နိုင်လွန်ကြိုးများစ၏ နောက်ကွယ်

()

ရန်ကုန်မှ Vacation ပြန်လာသော သူငယ်ချင်းတစ်ယောက်အိမ်သို့ သွားလည်မိသောနေ့က သူမပြောပြခဲ့သော ခရီးသွားအတွေ့အကြုံတစ်ခုကို စိတ်မကောင်းစွာ ကြားသိလိုက်ရပါသည်။

ဒူဘိုင်းမှ ရန်ကုန်သို့သွားသောခရီးတွင် သူမနှင့်အတူသွားသော ညီမငယ်၏ ခရီးဆောင်အိတ်ကို ဓါးနှင့်ခွဲသွားခဲ့သည့်အတွက် ခရီးဆောင်အိတ်မှာ အနည်းငယ် ပြဲစုတ်သွားပြီး အိတ်အတွင်းမှ ပစ္စည်းများ မပါသွားသော်လည်း အလွယ်တကူ ဇစ်ဖွင့်လို့ရသော အပြင်အိတ်တစ်ခုထဲတွင် ထည့်ထားခဲ့သော ဦးထုတ်တစ်လုံးကိုတော့ တစ်စုံတစ်ယောက်က နှိုက်ယူသွားခဲ့ပါသည်။

သူမကတော့ သူမခရီးဆောင်အိတ်ကို တမင်တကာ ဓါးဖြင့် ခွဲခဲ့သော ဖြစ်စဉ်မှာ ဒူဘိုင်းလေဆိပ်တွင်ဖြစ်ခဲ့သလား ခရီးတစ်ထောက်နားခဲ့သော ဘန်ကောက်လေဆိပ်တွင် ဖြစ်ခဲ့သလား ရန်ကုန်လေဆိပ်တွင် ဖြစ်ခဲ့သလားဆိုတဲ့ မေးခွန်းများဖြင့် စိတ်မကောင်းဖြစ်နေခဲ့ပါသည်။

ဒူဘိုင်းလေဆိပ်၏ Baggage Handling Procedure များကို ကို သေသေချာချာ သိနေခဲ့သူပီပီ ဒူဘိုင်းလေဆိပ်တွင် လုံးဝ ( လုံးဝ) မဖြစ်နိုင်ကြောင်း အထောက်အထားဖြင့် သူငယ်ချင်း နားလည်အောင် ရှင်းပြပေးနိုင်ခဲ့ပေမယ့် ကြားခဲ့ရသော သတင်းတစ်ခုအတွက် ရင်ထဲမှာ မတင်မကျ ဖြစ်ပြီးကျန်ခဲ့တာ နောက်ရက်ပေါင်းများစွာအထိ။။

ဒူဘိုင်းလေဆိပ်တွင် ခရီးသည်များ Check-In ကောင်တာများတွင် ခရီးဆောင်အိတ်များ အပ်နှံပြီးနောက်ပိုင်း ခရီးဆောင်အိတ်များ မတော်တဆ ပွင့်ထွက်ခြင်း ကွဲထွက်ခြင်း ဖြစ်စဉ်များရှိခဲ့ပါက သက်ဆိုင်ရာမှ အိတ်ပိုင်ရှင် ခရီးသည်ကို ပြန်လည်ခေါ်ယူပြီး မိမိတို့ ပစ္စည်းများကို သေသေချာချာ ပြန်လည် စစ်ဆေးစေပြီးမှ ပြန်လည်ထုတ်ပိုးစေသော ဖြစ်စဉ်များကို မကြာခဏ တွေ့နေခဲ့ရတာမို့ ဒူဘိုင်းလေဆိပ်တွင် လုံးဝ မဖြစ်နိုင်လို့ အတည်ပြုပေးပြီး ချိန်မှာတော့ အခြားဖြစ်နိုင်ခြေရှိသော လေဆိပ်က ခုသာ ကျန်နေပါသည်။

တစ်ခုက သူမတို့ ခရီးတစ်ထောက်နားခဲ့သော ဘန်ကောက်လေဆိပ်ဖြစ်ပြီး နောက်တစ်ခုကတော့ အမိမြန်မာပြည်…..

()

Boarding Gate မှာတာဝန်ကျတဲ့ မနက်ခင်းလေးတစ်ခုမှာတော့ လေယာဉ်ခရီးစဉ်တစ်ခုကို Boarding လုပ်ပေးနေတုန်းမှာ Baggage ID ဆိုတဲ့ Comment တစ်ခုတွေ့ရတာမို့ သက်ဆိုင်ရာခရီးသည်ကိုခေါ်ပြီး လေဆိပ်လုံခြုံရေးရဲ တစ်ယောက်အကူအညီနဲ့ Scan ဖတ်စစ်ဆေးပြီး ချိန်မှာ သံသယရှိတဲ့ Baggage တွေကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးတဲ့ လုံခြုံရေး ရုံးခန်းငယ်လေးကို ရောက်သွားခဲ့ပါသည်။ ကျွန်မတို့ရောက်သွားချိန်မှာတော့ လုံခြုံရေးအရာရှိ ရဲအရာရှိ လေးယောက်ခန့်နဲ့အတူ အခြား ခရီးသည် ယောက်ကိုပါ ရုံးခန်းလေးထဲတွင် တွေ့လိုက်ရပါသည်။

ကျွန်မခေါ်သွားတဲ့ ခရီးသည်ကို သူ့ရဲ့ ခရီးဆောင်အိတ်ကို ပြပြီး သူပိုင်ဆိုင်တဲ့ ခရီးဆောင်အိတ် ဟုတ် မဟုတ်ဆိုတာကို အရင်ဆုံးမေးပါသည်။ ခရီးသည်က သူ့အိတ်ဟုတ်ပါတယ်လို့ ပြောချိန်မှာတော့ ခရီးဆောင်အိတ်ကို ဖွင့်ပြဖို့ ရဲအရာရှိက ပြောခဲ့ပါသည်။

ခရီးသည်ကတော့ နိုင်လွန်ကြိုးတွေ အထပ်ထပ်နဲ့ ငါးဖမ်းပိုက်သဖွယ် ကျစ်လျစ်နေအောင် ထုတ်ပိုးထားတဲ့ သူ့ရဲ့ ခရီးဆောင် အိတ်ကို ကြိုးအစွန်းထွက်နေတဲ့ နေရာကနေစလို့ တစ်ရစ်ခြင်း တစ်ထပ်ခြင်း အေးအေးဆေးဆေး ထိုင်ပြီး ဖြေနေခဲ့ပါသည်။

လက်မှာပတ်ထားတဲ့ နာရီကိုကြည့်တော့ သူ့လေယာဉ်ထွက်ဖို့အချိန်က ၁၅ မိနစ်ယောက်သာ လိုပါတော့သည်။ သူ့ကို စိတ်မရှည်တဲ့ ကျွန်မက ခပ်မြန်မြန်လုပ်ဖို့ ဘေးကနေလောလိုက်မိပေမယ့် သူကတော့ သူ့ရဲ့ ပိုက်ကွန်သဖွယ်ဖြစ်နေတဲ့ ကြိုးတွေကို စိတ်ရှည်လက်ရှည်ဖြေနေခဲ့ပါသည်။

ခရီးသည်က သူ့အိတ်ကို ဖြေကြည့်လို့ရချိန်မှာတော့ သူ့အိတ်ထဲက ပစ္စည်းတွေကို တစ်ခုချင်း ထုတ်ပြခဲ့ပါသည်။အိတ်ရဲ့ အောက်ဆုံးမှာ ထွက်လာခဲ့တာက အမျိုးသားတွေ မုတ်ဆိတ်ရိတ်ရာမှာသုံးတဲ့ Shaving cream တစ်ဒါဇင် တိတိနဲ့ ရေမွေး ပုလင်း။ Shaving Cream ဗူးတွေက တစ်ဗူးစီကို ၄၄၀ မီလီမီတာစီပါတဲ့ ဗူးပေါင်း ၁၂ ဗူးတိတိ။ ရေမွေးတွေကတော့ တစ်ပုလင်းကို ၁၀၀ မီလီမီတာစီပါတဲ့ ရေမွေး ပုလင်းသူသယ်လာခဲ့သော အရည်ပါသော အသုံးအဆောင်များက စုစုပေါင်း လီတာ နီးပါးရှိသည့်အပြင် ဗူးတွေအားလုံးမှာ မီးတောက်ပုံ အမှတ်အသားလေးတွေပါတဲ့ မီးလောင်လွယ်တဲ့ အန္တရာယ်ရှိသော ပစ္စည်းများဖြစ်နေတာမို့ အားလုံးကို ထားခဲ့ဖို့ လုံခြုံရေးအရာရှိရဲတစ်ဦးက ပြောခဲ့ပါသည်။

ပစ္စည်းတွေကို အစီအစဉ်တကျ ပြန်ထည့်ပြီးတဲ့ အချိန်မှာတော့ ခရီးသည်က သူ့ရဲ့ အိတ်ကို မူလ ပုံစံမပျက် စိတ်ရှည်လက်ရှည် ပြန်ပြီး ချည်နှောင်နေခဲ့ပါသည်။ မူလပစ္စည်းထည့်တဲ့ ခရီးဆောင်အိတ်ကို သော့ခတ်ထားတဲ့ အပြင် အပြင်ကနေ ငါးဖမ်းပိုက်ပုံစံဖြစ်အောင် နိုင်လွန်ကြိုးတွေနဲ့ ထပ်ပြီး စိတ်ရှည်လက်ရှည် ချည်နှောင်နေခဲ့ခြင်းဖြစ်ပါသည်။

သူ့လေယာဉ်က သူ့ကြောင့် နောက်ကျတော့မယ်ဆိုတာ သေချာနေတာမို့ သူ့ကို စိတ်မရှည် လက်မရှည်လေသံနဲ့ ထပ်ပြီး လောလိုက်မိပါသည်။ မလိုအပ်တဲ့ အချိန်တွေမှာ ခရီးသည်တွေကို အာဏာပါဝါ မသုံးတတ်ပေမယ့် လေယာဉ်တွေအားလုံး ထွက်ခွာချိန်တိတိကျကျ ထွက်ခွာရေးက ကျွန်မတို့ဝန်ထမ်းတွေအားလုံးရဲ့ အဓိက တာဝန်တစ်ရပ် ဖြစ်နေတာမို့ အဲဒီအချိန်မှာတော့ သူ့ကို ငေါက်လိုက်မိသလို ဖြစ်သွားခဲ့ပါသည်။ ဒါပေမယ့် သူက အပြုံးမပျက်ခဲ့ပါ။

ဟေး နင့်ကိုစောင့်နေတဲ့ လေယာဉ်က နင်စင်းလုံးငှားလာတဲ့ လေယာဉ်မဟုတ်ဘူးနော်လို့ ဒုတိယအကြိမ် ထပ်ပြောရင်း ဘေးမှာရှိတဲ့ လုံခြုံရေးရဲတွေကိုပါ စစ်ကူတောင်းသလို ကြည့်တော့မှ သူက ခပ်အေးအေးပဲ ကျွန်မကို စကားတစ်ခွန်းပြန်ပြောပါသည်။

လေယာဉ် နောက်ကျမှာထက် ငါ့ခရီးဆောင်အိတ် ပုံစံမပျက်ပဲ ငါ့အိမ်ကို ရောက်ဖို့လိုတယ်…. ငါ့တိုင်းပြည်ရဲ့ လုံခြုံရေးစနစ်နဲ့ ငါ့တိုင်းပြည်က လူတွေအကြောင်း နင်တို့က ငါ့လောက်မသိဘူး” ….တဲ့

သူ့စကားအဆုံးမှာတော့ လုံခြုံရေးရဲတွေရော ကျွန်မပါ ဘာပြောရမှန်းမသိဖြစ်သွားခဲ့ပါသည်။ ခရီးသည်ကိုလည်း စိတ်မကောင်းဖြင်းများစွာဖြင့် သနားကြင်နာ စိတ်ဝင်သွားမိပါသည်။ သူ့တိုင်းပြည်ရဲ့ လုံခြုံရေးစနစ် သူ့တိုင်းပြည်က လူတွေရဲ့ စာရိတ္တတွေ ဆိုးဆိုးရွားရွားဖြစ်နေခဲ့တာကို သူပြောပြမှ ကျွန်မသိခွင့်ရခဲ့ပါသည်။

သူ့လိုပဲ အခြားသော ခရီးစဉ်တွေမှာ ခရီးသည်အချို့ သူတို့ရဲ့ ခရီးဆောင်အိတ်တွေကို လုံခြုံသည်ထက် လုံခြုံအောင် စိတ်ချရသည်ထက် စိတ်ချရအောင် ကျကျနန အထပ်ထပ် အလွာအလွာ စီမံပြီး ထုတ်ပိုးသွားတတ်တာကို တွေ့ရပေမယ့် ဘာ့ကြောင့်ဒီလို လုပ်ကြတာလဲ ဆိုတဲ့ အဖြေကို အဲဒီနေ့ကမှ အဆိုပါ ခရီးသည်မှတဆင့် သိခွင့်ရခဲ့ခြင်းဖြစ်ပါသည်။

မိမိအိမ်နီးနားခြင်းအပေါ် မယုံကြည်စိတ်ဖြင့် အိပ်ကောင်းခြင်း မအိပ်ရသော ဒုက္ခထက် မိမိနိုင်ငံသားများအပေါ် မယုံကြည်စိတ်ဖြင့် ကြီးစွာဖြစ်နေရသော သောကဆင်းရဲကို သူ့စကားများမှတဆင့် ခပ်ရေးရေး သဘောပေါက်စပြုလာခဲ့ပါသည်။

(၃)

အာဖဂန်နစ္စတန် နိုင်ငံရှိ ကန်ဒါဟာ အခြေစိုက် အမေရိကန် စစ်စခန်းကိုသွားမယ့် ခရီးသည်များကို check-in လုပ်ပေးဖြစ်တဲ့ မနက်ခင်းတစ်ခုမှာ အဲဒီခရီးစဉ်ရဲ့ VIP ခရီးသည်လို့ သတ်မှတ်ထားတဲ့ အမေရိကန် နိုင်ငံသား စစ်ဘက်ဆိုင်ရာ အရာရှိ ခရီးသည်တစ်ယောက်ရဲ့ ခရီးဆောင် သေတ္တာခပ်ရှည်ရှည်လေးတစ်လုံးမှာ အဖုံးကနေတဆင့် အလွယ်တကူ ပိတ်လို့ ဖွင့်လို့ရနေတဲ့ ခလုတ်ခြောက်ခုအနက် တစ်ခုမှ ချောင်ထွက်နေခဲ့ပြီး သူကိုယ်တိုင်ကြိုးစားပြီး ပိတ်နေပေမယ့် ထောင့်စွန်းတစ်နေရာက မသိမသာ ပွင့်နေခဲ့ပါသည်။

သေတ္တာတစ်ခုလုံးပွင့်ထွက်သွားနိုင်စရာ အကြောင်းမရှိပေမယ့် ခရီးသည်များကို အမြဲအကြံပြုနေကျ ထုံးစံအတိုင်း အံဖုံးခလုတ်တစ်ခု လွတ်ချင်ချင်ဖြစ်နေတဲ့ သေတ္တာရဲ့ လုံခြုံရေးအတွက် လိုအပ်မယ်ဆိုရင် Wrapping Machine မှာပြန်ပြီး ထုပ်ပိုးလို့ရတယ်လို့ လမ်းညွှန်ပေးလိုက်မိပါသည်။

ခရီးသည်ကတော့ သူ့သေတ္တာအတွက် စိတ်လှုပ်ရှားမှု တစုံတရာမပြပဲ ခပ်အေးအေးပဲ အဆင်ပြေပါတယ် မလိုပါဘူးလို့ပြောပြီး Check-In လုပ်သွားခဲ့ပါသည်။ သူယုံကြည်စိတ်ချစွာ ထားခဲ့သော အနက်ရောင် သေတ္တာငယ်မှာ သော့ခတ်ထားခြင်းအလျင်းမရှိသလို စက္ကန့်ပိုင်းအတွင်း လွယ်တကူ ဖွင့်လို့ ပိတ်လို့ရသော ခလုတ်ငယ် ခြောက်ခုအနက် တစ်ခုကလဲ ကျိုးပဲ့လုနီးနီး ဖြစ်နေခဲ့ပါသည်။

စစ်မက်ဖြစ်ပွားနေခဲ့သော အာဖဂန်နစ္စတန် နိုင်ငံတွင် ထားရှိသော အမေရိကန်အခြေစိုက် စစ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေသူ အမေရိကန် နိုင်ငံသားတစ်ဦးအနေဖြင့် သူ့မိခင်နိုင်ငံမဟုတ်သည့်တိုင် မိခင်နိုင်ငံကို ကိုယ်စားပြုအပ်သော (၄င်းတို့၏ရန်သူများ ပတ်ပတ်လည် ဝိုင်းရံနေသည့်) အရိပ်ငယ်တစ်ခုအောက်တွင် သူကိုယ်တိုင်၏လုံခြုံရေးအတွက် သူ့ကိုယ်ပိုင်ပစ္စည်းများ၏ လုံခြုံရေးအတွက် သောကစိုးစဉ်းမျှ မရှိခဲ့တာကိုတော့ လေးစားအားကျဖွယ်ရာ မြင်တွေ့ခဲ့ရပါသည်။

ဘယ်လို လူမျိုးကို နိုင်ငံကြီးသားလို့ သတ်မှတ်ကြပါသလဲ။ ဘယ်လို နိုင်ငံမျိုးကို ဘက်စုံဖွံ့ဖြိုးတဲ့ နိုင်ငံလို့ သတ်မှတ်ကြပါသလဲ ဆိုတဲ့ အဖြေတစ်ခုကို ခရီးသည်တစ်ဦးနှင့် ခရီးဆောင် သေတ္တာတစ်လုံးက မနက်ခင်းလေးတစ်ခုမှာ သက်သေပြပေးခဲ့ပါသည်။

(၄)

စိတ်မချရတဲ့ ပတ်ဝန်းကျင်ကြောင့် မိမိတို့ ကိုယ်ပိုင်ပစ္စည်းတွေရဲ့ လုံခြုံရေးအတွက် တချိန်လုံးပူပန်နေရတယ်ဆိုတာ လူတွေရဲ့ အကျင့်စာရိတ္တပိုင်းမှာ ဆိုးရွားစွာ နိမ့်ကျနေခဲ့လို့ .... အကျင့်စာရိတ္တတွေ နိမ့်ကျပျက်စီးကုန်ကြတာ နိုင်ငံဆင်းရဲလို့ အလုပ်လက်မဲ့ ဦးရေတွေ တိုးပွားလာလို့ စီးပွားရေးအခြေအနေတွေ ကျပ်တည်းလို့ဖြစ်ရတာလို့ အကြမ်းအားဖြင့် ကောက်ချက်ချလေ့ရှိကြပါသည်။

ဒါပေမယ့် ဆင်းရဲသော နိုင်ငံတိုင်းမှာ လူတွေ အကျင့်စာရိတ္တပိုင်းဆိုင်ရာမှာ နိမ့်ကျနေကြတယ်လို့ ပုံသေနည်းချလို့မရနိုင်ပါ။ အကျင့်စာရိတ္တပိုင်းတိုင်ရာမှာ နိမ့်ကျတိုင်း သူခိုးသူဝှက်ရန်ကို တချိန်လုံးကြောက်လန့်နေရတိုင်းလဲ နိုင်ငံဆင်းရဲလို့ တိုးတက်မှု နောက်ကျနေလို့ အလုပ်လက်မဲ့ လူဦးရေတွေ များနေလို့ မဟုတ်ဘူးဆိုတာတော့ သေချာပါသည်။

ကျွန်မတို့ နိုင်ငံဟာ အများနဲ့ယှဉ်ရင် တိုးတက်နှုန်းနောက်ကျတယ် ခေတ်မမီဘူး လိုအပ်ချက်တွေ အများကြီးနဲ့ သူများနောက်မှာ ကျန်နေခဲ့တာများတယ်ဆိုတဲ့ အားမလို အားမရစိတ်တွေနဲ့ ဘဝင်မကျခဲ့တဲ့ အချိန်တွေ ရှိခဲ့ဘူးပါသည်။ ဒါပေမယ့် နိုင်ငံတကာလေဆိပ်တစ်ခုနဲ့ ကိုက်ညီတဲ့ အင်္ဂါရပ်တွေ မရှိသေးဘူးလို့ မြင်နေမိတဲ့ မြန်မာနိုင်ငံရဲ့ လေဆိပ်ဟာ ခရီးဆောင်အိတ်တွေရဲ့ လုံခြုံရေးအတွက်တော့ ဆိုးဆိုးရွားရွား အခြေအနေမှာ မရှိသေးတာကိုတော့ ဝမ်းသာမိရပြန်ပါသည်။

လေဆိပ်မှာ တွေ့နေရတဲ့ ခရီးစဉ်တွေမှာ အိန္ဒိယ နိုင်ငံက နယ်မြို့အချို့ဟာ လုံခြုံရေးအတွက် ဆိုးရွားစွာ စိတ်ပူနေရတဲ့ မြို့အချို့ ဖြစ်နေခဲ့ပါသည်။ သို့သော် ၂၀၁၀ ဂျီဒီပီ စစ်တမ်းများအရ အိန္ဒိယ နိုင်ငံသည် အာရှတိုက်တွင် တတိယ အချမ်းသာဆုံး နိုင်ငံဖြစ်နေခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှု ဆင်းရဲ ချမ်းသာမှုကို တိုင်းတာသော စံချိန်စံနှုန်းများကို တစ်နိုင်ငံလုံး ထုတ်ကုတ်သွင်းကုန် စနစ်(GDP) ဖြင့် တိုင်းတာထားသဖြင့် တိတိကျကျ သိခွင့်ရနေသော်လဲ နိုင်ငံအတွင်းတွင် နိမ့်ကျဆင်းရဲနေဆဲဖြစ်သော နေရာ ဒေသများစွာ ရှိနေဆဲဖြစ်တာကိုတော့ မည်သူမှ မငြင်းနိုင်ပါ။

နိုင်ငံတကာရောက် အခြေခံလူတန်းစား အိန္ဒိယနိုင်ငံသားများကို မြင်တိုင်းလဲ ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သော သုခမြို့တော် ကို ပြန်လည် သတိရနေမိဆဲ ဖြစ်ပါသည်။

၂၀၁၀ တစ်နိုင်ငံလုံး ထုတ်ကုန် ( Gross Domestic Products) GDP စစ်တမ်းအရ တရုတ်ပြည်သည် အာရှတိုက်တွင် အချမ်းသာဆုံးဖြစ်ပြီး ဂျပန်နိုင်ငံမှာ ဒုတိယ အချမ်းသာဆုံးနေရာမှာ ရှိခဲ့ပါသည်။ ( ၂၀၀၉ ခုနှစ် စစ်တမ်းအရတော့ ဂျပန်နိုင်ငံသည် အာရှမှာ အချမ်းသာဆုံးဖြစ်ပြီး တရုတ်ပြည်သည် ဒုတိယအချမ်းသာဆုံးဖြစ်ခဲ့ပါသည်။ (ကိုပီတာ့ စကားနဲ့ ပြောရမယ်ဆိုရင် ၂၀၁၀ ကမ္ဘာ့ဖလားဟာ တရုတ်ပြည်ကို ပထမနေရာရောက်အောင် ပို့ပေးလိုက်တာပါပဲ။ )

၂၀၁၀ မှာ အာရှမှာ အချမ်းသာဆုံးဖြစ်လာတဲ့ တရုတ်ပြည်ဟာ နိုင်ငံခြား ခရီးသွားတွေအတွက် လုံခြုံမှု အားနည်းပြီး ကမ္ဘာ့ နိုင်ငံခြားခရီးသွား အဖွံ့ဖြိုးဆုံးနေရာဖြစ်တဲ့ မဟာတံတိုင်းကြီး မှာတောင် သူခိုး ဓါးပြရန်ကို အမြဲတမ်းကြောက်နေရတဲ့ အနေအထားမှာ ရှိတယ်လို့ တရုတ်ပြည်က သူငယ်ချင်းမလေးတစ်ယောက်က ပြောပြဘူးပါသည်။

ပြီးတော့ အာရှမှာ တတိယ အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကလဲ တရုတ်ပြည်နဲ့ ယှဉ်ရင် ထူးမခြားနား ဆိုတဲ့ အနေအထားအချို့ကို တွေ့နေရပါသည်။

နိုင်ငံချမ်းသာနေတယ် ထုတ်ကုန် သွင်းကုန်တွေ တနေ့တခြား တိုးပွားလာတယ်ဆိုပေမယ့် နိုင်ငံသားတွေရဲ့ စာရိတ္တပိုင်းမှာ ဖွံ့ဖြိုးမှုတွေ အားနည်းနေဆဲဆိုတာကို အာရှအချမ်းသာဆုံး နိုင်ငံအချို့က သက်သေထူနေခဲ့ပါသည်။

ကျွန်မကတော့ ကျွန်မတွေ့နေခဲ့တဲ့ နိုင်လွန်ကြိုးတွေရဲ့ နောက်ကွယ်က မမြင်နိုင်တဲ့ အရာတွေကို ကြိုးစားပြီး ရှာဖွေကြည့်မိပါသည်။။ နိုင်လွန်ကြိုးတွေနဲ့ ဂျီဒီပီ စစ်တမ်းတွေ တိုက်ရိုက် ပက်သက်မှု ရှိမရှိ ဆိုတာကို အတိအကျ မသိပေမယ့် အနည်းအကျဉ်းတော့ ဆက်စပ်ကြည့်မိပါသည်။

ကျွန်မတို့ မြန်မာနိုင်ငံကတော့ ၂၀၀၉ ခုနှစ် ဂျီဒီပီ စစ်တမ်းတွေအရ အာရှ ပစိဖိတ် အချမ်းသာဆုံးနိုင်ငံတွေစာရင်းမှာ နံပါတ် ၃၁ နေရာမှာ ရှိခဲ့ပါသည်။ အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယားက နံပါတ် ၃၈ မှာရှိပြီး လာအိုက ၄၂ မှာရှိပါသည်။ အိမ်နီးချင်း ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ နီပေါ နိုင်ငံကတော့ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ ၂၀ မှာ အပါအဝင်ဖြစ်ပါသည်။

သို့သော် ခရီးဆောင်အိတ်တွေ လုံခြုံစိတ်ချရအောင် နိုင်လွန်ကြိုးတွေနဲ့ ငါးဖမ်းပိုက်လို အထပ်ထပ် စည်းနှောင်ထားတာကို မြန်မာပြည်သွားတဲ့ ခရီးသွားတွေဆီမှာ မတွေ့ရသေးပါ။

ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ ၂၀ ထဲမှာပါတဲ့ နီပေါ နိုင်ငံသား ခရီးသွားတွေ ဆီမှာလဲ မတွေ့ရသေးပါ။

ကမ္ဘာ့ အဆင်းရဲဆုံး နံပါတ် နေရာမှာရှိတဲ့ ဆိုမာလီ နိုင်ငံသား ခရီးသွားတွေ ဆီမှာလဲ မတွေ့ရသေးပါ။

ကမ္ဘာ့ အဆင်းရဲဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်သော အာဖရိက နိုင်ငံအချို့ကိုသွားသည့် ခရီးစဉ်များတွင်မှု ခရီးသွားများ အနေဖြင့် ၄င်းတို့၏ ကိုယ်ပိုင်ပစ္စည်းလုံခြုံစိတ်ချမှုအတွက် သောကမရှိပဲ အေးအေးချမ်းချမ်း ခရီးသွားနေတာကိုတော့ အံ့သြဖွယ်ရာ တွေ့မြင်နေခဲ့ရပါသည်။

နိုင်ငံဆင်းရဲမှုနဲ့ နိုင်ငံသားတွေရဲ့ အကျင့်စာရိတ္တ ဆင်းရဲမှုဟာ ဘယ်လိုမှ တိုက်ရိုက် အချိုးမကျနိုင်ဘူးဆိုတာ စဉ်းစားမိချိန်မှာတော့ လူနေချုံကြား စိတ်နေဘုံဖျားဆိုတဲ့ မြန်မာ စကားပုံလေးကို သတိရလိုက်မိပါသည်။

ဆရာမ ခင်ခင်ထူးရေးသော ကြိုးတန်း ဝတ္တုတိုလေးကို ကျွန်မ မဖတ်ဖူးခဲ့ပါ။

ကြိုးတန်းရုပ်ရှင်ဇာတ်ကားကြီးကို ကျွန်မ မကြည့်ခဲ့ဘူးပါ။

သို့သော် ဆရာမ ဂျူးရေးခဲ့သော ကြိုးတန်းကို ပြန်လည်ခံစားခြင်း ဆောင်းပါးအရ ဆရာမ ခင်ခင်ထူးပြောပြချင်ခဲ့သော ကြိုးတန်းလေးကို မျက်စိထဲတွင် ပြန်မြင်ယောင်ရင်း………

နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ဆင်းရဲ ချမ်းသာမှုကိုတိုင်းတဲ့ ဂျီဒီပီ စနစ်တွေကို ခဏ ဘေးဖယ်ထားလို့....

ဗလငါးတန်ထဲက စာရိတ္တဗလ မဏ္ဍိုင်ကိုပါ မိမိတို့ရဲ့ အသိစိတ်ဓါတ်တွေနဲ့ မြှင့်တင်နိုင်ကြမယ် ဆိုရင်ဖြင့်

နိုင်လွန်ကြိုးစလေးတွေ…

ဆရာမ ခင်ခင်ထူး ပြောတဲ့ ပလတ်စတစ် ကြိုးတန်းလေးတွေ ….

ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကင်းဝေးသွားမယ်လို့ ယုံကြည် မျှော်လင့်မိပါသည်။

3 comments:

Beauty Studio USA Branded Store said...

သူဖြစ်လာမယ့် အခြေအနေ နဲ့ အချိန်အခါကျမှပဲ ဒီလိုမျိုးတွေ ကင်းနိုင်းတော့မှာပါပဲ မနှင်းရေ။

ရွှေရတုမှတ်တမ်း said...

ရွာကလေဆိပ်မှာ ဒမြတွေသောင်းကျန်းနေတော့.. ဘယ် သူခိုး ကပ်နိုင်ပါ့မလဲ..
ဘကျောက်တို့ ငယ်ငယ်က နယ်တွေမှာ ခုလောက်သခိုးမပေါတာတော့ အမှန်...တိုင်းပြည်ဆင်းရဲလာတော့ တဖြေးဖြး ပေါလာတယ်

Unknown said...

ဗျို့....................အဒေါ်ကြီး စာလုံးတော်တော် များများ ဖတ်မရဘူးဗျ။ ဟို တုံးက ဖတ်လို့ ရပါတယ်၊ အခုမှဘာများဖြစ်တယ်မသိပါဘူးဗျာ။

My Blog List