စောင့်မျှော်နေသူများရဲ့ ညနေခင်း

မိန်းကလေးဆိုတာ ကမ္ဘာဦးအစတည်းက စောင့်မျှော်ဖို့ လူဖြစ်လာခဲ့တယ်ဆိုတာ သူငယ်ချင်းများနှင့် စကားစမြည်ပြောဖြစ်ခဲ့သော ညနေခင်းလေးတစ်ခုက ကျွန်မကို ပြောပြခဲ့ပါသည်။
အဲဒီညနေခင်းလေးမှာ ရှားရှားပါးပါးတွေ့ရခဲလှတဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းငါးယောက် ဖယ်ရီကားဂိတ်မှာ တိုက်ဆိုင်စွာ ဆုံမိကြခဲ့ကြပါသည်။ ဂျူတီချိန်တွေ မတူသလို လုပ်နေရတဲ့ နေရာ ဌာနခွဲတွေလဲ မတူတာမို့ ကျွန်မတို့အားလုံး အေးအေးဆေးဆေး မတွေ့ဖြစ်ကြပေမယ့် လမ်းမှာ ဆုံတဲ့အချိန်တိုင်း အနမ်းဖွဖွလေးတွေ ပေးပြီး ဝမ်းသာအားရ နှုတ်ဆက်ဖြစ်ကြပါသည်။
အလုပ်ထဲမှာ တွေ့ဖြစ်တဲ့အချိန်တိုင်းမှာ တာဝန်ကိုယ်စီနဲ့မို့ ဟိုင်း လုပ်မိရုံ စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောမိရုံ နှုတ်ဆက်ဖြစ်ကြပေမယ့် ဂျူတီတွေ ပြီးဆုံးလို့ ဖယ်ရီဂိတ်မှာ တွေ့ဖြစ်ချိန်မှာတော့ စကားလက်ဆုံ ပြောမကုန်အောင် ဖြစ်နေခဲ့ပါသည်။
ခါတိုင်းရက်တွေမှာ ဖယ်ရီဂိတ်ရောက်တိုင်း ကိုယ်စီးရမယ့် ကားကိုရှာဖွေပြီး အေးအေးဆေးဆေး သီချင်းနားထောင်ရင်း ဖယ်ရီထွက်ချိန်တွေကို တစ်ယောက်တည်း သီးသီးသန့်သန့်စောင့်နေတတ်တဲ့ ကျွန်မကိုတော့ သူငယ်ချင်းမလေးမိုင်ရာက လက်ကိုမလွှတ်တမ်းဆွဲပြီး စကားဝိုင်းထဲကို ဆွဲခေါ်ခဲ့ပါသည်။
အဲဒီညနေမှာတော့ ကျွန်မတို့မိန်းကလေး ငါးယောက်လုံး တိုင်ပင်ထားသလို လေယာဉ်ပါကင်တွေမှာ ဆိုက်ကပ်ထားတဲ့ လေယာဉ်တွေကို မျက်နှာမူပြီး ဖယ်ရီကားဝင်းအကျယ်ကြီးရဲ့ တဘက်ခြမ်းမှာရှိသော ပလက်ဖောင်းပေါ်မှာ တစ်ရှုးစများဖြန့်ခင်းပြီး အားရပါးရ ထိုင်ကာ စကားတွေ ပြောဖြစ်ခဲ့ကြပါသည်။
ကျွန်မတို့ ငါးယောက်လုံးအုပ်စုထဲတွင် လေးယောက်မှာ အာရှတိုက် နိုင်ငံအသီးသီးမှဖြစ်ကြပြီး ကျန်တစ်ယောက်ကတော့ ဥရောပနှင့် အာရှကြားရှိ ကျွန်းနိုင်ငံလေး တစ်ခုမှ ဖြစ်ပါသည်။
ကျွန်မတို့ထိုင်မိတဲ့ ပလက်ဖောင်းတွေနှင့် မလှမ်းမကမ်းမှာတော့ ပါကင်အသီးသီးမှာ ရပ်နားထားတဲ့ လေယာဉ်အချို့ကို လှမ်းမြင်နေရပါသည်။ ကျွန်မတို့ရှေ့တည့်တည့်တွင် မြင်နေရသော ပါကင်က ပါကင် အမှတ် ၃ လား လေးလားဆိုတာကိုတော့ ကျွန်မ သဲသဲ ကွဲကွဲ ဖတ်လို့မရတာမို့ တိတိကျကျ မသိခဲ့ပါ ဒါပေမယ့် ပါကင်မှာ ရပ်ထားတဲ့ လေယာဉ် တစ်စီးကတော့ အာရှတိုက်နိုင်ငံတစ်ခုက ပြေးဆွဲနေသော လေကြောင်းလိုင်းတစ်ခုမှ လေယာဉ်တစ်စီးဖြစ်ပြီး ကျွန်မတို့နှင့် အတော်အတန်ရင်းနှီးနေသော လေယာဉ် တစ်စင်းလဲ ဖြစ်ပါသည်။
ဘာရယ်မဟုတ်ပဲ အဲဒီလေယာဉ်ကို ခပ်ကြာကြာလေး ငေးမောနေမိတာမို့ ကျွန်မစူးစူးစိုက်စိုက်ကြည့်နေခဲ့တာကို သတိထားမိတဲ့ သူငယ်ချင်းတွေက သူတို့ပြောနေတဲ့ လေကြောင်းလိုင်းတစ်ခုက ပြဿနာတွေကို ခဏမေ့လျော့ပြီး ကျွန်မလိုပဲ အဲဒီလေယာဉ်ကို လိုက်ကြည့်နေကြပါသည်။
အဲဒီအခိုက်အတန့်လေးက စလို့ ဟိုရောက်သည်ရောက် ရောက်တတ်ရာရာ ပြောနေကြတဲ့ ကျွန်မတို့ရဲ့ စကားဝိုင်းလေးက အခြားခေါင်းစဉ်တစ်ခုကို မရည်ရွယ်ပဲ ရောက်သွားခဲ့ပါသည်
ကျွန်မနဲ့ ညာဘက်ဘေးချင်းကပ်မှာ ထိုင်နေခဲ့တဲ့ သူငယ်ချင်းမလေး နီနာက လေယာဉ်ကိုကြည့်နေတဲ့ အကြည့်တွေကို ခပ်ဖြည်းဖြည်းလေးလွှဲရင်း
“အဲဒီလေယာဉ်တွေကို လာလဲ လာစေချင်တယ် …တခါတလေမှာ လာလဲ မလာစေချင်ဘူး…. သူတို့လာဖို့ မျှော်နေရတဲ့ ဒုက္ခတွေကို သူတို့မသိကြဘူး….တွေ့ရတဲ့ ရက်တွေထက် လွမ်းနေရတဲ့ ရက်တွေက မတန်တဆ များလွန်းတယ်….” လို့ ခပ်ဖွဖွလေး ညည်းသံနဲ့ ပြောလာခဲ့ပါသည်။
နီနာ ပြောချင်တဲ့ ဆိုလိုရင်းကို ကျွန်မတို့အားလုံး နားလည်လိုက်မိပါသည်။ အစပိုင်းတုန်းက ဘာရယ်မဟုတ် ငေးမိငေးရာ ငေးမိသော ကျွန်မရဲ့ မျက်လုံးတွေကို အပြစ်တင်ချင်စိတ်က ချက်ချင်းဝင်လာခဲ့ပါသည်။
တကယ်ဆို ဒီလေကြောင်းလိုင်းက လေယာဉ်တစ်စီး ဆိုက်ရောက်လာမယ့် အချိန်ကို နီနာတစ်ယောက် မျှော်လင့်ချက်များစွာနဲ့ နေ့စဉ် မျှော်လင့်နေကျဆိုတာကို ကျွန်မသတိထားသင့်ပါသည်။
နီနာ့ချစ်သူမှာ သူ့မိခင်နိုင်ငံပိုင် လေကြောင်းလိုင်းတစ်ခုမှ လေယာဉ်မောင်တစ်ယောက်ဖြစ်ပြီး နှစ်ပတ်ခြားတစ်ခါလောက်ဆိုသလို နီနာရှိသော ကျွန်မတို့ အလုပ်လုပ်နေသော လေယာဉ်ကွင်းသို့ ရောက်လာတတ်ပါသည်။ နှစ်ပတ်ခြားတစ်ခါ ရောက်သည်ဆိုသော်လည်း အချိန်အနည်းငယ်မျှသာ ခရီးသည် အတင်အချအတွက် ရပ်နားသော လေယာဉ်ဖြစ်သလို အသီးသီးတာဝန်ကိုယ်စီနဲ့မို့ သူတို့တွေ့ဆုံပြီး စကားပြောရချိန်က ဆယ်မိနစ် ဆယ့်ငါးမိနစ်ထက်မပိုခဲ့ကြပါ။
ဒါပေမယ့် ရံဖန်ရံခါ လေယာဉ်ဆိုက်ချိန်များကို နီနာတစ်ယောက် အမျှော်ကြီးမျှော်နေတတ်သလို လေယာဉ် ဆိုက်ကပ်မည့် သတင်းရသည့်အချိန်မှစလို့ လေယာဉ်ဆိုက်ပြီးသည်အထိ အလုပ်ထဲတွင် အာရုံထားလို့မရအောင် စိတ်လှုပ်ရှားနေတတ်ပါသည်။
ကွင်းထဲမှာ လေယာဉ်ရပ်ဖို့ ပြင်ဆင်နေချိန်မှာတော့ နီနာတစ်ယောက် ဘယ်သူ့ကိုမှ အားမနာနိုင်ပဲ လုပ်လက်စ အလုပ်တွေပစ်ထားခဲ့ပြီး လေယာဉ်ဆီကို အပြေးသွားလေ့ရှိတာကို ကျွန်မတို့အားလုံး သိနေခဲ့ကြပါသည်။ သို့ပေမယ့် သူမချစ်သူရှိရာ အလောတကြီး အပြေးသွားပြီး မိနစ်အနည်းငယ်မျှသော အချိန်အတွင်းမှာပဲ နီနာတစ်ယောက် အမောတကော ပြန်ရောက်လာတတ်ပါသည်။
ချစ်သူကိုတွေ့ခွင့်ရမယ့် တဒင်္ဂသော အချိန်လေးအတွက် စိတ်ရောလူရော မောပန်းနေတတ်တဲ့ သူမကို စာနာစွာနဲ့ သူမပြောလာတဲ့ စကားတွေကို ကျွန်မတို့ သူငယ်ချင်းတွေအားလုံး အပြုံးလေးနဲ့ ထောက်ခံမိပါသည်။
နီနာတစ်ယောက် တစ်မြေစီခြားနေတဲ့ ချစ်သူကို ရံဖန်ရံခါဆိုရုံ တွေ့ခွင့်ရရေးအတွက်……
သူတို့ နှစ်ယောက်တစ်ဘဝ ထာဝရ ဆုံဆည်းကြမယ့်အချိန်တွေ အတွက်….. ဘယ်အချိန်အထိ စောင့်မျှော်နေမယ်ဆိုတာကိုတော့ ကျွန်မတို့ ဘယ်သူမှ အတပ်မပြောနိုင်ကြပါ။
ဒါပေမယ့် ကျွန်မနဲ့ နှစ်ယောက်ခြား တဖက်အစွန်မှာ ထိုင်နေခဲ့တဲ့ ဥရောပမရောက် အာရှမရောက် အလယ်ကျွန်းသူဖြစ်တဲ့ မျက်ဝန်း အပြာရောင်လေးနဲ့ အသားဝါဖန့်ဖန့်လေးတွေ ပိုင်ဆိုင်ထားတဲ့ မွန်းက ကျွန်မတို့ ဘာသာပြန်ရန်ခက်လှတဲ့ မဲ့ပြုံးလေးနဲ့အတူ သူမရဲ့ ရင်ထဲက စကားလုံးအချို့ကို ရင်ဖွင့်လာခဲ့ပါသည်။
“ငါဆိုရင် နင့်လို အပြေးသွားကြိုချင်လို့လဲ ပြေးသွားလို့မရဘူး…. သူမောင်းလာတဲ့ လေယာဉ်ကို မြင်ချင်လို့တောင် မြင်ခွင့်မရှိဘူး…. သူဒီနိုင်ငံကိုရောက်မယ့် သတင်းတစ်ခုရယ် သူ့လေယာဉ်ဆိုက်မယ့်အချိန်နဲ့ ဆိုက်မယ့် နေရာတစ်ခုရယ်ကိုပဲ ကွန်ပြူတာ System တွေထဲမှာ အပြေးအလွားရှာနေရတာပါ…..”လို့ သက်ပြင်းလေးတချက်ရှိုက်ရင်း ညည်းတွားလာပါသည်။
မွန်းရဲ့ စကားလုံးတွေကို နီနာက မချိပြုံးလေးနဲ့ ခေါင်းငြိမ့်ထောက်ခံပြီး အားပေးနေခဲ့ပါသည်။ မိန်းကလေးတွေ ရင်ထဲက မျှော်လင့်ခြင်း ဝေဒနာဆိုးတွေကို ခံစားဘူးသူတွေသာ စာနာနားလည်နိုင်သည်လေ။
မွန်းပြောလာတဲ့ သူမရဲ့ ချစ်သူက သူမနဲ့ တရားဝင်စေ့စပ်ထားသော လေယာဉ်ကက်ပတိန် တစ်ယောက်ဖြစ်ပါသည်။ သို့သော် သူမချစ်သူက ပုဂလိကပိုင်လေယာဉ် ခပ်သေးသေးလေးတွေကို မောင်းသူဖြစ်ပြီး ရှားပါးလွန်းလှတဲ့ ရံဖန်ရံခါ အချိန်တွေမှာသာ ကျွန်မတို့ နိုင်ငံကို ခေတ္တခဏဆိုသလို ရောက်လာတတ်သူလဲဖြစ်ပါသည်။
သို့သော် သူ့လေယာဉ်မှာ ကျွန်မတို့လေယာဉ်ကွင်းတွေမှာ မဆိုက်ပဲ အခြားသော မြို့ငယ်များမှာရှိသော လေယာဉ်ကွင်းများတွင်သာ ဆိုက်လေ့ရှိတာမို့ သူမတို့ ချစ်သူနှစ်ယောက် တမြေတည်းမှာ ရှိနေချိန်တွေမှာတောင် အသံကြားရရုံသက်သက် တယ်လီဖုန်းပြောဖြစ်ရုံသက်သက် အဆက်အသွယ်လုပ်ခွင့်ရကြပါသည်။
သို့ပေမယ့် သူမချစ်သူ ရောက်လာမယ့်နေ့တွေမှာတော့ မနက်မိုးလင်း ဂျူတီစဝင်ချိန်ကစလို့ ကွန်ပြူတာရှေ့မှ မခွာနိုင်ပဲ လေယာဉ်ဆိုက်ကပ်ချိန် တိကျစွာ သိရသည်အထိ ဇွဲကြီးလှစွာ စောင့်မျှော်နေတတ်ခဲ့ပါသည်။ ကွန်ပြူတာ ဖန်သားပြင်ကို မကြာခဏ Refresh လုပ်ကြည့်ရင်း ရာပေါင်းများစွာသော လေယာဉ်များထဲက သူမမျှော်လင့်နေရသော လေယာဉ်တစ်စင်း၏ ဆိုက်ရောက်ချိန် ပြန်လည်ထွက်ခွာချိန် ဆိုက်ရောက်မည့် လေယာဉ်ကွင်းနှင့် လေယာဉ်ပါကင်နံပါတ်များကို နောက်ဆုံးရရှိသော တိကျသည့် သတင်းအချက်အလက်များ မရမချင်း စောင့်မျှော်နေရခြင်းက သူမရဲ့ ချစ်သူနဲ့ လေလှိုင်းထဲမှာ စကားပြောခွင့် ရရုံသက်သက်သာ ဖြစ်ပါသည်။
တခါတုန်းကတော့ ရာသီဥတု ဆိုးရွားနေသောနေ့တစ်နေ့မှာ သူမဂျူတီချိန်ပြီးသည်အထိ သူမမျှော်လင့်နေခဲ့သော လေယာဉ်၏ သတင်းအချက်အလက်များ မရခဲ့သဖြင့် နာရီပေါင်းများစွာ ဆက်လက်စောင့်စားရင်း ဂျူတီနှစ်ရက်ဆက်တိုက် ဆင်းခဲ့ဘူးပါသည်။
မွန်းပြောပြတဲ့ သူမရဲ့ မျှော်လင့်ခြင်းက နီနာ့ထက် အဖြစ်ဆိုးနေခဲ့တာမို့ ကျွန်မတို့ ခေတ္တခဏ အသံတိတ်သွားခဲ့ကြပါသည်။
တစ်ယောက်က ချစ်သူကို အချိန်ပိုင်း အခိုက်အတန့် တွေ့ခွင့်ရဘို့ ရက်ပေါင်းများစွာ စောင့်စားနေရသူ…..
နောက်တစ်ယောက်ကတော့ ချစ်သူနဲ့ တမြေတည်းမှာ ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့ နွေးထွေးခံစားရရုံသက်သက် ချစ်သူရဲ့ အသံလေးကို ကြားရရုံသက်သက် …. နေ့ရက်ပေါင်းများစွာ လက်ချိုးရေတွက်ရင်း စောင့်စားနေရသူ……
“အိုကေ ဒီတခါငါ့အလှည့်”လို့ ပြောရင်း ကျွန်မတို့ ငါးဦးသားရဲ့ တိတ်ဆိတ်ခြင်းကို ဖြိုခွဲခဲ့သူကတော့ ဂျုန်းဆိုတဲ့ သူငယ်ချင်းမလေးပဲဖြစ်ပါသည်။ ပန်းသွေးရောင်သန်းနေတဲ့ အသားအရောင်တွေနဲ့ ဆံပင် အညိုရောင် ခပ်စင်းစင်းလေးကို ပိုင်ဆိုင်ထားတဲ့ ဂျုန်းကတော့ နှာတံပေါ်ပေါ်နဲ့ အနောက်တိုင်းဆန်ဆန်လှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါသည်။ သူမက လက်ရှိ စီးပွားရေး စီမံခန့်ခွဲမှုပညာကို တက္ကသိုလ်တစ်ခုမှာ အချိန်ပိုင်းတက်နေသူ တစ်ဦးဖြစ်ပြီး ကျွန်မတို့အားလုံးထဲမှာ ထက်မြက်ထူးချွန်ပြီး ခံယူချက်ပြင်းထန်တဲ့ မိန်းကလေးလဲ ဖြစ်ပါသည်။
“ငါကတော့ စောင့်နေရရုံသက်သက် မျှော်လင့်နေရရုံသက်သက် လူဖြစ်နေရသလိုပဲလေ”….လို့ ခပ်ညည်းညည်းလေးပြောလာခဲ့ပါသည်။ သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သူငယ်ချင်းတွေရှေ့မှာ ပြောခဲလှတဲ့ ဂျုန်းရဲ့ စကားလုံးတွေကြောင့် ကျွန်မတို့လေးယောက်သား အံ့သြခြင်းများစွာနဲ့ သူမဆက်ပြောလာမယ့် စကားလုံးတွေကို နားစွင့်နေလိုက်မိပါသည်။
“သူက ငါ့ဆီကို လာချင်တဲ့ အချိန်မှာ ရောက်လာတတ်တယ်….. ငါ့ကို ဆက်သွယ်ချင်တဲ့ အချိန်မှသာ ဆက်သွယ်တတ်တယ်…တခါတလေ သူဘယ်တွေရောက်နေတယ် ဘာတွေလုပ်နေတယ် ဆိုတာကို အချိန်တွေ တော်တော်ကြာတဲ့အထိ ငါသိခွင့်မရခဲ့ဘူး….ပိုဆိုးတာက သူ့မှာ ငါ့ထက် ဦးစားပေးရမယ့် အခြားသူတစ်ယောက် ရှိနေတယ်လို့ ခံစားနေရတယ်…. “
ဂျုန်းရဲ့ ချစ်သူက ကျွန်မတို့ မြို့လေးနဲ့ နှစ်နာရီကျော်လောက် ကားမောင်းရင် ရောက်တဲ့ မြို့လေးတစ်မြို့မှာ အလုပ်လုပ်နေသူတစ်ယောက် ဆိုတာ သိထားကြပေမယ့် အခုလို အသေးစိတ်ကိုတော့ ကျွန်မတို့ မသိခဲ့ကြပါ။ သေချာတာကတော့ ဂျုန်းရဲ့ အနားမှာ သူမရဲ့ ချစ်သူဆိုတာကို ကျွန်မတို့ ဘယ်တုန်းကမှ မတွေ့ခဲ့ဘူးပါ။ သို့ပေမယ့် သူမကတော့ သူမရဲ့ ချစ်သူကို “my secrete of life “လို့ တင်စားပြီး မကြာခဏဆိုသလို သူမရဲ့ အလွမ်းတွေကို ရင်ဖွင့်နေကျမို့ သူမကိုတွေ့တိုင်း မင်းရဲ့ လျို့ဝှက်ချက်ကြီးရော ဘယ်လိုလဲလို့ မကြာခဏ နောက်ပြောင်ခဲ့ဘူးပါသည်။
သူမရဲ့ အဖြစ်စုံကို အခုမှ သိခွင့်ရသူတွေ ပီပီ သူငယ်ချင်းအတွက် နာကျင်စွာနဲ့ ပေါက်ကွဲဖို့ အစပြုလာတဲ့ “ဘာဖြစ်တယ် နင့်လို ဘက်စုံပြည့်စုံနေတဲ့သူတစ်ယောက်ကို… “ ဆိုတဲ့ မွန်းရဲ့ စကားကို ဘယ်သူကမှ အဆုံးမသတ်ဖြစ်ခဲ့ပါ။ မွန်းကိုယ်တိုင်လဲ သူမ လေးစားအားကျရတဲ့ သူငယ်ချင်းအတွက် ခံစားနာကျင်စွာနဲ့ သူမရဲ့ စကားလုံးတွေကို ပြန်မြိုချလိုက်ပုံရပါသည်။
ဂျုန်းကတော့ သူမရဲ့ ဒဏ်ရာတွေနဲ့ နေသားကျနေသလို ခပ်ဖွဖွလေးပြုံးရင်း
“Super Perfect တွေက ကမ္ဘာပေါ်မှာ အချစ်ကံ အခေဆုံး မိန်းမသားတွေပဲလေ…… မဆန်းပါဘူး…. ပြီးတော့ ငါတို့က အာရှတိုက်သူတွေဆိုတော့….. တွယ်ငြိမိရင် တစ်ဘဝလုံးစာပေါ့…. သူလိုအပ်မယ့် အချိန်တွေမှာ အဆင်သင့်ဖြစ်နေဖို့နဲ့ သူ့စိတ်အနှောင့်အယှက်မဖြစ်အောင် အလိုက်သိနေပေးရုံကလွဲလို့ ……ရွေးစရာ လမ်းမရှိဘူး…. သူရောက်လာမယ့် အချိန်တွေကို စောင့်စားနေရုံပေါ့….” လို့ ပေါ့ပေါ့ပါးပါးပဲ သူမရဲ့ ရင်တွင်းစကားများကို အဆုံးသတ်ခဲ့ပါသည်။
နီနာ့အတွက် မွန်းအတွက် ဂျုန်းအတွက် ခံစားပေးလိုက်ရတဲ့ မတူညီတဲ့ ခံစားချက်တွေနဲ့ ကျွန်မတို့ စကားဝိုင်းလေးက ဆောင်းဦးပေါက်ညချမ်းနှင့် လိုက်ဖက်အောင် ရုတ်တရက်အေးစက်သွားခဲ့ပါသည်။
ကျွန်မရဲ့ ညာဘက်ဘေးကပ်ရက်မှာ ကျွန်မရဲ့ လက်ကို တင်းတင်းဆုတ်လို့ ထိုင်နေခဲ့တဲ့ မိုင်ရာရဲ့ သက်ပြင်းရှိုက်သံတိုးတိုးလေးက ကျွန်မတို့ စကားဝိုင်းကို ပြန်လည်အသက်သွင်းဖို့ သတိပေးသလို ဖြစ်သွားတာမို့ …”အိုး မိုင်ရာ ကျန်သေးတယ်… သူ့အလှည့်လို့ “ သူငယ်ချင်းတွေကို တပ်လှန့်မိတော့ မိုင်ရာက ကျွန်မကို ဆုပ်ကိုင်ထားတဲ့ လက်ကို ဖြေလျော့ကာ သူမရဲ့ ဒူးခေါင်းအစုံကို လက်နှစ်ဖက်နဲ့ ခပ်တင်းတင်း ထွေးပိုက်ထားရင်း သူမရဲ့ စောင့်မျှော်ခြင်း ပုံပြင်လေးကို ပြောပြခဲ့ပါသည်။
ကျွန်မတို့ ဘယ်တုန်းကမှ မထင်မှတ်ထားတဲ့ မမျှော်လင့်ထားတဲ့ မိုင်ရာရဲ့ လျှို့ဝှက်ချက်တစ်ခုနဲ့အတူ ကျွန်မ တချိန်လုံး စိတ်ဝင်စားမိခဲ့တဲ့ မိုင်ရာရဲ့ ပို့စ်ကဒ်လေးတွေအကြောင်းက ကျွန်မတို့ ညနေခင်းလေးကို ပိုလို့ လွမ်းဆွတ်ကြေကွဲဖွယ်ရာ ဖြစ်စေခဲ့ပါသည်။
မိုင်ရာကတော့ အသားရောင်ဝါဖန့်ဖန့်နဲ့ နှုတ်ခမ်းပါးပါးလေးတွေကို ပိုင်ဆိုင်သူ အရပ်မြင့်မြင့် ပိန်ပိန်သွယ်သွယ် မိန်းကလေးဖြစ်ပါသည်။ ထူးခြားတာကတော့ သူမရဲ့ ညာဘက်ပါးပြင်ပေါ်မှာ အပေါ်အောက် တတန်းတည်း ရှိနေခဲ့သော မှဲ့နက်နက်လေး သုံးလုံးပဲဖြစ်ပါသည်။ သူမရဲ့ မှဲ့လေးများကို မျက်ရည်စီးကြောင်းအောက်မှာ တည့်တည့်ကျနေမှာစိုးစိတ်နဲ့ မကြာခဏ ဆိုသလို ကျွန်မ စူးစူးစိုက်စိုက်ကြည့်ခဲ့ဘူးပါသည်။ ကျွန်မက သူမတို့နဲ့မတူပဲ မှဲ့တွေနဲ့ ပက်သက်ပြီး အစွဲအလမ်းကြီးတတ်သူဆိုတာကိုတော့ သူမတို့ မသိခဲ့ကြပါ။
“ငါတို့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒီမှာပဲ တွေ့ခဲ့တယ်…. ချစ်သူတွေ ဖြစ်ပြီး တစ်နှစ်ကျော်ကျော်လောက်ကြာတော့ သူက အာဖဂန်နစ္စတန်မှာ ရှိတဲ့ ဗြိတ်သျှ အခြေစိုက် စစ်စခန်းကြီးတစ်ခုမှာ အလုပ်ရခဲ့တယ်။ အခုဆို သူထွက်သွားတာ သုံးနှစ်လောက်ရှိပြီထင်တယ်….. ပထမပိုင်း သုံးလေးလလောက်အထိတော့ အဆက်အသွယ်ရှိခဲ့သေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ဆီက ဘာသတင်းမှ မကြားရတော့ဘူး…. အခုချိန်ထိပေါ့…. “
သူမရဲ့ ချစ်သူအကြောင်းကိုပြောပြနေတဲ့ မိုင်ရာကို အားပေးဖို့ သူမရဲ့လက်တွေကို ပြန်ဆုပ်ကိုင်မိတော့ သူမရဲ့လက်တွေက အေးစက်နေခဲ့ပါသည်။ သူမနှုတ်ဖျားက ထွက်ကျလာတဲ့ စကားလုံးတွေကလဲ တစ်ခွန်းချင်း အေးစက်စက် ပြတ်တောင်းတောင်း……
“အိုးမိုင်ဂေါ့” လို့ ခပ်တိမ်တိမ် ထွက်လာခဲ့တာ နီနာ့ဆီကလား ဂျုန်းဆီကလားမသိ…. ကျွန်မရဲ့ အာရုံတွေက မိုင်ရာ့ဆီမှာ အထူးသဖြင့် ကျွန်မရဲ့ ဘယ်ဘက်ဘေး ကပ်လျက်မှာထိုင်နေတဲ့ မိုင်ရာ့ရဲ့ ညာဘက်ပါးပြင်ပေါ်က မှဲ့နက်နက်လေး သုံးလုံးဆီမှာ ရောက်နေခဲ့ပါသည်။
ဒီမှဲ့တွေကများ သူမကို ကံဆိုးစေခဲ့သလားလို့ တွေးနေရင်း…. တစ်ယောက်တည်း တိတ်တဆိတ်ဘုရားတရင်း…. သူမရဲ့ ပါးပြင်မှာ မျက်ရည်တွေ တွဲခိုနေပြီလားလို့ စိတ်ပူနေခဲ့ပေမယ့် မိုင်ရာ့ရဲ့ မျက်ရည်တွေကို ကျွန်မ မမြင်ရသေးပါ။ သို့သော် သူမရဲ့ မျက်ဝန်းတွေ စိုလက်နေတာကိုတော့ မလှမ်းမကမ်းက မာကျူရီမီးရောင်ကြောင့် သိနေခဲ့ပါသည်။
“ငါကတော့ သူရှိနေသေးတယ်လို့ ခံစားနေရတုန်းပဲ…. သူတချိန်ချိန်မှာ ငါ့ကို ဆက်သွယ်လာလိမ့်မယ်လို့ ယုံကြည်နေတုန်းပဲ…. သူပြန်လာမယ့် အချိန်တွေကို ငါ မျှော်နေတုန်းပဲ……သူနောက်ဆုံးမှာခဲ့တာက …. အဆက်အသွယ်မပြတ်ကြေးနော်…တဲ့ “
မိုင်ရာရယ်လို့ အသံမထွက်ပဲ ရေရွတ်လိုက်မိပါသည်။
သူမရဲ့ ချစ်သူကို သူမ ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ ကျွန်မ ခပ်ရေးရေး သဘောပေါက်လာခဲ့ပါသည်။ ချစ်သူများနေ့ မတိုင်ခင် နှစ်ပတ်ခန့်အလိုမှာ ပန်းနုရောင် ပို့စ်ကတ်လေးတွေ ရွေးဝယ်နေခဲ့တဲ့ သူမကို နောက်ပြောင်ခဲ့ဘူးတဲ့ နေ့ရက်တစ်ရက်ကိုလဲ ပြန်ပြီး အမှတ်ရမိပါသည်။
ပြီးတော့ တစ်လတစ်ခါလောက် သူမရဲ့ လက်ထဲမှာ တွေ့နေရတတ်တဲ့ ပို့်စ်ကတ်ဖြူဖြူလေးတွေ ဘယ်နေရာကို ရောက်သွားခဲ့တယ်ဆိုတာကို အခုချိန်ကျမှ တိတိကျကျ ကျွန်မ သိခွင့်ရခဲ့ပါသည်။
“အဆက်အသွယ် မပြတ်ကြေးနော်” လို့ ပြောသွားတဲ့ ချစ်သူရဲ့ စကားကို သူငယ်ချင်း မိုင်ရာတစ်ယောက် နာကျင်မှုတွေများစွာနဲ့ နာခံနေဆဲဆိုတာ ကျွန်မ နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီး ခံစားနားလည်လိုက်မိပါသည်။
အဆက်အသွယ်မပြတ်ကြေးဆိုတဲ့ ချစ်သူရဲ့ စကားကို မိုင်ရာတစ်ယောက် ဘယ်အချိန်ထိ ရူးသွပ်စွာ လိုက်နာနေအုံးမှာလဲ….
အဲဒီစကားတစ်ခွန်းကို သူမရဲ့ ချစ်သူကရော ဘယ်အချိန်အတိုင်းအတာအထိ သတ်မှတ်ပြီး မှာကြားခဲ့ပါလိမ့်….တစ်လစာလား တစ်နှစ်စာလား ဒါမှမဟုတ် သူမ တစ်ဘဝလုံးစာလား….
မိုင်ရာကရော လောကကြီးမှာ အသက်ရှင်လျက်ရှိမရှိ မသေချာတော့တဲ့ လူတစ်ယောက်ဆီကို ပို့စ်ကတ်လေးတွေ ဘယ်အချိန်အထိ ပို့နေအုံးမှာလဲ…….
မိုင်ရာ့ရဲ့ လက်ရေး ခပ်စောင်းစောင်းလေးတွေနဲ့ ရေးထားခဲ့ဘူးတဲ့ ပို့စ်ကဒ် ဖြူဖြူလေးတစ်ခုမှာ….
“ချစ်သူရေ…. နီးခြင်းဝေးခြင်းဆိုတာ ပညတ်ချက်တစ်ခုပါ…. နောက်ဆုံးထွက်သက်အထိ စောင့်နေမယ် “ လို့ ရေးပြီး ကျွန်မကို ပြခဲ့ဘူးတာ သိပ်မကြာသေးဘူးလို့ ထင်ပါသည်။ ဒါပေမယ့် ဘယ်သူ့အတွက် ဘယ်ကိုပို့မှာလဲ ဆိုတဲ့ မေးခွန်းကိုတော့ ကျွန်မ မမေးခဲ့မိပါ။
တစတစနဲ့ အေးစက်သည်ထက် အေးစက်သွားခဲ့တဲ့ စကားဝိုင်းကိုအဆုံးသတ်ဖို့အတွက် နောက်ဆုံးရင်ဖွင့်ရမယ့်သူက ကျွန်မတစ်ယောက်ပဲ ကျန်တော့ပါသည်။
သူငယ်ချင်းများအားလုံးဆီက မျှဝေခံစားမိတဲ့ ခံစားချက်တွေနဲ့ ကျွန်မရဲ့ ရင်ဘတ်တစ်ခုလုံး လေးလံနေခဲ့ပါသည်။ သူတို့အားလုံးလဲ အတွေးကိုယ်စီ ခံစားချက်ကိုယ်စီနဲ့ အရောင်အသွေး မတူတဲ့ မျှော်လင့်ခြင်း ပေါင်းစုံကို မျှဝေခံစားနေပုံရပါသည်။
ဆောင်းလေအေးအေးလေး ညင်သာစွာတိုက်ခတ်နေတဲ့ ညချမ်းလေးမှာ နူးညံ့သိမ်မွေ့စွာ ခံစားတတ်သော နာကျင်ထိခိုက်လွယ်သော နှလုံးသားပိုင်ရှင် မိန်းကလေးများရဲ့ အချင်းချင်းစာနာ ထောက်ထားမှု ကိုယ်ချင်းစာမှုတွေကို သူငယ်ချင်းတွေအားလုံးရဲ့ မျက်ဝန်းတွေကတဆင့် ရှာဖွေတွေ့ရှိခဲ့မိပါသည်။
နောက်မိနစ်အနည်းငယ် အတွင်းမှာ ဖယ်ရီကားတွေ ထွက်တော့မှာဆိုပေမယ့် နာကျင်မှုကိုယ်စီကို မသိမသာ ကွယ်ဝှက်ထားကြတဲ့ လေးစုံသော မျက်ဝန်းလေးတွေက ကျွန်မဆီမှာ ဝဲနေခဲ့ပါသည်။
ကျွန်မ ပြောလာမယ့်စကားလုံးအချို့ကို စောင့်မျှော်နေသူများအတွက် ရင်ထဲက စကားလုံးတွေကို စုစည်းပြီး ခပ်တိုးတိုး ခပ်အက်အက်လေသံလေးနဲ့ တစ်လုံးချင်း ပြောမိလိုက်တာက..
“ငါလဲ လေယာဉ် တစ်စီးကို စောင့်နေခဲ့ပါတယ်….. ဒါပေမယ့် အဲဒီလေယာဉ်က ငါရှိတဲ့ လေယာဉ်ကွင်းမှာ ဆိုက်မယ့် လေယာဉ်တစ်စီးတော့ မဟုတ်ခဲ့ဘူး….
ဒါပေမယ့် ဂျုန်းလိုမျိုး ပြီးတော့ မိုင်ရာ့လိုမျိုး မရေရာတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ စောင့်တော့ စောင့်နေမိတုန်းပဲ ”
သေချာပါသည် ကျွန်မစောင့်နေခဲ့သော လေယာဉ်ကွင်းမှာ ဘယ်တော့မှ ဆင်းသက်ရပ်နားမည်မဟုတ်သော လေယာဉ်တစ်စီးကို ကျွန်မ စောင့်မျှော်နေလျှက်ရှိပါသည်။ ဒါပေမယ့် ကျွန်မတစ်ယောက်တည်းသာသိတဲ့ အဆုံးမဲ့ အစမဲ့ ပုံပြင်တစ်ပုဒ်ကို သူငယ်ချင်းများကို မျှဝေဖို့ အင်အားတွေ ပျောက်ဆုံးနေခဲ့တာမို့ မရေရာလှတဲ့ စကားလုံးအချို့နဲ့ပဲ သူငယ်ချင်းများကို နှစ်သိမ့်ခဲ့မိပါသည်။
တစ်စုံတစ်ယောက်ကို မျှော်လင့်စောင့်စားနေရခြင်းအတွက် ဂျုန်းလိုမျိုး နာကျင်ခဲ့ရဘူးသလို မိုင်ရာ့လိုလဲ လူမသိ သူမသိ တိတ်တဆိတ် ကြေကွဲနေခဲ့ရတာကိုတော့ သူငယ်ချင်းများကို မပြောဖြစ်ခဲ့ပါ။
ကိုယ်ပိုင်ဒဏ်ရာတွေနဲ့ နာကျင်နေခဲ့ပြီးဖြစ်တဲ့ သူငယ်ချင်းများကို ကျွန်မအတွက် ထပ်ပြီး မခံစားစေချင်တော့ပါ။
ကျွန်မစကားဆုံးသွားချိန်မှာတော့ ကျွန်မတို့အားလုံး သက်ဆိုင်ရာ ဖယ်ရီကားတွေပေါ်တက်ဖို့ လမ်းခွဲခဲ့ကြပါသည်။
မှန်ပါသည်….
ကျွန်မတို့ စောင့်မျှော်နေခဲ့ကြပါသည်…
ကျွန်မတို့ ချစ်ခင်မြတ်နိုးသော ချစ်သူများ ကျွန်မတို့ဆီ ရောက်လာသည် ဖြစ်စေ မရောက်လာသည်ဖြစ်စေ….
ကျွန်မတို့ဆီရောက်လာဖို့ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ…
ကျွန်မတို့ကို အသိအမှတ်ပြုသည်ဖြစ်စေ အသိအမှတ်မပြုသည်ဖြစ်စေ……
ကျွန်မတို့ စောင့်နေခဲ့ကြပါသည်….
Sunday, November 28, 2010
|
Labels:
ဝတ္ထုတို
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
7 comments:
ဟဲဟဲ...
နောက်ဆုံးသူရဲ့ ဇာတ်လမ်းက အဲလို အဆုံးသတ်ထားတာကတော့ မကောင်းပါဘူးနော် :P
အခြားလေဆိပ်တစ်နေရာမှာ ရပ်နားဘို့ သတ်မှတ်ထားတဲ့လေယာဉ်ကတော့ ဆီဖြည့်ချင်လို့ အရေးပေါ်လိုအပ်လို့ ခဏတာ ဆင်းသက်တာမျိုးကလွဲလို့ ကိုယ့်လေဆိပ်မှာ အမြဲဘယ်ရပ်နားပါ့မလဲနော်..
စောင့်မျှော်မနေတာက အကောင်းဆုံးလို့ ထင်ပါတယ်.. ခရီးသွားနေသူကို စောင့်မျှော်တဲ့သူရှိရင် ခရီးတာက ပိုရှည်တယ် ကြားဖူးလို့ပါ :)
ကိုယ်တွေကတော့မျှော်လင့်ချက်ကိုယ်ဆီနဲ့ ပေါ့အမရယ်..ဒါပေမဲ့ကံကြမ္မာမင်ရည်ကျဲခဲ့ရင်တော့...မျက်ရည်စောင့်စောင့်ကျရုံကလွဲပြီးဘာတတ်နိုင်မတုန်း...
မရေ...ရောက်ခဲ့ပါတယ်။
စောင့်စားမျှော်လင့်ခြင်းတွေနဲ့ အသက်ရှင်နေခဲ့ကြတာပါ။
ချစ်မြတ်နိုးရတဲ့ ချစ်သူတွေကို စောင့်စားနေကြတဲ့
မိန်းမတွေရဲ့ သစ္စာတရားတွေကြား ကျွန်မ အားရလိုက်တာ။ ဒါပေမဲ့လည်း..လေ....တစ်ခါတစ်လေမှာ
အချစ် နဲ့ ဘဝ တွဲလို့ မရလေတော့ ခွဲခွါကြရပေါ့။
ချစ်မြတ်နိုးရသူ ရှိခဲ့တယ် ဆိုတာလေးနဲ့ တင် ကျေနပ်စရာပါ။ :)
link လေးယူသွားတယ်ရှင်။
လူလည်လုပ်ပြီး သူ့အကြောင်းကျမှ မီးပျက်သွားရသလို ဖယ်ရီကားက လာရတယ်လို့ . . .
ရပါတယ်လေ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်နေရာရာက တစ်စုံတစ်ယောက်ယောက်ကို စောင့်နေရတယ် ဆိုတာကို သိခွင့်ရှိတယ် ဆိုတာနဲ့တင် ဒါကို မျှော်လင့်ချက်လို့ ခေါင်းစဉ်တပ်လိုက်မယ်။
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတာ မဟုတ်လား။
*** မိန်းကလေးတွေမှ မျှော်လင့်နေရတာ မဟုတ်ပါဘူး။ ယောက်ျားလေးတွေလည်း ဒီလိုပဲ မျှော်လင့်နေရတယ် ဆိုရင် ယုံပါ့မယ်။ ဒီပို့စ်နဲ့ တိုက်ဆိုင်လွန်းလှပါတယ်။ ***
တစ်ချို့ စာလုံးတွေက ဖတ်လို့ မရဘူး.. တစ်မျိုးဖြစ်နေတယ်.. ဘာလို့လည်း မသိဘူးနော်..
မနှင်း... လုပ်တော့မယ်။ သူ့အကြောင်းကျတော့ ဆင်ဆာဖြတ်ထားတယ်။ လူလည်ကျတယ်နော်။း((
ဒီလိုပါဘဲ အမရယ်။ ယောက်ျား မိန်းမ ဘာမှမထူးပါဘူး၊ မျှော်နေတဲ့သူတွေက မျှော်နေကြဆဲပါဘဲ။ ဒါပေမဲ့ မျှော်တောင်ယောင်ဆိုတဲ့ စကားလုံးကို အများစုက မိန်းမသားတွေအတွက်လို့ဘဲ ထင်ထားခဲ့ကြတာလေ။ အမှန်ဆို အားလုံး မျှော်လင့်ခြင်းနဲ့ ရှင်သန်နေကြတာပါ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
စာလေးဖတ်ရင်းတွေးမိတယ်....။
ပြန်လာနိုင်ဖို့ရှိသေးတဲ့ သူတစ်ယောက်ကိုမျှော်နေရတာထက်.....ပြန်မလာနိုင်သူကို မသိစိတ်က မျှော်နေတာမျိုးက ပိုဆိုးနေမလားလို့ပါပဲဗျာ......။
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
Post a Comment