နားစွင့်နေဆဲဖြစ်သော.....
ကျွန်မတို့ရဲ့ လက်တွဲဖော်တွေ ကျွန်မတို့ရဲ့ အနားမှာ ရှိနေလား…
ဟိုးအဝေးကြီးကို ရောက်နေကြလား….
ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေ ကျွန်မတို့အတွက် ရှိနေကြတယ်ဆိုတာကို
အသိအမှတ်ပြုပေးဖို့ တခါတရံမှာ မေ့လျော့နေတတ်ကြပါသည်။
တခါတရံမှာ နာရီပေါင်းများစွာ….
တခါတရံမှာ ရက်ပေါင်းများစွာ …
တခါတရံမှာ လပေါင်းများစွာ…. သူတို့ကို မေ့လျော့နေတတ်ကြပါသည်။
သူတို့ပို့လာတဲ့ စာတွေကို အချိန်မီ မပြန်ဖြစ်ကြသလို…
သူတို့ခေါ်လာတတ်တဲ့ ဖုန်းတွေကို ပြန်ဖြေဖို့ မေ့လျော့ ပျက်ကွက်ခဲ့ကြပါသည်။
မရည်ရွယ်ပါပဲ သူတို့ရဲ့ မျှော်လင့်ခြင်းများစွာကို ဥပေက္ခာ ပြုမိတတ်ကြပါသည်။
မရည်ရွယ်ပဲ ဥပေက္ခာပြုမိခဲ့တဲ့ စာလေးတစ်စောင် ဖုန်းခေါ်သံတစ်ခုက တခါတရံမှာ ကျွန်မတို့ကို ဘဝတစ်ခုလုံးစာအတွက် နောင်တများစွာကို ဖြစ်စေမယ်ဆိုတာကို ကြိုတင်သိခွင့်ရခဲ့မယ်ဆိုရင်…..
.......................
သာမန်ချစ်သူတွေ တွေ့ဆုံခဲ့သလို ချစ်သူကို သာမန်ဆုံဆည်းမှုနဲ့ တွေ့ဆုံခဲ့ပါသည်။
သာမန်ချစ်သူတွေလို သူမတို့ ချစ်သူတွေ ဖြစ်ခဲ့ပါသည်။
သာမန်ချစ်သူတွေလို လှပတဲ့ နေ့ရက်များစွာကို သူမတို့ ပိုင်ဆိုင်ခဲ့ဘူးပါသည်။
တစ်ပတ်မှာ တစ်ရက်နားရသူပီပီ သူမရဲ့ အားလပ်ရက်တိုင်းမှာ ချစ်သူက သူမအနားမှာ ရှိနေခဲ့ဘူးပါသည်။
သောကြာနေ့ နေ့လည်စာတွေကို နှစ်ယောက် အတူချက်ပြုတ်ရင်း အနာဂတ်အတွက် စီမံကိန်းလေးတွေ ချဖြစ်ခဲ့ပါသည်။
မနက်တစ်ကြိမ် ညတစ်ကြိမ် ဖုန်းပြောဖြစ်တိုင်းလဲ နှစ်ယောက်လုံးနဲ့ သက်ဆိုင်နေတဲ့ အလုပ်ကိစ္စတွေအပြင် မက်နေကျဖြစ်တဲ့ အိပ်မက်တွေ အကြောင်းကို မမောနိုင် မပန်းနိုင် ပြောခဲ့ဘူးပါသည်။
သာမန်ချစ်သူတွေလို ကောင်းသတင်း ဆိုးသတင်း ကောင်းမွေဆိုးမွေများကို အတူတူ မျှဝေခံစားခဲ့ကြပါသည်။
နှစ်ယောက် အတူတူမက်ခဲ့ဘူးသော အိပ်မက်များလို နှစ်ယောက် အတူတူရှိခဲ့ဘူးသော အချိန်တိုင်းသည် လှပခဲ့ပါသည်။
အထူးသဖြင့် ချစ်သူ၏ အဆုံးစွန်သော နားလည်နိုင်စွမ်း သည်းခံနိုင်စွမ်းကြောင့် အခက်အခဲ မကျေလည်မှုများနှင့် အဝေးမှာ သူမပျော်ရွှင်ခဲ့ဘူးပါသည်။
ချစ်သူကို သူမ ဘယ်လိုချစ်ခဲ့သလဲ ဘယ်လောက်ချစ်ခဲ့သလဲလို့ သူမကိုယ်သူမ ပြန်မေးဖို့ မစဉ်းစားခဲ့မိပေမယ့် ချစ်သူက သူမကို ဘယ်လောက်ချစ်ခဲ့သလဲ ဘယ်လိုချစ်ခဲ့သလဲဆိုတာကို အနစ်နာခံတတ်လွန်းတဲ့ ချစ်သူကြောင့် သူမကိုယ်တိုင် သိမြင်ခံစားခွင့်ရခဲ့ပါသည်။
ချစ်သူကို သူမ ဘယ်လိုတန်ဘိုးထားခဲ့သလဲ ဘယ်လို လေးစားခဲ့သလဲ ဆိုတာ သူမ ဆန်းစစ်ဖို့ မေ့နေခဲ့ပေမယ့် ချစ်သူက သူမကို အတိုင်းအဆမရှိ တန်ဘိုးထား လေးစားပြီး ချစ်ခင်မြတ်နိုးခဲ့ခြင်းအပေါ် အတိုင်းအဆမဲ့ ပျော်ရွှင်စွာ ခံယူခဲ့ဘူးပါသည်။
မိဘရင်ခွင်နှင့်ဝေးရာ နိုင်ငံရပ်ခြားတွင် ရုန်းကန်နေရသူများမို့ ချစ်သူ၏ စားဝတ်နေရေးအတွက် တခါတရံ သူမဘက်မှ စိုးရိမ်စိတ်များ ရှိခဲ့ဘူးသော်လည်း သူမ၏ စားဝတ်နေရေးအတွက် အမြဲတမ်းလိုလို စိုးရိမ်နေတတ်သော ချစ်သူ၏ သောကများက အတိုင်းအဆမဲ့ ပိုခဲ့ပါသည်။
ချစ်သူ၏ အလေးပေးဂရုစိုက်မှုများကို အခြားမိန်းကလေးတွေထက် ပိုပြီးရခဲ့ပီပီ
ချစ်သူအပေါ် အမြဲတမ်း အနိုင်ရဗိုလ်ကျခဲ့သူပီပီ ချစ်သူကို ပြန်ပြီး အလေးထားဖို့ မေ့လျော့ခဲ့ဘူးပါသည်။ အကြိမ်ပေါင်းများစွာလဲ ပျက်ကွက်ခဲ့ဘူးပါသည်။
သူမရဲ့ ဖုန်းခေါ်သံများကို ချစ်သူက အလေးထားဂရုထားပြီး ဖြေကြားခဲ့သလောက် ချစ်သူရဲ့ ဖုန်းခေါ်သံများကို အလေးထားဂရုစိုက်ဖို့ သူမက မကြာခဏ ပျက်ကွက်ခဲ့ဘူးပါသည်။
တမြေတည်းမှာ အတူတူရှိနေတာပဲ…. အချိန်မရွေး ပြန်ဆက်သွယ်လို့ရနေတာပဲ…. ဆိုသော
အတွေးများဖြင့် ချစ်သူ၏ ဖုန်းခေါ်သံများကို တခါတရံ မသိမသာ လျစ်လျူရှုခဲ့မိသလို
တခါတရံ သိသိသာသာ ပစ်ပယ်ထားခဲ့ဘူးပါသည်။
သူမ မထင်မှတ်ထားသော ဘဝတစ်ဆစ်ချိုးတွင် ချစ်သူနှင့်သူမ တခဏတာ ဝေးကွာဖို့ အကြောင်းဖန်လာခဲ့ပါသည်။
နှစ်ယောက်အတူတူ မက်ခဲ့ဘူးသော အိပ်မက်တစ်ခုအတွက် သူမကို ခေတ္တယာယီခွဲခွာပြီး အခြားနိုင်ငံသစ်တစ်ခုဆီသို့ ချစ်သူထွက်သွားခဲ့ပါသည်။
ချစ်သူ၏ အိပ်မက်များအရ ချစ်သူအတည်တကျ ဖြစ်ချိန်တွင် ချစ်သူရှိသော နိုင်ငံသို့ သူမကို ခေါ်ယူပြီး နှစ်ဦးသားဘဝကို အခိုင်အမာတည်ဆောက်ဖို့ ဖြစ်ပါသည်။
ချစ်သူတွက်ပြခဲ့သော သူမတို့ နှစ်ယောက်ကြားမှ အကွာအဝေးမှာ ကီလိုမီတာ ၆၀၀၀ တိတိရှိသည်ဟု သိရပါသည်။ ဒေသ စံတော်ချိန်ကွာခြားမှုက လေးနာရီတိတိ။
အကြောင်းကြောင်းကြောင့် လူချင်းဝေးနေခဲ့သော်လည်း ချစ်သူ၏ စာနာနားလည် ဂရုစိုက်မှုများကြောင့် ယခင်လို နှစ်ကိုယ့်တစ်စိတ်ဘဝတွင် သူမ ဆက်လက် ပျော်ရွှင်ခဲ့ရပါသည်။
နိုင်ငံနှစ်နိုင်ငံကြား မတူညီသော ပထဝီ အနေအထားကြောင့် အိပ်ချိန် စားချိန်များ ကွာခြားနေခဲ့သော်လည်း ချစ်သူထံမှ ဖုန်းခေါ်သံများကို ခါတိုင်းလို မနက်တစ်ကြိမ် ညတစ်ကြိမ် လက်ခံရရှိခဲ့ပါသည်။
စာတိုစာရှည်များ E-Card လေးများ…. ကို မေးလ်များမှတဆင့် နေ့စဉ်လိုလို ရနေခဲ့သလို အွန်လိုင်းပေါ်မှတဆင့် အချိန်တိုင်း စကားပြောခွင့်များရနေခဲ့ပါသည်။
ချစ်သူက သူနေ့စဉ်ကြုံတွေ့နေရသော အလုပ်အသစ်မှ အတွေ့အကြုံ အသစ်များအကြောင်း နေရာသစ်မှ လူများအကြောင်း ပတ်ဝန်းကျင် အသစ်အကြောင်း မမောနိုင်အောင် ပြောပြခဲ့ဘူးသလို သူမရဲ့ နေ့စဉ်လှုပ်ရှားမှုများအကြောင်းကိုလဲ အသေးစိတ် မေးဖို့ မမေ့ခဲ့ပါ။
ရံဖန်ရံခါ ကြုံတွေ့နေရတတ်သော သူမ၏ အခက်အခဲများကို ချစ်သူက သတိတရ အားပေးနှစ်သိမ့်တတ်ပေမယ့် သူ့ရဲ့ အခက်အခဲများကိုတော့ သူမရှေ့မှာ ဘယ်တုန်းကမှ ဖွင့်ဟငြီးငြူခဲ့ခြင်းမရှိပါ။
အမြဲတမ်းလိုလို ထမင်းဟင်းချက်ဖို့ ပျင်းရိတတ်သော သူမကို သူမစိတ်ဝင်စားစေမည့် ချက်နည်းပြုတ်နည်း အသစ်များအကြောင်း စိတ်ဝင်စားအောင် ပြောပြတတ်ပြီး ထမင်းဟင်း ချက်ဖြစ်အောင် ပရိယာယ်များစွာဖြင့် ချစ်သူက စည်းရုံးတတ်ပါသည်။
ဘာသာစကားအားနည်းမှုကြောင့် တချိန်လုံး အားငယ်နေတတ်တဲ့ သူမကို အွန်လိုင်းပေါ်က သင်ခန်းစာတွေနဲ့ အကျွမ်းတဝင်ဖြစ်လာအောင် ချစ်သူက အားပေးကူညီခဲ့ပါသည်။
အမြဲလိုလို စာဖတ်ရမှာ ပျင်းပြီး လေ့ကျင့်ခန်းတွေ မလုပ်ပဲ ပစ်ထားတိုင်းလဲ ကလေးတစ်ယောက်လို စိတ်ရှည်လက်ရှည် ချော့မော့ပြီး စာဖတ်စေခဲ့ပါသည်။
သူမ၏ အလုပ်ချိန် စားချိန် အိပ်ချိန် စာဖတ်ချိန် နားနေချိန်များကို ဂရုတစိုက် အဝေးမှစီမံပေးနေတတ်ပြီး သူမ အနားယူချိန်များတွင် အလိုက်သိစွာ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့ဘူးပါသည်။
ရံဖန်ရံခါ ချစ်သူ၏ အိပ်စက် အနားယူချိန်များတွင် အလိုက်မသိစွာ ဖုန်းခေါ်ပြီး အနှောင့်အယှက်ပေးခဲ့သူမှာ သူမသာဖြစ်ပြီး သူမ၏ အိပ်စက်ချိန်များတွင်တော့ အလွန်တရာ အရေးကြီးသည့် ကိစ္စရှိနေသည့်တိုင်အောင် ချစ်သူက ဖုန်းမခေါ်ခဲ့ဘူးပါ။
သူမ အနားယူချိန်တွင် ချစ်သူက အနှောင့်အယှက်ကင်းစွာ နှစ်ခြိုက်စွာ အိပ်စက်စေခဲ့ဘူးပါသည်။
..............
ညသန်းခေါင်ယံအချိန်တွင် ရုတ်တရက် ထမြည်လာသော ဖုန်းသံကြောင့် မျက်လုံးမပွင့်တပွင့် နှိုးတဝက် အိပ်တဝက်ဖြင့် တယ်လီဖုန်းကို ယူကြည့်လိုက်ချိန်တွင် ချစ်သူ၏ တယ်လီဖုန်းနံပါတ်ကို တွေ့လိုက်ရပါသည်။
ညသန်းခေါင်ယံ သူမ အိပ်မောကျနေအချိန်တွင် ဘယ်တုန်းကမှ ဖုန်းမဆက်ခဲ့ဘူးသော ချစ်သူကို အံ့သြနေမိပေမယ့် အိပ်ချင်စိတ်က ကြီးစိုးနေဆဲမို့ ခါတိုင်းလိုပဲ ဖုန်းခေါ်သံကို ဥပေက္ခာပြုပြီး ဆက်အိပ်လိုက်မိပါသည်။
မနက် အိပ်ယာနှိုးချိန်တွင်လဲ ထုံးစံအတိုင်း အလုပ်သွားဖို့ ပြင်ဆင်ရင်း ညသန်းခေါင်ယံအချိန်တွင် လက်ခံရရှိခဲ့ဘူးသော ချစ်သူ၏ ဖုန်းခေါ်သံတစ်ခုကို မေ့လျော့နေခဲ့ပါသည်။
သူမတို့ နှစ်ယောက်ကြားတွင် ဖုန်းခေါ်ရခြင်းအလုပ်က ချစ်သူ၏ အလုပ်ဖြစ်ပြီး စာစတင်ရေးပို့ရမည့် တာဝန်က ချစ်သူ၏ တာဝန်သာဖြစ်ပါသည်။
သူမကတော့ ချစ်သူခေါ်လာသော ဖုန်းကို အဆင်ပြေချိန် စိတ်ပါချိန်များတွင် ပြန်ဖြေဖို့နဲ့ ချစ်သူပို့လာသော စာများကို ရံဖန်ရံခါဆိုသလို လက်ခံရရှိကြောင်း အသိပေးရုံအတွက် စာပြန်ပေးဖို့သာ ဖြစ်ပါသည်။
နံနက်စောစောတွင်လက်ခံရရှိနေကျ ဖုန်းခေါ်သံတစ်ခု ထူးထူးခြားခြား ပျောက်ဆုံးနေခဲ့သော်လည်း တချိန်ချိန်တွင် ချစ်သူ ဖုန်းခေါ်လာမယ်ဆိုတာ သေချာနေတာမို့ ထူးခြားစွာ မခံစားမိခဲ့ပါ။
ထိုနေ့က နေ့လည်ခင်းများတွင် လက်ခံရှိနေကျ ချစ်သူ၏ စာအချို့လဲ ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့ပြန်ပါသည်။
သို့သော် ချစ်သူ၏ ထာဝရအခွင့်ထူးခံ ဖြစ်လိုသူမို့ သူမဘက်က စတင်ပြီး စာမပို့ဖြစ်ခဲ့။ မေးခွန်းများ မထုတ်မိခဲ့။ ချစ်သူ၏ ထူးဆန်းစွာ ပျက်ကွက်မှုကို ထပ်မံ လျစ်လျူရှုမိပြန်ပါသည်။
ပထမဆုံးတစ်ရက် ချစ်သူ၏ ခေါ်သံတိတ်ဆိတ်နေမှုကို အမှုမထားမိခဲ့….
ဒုတိယရက်….. ရင်ထဲတွင် မသိမသာ လစ်ဟာနေခဲ့ပေမယ့် ချစ်သူ၏ ပျောက်ဆုံးနေမှုကို အရေးတယူ မစိုးရိမ်မိခဲ့….
တတိယရက်….စိုးရိမ်စပြုနေခဲ့ပေမယ့် ချစ်သူကို စိတ်ကောက်ချင်စိတ်နဲ့ သူမဘက်က စတင်ပြီး မဆက်သွယ်မိခဲ့…..
စတုတ္ထရက် ပဉ္စမရက်များမှာလဲ ချစ်သူရဲ့ ပျက်ကွက်မှုအတွက် စိတ်ကောက်လို့ကောင်းနေဆဲ….
တစ်ရက်ပီးတစ်ရက် စာမလာ ဖုန်းမဆက် ပျက်ကွက်နေခဲ့သော ချစ်သူကို စိုးရိမ်ပူပန်စိတ်ဖြင့် တပတ်တိတိကြာချိန်မှာတော့ သူမဘက်က စတင်ပြီး ဖုန်းဆက်ဖို့ ကြိုးစားခဲ့မိပါသည်။
ဖြေဆိုသူမဲ့နေသော ချစ်သူ၏တယ်လီဖုန်းမှာ ဘက်ထရီကုန်နေတယ်ဆိုတဲ့ မက်ဆေ့လေးကို အလိုအလျှောက်ဖြေကြားသော စက်မှတဆင့် ကြားသိလိုက်ရလိုက်ပါသည်။
အကြိမ်ကြိမ် နေ့စဉ်ရက်ဆက် ချစ်သူဆီ ဖုန်းဆက်ခဲ့ပေမယ့် သူမရရှိခဲ့တဲ့ မက်ဆေ့လေးက ထူးခြားမလာခဲ့ပါ။ အလိုအလျှောက် ဖြေကြားစက်က ထွက်လာနေတဲ့ ဘက်ထရီကုန်နေတယ်ဆိုတဲ့ အဖြေတစ်ခုကိုသာ အကြိမ်ကြိမ် လက်ခံရရှိခဲ့ပါသည်။
တစ်လနီးပါးကြာမြင့်ချိန်မှာတော့ ထူးဆန်းစွာ ပျောက်ဆုံးနေခဲ့သော ချစ်သူရဲ့ သတင်းကို ကြေကွဲဝမ်းနည်းဖွယ်ရာ မယုံကြည်နိုင်ဖွယ်ရာ သိခွင့်ရခဲ့ပါသည်။
သူမဆီကို ညသန်းခေါင်ယံအချိန် ဖုန်းခေါ်ခဲ့တဲ့ ညမှာပဲ ချစ်သူ ရုတ်တရက် ဆုံးပါးသွားတယ်ဆိုတဲ့ သတင်းဆိုးတစ်ခုကို ချစ်သူ၏ သူငယ်ချင်းများထံမှ အိပ်မက်ဆန်စွာ လက်ခံရရှိခဲ့ချိန်မှာတော့….
သူ့ရဲ့ နောက်ဆုံးအချိန်မရောက်မီလေးမှာ ခေါ်လာခဲ့တဲ့ ဖုန်းခေါ်သံလေးကို ထိတ်လန့်ခြင်းများစွာဖြင့် ပြန်ပြောင်းသတိရလိုက်မိပါသည်။
ချစ်သူလောကကြီးက မထွက်ခွာမီ နောက်ဆုံး ဆက်သွယ်ခဲ့သူက သူမတစ်ယောက်သာဖြစ်ခဲ့ပေမယ့် ချစ်သူခေါ်လာသော ဖုန်းကိုတော့ သူမက ဖြေကြားဖို့ ပျက်ကွက်ခဲ့ပါသည်။
ချစ်သူကိုယ်တိုင် မသိနိုင်ခဲ့တဲ့ သူ့ရဲ့ နောက်ဆုံးအချိန်လေးမှာ
ချစ်သူရင်ထဲမှာ ဘာတွေရှိနေခဲ့တာလဲ ….
သူမကို ဘာတွေများ ပြောပြချင်နေခဲ့တာလဲ……
တချိန်လုံး စိုးရိမ်ပူပန်ပေးနေခဲ့တဲ့ သူမကို သူ့ဘဝရဲ့ နောက်ဆုံးအချိန်အထိ စိုးရိမ်ပူပန်ခြင်းများစွာနဲ့
မှာတမ်းတွေ ခြွေဖို့ ဖုန်းခေါ်ခဲ့ခြင်းများလား….
သူမဘယ်တော့မှ သိခွင့်ရမှာမဟုတ်တော့တဲ့ ချစ်သူရဲ့ နောက်ဆုံးသောကတစ်ခုကို ကြိုးစားပြီး စဉ်းစားမိတိုင်း
မဖတ်ပဲ ပစ်ပယ်ထားခဲ့ဘူးသော ချစ်သူ၏ စာတို စာရှည်လေးများကို ပြန်မြင်ယောင်ရင်း….
မဖြေပဲ လျစ်လျူရှုခဲ့ မိသော ချစ်သူ၏ဖုန်းခေါ်သံများကို ပြန်လည်ကြားယောင်ရင်း
သန်းခေါင်ယံအချိန်တွေမှာ…..
မနက်မိုးလင်းတိုင်းမှာ…
ညအိပ်ယာဝင်ခါနီးအချိန်တိုင်းမှာ
သူမ ဘယ်တော့မှထပ်ရတော့မှာ မဟုတ်တဲ့ ဖုန်းခေါ်သံတွေကို မျှော်မှန်းနားစွင့်ရင်း…..
ကျွန်မတို့ရဲ့ ချစ်သူတွေ ကျွန်မတို့ အဝေးမှာ ရှိနေသည်ဖြစ်စေ….
အနီးနားမှာ ရှိနေသည်ဖြစ်စေ…
သူတို့ရဲ့ ခေါ်သံလေးများကို အလေးထား ဂရုစိုက်တတ်ကြစေချင်ပါသည်….
တန်ဘိုးထားလေးစားကြစေချင်ပါသည်။
(ခင်မင်ရသော သူငယ်ချင်းလေးအတွက် မျှဝေခံစားပေးမိတဲ့ ပို့စ်လေးတစ်ပုဒ်ပါ)
Sunday, December 05, 2010
|
Labels:
ဝတ္ထုတို
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
7 comments:
အပျိုကြီးငိုမိတော့မယ်နော် ဘာတွေကြောနေတာလဲ...ဒီနေ့ အနီးစခန်းကိုသွားပြီး..စိတ်ပူပါတယ်ဆိုမှသူ့ က ဟင့်ဟင့်
အဲဒီလို အဖြစ်အပျက်ကို အမြဲတမ်း သတိထားပြီး ဆင်ခြင်တယ်။ ဒါကြောင့် ဖုန်းလာရင် ချက်ချင်း ပြေးကိုင်တာ ၊ ကိုယ်ကတော့ ဘယ်တော့မှ နောက်ပြီး Missed Call မပေးဘူး။ အဘ ကျားကျား ဖြစ်နေမှာ စိုးလို့။
သတိထားစရာလေးပါပဲ။
နှင်းရေ တကယ့်အဖြစ်လေးဆိုရင်တော့ သိပ်ကို ၀မ်းနည်းစရာကောင်းလွန်းပါတယ်..
ဒီလောက် ကိုယ့်အပေါ်ကောင်းတဲ့ချစ်သူကို ရထားတာ နောက်ကျတော့မှ မိန်းခလေးက သိလိုက်ရတာ စိတ်မကောင်းစရာပါဘဲ
ကိုယ့်ဘေးနားရှိနေချိန်မှာ တန်ဖိုးထားတတ်ဖို့လိုတယ် နော်...
မရနိုင်တော့တဲ့အခါ၊ မဆုံနိုင်အောင်ဝေးသွားတဲ့အခါမှ နောင်တတွေ ရနေမယ်ဆိုလဲ အလကားပါဘဲ..
ပျောက်ဆုံးသွားသူတစ်ယောက်ရဲ့ ရင်ထဲမှာလည်း ဘယ်လောက်များ ခံစားခဲ့ရမလဲနော်..
သူ့ဘက်က ဒီလောက်တောင် ကောင်းပေး၊ နားလည်ပေးပါရက်နဲ့ အလေးမထားတတ်တဲ့ ချစ်သူကိုချစ်နေမိတာ တကယ်တမ်းတော့ ကံကြမ္မာရဲ့ လွဲချော်မှုပါဘဲလေ..
ထပ်တူညီမျှတဲ့အချစ်ဆိုတာ ရှားပါးလွန်းလှပါတယ်
ဖတ်ပြီး ခံစားရတယ်နှင်းရယ်
ဖတ်ပြီးရင်နင့်အောင်ခံစားသွားရတယ်မနှင်းရယ်.။
ချစ်တတ်တဲ့သူတယောက်ရဲ့နောက်ဆုံးမှာတမ်းလေးကို
ကြားချင်နေမိမှာပဲ.။
ချစ်တဲ့
သဒ္ဓါ
ညီမ နှင်းရေ လွမ်းစရာစာလေး ကို အရေးကောင်းကောင်း နဲ့ ရေးတာ ဖတ်သွားတယ်နော်
အရင်ညီမ ရေးတဲ့ ဖတ်ခဲ့တဲ့ စာအုပ်များလိုမျိုးရေးပါအုန်း အဲဒီနိုင်ငံက အမျိုးသမီးတွေရဲ့ ဘဝလေးတွေ ဖတ်ချင်တယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
သနားစရာလေးပါလားမနှင်း......။
တစ်ခါတစ်လေ........ကိုယ်က အသေးအဖွဲဆိုပြီး လျှစ်လျူရှုထားမိတတ်လိုက်တဲ့ ကိစ္စလေးတွေက......နောင်တစ်ချိန်မှာကိုယ့်ကိုယ်ကိုပြန်ပြီး....သောကဖြစ်စေ....၊ နောင်တရစေတတ်တာ အမှန်ပါပဲထင်ပါရဲ့ဗျာ.....။
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
တကယ့်ကို စိတ်မကောင်းစရာ အဖြစ်လေးပါပဲရှင်။
ကိုယ့်ဘေးမှာ ရှိနေတဲ့ ကိုယ့်ကို ချစ်တဲ့သူတွေကို
တန်ဖိုးထားတတ်ဖို့ သတိပေးလိုက်သလိုပါပဲ။
မှတ်မှတ်ရရတော့...ဖုန်းနံပါတ်လေးတစ်လုံးလွဲမှားစွာ
မှတ်ထားမိခြင်းရဲ့ ပေါ့တန်မှုနောက်မှာ ပြန်ပြင်လို့ မရတဲ့
နောက်ကျမှုတွေ ကြုံခဲ့ဖူးလို့ ပိုပြီးခံစားသွားမိပါတယ်။
..ခင်မင်လျှက်...ခင်မာလာအောင်..:)
Post a Comment