ညီညီချတဲ့ ညီမျှခြင်း

“တီတီလေး ညီညီ့ကို ကိုကို့လိုအကျီင်္လေးဝယ်ပေးပါ။”
“တီတီလေး ညီညီ မူကြိုတက်တော့မယ် ကိုကို့လို ကျောပိုးအိတ်လေး ဝယ်ပေးပါ…”
“တီတီလေး ညီညီ ကျောင်းစတက်ရတော့မယ် ထမင်းဘူး ရေဘူး ဆွဲခြင်းလှလှလေး ဝယ်ပေးပါ…”
“တီတီလေး ကိုကို့ဖိနပ်က မီးလင်းတယ် ညီ့ဖိနပ်က မီးမလင်းဘူး”
“တီတီလေး ညီ့ကို ကိုကို့လို ဂျာကင်အကျီင်္လေးဝယ်ပေးပါ…”

အိမ်ကို ဖုန်းဆက်မိတဲ့ အချိန်တိုင်းမှာ ညီညီ့ဆီက မရိုးနိုင်တဲ့ မှာတမ်းများနဲ့ စောဒကတက်မှုများကို ကြားရစမြဲ…

တူနှစ်ယောက်အနက် အကြီးတစ်ယောက်ကို သည်းသည်းလှုပ်ချစ်ရတာမို့ လက်ဆောင်ဝယ်ပို့တိုင်း အကြီးဖြစ်သူအတွက် ဦးစားပေး ဝယ်ဖြစ်သည့် လက်ဆောင်က ပိုများခဲ့သည်။

အငယ်အတွက်ကတော့ ဒုတိယအကြိမ် သူ့ဆီကမှာသံကိုကြားမှ အလန့်တကြား ပြေးဝယ်ရတာမို့ သူတို့ ညီအကို နှစ်ယောက် ဆင်တူ အသုံးအဆောင်များကို မသုံးရတာများပါသည်။

အသက်အရွယ်အားဖြင့် တစ်နှစ်ကျော်ကျော် ကွာပေမယ့် သူတို့ညီအကိုနှစ်ယောက်ကို ညီညီမျှမျှ မချစ်တတ်ခဲ့တာ ကျွန်မရဲ့ ညံ့ဖျင်းမှု တစ်ခုဖြစ်ခဲ့ပါသည်။

ညီညီ့ကိုမွေးပြီး နည်းနည်းသိတတ်စ အချိန်မှာ ကလေးစိတ်ပညာ စာအုပ်တွေဖတ်ပြီး ယောင်းမဖြစ်သူနှင့် အကိုဖြစ်သူကို ဆရာလုပ်ခဲ့ဘူးသူက ကိုယ့်မှာတမ်းကို ကိုယ်လိုက်နာဖို့ မေ့လျှော့နေခဲ့ပါသည်။

ကလေးစိတ်ပညာအရ ကလေးနှစ်ယောက် အတူတကွကြီးပြင်းသည့် မိသားစုတွင် နှစ်ယောက်လုံးကို တန်းတူ ဂရုစိုက်ဖို့ တန်းတူချစ်ဖို့ တန်းတူ အခွင့်အရေးပေးဖို့ ပြောထားခဲ့ပါသည်။

သားသမီးအမြွှာ မွေးထားသည့်မိသားစုများတွင် အဝတ်အစား အသုံးအဆောင်များအားလုံးကို အဆင်တူ ပုံစံတူများဆင်ပေးရသည့် ရည်ရွယ်ချက်ကလဲ ကလေးစိတ်ပညာနှင့် တိုက်ရိုက်သက်ဆိုင်နေခဲပါသည်။

တချိန်တည်း တပြိုင်တည်း အတူတူ ကြီးပြင်းကြသည့် သွေးသားညီအကို နှစ်ယောက်အကြား မေတ္တာနှင့် အလေးပေးမှုကို အတူတူမခံစားရသည့် ကလေးငယ်မှာ သိတတ်သည့်အချိန်မှစပြီး အားငယ်စိတ် အငုံ့စိတ်များ ဝင်သွားတတ်ကြတာကို ကြားဖူးမြင်ဖူးနေပေမယ့် အဒေါ်ဖြစ်သူ ကျွန်မက ကလေးနှစ်ယောက်ကို မေတ္တာအတူတူပေးဖို့ တချိန်လုံးပျက်ကွက်ခဲ့ဘူးပါသည်။

ကလေးများနှင့် အဝေးတွင် နေခဲ့သော်လည်း အခြေအနေတိုင်း အချိန်ခါတိုင်း သားကြီးအတွက်သာ အလေးသာနေခဲ့သည့် ကျွန်မကို မိသားစုဝင်များ သူငယ်ချင်းမိတ်ဆွေများက မကြာခဏ အပြစ်တင်ကြပေမယ့် သားငယ်ကို သားကြီးနှင့်တန်းတူ ဂရုစိုက်ဖို့ အခွင့်အရေးပေးဖို့ ခေါင်းမာနေခဲ့မိပါသည်။

သားငယ်ကတော့ သူအကိုနဲ့ပက်သက်တိုင်း အမြဲတမ်းဒုတိယနေရာမှာပဲ ရှိနေတတ်တာမို့ ကျွန်မကို မသိမသာ ပုန်ကန်ချင်သည့် စရိုက်လေးရှိနေတာကို ကျွန်မ မသိမသာ သတိထားမိခဲ့ပါသည်။

လွန်ခဲ့သော ခြောက်လခန့်က ကျွန်မအိမ်ကို ဖုန်းဆက်မိသော နေ့တနေ့မှာတော့ သားငယ်နဲ့ ဖုန်းပြောခွင့်ရပါသည်။
သူဖုန်းဖြေချိန်မှာ “ကိုကိုရော ကိုကိုဘယ်ရောက်နေလဲ “ လို့ မေးမိတဲ့ ကျွန်မကို
“ကိုကို လက်ရေးမလှလို့ ဆရာမက သူငယ်တန်းမှာပဲ ပြန်ထားတယ်….ကိုကိုအခုလဲ သူငယ်တန်းပဲ” လို့ ပြောပြီး ဖုန်းချသွားခဲ့ပါသည်။

သူပြောလာတဲ့ စကားများကြောင့် ရုတ်တရက် သားကြီးအတွက် စိတ်မကောင်းဖြစ်သွားရပါသည်။ သားကြီးကို အတန်းမတင်ပေးသည့် ဆရာမကိုလဲ စိတ်ဆိုးမိသလို မြန်မာပြည်ပညာရေးစနစ်အတွက် အကြီးအကျယ် စိတ်ဓါတ်ကျပြီး ထိုနေ့က ထမင်းမစားနိုင်ပဲ ညအိပ်ယာဝင်ခဲ့မိပါသည်။

နောက်နေ့မိုးလင်းချိန်အထိ သားငယ်ပြောပြခဲ့သော ကိစ္စများအတွက် စိတ်မကောင်းဖြစ်နေဆဲမို့ အလုပ်မသွားမီ အိမ်ကို ဖုန်းထပ်ဆက်ရပါသည်။ သားကြီးသတင်းကြောင့် အလုပ်ကို စိတ်မကောင်းခြင်းများစွာဖြင့် မသွားလိုပါ။

တကူးတက ဖုန်းပြန်ဆက်ပြီး သားကြီး စာမေးပွဲကိစ္စကို အလန့်တကြားမေးခွန်းထုတ်လာသော ကျွန်မကို ဖုန်းဖြေလာသော ကျွန်မအကိုမှ အားရပါးရ ရီပြီး ရှင်းပြပါသည်။

တကယ်တော့ သားကြီးက စာမေးပွဲမကျခဲ့ပါ….သားငယ်က သူ့ထက်သူ့အကိုကို ပိုပြီး ဂရုစိုက်တဲ့ ကျွန်မကို အညှိုးအတေးဖြင့် ညာပြောခဲ့ခြင်းဖြစ်ပါသည်။

ဘာပဲပြောပြောသူ့ကြောင့် တစ်ညတိတိ ကျွန်မ အအိပ်ပျက် အစားပျက်ဖြစ်ခဲ့ရပါသည်။
သားကြီးအပေါ်ချစ်မိတဲ့ အချစ်ကိုတော့ ကျွန်မ ကိုယ်တိုင်လဲ အံ့သြမိရပါသည်။

ကျွန်မနေသော တိုက်ခန်း၏ အောက်တည့်တည့်မှ အခန်းမီးလောင်စဉ်ကလဲ မီးသတ်သမားများ ခေါင်းလောင်းတီးပြီး နှိုးချိန်တွင် ကျွန်မပိုင်ဆိုင်သော အရေးကြီးစာရွက်စာတမ်းများ အသုံးအဆောင်များထက် သားကြီးမူကြိုတက်ရန်အတွက် ဝယ်ထားသော မစ်ကီမောက် ရေဘူးလေးကိုသာ တိုက်ခန်းကို မစွန့်ခွာမီ နှမြောတသစွာ ကိုင်ကြည့်ခဲ့မိပါသည်။

သို့သော်လဲ မီးဘေးလွတ်ရန်အတွက် အိမ်အောက်သို့ဆင်းချိန်တွင်မူ လက်ကိုင်ဖုန်းတစ်လုံးကလွဲလို့ အခြားသော ပစ္စည်းများကိုသယ်ယူဖို့ မစဉ်းစားခဲ့ပါ။ အရေးကြီးသော အိုင်ဒီကဒ်များထည့်ထားသည့် ပိုက်ဆံအိတ်တစ်အိတ်လုံးကိုပင် စိတ်ချလက်ချ အိပ်ခန်းထဲတွင် ထားပစ်ခဲ့ဘူးပါသည်။ အနိစ္စသဘော သခါင်္ရတရားကို သိနေသူဖြစ်သော်ငြား ကိုင်ကြည့်ပြီးမှ ပြန်ချခဲ့သော မစ်ကီမောက်စ် ရေဘူးလေးနှင့် သားကြီးမျက်နှာလေးကိုသာ မှတ်မှတ်ရရ မြင်ယောင်နေမိခဲ့ဘူးပါသည်။

ကျွန်မဘဝတွင် သားကြီးထက် ဦးစားပေးရမည့်သူ မရှိသလောက် သားကြီးအတွက်ကျွန်မ အသက်ရှင်ခဲ့ဘူးပါသည်။
သားကြီးအတွက်သက်သက် လက်ဆောင်ပစ္စည်းများ ရွေးဝယ်ခြင်းအပေါ် မကျေနပ်နိုင်သည့် အခန်းဖော် သူငယ်ချင်းမလေးတစ်ယောက်ကတော့ သားငယ်ကို ချစ်ဖို့ တချိန်လုံး တိုက်တွန်းနေရုံသာမက ကျွန်မကိုရွဲ့ပြီး သားငယ်တို့အတွက် မုန့်များကိုပါ မနေနိုင်လွန်းစွာ ဝယ်ပေးတတ်ပါသည်။

နောက်ဆုံးအကြိမ် ကလေးများနှင့်တွေ့ခဲ့သည့် အချိန်အထိ ကျွန်မရဲ့ အချစ်တွေက သားကြီးတစ်ယောက်တည်းတွင်သာ စုပုံနေခဲ့ပါသည်။

ကျွန်မကလေးများနှင့် နောက်ဆုံးတွေ့ခဲ့ချိန်မှာ သားကြီးက ၆ နှစ် သားငယ်က ငါးနှစ် မပြည့်တပြည့် သို့သော် သူတို့နှစ်ယောက်လုံး အရာရာကို သိတတ်နားလည်နေခဲ့ပါသည်။

ပထမဆုံး အကြိမ် သားငယ်ရဲ့ စောဒကတက်မှုကို အိမ်ပြန်ရောက်ပြီး နာရီပိုင်းအလိုတွင် အံ့သြခြင်းများစွာဖြင့် ကိုယ်တိုင် စတင်ကြားသိခဲ့ရပါသည်။
ထိုနေ့ညက ကလေးများအတွက် ဝယ်လာသော လက်ဆောင်များကို ညီတူညီမျှခွဲပေးပြီး ညစာစားနေချိန်တွင် ကျွန်မအကို ရုံးမှပြန်ရောက်လာခဲ့ပါသည်။

“ပါပါးရေ တီတီလေးပြန်ရောက်နေတယ်…. ကိုကို့အတွက်က လက်ဆောင်သုံးခု ညီညီ့အတွက်က နှစ် ခုပဲပါတယ်….” လို့ ညီညီအော်ပြောနေတဲ့ အသံကိုကြားကြားချင်းမှာ စားလက်စ ထမင်းလုတ်ကို ကပျာကသီမျိုချပြီး အိမ်ရှေ့ကို ပြေးထွက်လာမိပါသည်။

“ဟင် … ဘာနှစ်ခုလဲ အတူတူပဲ … အတူတူပဲဝယ်လာတာလေ “လို့ ကလေးကို ပြောတော့ ….
သားငယ်က “ကိုကို့ ကျောပိုးအိတ်လေးထဲမှာ Benten အရုပ်ကဒ်လေးတစ်ကဒ် ပါတယ်လေ… ညီ့ကျောပိုးအိတ်ထဲမှာ ပါဘူး “ လို့ ပြန်ငြင်းလာပါသည်။

သူ့သားငယ်ရဲ့ သွက်လက်ချက်ချာမှုအတွက် အကိုက တဟားဟားနဲ့ ရီနေခဲ့ပေမယ့် သူ့အကိုနဲ့ ယှဉ်ပြီး အမြဲတမ်း စောဒက တက်နေတတ်တဲ့ သားငယ်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချမိပါသည်။

နောက်တစ်နေ့တွင် ပထမဆုံးအကြိမ် အပြင်ထွက်ဖို့အတွက် သားကြီး ကျောင်းမှ ပြန်လာချိန်ကို စောင့်နေခဲ့ပါသည်။
ကျွန်မ ရန်ကုန်မှာ ရှိစဉ်အချိန်ကတည်းက ကျွန်မသွားလေရာ သားကြီးကိုခေါ်သွားတတ်တာမို့ အပြင်ထွက်ခါနီးတိုင်း ကျောင်းကပြန်လာမယ့် ကလေးကို စောင့်ရစမြဲ။

သားကြီးကလဲ ငယ်စဉ်ကတည်းက တောက်တဲ့တစ်ကောင်လို ကျွန်မသွားလေရာ တကောက်ကောက်လိုက်နေကျမို့ သူအိမ်မှာရှိချိန်တွင် သူ့ကိုမခေါ်ပဲ အပြင်ထွက်ခွင့်မပေးတတ်ပါ။

ညီအကိုနှစ်ယောက် ကျောင်းမှအတူတူပြန်လာချိန်တွင် အပြင်ထွက်ဖို့ အဆင်သင့် ဖြစ်နေသော ကျွန်မကိုကြည့်ပြီး သားငယ်က မေးလာခဲ့ပါသည်။

“တီတီလေး အပြင်သွားမလို့လား… ညီညီလဲ လိုက်ချင်တယ် “လို့ ရင်ခွင်ထဲဝင်လာပြီး ပြောလာသည့်သားငယ်ကို ချော့ဖို့ စကားလုံးတွေ ရှာဖွေရပါသည်။ ကလေးနှစ်ယောက်လုံးကို ကျွန်မက စိတ်ရှည်ပေမယ့် ကျွန်မကို ကားမောင်းပြီး လိုက်ပို့နေရသော မောင်ငယ်က သိပ်စိတ်မရှည်လှ။ သားကြီးတစ်ယောက်ကို တချိန်လုံး ကားပေါ်တင်ပြီး ခေါ်သွားနေသည့် ကျွန်မကိုလဲ သိပ်မကြည်လင်ချင်ခဲ့။

သားငယ်ကို ပေါင်ပေါ်တင်ပြီး “ အင်း ကိုကို့သွားတွေ ပိုးစားနေလို့ အဲဒါ ဆေးခန်းမှာ သွားနှုတ်ပေးမလို့သားငယ်ရဲ့ …. သားပါရင် ဆရာဝန်က သားကိုပါ သွားနှုတ်လိမ့်မယ်” လို့ ခပ်တည်တည်နဲ့ ပါဝါတစ်ဝက် မုသားတစ်ဝက်သုံးပြီး သားကိုချော့ရပါသည်။

“ဒါဆို ညီလဲ သွားနှုတ်မယ်လေ” လို့ပြောလာချိန်မှာတော့ သားငယ်ကို စိတ်မကောင်းခြင်းများစွာဖြင့် သနားမိပြန်ပါသည်။
သို့သော် ထိုနေ့က သားငယ်ကို “ညနေအပြန်ကျရင် ကစားကွင်းလိုက်ပို့မယ်နော်” လို့ ချော့မော့ပြောပြပြီး ထားခဲ့ရပါသည်။

ဒုတိယနေ့မှာလဲ အပြင်ထွက်ဖို့အတွက် သားကြီးပြန်လာချိန်ကို စောင့်နေခဲ့မိပါသည်။

ထုံးစံအတိုင်း သားငယ်က သူမလိုက်ရလို့ စောဒက တက်ချိန်မှာ ရေခဲသေတ္တာထဲက ရေခဲမုန့်တစ်ဗူးထုတ်ပေးပြီး ချော့မော့ နှစ်သိမ့်ခဲ့ရပြန်ပါသည်။
ကျွန်မတို့ ကားထွက်သွားချိန်မှာ ရေခဲမုန့်စားရင်းတန်းလန်း လက်ပြကျန်ခဲ့သော သားငယ်ကို စိတ်မကောင်းခြင်းများစွာဖြင့် ထားခဲ့ရပြန်ပါသည်။

ကျွန်မရှိနေသော ကာလများတွင် သားငယ်တစ်ယောက် ကျောင်းစာ ကျူရှင်စာများအားလုံးကို အိမ်ကို သယ်မလာပဲ အပြီး အပြတ်လုပ်လာခဲ့တတ်ပါသည်။ အိမ်မှာနေချိန်နည်းပြီး အပြင်မှာ အချိန်ကုန်နေတတ်သော ကျွန်မနောက်ကို တကောက်ကောက်လိုက် ချင်စိတ်ဖြင့် သားငယ်တစ်ယောက် ကျောင်းမှာ ကျူရှင်မှာ စာကြွေးမရှိ မျက်နှာပွင့်နေခဲ့ပါသည်။

သို့သော် ကျွန်မကတော့ အကြောင်းပြချက်မျိုးစုံဖြင့် သားငယ်ကို အိမ်မှာ ထားခဲ့ရစမြဲဖြစ်ပါသည်။

တတိယနေ့မှာလဲ သားငယ် တက်ကြွစွာဖြင့် အိမ်ပြန်လာခဲ့ပါသည်။

“ကိုကို အိမ်စာတွေ မပြီးသေးဘူး တီတီလေး ညီညီက အကုန်ပြီးပြီလို့ “ သတင်းပို့ရင်း ကျွန်မ သူ့ကို ခေါ်မယ့် အချိန်ကို စောင့်နေခဲ့ပါသည်။ ထိုနေ့က သွားစရာ နေရာတော်တော်များများရှိနေတာမို့ သားငယ် ကို သနားစိတ်ဖြင့် ခေါ်သွားချင်သည့်တိုင် ကလေးနှစ်ယောက်တည်း ကားထဲမှာ ထားခဲ့ပြီး ချိန်းဆိုထားသူများနှင့်တွေ့ဖို့က ဘယ်လိုမှမဖြစ်နိုင်တာမို့ သားငယ်ကို လစ်လျူရှုထားခဲ့ရပြန်ပါသည်။

သို့သော် ကလေးများကို အလိုမလိုက်နိုင်သည့် အချိန်တိုင်း နားလည်အောင် အမြဲရှင်းပြ ချော့မော့တတ်သည့်အကျင့်အတိုင်း သားငယ် ကို ရင်ခွင်ထဲထည့်ပြီး သူနားလည်သဘောပေါက်စေမည့် စကားလုံးများဖြင့် နှစ်သိမ့် ချော့မော့ခဲ့ပါသည်။
ကလေးများသဘောကျတတ်သည့် အပေးအယူဆန်သည့် နားလည်မှုများဖြင့် တနေ့တမျိုး မရိုးရအောင် သားငယ်ကို ချော့ရပါသည်။

ရေခဲမုန့် ချောကလက် ခံတံ ခဲဖျက် ကွန်ပါဘူး ပေတံ ကားတွန်းကား စီဒီ စသည်ဖြင့် မက်လုံးပေးပြီး သူ့ကို အိမ်တွင်ထားခဲ့ရစမြဲ။။။

သို့သော်လဲ ကျွန်မ အပြင်သွားဖို့ ပြင်ဆင်နေချိန်တိုင်း သားငယ်တစ်ယောက် ကျွန်မကို မျက်နှာချိုလာသွေးစမြဲ။။။ ကျွန်မကလဲ သူ့အကြိုက်ကို လိုက်ပြီး ချော့မော့ထားရစ်စမြဲ။

ကျွန်မ နေခဲ့သည့် သုံးပတ်တာကာလအတွင်း သားနှစ်ယောက်လုံးကိုခေါ်ပြီး ကစားကွင်းလိုက်ပို့ပေးခဲ့တာ သုံးလေးကြိမ်ခန့်သာရှိပြီး အခြားဆွေမျိုးများထံ အလည်သွားချိန်တွင် သားငယ်ကိုပါ ခေါ်သွားခဲ့တာက နှစ်ကြိမ်ခန့်သာ ရှိခဲ့ပါသည်။
အခြားရက်များတွင်တော့ ချစ်လှစွာသော သားကြီးတစ်ယောက်ကိုသာ ရင်ခွင်ထဲထည့်ပြီး ခေါ်သွားမြဲ ။။။။

ကျွန်မပြန်ရမည့်နေ့မှာတော့ ကလေးနှစ်ယောက်လုံး ကျောင်းပိတ်နေတာမို့ ကျွန်မကို လေယာဉ်ကွင်းလိုက်ပို့ချိန်တွင် သားငယ်ပါ လိုက်ခဲ့မှာသေချာနေပါသည်။

လေယာဉ်ကွင်းသွားဖို့ ကားပေါ်တက်ချိန်တွင် သူငယ်ချင်းတစ်ယောက်ထံမှ ဖုန်းဝင်လာတာမို့ သူငယ်ချင်းကို စကားတွေ ပြောနေဖြစ်ခဲ့ပါသည်။ သူငယ်ချင်းနှင့် စကားပြောရင်းတန်းလန်း ကားစထွက်တာမို့ ကားက သိမ့်ကနဲ လှုပ်သွားချိန်တွင် နောက်နားဆီမှ သားငယ်ရဲ့ အသံစူးစူးလေးကို ကြားလိုက်ရပါသည်။

“ကိုကို့တီတီကို ကိုကိုပဲလိုက်ပို့ ညီညီမပို့ဘူး တစ်ယောက်တည်း အခွေကြည့်ပြီး ကျန်ခဲ့မယ်….
ကိုကိုတာ့တာ တီတီတာ့တာ…..”

လို့အော်ပြီး အိမ်ထဲဝင်သွားသည့် ငါးနှစ်မပြည့်တပြည့် ညီညီ့ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်ရင်း ကျွန်မအံ့သြနေခဲ့မိပါသည်။

ခြံထဲက ခြံပြင်ထွက်ဖို့တောင် အမြဲတက်ကြွနေတတ်ခဲ့သော သားငယ်တစ်ယောက် အခုလို မိသားစုလိုက် အပြင်ထွက်ချိန်မှာ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ခြင်းအတွက် မိသားစုတစ်စုလုံးက အံ့အားသင့်နေခဲ့ကြပါသည်။

ကျွန်မရဲ့ အကိုကတော့ ကျွန်မကို ပြောရလွန်းလို့ မောနေသူပီပီ သူ့သားငယ်ရဲ့ အပြုအမူအတွက် အပြုံးတစ်ခုနဲ့သာ တုန့်ပြန်ခဲ့ပါသည်။

“နင့်ကို ညီညီက အသက်ကြီးလာမှ ကလဲ့စားချေမှာ နင်ကလေးတွေကို ခွဲခြားဆက်ဆံတာ သူက သေသေချာချာ မှတ်ထားတယ် ……” လို့ ခါတိုင်းလို ကျွန်မကို နောက်နောက်ပြောင်ပြောင် မပြောနိုင်ခဲ့ … အကိုလဲ အတွေးများစွာဖြင့် ငြိမ်သက်နေခဲ့ပါသည်။ ကျွန်မအကိုကတော့ ကျွန်မလို မဟုတ်ပါ။ သူ့သားနှစ်ယောက်ကို တန်းတူညီမျှချစ်ခင်သော ဖခင်တစ်ယောက်ဖြစ်ပါသည်။

တကယ်ဆို ကျွန်မရဲ့ မညီမျှတဲ့ ချစ်ခြင်းဒဏ်ကြောင့် ညီညီ့စိတ်မှာ ဒဏ်ရာရနေခဲ့ပြီဆိုတာ အချိန်လွန်မှ သိခွင့်ရလိုက်ပါသည်။

ခါတိုင်းလို ရင်ခွင်ထဲဆွဲထည့်ပြီး ညီညီ့ကို ချော့မော့ဖို့လဲ အချိန်မရခဲ့ပါ….

စိတ်မကောင်းခြင်းများစွာဖြင့် စိတ်ဒဏ်ရာရနေခဲ့သော ညီညီနှင့်အတူ မိသားစုတစ်စုလုံးကို ထားခဲ့ရပြန်ပါသည်။

နောက်တစ်ကြိမ် ညီညီနဲ့ ပြန်ဆုံချိန်မှာ
ညီညီ့စိတ်ဒဏ်ရာကို ကုစားပေးဖို့ ကျွန်မမှာ အချိန်မီပါအုံးမလား မသိပါ။။။။။။

6 comments:

ကိုဇော် said...

ဒါ အရမ်း သတိထားရတယ် ညီမရေ။
ကိုယ့်သမီး ဖြစ်လာတဲ့ လူတွေ အပေါ်မှာ ဆိုရင် ပိုတောင်မှ ဆိုးသေးတယ်။ ဦးလေး တစ်ယောက်ဆိုရင် သား ၂ ယောက် မွေးအပြီးမှာ သမီး ထပ်လိုချင်လို့ ကလေးယူတယ်။ မွေးတော့ အမွှာ ဖြစ်နေတယ်။ ဒါပေမဲ့ ပထမဦးဆုံး စမွေးတာ ယောကျာ်းလေး ၊ ဒီတော့ အမေ လုပ်သူက ယောက်ျားလေးလည်း ဆိုရော ဟင့် လာပြန်ပြီ လို့ အသံထွက်တယ် ၊ ပြီးမှ နောက်တစ်ယောက်က မိန်းကလေး မွေးလာတယ်။ အဲဒီ ဟင့် လိုက်တဲ့ တစ်ချက်နဲ့တင် အဲဒီကလေးဟာ တစ်ပတ်ပဲ ခံတယ်။ ဘာရောဂါမှန်း မသိဘဲ ဆုံးသွားခဲ့တယ်။ မေတ္တာတရား လွတ်သွားတယ်လို့ ဆိုရမလားပဲ။

မျှတူဖို့ မလွယ်ဘူး လို့ ဒါကြောင့် လူတွေ ပြောကြတာ ထင်ပါတယ်။ သတိထားသင့်တဲ့ အကြောင်းအရာ လေးပဲ။

လင်းခေတ်ဒီနို said...

သိပ်ကောင်းတဲ့ အရေးအသားပါပဲ . . .

ဇာတ်လမ်းသဘော အနေနဲ့ ပြောရရင် ဇာတ်ကွက် သိပ်မရှိပေမဲ့ ခံစားချက်ကိုဦးတည်ပြီး ရေးချသွားတာ အရမ်းကိုကောင်းတယ်. . . ဒါ ဇာတ်လမ်းအနေနဲ့ ပြောတာနော် . . .


တကယ်ဆို ကျနော်တို့ ငယ်ငယ်ကတောင် အဲလို ခံစားချက်မျိုး ခဏခဏ ၀င်ဖူးပါတယ် . . . ခံစားရတိုင်း ကိုယ့်အခန်းလေးထဲ ကိုယ်အသာဝင်ပြီး ခေါင်းဦးလေးပေါ်မှောက် ငိုခဲ့ဖူးတာတွေ ပြန်သတိရမိတယ် . . . ကလေးတွေရဲ့ စိတ်က ထိရှလွယ်ပါတယ် . . . လူကြီးတွေရဲ့ အမှတ်တမဲ့ အပြုအမှု ဆိုပေမဲ့ ကလေးတွေရဲ့ စိတ်မှာ ခံစားရတာ ကြီးမားလွန်းပါတယ် . . . .

ခင်တဲ့
ဗညား

ချော(အစိမ်းရောင်လွင်ပြင်) said...

နောက်တစ်ကြိမ်ပြန်တွေ့ချိန်မှာ ညီညီ့ရင်ထဲက အကြိတ်အခဲလေးတွေကို ပြန်လည် ကုစားပေးဖို့ အချိန်မှီပါစေ နှင်းရေ..
သတိမထားလိုက်မိဘဲ မှားတတ်ကြတဲ့ အမှားလေးတွေကို သတိတရနဲ့ ဖော်ပြပေးတာ ကျေးဇူးပါ.. ကိုယ်တွေလည်း တူတွေ တူမတွေနဲ့မို့ သတိထားရပါဦးမယ်

မင်္ဂလာပါ .... said...

လူတိုင်း သတိထားသင့်တဲ့ အချက်တစ်ချက်ပါ မမနှင်းရေ.... နောက်တစ်ကြိမ် ပြန်ဖြစ်တဲ့အခါ ညီညီရဲ့ ရင်ထဲက ဒဏ်ရာလေးကို နွေးထွေးစွာကုသပေးနိုင်ပါစေလို့ ဆန္ဒပြုပေးပါတယ်း)
ညီမလေးနှင်းဟေမာ

Beauty Studio USA Branded Store said...

ကျွန်တော်လည်း ကလေးတွေရဲ့စိတ်ကို ပိုလို့တောင် သတိထားရဦးမယ် မနှင်းရေ။ ဟုတ်ပါ့ဗျာ။

thadarhline said...

ကလေးတွေရဲ့ စိတ်မှာ အနာတရလေးတွေမရှိအောင်
ဂရုစိုက်ဖို့ သတိပေးလိုက်သလိုပဲနော်မနှင်း။
တန်းတူဆက်ဆံပြီး တန်းတူအခွင့်အရေးလေးတွေ
ပေးတတ်ဖို့လည်း သတိထားမိသွားတာပေါ့။
ချစ်တဲ့
သဒ္ဓါ

My Blog List