ပေးလို့ရတဲ့ ပီတိ
အလုပ်အားရက်မို့ စာအုပ်တစ်အုပ်နဲ့ ငြိမ်နေတဲ့ အချိန်မှာ Give and Take အကြောင်းကို သူငယ်ချင်းနှစ်ယောက် အပြိုင်အဆိုင်ပြောရင်း ငြင်းခုန်နေကြတာကို ဘေးကထိုင်ကြည့်ရင်း သဘောကျစွာနဲ့ ပြုံးမိပါသည်။
အပေးအယူ အလှူအတန်း ကိစ္စတွေက ဘယ်အချိန်မှာပဲ ပြောပြော ဘယ်သူနဲ့ပဲပြောပြော စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ရပ်ပဲ ဖြစ်ပါသည်။
လူဆိုတာ အတ္တသမားတွေမို့ ကိုယ်က ပေးဖို့ထက် သူများဆီက ရလာမယ့် အရာတွေကို ပိုပြီး မျှော်လင့်တတ်ကြတဲ့ သဘာဝရှိတတ်ပါသည်။
ကိုယ်ကိုယ်တိုင် ဖန်တီးလို့ရတဲ့ အရာတွေကို သူတပါးဆီက ရရှိဖို့ မျှော်လင့်တတ်ကြသလို ကိုယ်တိုင် ဖန်တီးလို့ မရနိုင်မယ့်အရာတွေ ဖြစ်တဲ့ မေတ္တာတွေ ဂရုဏာတွေကို ရရှိဖို့ တဖက်သတ် တောင့်တနေကြသူတွေလဲ ရှိတတ်ပါသည်။
ကျွန်မကတော့ အပေးနဲ့ အယူ ကြားမှာ မတူညီနိုင်တဲ့ ပီတိလေး တစ်ခုပဲ ခြားနားတယ်လို့ မြင်မိပါသည်။
ပေးလိုက်ရတဲ့သူကလဲ သူပေးလိုက်လို့ရလာတဲ့ ကြည်နူးမှု တစ်ခုအတွက် တသသနဲ့ ပီတိ ဖြစ်နေတတ်သလို လက်ခံရယူတဲ့ သူကလဲ သူ့ရဲ့ လိုအပ်ချက် ပြည့်စုံသွားလို့ ပျော်ရွှင်မှု တစ်ခုနဲ့ ပီတိဖြစ်ရမှာ သေချာနေပါသည်။
ကျွန်မကိုယ်တိုင်ကလဲ တစ်စုံတစ်ယောက်ဆီက တခုခု လက်ခံရရှိလို့ ပျော်ရွှင်ခံစားရတဲ့ ပီတိရော တစ်စုံတစ်ယောက်ကို တခုခု ပေးလိုက်ရလို့ ခံစားရတဲ့ ကြည်နူးမှုကိုရော တချိန်တည်း တပြိုင်တည်းမှာ မတူညီနဲ့ ပီတိ နှစ်ခုနဲ့အတူ ခံစားခဲ့ဘူးပါသည်။
လွန်ခဲတဲ့နှစ်နှစ် အနည်းငယ် အေးတဲ့ ဆောင်းကာလ ညချမ်းတစ်ခုမှာ မတူညီတဲ့ ပီတိနှစ်မျိုးကို ထူးထူးဆန်းဆန်း ခံစားခဲ့ရဘူးပါသည်။
နိုဝင်ဘာလား ဒီဇင်ဘာလား မမှတ်မိတော့ပေမယ့် ယူအအီးနိုင်ငံရဲ့ ဘာသာရေးပွဲတော်နေ့ အကြို ညချမ်းလေးတစ်ခုဆိုတာကိုတော့ မှတ်မိနေပါသည်။
ကျွန်မ အလုပ်ပြီးချိန် ည၁၁ နာရီမှာ ထုံးစံအတိုင်း လာကြိုနေကျ ဖယ်ရီကားရောက်လာပါသည်။ ဖယ်ရီပေါ်ကို ရောက်ရောက်ချင်းမှာပဲ ဖယ်ရီကားမောင်းတဲ့သူက ကားပေါ်မှာ အတူပါလာတဲ့ အခြားသူငယ်ချင်းတွေအားလုံးနဲ့အတူ ကျွန်မကိုပါ ထူးထူးခြားခြား မုန့်ဘိုးပေးလာခဲ့ပါသည်။
ဖယ်ရီပေါ်မှာ မိန်းကလေးဆိုလို့ ကျွန်မ တစ်ယောက်တည်း ရှိနေခဲ့တာမို့ သူပေးလာတဲ့ မုန့်ဘိုးကို ယူသင့်မယူသင့် စဉ်းစားနေတာမို့ ကျွန်မလက်ထဲကို ကမ်းပေးလာတဲ့ သူ့ရဲ့ လက်က လေထဲမှာ အတော်အတန်ကြာတဲ့ အထိ ရပ်တန့်နေခဲ့ပါသည်။
ဒါပေမယ့် ကားမောင်းသူက ကျွန်မ အဖေအရွယ် ဖြစ်တဲ့အပြင် သူ့ကားကို စီးနေခဲ့တာလဲ နှစ်နှစ်နီးပါး ရှိနေတာမို့ သူပေးလာတဲ့ မုန့်ဘိုးကို အားနာနာနဲ့ ယူရင်း ကျေးဇူးလို့ တခွန်းပဲ ပြောဖြစ်ခဲ့ပါသည်။
သူပေးလာတဲ့ မုန့်ဘိုးဆိုတဲ့ ငွေပမာဏ တစ်ခုထက် သူ့ရဲ့ အရေးတယူ ဂရုစိုက်မှုကြောင့် ပြောမပြတတ်အောင် ကြည်ကြည်နူးနူး ခံစားလိုက်ရတဲ့ အခိုက်အတန့်ကိုတော့ ပြန်တွေးမိတိုင်း ကြည်နူးခြင်းများစွာဖြင့် အမှတ်ရနေခဲ့ပါသည်။
သူပေးတဲ့ မုန့်ဘိုးကို ရပြီးချိန်မှာတော့ ကျွန်မကို မုန့်ဘိုးရယ်လို့ သီးသီးသန့်သန့် ပေးမယ့်သူတွေ ကျွန်မပတ်ဝန်းကျင်မှာ ပျောက်ဆုံးနေခဲ့တာ နှစ်ကာလ အတော်ကြာခဲ့ပြီဆိုတာကို စိတ်မကောင်းခြင်းများစွာဖြင့် သတိထားလိုက်မိပါသည်။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်ဖို့ ကြိုးစားနေခဲ့တာ အချိန်အတော်ကြာပြီဖြစ်ပေမယ့် အထောက်အပံ့သဘောမျိုးမဟုတ်သော အလေးပေးဂရုစိုက်မှုဆန်တဲ့ မုန့်ဘိုးများအပေါ် တခါတရံမှာ ပီတိဖြစ်ချင်မိပါသည်။
ဒါပေမယ့် တစုံတခုကို ရုတ်တရက် အံ့သြမိတဲ့ အချိန်တိုင်း ဘာပြောရမှန်းမသိအောင် ကြောင်တောင်တောင် ဖြစ်ပြီး ဆွံ့အနေတတ်တဲ့ အကျင့်ဆိုးတစ်ခုကြောင့်လဲ အဲဒီနေ့က ကျွန်မရဲ့ ပျော်ရွှင်မှုက အများနဲ့မတူပဲ အသံမဲ့တိတ်ဆိတ်နေခဲ့ပါသည်။
အခြားသူငယ်ချင်းတွေကတော့ ကားသမားကို ကျေးဇူးစကားတွေ ရေပက်မဝင်အောင် ပြောရင်း ကားထဲမှာ ဆူညံနေခဲ့ပါသည်။
အလုပ်ကနေ အိမ်ပြန်မရောက်ခင် အချိန်လေးမှာ ရှားပါးလှစွာ ရလာတဲ့ မုန့်ဘိုးကို ဘာလုပ်ရရင်ကောင်းမလဲ လို့ စဉ်းစားရင်း ကလေးတွေမုန့်ဖိုးရရင် မုန့်ဆိုင်ကို ပြေးကြတာကို မြင်ယောင်မိပါသည်။
ကျွန်မရတဲ့ မုန့်ဘိုးက အများကြီးမဟုတ်ပေမယ့် အပြင်ဆိုင်မှာ ညစာတစ်နပ် ကောင်းကောင်းစားလို့ရတာမို့ အမှတ်တရ ရလာတဲ့ မုန့်ဖိုးနဲ့ ညစာကို အပြင်မှာ ဝယ်စားမယ်လို့ စိတ်ကူးလိုက်မိပါသည်။
ကျွန်မနေတဲ့ အိမ်ရှေ့ကို ကားရပ်ချိန်မှာတော့ အပြင်မှာ သိသိသာသာ အေးနေခဲ့ပြီး ကျွန်မမှာ အနွေးထည်အကျီင်္ မပါတာမို့ အိမ်ထဲအရင်ဝင်ပြီး အနွေးထည်ယူရမလား ညစာအတွက် စားသောက်ဆိုင်ကိုပဲ အရင်ပြေးရမလားစဉ်းစားမိပြန်ပါသည်။
ည ၁၁ ခွဲပြီးပြီချိန် မကြာခင် ညဉ့်နက်တော့မှာမို့ အိမ်ပေါ်ပြန်တက်ရင် အချိန်ထပ်ကြာနေမှာစိုးတာကြောင့် အနွေးထည်မပါပဲ ကျွန်မတို့အိမ်ရဲ့ မျက်စောင်းထိုးနားလောက်မှာရှိတဲ့ စားသောက်ဆိုင်ကို ခပ်သွက်သွက် သွားဖြစ်ခဲ့ပါသည်။
ကားလမ်းမကြီးကို ဖြတ်ကူးဖို့အတွက် ကားအသွားအလာရှင်းမရှင်း စောင့်ကြည့်နေချိန်မှာပဲ ကျွန်မရဲ့ အနောက်နား ခပ်လှမ်းလှမ်းက အမှောင်ရိပ်ထဲမှာ ထိုင်နေတဲ့ အရိပ်နှစ်ခုကို မျက်စိထောင့်နားလေးကနေ မပီဝိုးတဝါးမြင်လိုက်မိပါသည်။
သေသေချာချာ လှည့်ကြည့်မိတော့ လမ်းဘေးနားက တိုက်ကြီးတစ်ခုရဲ့ အမှောင်ရိပ်အောက်မှာ လူနှစ်ယောက် ထိုင်နေတာကို သဲသဲကွဲကွဲတွေ့လိုက်ရပါသည်။ ပိုပြီး သေချာချင်တာမို့ ခြေနှစ်လှမ်းလောက် နောက်ပြန်ဆုတ်ပြီး ကြည့်ချိန်မှာတော့ အဘိုးကြီးတစ်ယောက်နဲ့ အဘွားကြီးတစ်ယောက် ဦးထုတ်အစုတ်လေးတစ်လုံး အရှေ့မှာချပြီး ပိုက်ဆံတောင်းနေခဲ့တာကို ထူးဆန်းစွာ တွေ့လိုက်ရပါတယ်။
ကျွန်မ နေခဲ့တဲ့ နှစ်နှစ်ဆိုတဲ့ သက်တမ်းတစ်လျှောက်မှာ ပထမဦးဆုံးအကြိမ် အခုလို တောင်းရမ်းစားသောက်သူတွေကို တွေ့ဘူးခြင်းဖြစ်တာမို့ အံ့သြခြင်း မယုံနိုင်ခြင်းများနဲ့ စားသောက်ဆိုင်ကို သွားမယ့် ကျွန်မရဲ့ခြေလှမ်းများ အလိုလို ရပ်တန့်သွားခဲ့ပါသည်။
နှစ်ဦးစလုံး ဒေသခံတွေ ဝတ်တဲ့ အဝတ်အစားများကို ဝတ်ထားကြသလို အဘွားအိုကတော့ စောင်ပုဝါ ခပ်ထူထူ တစ်ထည်ကိုပါ ထပ်ခြုံထားခဲ့ပါသည်။
သူတို့ဝတ်ပုံစားပုံတွေက ဒေသခံတွေဝတ်တဲ့ အဝတ်အစား အပြင်အဆင်ဖြစ်နေတာမို့ သူတို့က ဒေသခံတွေလဲ ဖြစ်နိုင်သလို အခြားအိမ်နီးချင်းနိုင်ငံတွေကလဲ ဖြစ်နိုင်ပါသည်။
ဒါပေမယ့် ဒီပွဲတော်အမီ သူတောင်းစားလုံးဝမရှိတဲ့ တိုင်းပြည်မှာ ပိုက်ဆံတောင်းစားဖို့ အခြားနိုင်ငံက တကူးတက လာကြဖို့ဆိုတာလဲ ဘယ်နည်းနဲ့မှ မဖြစ်နိုင်။
သူတို့နှစ်ယောက်ထိုင်နေတဲ့ တိုက်ကြီးရဲ့အခြားတဘက် အစွန်းမှာရှိနေတဲ့ ဖိနပ်ဆိုင်ကြီးထဲမှာတော့ မနက်ဖြန်မှာ ကျရောက်မယ့် ပွဲတော်အတွက် ဒေသခံအာရပ်လူမျိုးတွေ ပျော်ရွှင်စွာ အလုအယက် ဈေးဝယ်နေခဲ့ပါသည်။
ဒါပေမယ့် အမှောင်ရိပ်ကျကျ နေရာလေးမှာ မထင်မရှား ထိုင်နေခဲ့တဲ့ အဘိုးအိုနဲ့ အဘွားအိုကိုတော့ ပတ်ဝန်းကျင်က သတိထားမိပုံမရပါ။
သူတို့ရှေ့ကို ခြေစုံရပ်ပြီး အရှေ့မှာ ချထားတဲ့ ဦးထုပ်လေးထဲကို လက်ထဲမှာကိုင်ထားတဲ့ ပူပူနွေးနွေး ရလာတဲ့ မုန့်ဘိုးကို ထည့်လိုက်တော့ အဘွားအိုဆီက မသဲမကွဲ အာရပ်စကားသံအချို့ကို ကြားလိုက်ရပါသည်။ သို့သော် သူတို့ရှေ့မှာ ရပ်နေတဲ့ ကျွန်မကိုတော့ သေသချာချာ မော့်မကြည့်ခဲ့ကြပါ။
ကျွန်မသူတို့ကို ပြန်လည်မျှဝေလိုက်တဲ့ ကျွန်မရဲ့ အမှတ်တရ မုန့်ဘိုးလေးက သူတို့နှစ်ယောက်အတွက် ညစာကို အပြင်ဆိုင်တစ်ဆိုင်မှာ ဝယ်စားလို့ရနိုင်သလို သူတို့မှာ မိသားစုရှိနေမယ်ဆိုရင်လဲ မိသားစုတစ်စုစာ လုံလောက်တဲ့ ညစာတစ်နပ်ကို ချက်စားလို့ရနိုင်မှာ သေချာပါသည်။
သူတို့ နှစ်ယောက်ကို ကျောခိုင်းလိုက်ချိန်မှာ ကျွန်မ သွားစားချင်တဲ့ စားသောက်ဆိုင်ကို လှမ်းမြင်နေရပေမယ့် ရုတ်တရက် ဖြစ်လာတဲ့ အပြောင်းအလဲနဲ့ ကျွန်မ ပူပူနွေးနွေးခံစားနေရတဲ့ ပီတိအချို့က ကျွန်မရဲ့ ခြေလှမ်းတွေကို နောက်ကြောင်းပြန်လှည့်စေခဲ့ပါသည်။
တကယ်ဆို အဲဒီအပြင်ဆိုင်မှာ ညစာစားဖို့ လုံလောက်တဲ့ ပိုက်ဆံအချို့ကျွန်မရဲ့ အိတ်ထဲမှာ ကျန်ရှိနေခဲ့ပေမယ့် အပြင်မှာ အမှတ်တရ ညစာစားမယ့် စိတ်ကူးချိုချိုအချို့ကို ပြန်မြိုသိပ်ပြီး ချမ်းချမ်းစီးစီး ဆောင်းညမှာ အိမ်ကို အပြေးပြန်လာခဲ့မိပါသည်။
အိမ်ပြန်ရောက်ရင် ညစာချက်ဖို့အနည်းဆုံး နာရီဝက်တော့ အချိန်ယူရပါလိမ့်မည်။ အလုပ်ပြီးတည်းက ဗိုက်ထဲမှာ မသိမသာ ဆာလောင်နေခဲ့ပေမယ့် ပေးဆပ်မှုတစ်ခုအတွက် ရလာတဲ့ ပီတိကြောင့် ဆောင်းညချမ်းတစ်ခုမှာ ကျွန်မရင်ထဲမှာ နွေးထွေးနေခဲ့ပါသည်။
အိမ်ရောက်ပြီးပြီးချင်းမှာလဲ ညစာချက်ဖို့ ပြင်ဆင်နေရင်း လောလောဆယ်တွေ့ခဲ့ရတဲ့ အဘိုးအိုနဲ့ အဘွားအိုကို ပြန်မြင်ယောင်နေမိသလို ကျွန်မပေးခဲ့မိတဲ့ မုန့်ဘိုးက သူတို့အတွက် နည်းနေပီလားလို့ ပြန်တွေးမိတာမို့ လုပ်လက်စအလုပ်ကို ပစ်ထားခဲ့ပြီး အနွေးထည်တစ်ထည်ကောက်ဝတ်ပြီး အိမ်အောက်ကို ပြန်ဆင်းမိပါသည်။
သူတို့ကိုတွေ့ခဲ့တဲ့ နေရာကို ပြန်ရောက်ချိန်မှာတော့ ဒုတိယအကြိမ် ထပ်မံအံ့သြမိရပြန်ပါသည်။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်က ကျွန်မတွေ့ခဲ့ရတဲ့ အဘိုးအိုနဲ့ အဘွားအို နှစ်ယောက်စလုံး အဲဒီနေရာလေးမှာ မရှိတော့ပါ။ ဘေးပတ်ဝန်းကျင်မှာ တွေ့လိုတွေ့ငြား မျှော်လင့်ချက်နဲ့ အရပ်လေးမျက်နှာ လှည့်ပတ်ပြီး လိုက်ရှာမိပေမယ့်လဲ သူတို့ကို နောက်ထပ် ပြန်ပြီးမတွေ့ရတော့ပါ။
ကျွန်မတို့လက်ရှိအလုပ်လုပ်နေတဲ့ ယူအေအီး နိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားက ၉၀ ရာခိုင်နှုန်းရှိနေခဲ့ပြီး အိမ်ရှင်နိုင်ငံသားက ၁၀ ရာခိုင်နှုန်းသာရှိပါသည်။
အခွင့်ထူးခံနိုင်ငံသားများပီပီ မွေးကင်းစကလေးကစလို့ အလုပ်မလုပ်ပဲ အသက်လုံးထိုင်စားလို့ရနေအောင် အစိုးက ကူညီထောက်ပံ့ပေးနေသလို နိုင်ငံအတွင်းမှာရှိတဲ့ အလုပ်ဌာန ပေါင်းစုံကလဲ အိမ်ရှင်နိုင်ငံသားတွေကို အခြားနိုင်ငံသားတွေထက် အဆပေါင်းများစွာ လစာပိုပေးပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးထားခဲ့ပါသည်။
အိမ်ရှင်နိုင်ငံသားတွေ သူတို့နိုင်ငံတွင်းမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရဖို့ ဆိုတာ အိပ်မက်တစ်ခုလိုဖြစ်နေချိန်မှာ ဒေသခံလို့ထင်မြင်လိုက်ရတဲ့ တောင်းရမ်းစားသောက်သူ နှစ်ဦးကို မျက်လှည့်ဆန်ဆန် တွေ့လိုက်ရတဲ့ အဖြစ်က ကျွန်မအတွက် အတော့်ကို ထူးဆန်းနေခဲ့ပါသည်။
အဲဒီနေ့ကစလို့ အပြင်ထွက်ဖြစ်တဲ့ အချိန်တိုင်းမှာ အလားတူ တောင်းရမ်းသူများကို တွေ့လိုတွေ့ငြား လိုက်ရှာခဲ့ဘူးပေမယ့် အခုချိန်ထိ ထပ်ပြီးမတွေ့ရပါ။
ရှားရှားပါးပါး ကြုံတွေ့လိုက်ရတဲ့ အဲဒီ ဖြစ်စဉ်လေးတစ်ခုက ကိုယ်မျှော်လင့်နေတဲ့ အရာတွေကို သူတပါးဆီက ရလိုက်လို့ ပျော်ရွှင်မိတဲ့ ပီတိတစ်ခုနဲ့ သူတပါးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလိုက်ရလို့ ပြန်ပြီး ခံစားလိုက်ရတဲ့ ပီတိတစ်ခုကို တချိန်တည်း တပြိုင်တည်း ယှဉ်တွဲပြီး ခံစားတတ်စေဖို့ တိုက်ဆိုင်ပေးခဲ့တဲ့ အဖြစ်အပျက်လေးလို့ပဲ မှတ်ယူလိုက်မိပါသည်။
ဒုတိယအကြိမ် ခံစားမိတဲ့ ပီတိတစ်ခုကတော့ ငွေကြေးတန်ဘိုးတစုံတရာ ပါဝင်ခြင်းမရှိတဲ့ ကူညီမှုတစ်ခုအတွက်ပဲ ဖြစ်ပါသည်။
ဒူဘိုင်းနွေကာလရဲ့ အပူပြင်းဆုံးအချိန်လို့ ဆိုလို့ရတဲ့ ညနေစောင်းအချိန်တစ်ခုမှာ ခရီးစဉ်တစ်ခုအတွက် လေယာဉ်ကွင်းထဲကို ရောက်နေခဲ့ပါသည်။ ခရီးသည်တွေ မရောက်လာခင်အချိန်လေးမှာ ဘေးပတ်ဝန်းကျင်ကို လျှောက်ငေးမိတော့ လေယာဉ်ရဲ့ အခြားတစ်ဘက်ဆီမှာ အလုပ်များနေကြတဲ့ ကုန်တင်ကုန်ချ အလုပ်သမားအချို့ကို တွေ့လိုက်ရပါသည်။
မာကျူရီမီးရောင်တွေအောက်မှာဖြစ်နေတာမို့ အလုပ်သမားတစ်ယောက် အကျီင်္မပါပဲ ရောင်ပြန် Safety jacket တစ်ထည်တည်းကိုဝတ်ပြီး ချွေးသံရွှဲရွှဲနဲ့ အလုပ်လုပ်နေတာကိုပါ ထင်ထင်ရှားရှား တွေ့လိုက်ရပြန်ပါသည်။ ပြင်းထန်လွန်းတဲ့ ရာသီဥတုအောက်မှာ သူတို့ခံစားနေရတဲ့ မောပန်းနွမ်းနယ်မှုကို မြင်မြင်ချင်းပဲ စာနာလိုက်မိပြန်ပါသည်။
မယောင်မလည်နဲ့ သူတို့လုပ်နေတဲ့ နေရာနားကို ဆက်လျှောက်သွားတဲ့ ကျွန်မကို မြင်ချိန်မှာတော့ အလုပ်သမားတစ်ယောက်က ခပ်လှမ်လှမ်းမှနေပြီး လက်ဟန်ခြေဟန်ပြပြီး ရေတောင်းလာပါသည်။
စားသောက်ဆိုင်တွေနဲ့ အလှမ်းဝေးလွန်းတဲ့ လေယာဉ်ကွင်းထဲမှာ သူတောင်းလာတဲ့ ရေကို ဘယ်လိုရှာရပါ့မလဲလို့ ရုတ်တရက်စဉ်းစားနေတာကိုတွေ့တော့ အလုပ်သမားက လေယာဉ်ဆီကို ထပ်ပြီး လက်ညှိုးထိုးပြပြန်ပါသည်။
သူ့ညွှန်ကြားမှုအတိုင်း လေယာဉ်ပေါ်တက်ပြီး လေယာဉ်မယ်တစ်ယောက်ဆီမှာ ရေသောက်ချင်လို့ ရေလေးများရနိုင်မလားလို့ တောင်းတော့ လေယာဉ်မယ်လေးက တစ်ခါသောက်ဗူး ပိစိလေး ၂ ဘူးကို ပေးလာပါသည်။
သူပေးလာတဲ့ ရေဗူးလေးက ၁၀၀ မီလီမီတာ သာပါသော ဗူးလေးဖြစ်နေတာမို့ ရေဗူးကြီးကြီးမရှိဘူးလားလို့ ထပ်မေးမိတော့ လေယာဉ်မယ်လေးက ကျွန်မကို ခပ်ပြုံးပြုံးကြည့်ရင်း ၁ လီတာ ရေသန့်ဗူးတစ်ဘူးကို ထုတ်ပေးပါသည်။
၁လီတာဗူးကို ကိုင်ထားရင်းက အလုပ်သမားအရေအတွက်ကို ပြန်စဉ်းစားမိတော့ ယောက်ျားသား လေးယောက်စာအတွက် ဒီရေတစ်ဗူးနဲ့ မလောက်ဘူးဆိုတာ တွေ့လာတာမို့ နောက်ထပ် တစ်ဗူးလောက်ထပ်ရနိုင်မလား အောက်က အလုပ်သမားတွေ အတွက်ပါလို့ ပွင့်ပွင့်လင်းလင်း ပြောပြီးထပ်တောင်းမိပါသည်။
ကျွန်မထက်ပိုပြီး စာနာတတ်ပုံရတဲ့ လေယာဉ်မယ်လေးက ကျွန်မကိုင်ထားတဲ့ ၁ လီတာ ရေဗူးကို ပြန်ယူပြီး ၂ လီတာဗူးကြီး နှစ်လုံးကို ထုတ်ပေးလာပါသည်။
ကျွန်မယူသွားပေးတဲ့ ရေသန့်ဘူးကြီး ၂ ဗူးကို မိနစ်ပိုင်းအတွင်းမှာ ကုန်အောင် သောက်ပစ်လိုက်တဲ့ အလုပ်သမား လေးယောက်ကိုကြည့်ရင်း ရလာတဲ့ ပီတိတစ်ခုက အာရပ်အဘိုးအိုနဲ့ အဘွားအိုတို့ကို မုန့်ဘိုးပေးလှူစဉ်ကရခဲ့ဘူးတဲ့ ပီတိလေးလိုပဲ ချိုမြိန်နေတာကို သတိထားလိုက်မိပါသည်။
သူတပါးရဲ့ လိုအပ်ချက်တွေကို တိုက်တိုက်ဆိုင်ဆိုင် ကူညီခွင့်ရတိုင်း ပျော်ရွှင်ကျေနပ်နေတဲ့ မိတ်ဆွေတစ်ယောက်ကလဲ တစ်ခါတုန်းက သူရှားရှားပါးပါး ခံစားရဘူးတဲ့ ပီတိလေးကို စိတ်လှုပ်ရှားစွာနဲ့ ကျွန်မကို မျှဝေခဲ့ပြောပြခဲ့ဘူးပါသည်။
သူလှူခဲ့ဘူးတဲ့ အလှူလေးက ဆေးကုသိုလ်တစ်ခုဖြစ်ပါသည်။ ဆေးဆိုင်မှာ ဆေးဝယ်ဖို့သွားရင်း ဆေးဘိုးအတွက် အခက်အခဲ ဖြစ်နေတဲ့ သားအမိနှစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် လှူခွင့်ရတဲ့ အတွက် အတိုင်းမသိ ပီတိဖြစ်ရတဲ့အပေါ် သူအမြဲတမ်း အမှတ်ရနေခဲ့ပါသည်။
ပေးသူနဲ့ လက်ခံသူကြားမှာ သူတို့ လိုအပ်ချက်နဲ့ လိုအပ်နေချိန် ရှားပါးစွာ တိုက်ဆိုင်နေမယ်ဆိုရင်တော့ ကျွန်မတို့ နှစ်ဦးနှစ်ဘက်လုံး ခံစားရတဲ့ ပီတိတွေက နှစ်ဆ မက တိုးနေမှာသေချာလှပါသည်။
ပေးဆပ်လို့ရလာတဲ့ပီတိများကို ပေးဆပ်ခွင့်ကြုံခဲ့ဘူးသူ များသာ ထပ်တူထပ်မျှ ခံစားနိုင်မှာ သေချာပါသည်။
အထူးသဖြင့် ချစ်ခြင်းမုန်းခြင်းကင်းသော အတ္တရမ္မက်ကင်းသော အရောင်မဲ့သော ပေးဆပ်မှုများအတွက် ရရှိလာတဲ့ ပီတိများကို လူသားတိုင်းခံစားဘူးကြမှာ သေချာပါသည်။
ပေးဆပ်သူတစ်ယောက်ရလိုက်တဲ့ ပီတိများရဲ့ ငြိမ်းချမ်းမှုကို ပြန်လည်ခံစားရင်း
ပေးလို့ရတဲ့ ပီတိကို မျှဝေလိုတဲ့ ဒီပို့စ်လေးကတော့
ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျရောက်မယ့် ချစ်သူငယ်ချင်းစု နဲ့
ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျရောက်မယ့် ညီမငယ်လေး နှင်းဟေမာ အတွက် မွေးနေ့လက်ဆောင်ပါ။
( ခုနောက်ပိုင်း တင်တဲ့ ပို့စ်တွေမှာ မြန်မာစာဖတ်လို့မရဘူးလို့ပြောလာကြတဲ့ စာဖတ်သူများကို အထူးပဲအားနာမိပါသည်။ ဇော်ဂျီဖောင့်ကိုပဲ သုံးထားပါသည်။ ဘလော့မှ ချို့ယွင်းအားနည်းချက်များကို ရှာဖွေပြီး အမြန်ဆုံးပြန်ပြင်ဖို့ ကြိုးစားနေပါကြောင်း။)
Thursday, December 09, 2010
|
Labels:
အက်ဆေး
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
10 comments:
သာဓု. . သာဓု . . သာဓု . .
ယူသူထက် တကယ်ဆို ပေးသူက ပိုပြီးတော့ ကျေနပ် ပီတိ ဖြစ်စေတာပါ။ ပန်းမြိုင်လယ်က ဥယျာဉ်မှူးစာအုပ်ကို ဖတ်ပြီး အဲဒီလို ခံစားရတဲ့ နေရာ နှစ်နေရာ ကျော်ကျော်လောက်ကို တွေ့ခဲ့ရတယ်။
အခုလို စာလေးတွေ ကောင်းတယ် ညီမရေ။
အာရပ်နိုင်ငံတွေမှာ ဖိုက်စတား ဟိုတယ် တည်းပြီးတောင်းနေကြတာရှိတယ်ပြောလို့ စိတ်ဝင်စားစွာ ဖိုက်စတားမှာတည်းမလို့ ကြံစည်နေတာ..
ကိုယ်ယောင်ဖျောက်တတ်ရသေးသကိုး..
မတူညီတဲ့ ပီတိလေးတွေကိုခံစားရင်း
စာဖတ်သူရင်ထဲလည်း ပီတိတွေဝေနေလေရဲ့။ :)
POST ကောင်းလေးပါပဲ ရှင်။
..ခင်မင်လျှက်..ခင်မာလာအောင်..:)
your post is really touching.
ဂုဏ်ယူပါတယ်ဗျို့
လိုနေတဲ့အချိန် လိုနေတဲ့နေရာကို အမြဲလှူဖို့ကြိုးစားနေသူတွေနဲ့ တချိန်ချိန်မှာ အောင်မြင်တဲ့ပရဟိတ လုပ်ငန်းလုပ်ချင်တယ်ဗျို့..
လိုအပ်နေတဲ့အချိန် လိုအပ်နေတဲ့နေရာကို အစဉ်သဖြင့် လှူဖို့ကြိုးစားနေတဲ့..
ကျေနပ် ကြည်နူးစရာ ပီတိဖြစ်စရာလေးတွေကို မျှဝေခံစားသွားပါတယ်...
မမနှင်းရေ ...
မွေးနေ့လက်ဆောင် ပို့စ်လေးကို ဖတ်လိုက်ရတာ ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ပီတိတွေကို ရယူပိုင်ဆိုင်လိုက်ရသလိုပါပဲ ....။
ချစ်ခြင်းမုန်းခြင်းကင်းသော ၊ အတ္တရမ္မက်ကင်းသော ၊ အရောင်မဲ့သော ပေးဆပ်ခြင်းတွေကြောင့် ရလာတဲ့ ပီတိအရသာကို အမြဲရယူပိုင်ဆိုင်နိုင်ဖို့ ကြိုးစားသွားရမယ်ဆိုတဲ့ အသိတစ်ခုကို လက်ဆောင်ပေးခဲ့တဲ့ မမနှင်း ကို အရမ်းကျေးဇူးတင်မိပါတယ် ....။
( ညီမလေးရဲ့ ဘလောက်က သက်တမ်းကုန်သွားတာ မမရေ ... ပိုက်ဆံထပ်ဖြည့်ဖို့ ကြိုးစားပေမယ့် မူရင်း လက်ဆောင်ပေးထားတဲ့ ပိုင်ရှင်ဆီက Admin passward မသိရတော့ စောင့်နေရလို့ စာတွေလဲ မရေးရတော့ဘူး အဲဒါ ဒုက္ခတွေ့နေတယ် ...း)
နှင်းရေ
ကိုယ်ပြုလုပ်လိုက်တဲ့ ကောင်းမှုလေးတစ်ခုဟာ ကိုယ့်စိတ်ကို ရောင်ပြန်ဟပ်ပြီး ပီတိဖြစ်စေတာဟာလည်း နှလုံးသားကို အဟာရကျွေးနည်း တစ်မျိုးဘဲ မဟုတ်ပါလားနော်
ကိုယ်တို့တွေ အဲဒီနှလုံးသားအဟာရတွေလည်း မကြာခဏလိုအပ်ပါတယ်.. နှင်းရဲ့ အဟာရလေးကိုလည်း ဝေမျှခံစားရင်း ထပ်တူပီတိဖြစ်မိပါတယ်နော်.. အရေးကောင်းတော့ ဖတ်ရတာ ကိုယ်တိုင်ပြုခဲ့သလို ကြည်နူးရပါတယ်..
ဖတ်ရတဲ့သူတောင် ပီတိဖြစ်တာ ..း))
ပျော်ရွှင်ချမ်းမြေ့ပါစေနော် ..း)
အေးချမ်းတဲ့ ကုသိုလ်ပီတိလေးပေါ့။ ပြန်မျှဝေပေးတော့ ဖတ်သူတွေလည်း ကြည်နူးရတာပေါ့နော်။
နှင်းရေ.. ရှေ့က ပို့စ်တချို့က ဖောင့်တွေ တမျိုးဖြစ်နေလို့ ဖတ်မရဘူး။
Post a Comment