင် ငါကူညီလို့ရတယ် နင်ကွန်ပြူတာသုံးချင်ရင် မေးလ်စစ်ချင်ရင် သုံးလို့ရတဲ့နေရာရှိတယ် အမြန်သွားစစ်ပြီး ပြန်လာခဲ့ “ လို့ပြောတော့လဲ ဘယ်မှမသွားပဲ ကျွန်မကောင်တာဘေးနားမှာ တောက်တဲ့တစ်ကောင်လို တွယ်ကပ်နေခဲ့ပါသည်။

နောက် ၁၅ မိနစ်လောက်ကြာတဲ့ အထိ သူမကို ကောင်တာနားမှာ တွေ့နေတာမို့ “ဟေး နင်နောက်ကျနေပီ ငါတို့ ကောင်တာပိတ်တော့မယ် မေးလ်မြန်မြန်သွားစစ်လေ”လို့ သတိပေးတော့ “မေးလ်က ငါ့မေးလ်မဟုတ်ဘူး ငါ့ညီမလေးရဲ့မေးလ်ထဲမှာ ညီမလေးက ရုရှားမှာ… ဖုန်းဆက်ဖို့ ငါ့မှာ ဖုန်းမပါလာဘူး” လို့ ထပ်ပြောပြန်ပါသည်။
သူမကို နားမလည်နိုင်စွာနဲ့ ငေးကြည့်နေဆဲမှာပဲ လေကြောင်းလိုင်းရဲ့ တာဝန်ခံ ဝန်ထမ်းကောင်လေးတစ်ယောက် ရောက်လာတာမို့ သူမရဲ့ ပြဿနာကိုရှင်းပြမိပါသည်။

ဒီခရီးစဉ်ရဲ့ ဘွတ်ကင်စာရင်းထဲမှာ သူမနာမည်မရှိ … သူမရဲ့ လက်ထဲမှာ လေယာဉ်လက်မှတ်မရှိ ဘွတ်ကင်ကုဒ်မရှိ… ဒီခရီးစဉ်အတွက် လက်မှတ်ဝယ်ထားပါတယ်ဆိုတဲ့ သက်သေအထောက်အထား လုံးဝ မပြနိုင်တာမို့ သေချာတာကတော့ သူမကို ဒီခရီးစဉ်အတွက် လုံးဝ လက်ခံလို့မရဘူးဆိုတာ လေယာဉ်ဝန်ထမ်းရော ကျွန်မတို့ပါ အားလုံးနားလည်ကြပါသည်။

ခရီးသည်မမကတော့ ကျွန်မကို နားပူနားဆာလုပ်နေရာကနေ နတ်သိကြားမသလို ရောက်လာတဲ့ လေယာဉ်ဝန်ထမ်းဆီကို အပြေးသွားပြီး သူမရဲ့ E-ticket ပုံပြင်ကို မနားတမ်းဆက်ပြောနေခဲ့ပါသည်။

ကျွန်မ မကူညီနိုင်သလို သူမကူညီနိုင်ကြောင်းရှင်းပြနေတာကို ကြားမိပေမယ့် နာက်ထပ်ခရီးသည်တွေ ရောက်လာတာမို့ မိနစ်အနည်းငယ်အတွင်း သူမကို ကျွန်မ မေ့လျော့သွားခဲ့မိပါသည်။

နောက်ဆုံးခရီးသည်ကိုလက်ခံပြီး ကောင်တာပိတ်ကာနီးအချိန်မှာတော့ လေယာဉ်ဝန်ထမ်းကိုယ်တော်ချောက ကျွန်မဆီကိုရောက်လာပြီး လက်မှတ်မရှိ ဘွတ်ကင်မရှိတဲ့ သူမကို ဒီခရီးစဉ်အတွက် လက်ခံပေးဖို့ ပြောလာတာမို့ သူ့ကို နားမလည်နိုင်ခြင်းများစွာနဲ့ မျက်လုံးပြူးပြီး ကြည့်လိုက်မိပါသည်။

သူ့ဆုံးဖြတ်ချက်နဲ့ ခရီးသည်တွေကို လက်ခံလို့ရတယ်ဆိုပေမယ့် စည်းကမ်းဘောင်တွေထဲကသာ လက်ခံရမယ်ဆိုတာ ကျွန်မတို့အားလုံး နားလည်ထားခဲ့ကြတာမို့ ကျွန်မရဲ့ အကြည့်တွေကို သူနားလည်ပုံရပါသည်။ ချက်ချင်းပဲ ကျွန်မကို မျက်လုံးလွဲသွားခဲ့ပါသည်။

သူတို့လေယာဉ်သူတို့ပိုင်တာပဲ သူတို့ချထားတဲ့ စည်းကမ်းတွေကို ကျွန်မတို့ ချိုးဖောက်လို့မရပေမယ့် သူတို့ဖောက်ချင်ရင်တော့ ရတာပဲလေ ကျွန်မ အပြစ်မရှိအောင် လုပ်ပေးရုံကလွဲလို့ဘာမှမတတ်နိုင်ဘူး ဆိုတဲ့ အတွေးနဲ့ ခရီးသည်ရဲ့ မှတ်တမ်းထဲမှာ လက်မှတ်မဲ့ ဘွတ်ကင်မဲ့ ဆိုတဲ့ မှတ်ချက်နဲ့အတူ သူမကို ခရီးသွားခွင့်ပြုခဲ့တဲ့ ကိုရွှေချောရဲ့ နာမည်ကိုပါ ရိုက်ထည့်လိုက်ပါသည်။

သူတို့စည်းကမ်းမဲ့မှုထဲမှာ ကျွန်မ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေရင်ပဲ ကျွန်မ လိပ်ပြာသန့်နေမှာ သေချာပါသည်။
သူမကို လက်ခံပေးပြီးချိန် မှာတော့ နောက်ဆုံးမှာ အလောတကြီး အပြေးအလွား ရောက်လာတဲ့ ခရီးသည်တစ်ယောက်ကို လက်ခံပြီး သူ့ရဲ့ ပေါင်ပိုပစ္စည်းတွေ အတွက် ဖြတ်ပိုင်းရေးပေးနေဆဲမှာပဲ ကိုရွှေချောက ကျွန်မရဲ့ နောက်မှာရပ်ပြီး ကျွန်မကို ဆရာလုပ်လာပါသည်။

“ဟေး သူပိုနေတာက ၅၂ ကီလိုလေ ဘာဖြစ်လို့ ကီလို ၅၀ ပဲ ရေးနေတာလဲ” လို့ပြောလာတဲ့ သူ့မျက်လုံးတွေထဲကို သေသေချာချာ ကြည့်လိုက်ပါသည်။

“နင်တောင် လူတစ်ယောက်လုံးကို လေယာဉ်ပေါ် အလကားတင်ပေးခဲ့သေးတာပဲ ငါ ၂ ကီလိုလောက်လေး လျှော့ပေးလိုက်ရုံနဲ့ နင်တို့အဲလိုင်း မမွဲလောက်ပါဘူးနော်… ငါလျှော့ပေးလိုက်တဲ့ ၂ ကီလိုကလဲ ငါ့ရဲ့ စည်းကမ်းဘောင်ထဲက တရားဝင် လုပ်ပေးလို့ရတဲ့ လုပ်ပိုင်ခွင့်ထဲကနော် …..” လို့ ခပ်ပြတ်ပြတ်ပြောပြီး ဒုတိယအကြိမ်အဖြစ် သူ့မျက်လုံးတွေထဲကို သေသေချာချာ ကြည့်လိုက်မိပါသည်။

စည်းကမ်းဘောင်ထဲက လုပ်ပိုင်ခွင့်တွေကို သူသေသေချာချာ နားလည်ခဲ့တာ သေချာပါသည်။ ကျွန်မ လဲ သူနားလည်သလို နားလည်နေခဲ့တာကို သူသိနေတာလဲ သေချာပါသည်။

သူ့ကို အပြစ်မမြင်မိအောင် စည်းကမ်းဖောက်သူအဖြစ် ယုံကြည်မှု မလျော့မိအောင် ကြိုးစားရင်း ဒုတိယအကြိမ် ထပ်ကြည့်မိလိုက်ချိန်မှာတော့ သူ့မျက်ဝန်းတွေထဲမှာ ကျွန်မတစ်ယောက်တည်းသာ နားလည်နိုင်ခဲ့တဲ့ အရိပ်တစ်ခုကို တွေ့လိုက်ရတာမို့….

လူတွေ ချမှတ်ထားတဲ့မူတွေကို နည်းမျိုးစုံနဲ့ ဖောက်ဖျက်ဖို့ လူတွေပဲ ကြိုးစားကြပါသည်။ တစ်ခါတစ်ရံမှာ သူတို့ရဲ့ နာမည်ကိုသုံးကြပါသည်။ တစ်ခါတစ်ရံမှာတော့ သူတို့ရဲ့ ပါဝါကို သုံးကြပါသည်။ တစ်ခါတစ်ရံမှာတော့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သုံးကြပါသည်။

ချမှတ်ထားတဲ့ မူတွေကိုကျော်လွားနိုင်တဲ့အစွမ်းရှိသူတွေကတော့ သူတို့ကိုယ်သူတို့ ပါဝါရှိသူများအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ကြပါသည်။

ဒါပေမယ့် သူတို့စည်းကမ်းချိုးဖောက်တာကို မြင်တွေ့ခွင့်ရသူတွေအတွက်တော့ လူတွေဟာ မူတွေကို အရုပ်ဆိုး အကျည်းတန်သွားအောင် အရောင်ဆိုးပစ်တတ်ကြတယ် ဆိုတဲ့ အတွေးတွေ တွေးမိကြမယ်ဆိုတာ သိကြမယ်ဆိုရင်တော့.....

11 comments:

ကိုဇော် said...

နည်းနည်းတော့ သွေးတိုးစမ်းရာကနေ စလာခဲ့ကြတာပါပဲ။
ရမလားလို့ပါ...ဆိုတာက စတယ်။
ရတယ် ဆိုတော့ နောက်တစ်ခါ ရမလားပေါ့။
နောက်တစ်ခါ ရတော့လည်း Next ...
Next...
Next...
Next...

အင်း...ပြောရကြေး ဆိုရင်...
မူ ဆိုတာထက် “ စည်းကမ်း ” လို့ပဲ ပြောင်းသုံးချင်တယ်။

ရွှေရတုမှတ်တမ်း said...

အဟင်း..E ticket နဲ့လာဦးမှပဲ...
ဟယ်..မဖြစ်သေးပါဘူး ဝန်ထမ်းယောင်္ကျားကြီးနဲ့ဆို..
ဒွတ်ခ....

သိင်္ဂါကျော် said...

လိုက်နာရမယ်မှန်း သိနေရဲ့နဲ့ လူတိုင်း လိုက်နာလိုက်ရင် ဘာပြဿနာမှ တက်စရာမလို.. မလိုအပ်ပဲ အချိန်လည်း ကုန်စရာ မလိုဘူးပေါ့နော်..
ဒါပေမယ့်လည်း..

သဒ္ဓါလှိုင်း said...

လူကိုခင်ရင်မူကိုပြင်တယ်တဲ့..ကြားဖူးတာပဲ.း)
ကိုယ်ချမှတ်ထားတဲ့မူကိုကိုယ်ကိုယ်တိုင်မလိုက်နာ
ရင်တော့စည်းကမ်းရှိတဲ့လုမဟုတ်တော့ဘူးပေါ့..
ဒါပေမဲ့လည်း.....တွေ့နေရတယ်
ခင်တဲ့
သဒ္ဓါ

မိုးယံ said...

ဟွန် ကမ္ဘာပေါ်က လူတွေတော်တော်များများ နာ့လို ငါပဲလား

နာလည်း စည်းကမ်းတွေ နာ့ဘာသာထုတ်တယ်။ အဲ ... တစ်ခါတစ်လေလဲ နာ့ဘာသာ ပဲ ဖေါက်ဖျက်ပါတယ်။ ဆေးလိပ်တို့ .. အိပ်ချိန်တို့ပေါ့ ဟဲဟဲ

ငြိမ်းချမ်းပါစေ
မိုးယံ

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတော်တော်များများဟာ အခွင့်အရေးရရင် လိုချင်ကြတာများတယ်..
ကိုယ်တိုင်လည်း ပါနေမလား မပြောတတ်ဘူး
သူများ မရတဲ့ အခွင့်အရေး ရလိုက်ရင် လူ့စိတ်ကိုက ပျော်သွား၊ ဂုဏ်ယူသွားကြတယ်..
နေရာတော်တော်များများမှာလည်း တွေ့ရတယ်..
တားမြစ်ထားတဲ့ နေရာတွေကို ယူနီဖောင်းလေးဝတ်ပြီး ကျော်ဖြတ်လိုက်ရင် အားလုံးအိုခေ။

blackroze said...

ကျမကြားဖူးတာလေးကတော့
လူကိုခင်ရင်မူကိုပြင်တယ်..တဲ့
လူကိုမုန်းတော့မူကိုသုံးတယ်..တဲ့လေ...
ကျမတို့အလုပ်မှာလဲအဲလိုဘဲအမရေ...
သူတို့ပြင်ချင်တာဆိုရင်..ချက်ချင်းဘဲ10မိနစ်အတွင်း
ချက်ချင်းဘဲပြောင်းသွာတာပါ..
သတ်မှတ်ထားတဲ့စည်းကမ်းတခုကိုပြင်ဖို့ဆိုတာ
ခဏလေးနဲ့ပြီးသွားတာပါ(သူတို့အတွက်ပေါ့)
ကျမတို့လို့ဝန်ထမ်းတွေကတခုခုမှားခဲ့ရင်တော့
စည်းကမ်းဆိုတဲ့ခါင်းစဉ်အောက်မှာအလူးအလဲပါဘဲ

အမ်တီအန် said...

လူကိုလိုက်ပြီး မူတွေပြောင်းနေတာက
နေရာတိုင်းမှာ ရှိနေတာပဲ နှင်းရေ...။
သာတူညီမျှ ဆိုတာသာရှိရင်..
အခွင့်ရေးသမားတွေ.. အချောင်သမားတွေ နည်းသွားမယ်ထင်တယ်။
သြဇာ၊မာလကာတွေကို မလိုအပ်ပဲ ထုတ်ထုတ်သုံးနေကြပြန်တော့ တစ်ခါတစ်ခါ ရယ်စရာကြီးကို ဖြစ်လို့။

ခင်မင်စွာ..
မြသွေးနီ

သူကြီးမင်း (တုံးဖလား) said...

စည်းကမ်းဥပဒေမဲ့တတ်တဲ့သူတွေကတော့ စည်းကမ်းဖောက်လိုက်ရတာကိုတောင် ဂုဏ်ပုဒ်ကြီးတစ်ခုလို့ မြင်တတ်ကြတယ်လေ။
ယူတတ်ရင်တော့ သင်ခန်းစာချည်းပါဘဲ။ အတော်ဆိုးတဲ့ လူတွေ။


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

~ဏီလင်းညို~ said...

မနှင်းတို့ ကြုံရတာတွေလည်း စုံနေမှာပဲနော်.....။
အတွေ့အကြုံနဲ့ ဗဟုသုတရမှာပဲဗျာ......။
ဖတ်ကောင်းကောင်းနဲ့ ဖတ်နေတာ ဆုံးလို့ ဆုံးသွားမှန်းတောင်မသိလိုက်ဘူး.......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

Anonymous said...

အမရယ်ကောင်းလိုက်တာ...ဖတ်လို့ အရမ်းကောင်းတာပဲ...အမတို့ တွေလည်းတော်တော်စိတ်ရှုတ်ရတာပဲနော်

My Blog List