ဆွမ်းအုပ်ကြီး

ဟိုတယ်တစ်ခုရဲ့ ဧည့်ခန်းကျယ်ကြီးတစ်ခုမှာ အနက်ရောင် ယွန်းဆွမ်းအုပ်ကြီးတစ်ခုနဲ့ အလှဆင်ထားတယ်။ ဆွမ်းအုပ်ကြီးရဲ့ အရွယ်အစားက နည်းနည်းကြီးတာမို့ ခါးလောက်အမြင့်ရှိတဲ့ စားပွဲဝိုင်းကြီးပေါ်မှာ တင်လိုက်တော့ ငါးပေကျော်ကျော်လောက်ရှိတဲ့ လူတစ်ရပ်စာလောက် မြင့်နေခဲ့တယ်။

ဆွမ်းအုပ်ကြီးကို ထားတဲ့နေရာကတော့ ဧည့်ခန်းဆာင်နဲ့ စားသောက်ခန်းမကြီးကို ကူးတဲ့ စင်္ကြလမ်းလေးရဲ့ ကြားမှာ ဖြစ်နေတာမို့ စားသောက်ခန်းမကြီးကို သွားကြတဲ့ လူတွေမှန်သမျှ ဆွမ်းအုပ်ကြီးဘေးနားကနေ ဖြတ်သွားကြရတယ်။

ဖြတ်သွားတဲ့ လူတိုင်းကလဲ လူတစ်ရပ်နီးပါးလောက် ရှိနေတဲ့ ဆွမ်းအုပ်ကြီးကို မထိမတို့ပဲ မနေနိုင်ကြဘူး။
အနည်းဆုံးတော့ ဆွမ်းအုပ်ကြီးရဲ့ ကိုယ်ထည်ဖောင်းဖောင်းကြီးကို လက်နဲ့ ပွတ်သပ်ပြီး သွားတတ်ကြတယ်။

အချို့ကတော့ ဆွမ်းအုပ်ကြီးရဲ့ ထိပ်ဆုံးက ခဲတံတစ်ချောင်းရဲ့ လုံးပတ်သာသာ ခြောက်လက်မလောက် ချွန်ထွက်နေတဲ့ ထိပ်ဖူးကို မမီ့တမီ လှမ်းတို့တတ်ကြတယ်။

အဲဒီထိပ်ဆုံးအပိုင်းက ထိပ်သီးလေးက သူ့ရဲ့ ကိုယ်ထည်လုံးလုံးကြီးနဲ့ မလိုက်ဖက်စွာ ချွန်ထွက်နေတာမို့ အသည်းယားစရာလဲ ဖြစ်နေခဲ့တယ်။

စားသောက်ခန်းမကို လာကြတဲ့သူတွေ တော်တော်များများဟာ ဆွမ်းအုပ်ကြီးထိပ်က အသည်းယားစရာကောင်းလောက်အောင် ထိုးထွက်နေခဲ့တဲ့ ထိပ်ဖူးပိုင်းချွန်ချွန်လေးကို လက်ဖျားလေးတွေနဲ့ မသိမသာ တို့ထိသွားကြတာ ပိုများနေခဲ့တယ်။

တနေ့မှာတောု့ သန့်ရှင်းရေးလုပ်တဲ့ ကောင်မလေးတစ်ယောက်က ဆွမ်းအုပ်ကြီးကို သန့်ရှင်းရေးလုပ်ရင်း ထိပ်ဆုံးပိုင်းကို မမှီမကမ်းနဲ့ ဖုန်လှမ်းသုတ်တယ်။ ကောင်မလေးရဲ့ အရပ်က ခပ်ပုပုလေးမို့ မမှီတဲ့အပိုင်းကို သူ့လက်ထဲမှာရှိနေတဲ့ ပုဝါပိုင်းလေးနဲ့ တဖုတ်ဖုတ်နဲ့ လှမ်းရိုက်လိုက်တယ်။

ကောင်မလေးရဲ့ ရိုက်ချက်က နည်းနည်းပြင်းတော့ ဆွမ်းအုပ်ကြီးရဲ့ ထိပ်က ခပ်ချွန်ချွန်ထွက်နေတဲ့ ထိပ်ဖူးလေးက ပဲ့ချင်ချင်ဖြစ်ပြီး ဘေးကို အနည်းငယ် စောင်းထွက်လာခဲ့တယ်။

ကောင်မလေးလဲ အလန့်တကြားနဲ့ ထအော်ပြီး ကြောက်လန့်စိတ်နဲ့ ပျာယာခပ်သွားခဲ့တယ်။ ဒါပေမယ့် ခြေဖျားထောက်ပြီး ပဲ့ချင်ချင်ဖြစ်နေတဲ့ ထိပ်ပိုင်းလေးကို မသိမသာ ပြန်တည့်ထားပြီး သူ့ကို အခြားသူတွေ မတွေ့ခင် မြန်မြန်လေး ပြန်ထွက်သွားခဲ့တယ်။

နောက်နေ့တွေမှာတော့ အဲဒီကောင်မလေးက ဆွမ်းအုပ်ကြီးကို သန့်ရှင်းရေးလုပ်တဲ့ အခါတိုင်း သတိကြီးစွာနဲ့ သန့်ရှင်းရေးလုပ်နေတာကို တွေ့နေခဲ့ရတယ်။

နောက်ရက်ပေါင်းများစွာကြာတဲ့အချိန်မှာတော့ သန့်ရှင်းရေးကောင်မလေး နားတဲ့ရက်မှာ အခြား ကောင်လေးက အဲဒီဆွမ်းအုပ်ကြီးကို သန့်ရှင်းရေးလာလုပ်ခဲ့တယ်။ အဲဒီကောင်လေးကလဲ အရပ်ခပ်ပြတ်ပြတ်မို့ ဆွမ်းအုပ်ကြီးရဲ့ ထိပ်ပိုင်းကို အရင်ကောင်မလေးတုန်းကလိုပဲ လက်ထဲမှာရှိတဲ့ ပုဝါပိုင်းလေးနဲ့ လှမ်းရိုက်လိုက်တယ်။

ပထမဆုံးရိုက်ချက်မိတဲ့ အချိန်မှာပဲ နဂိုကတည်းက ပဲ့ချင်ချင်ဖြစ်နေခဲ့တဲ့ ထိပ်ဖူးလေးက ၃၀ ဒီဂရီလောက်အထိ ညွတ်ကျလာခဲ့တယ်။ အဲဒီသန့်ရှင်းရေးကောင်လေးကတော့ ကောင်မလေးလို ထိတ်ထိတ်ပြာပြာ မဖြစ်သွားပေမယ့် ခပ်တည်တည်ပဲ အနီးအနားက ရုံးခန်းထဲကို ပြေးဝင်သွားပြီး သူရလာတဲ့ ကော်ဗူးလေးထဲကကော်တွေနဲ့ ဆွမ်းအုပ်ကြီးရဲ့ ထိပ်ဖူးလေးကို ပြန်ကပ်ခဲ့တယ်။

ပြီးတော့ အခြားသူတွေ မမြင်ခင်လေးမှာပဲ ခပ်တည်တည်နဲ့ ဆွမ်းအုပ်ကြီးနားက ပြန်ထွက်သွားခဲ့တယ်။
နောက်ရက်သတ္တပတ် အနည်းငယ်ကြာလာချိန်မှာတော့ ဟိုတယ်ပိုင်ရှင် သူဌေးရဲ့ သားမက်တော်သူက ဆွမ်းအုပ်ကြီးနားကို ရောက်လာခဲ့တယ်။ သူကတော့ ဆွမ်းအုပ်ကြီးကိုမြင်တိုင်း အသည်းယားစရာ ထိုးထွက်နေတဲ့ ထိပ်ဖူးပိုင်းကို မထိတထိ လှမ်းကိုင်လေ့ရှိသူတစ်ယောက်မို့ ထုံးစံအတိုင်း အဲဒီထိပ်ဖျားပိုင်းကို လက်ညှိုးလေးနဲ့ လှမ်းတို့လိုက်တယ်။

သူလှမ်းတို့လိုက်တဲ့အရှိန်က နည်းနည်းပြင်းသွားတာမို့ နဂိုက ကျိုးလုကျိုးခင်ဖြစ်နေခဲ့တဲ့ ထိပ်ဖူးပိုင်းလေးက သူ့လက်ထဲကို အလိုလို ပဲ့ကျသွားခဲ့တယ်။ သူလဲ တပ်ထားတဲ့ မျက်မှန်ကို ချွတ်ပြီး အဲဒီထိပ်ဖူးလေးကို အလန့်တကြားနဲ့ ကြည့်နေခဲ့တယ်။
ပြီးတော့ မလှမ်းမကမ်းမှာရှိတဲ့ သူ့ရဲ့ရုံးခန်းလေးထဲဝင်သွားပြီး စူပါဂလူး ကော်ပုလင်းလေး သွားယူလာခဲ့တယ်။

သူ့လက်ထဲက ဆွမ်းအုပ်ထိပ်ဖူး အပိုင်းလေးကို စူပါဂလူးကော် ပါးပါးလေးသုတ်ပြီး ဆွမ်းအုပ်ကြီးရဲ့ ထိပ်ဖျားကို မသိမသာလေး ပြန်ကပ်ထားခဲ့ပြန်တယ်။

ဆွမ်းအုပ်ကြီးကို ကော်နဲ့ကပ်ပြီးတော့ ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိဘူးအထင်နဲ့ ဘေးဘီဝဲယာကို မလုံမလဲနဲ့ လိုက်ကြည့်တယ် ။ သူကံဆိုးချင်တော့ သူ့ကို မလှမ်းမကမ်းက ဝန်ထမ်းတစ်ယောက်က လှမ်းကြည့်နေတာကို တွေ့လိုက်တယ်။

သူကတော့ အုပ်ချုပ်ရေးဌာနက အကြီးအကဲတစ်ယောက် ဖြစ်နေတာမို့ သူ့ကိုလှမ်းမြင်နေရတဲ့ တစ်ဦးတည်းသော ဝန်ထမ်းဖြစ်သူကို ခပ်တည်တည်နဲ့ မချိုမချဉ်ပြုံးပြပြီး ဒီကိစ္စကို ဟိုတယ်ပိုင်ရှုင် သူ့ရဲ့ ယောက္ခမ မသိအောင် ဖုံးဖိထားဖို့ မှာကြားခဲ့ပြီး ပြန်ထွက်သွားခဲ့တယ်။

နောက်လအနည်းငယ်ကြာချိန်မှာတော့ ဟိုတယ်ပိုင်ရှင် သူဌေးက အလုပ်ကိစ္စတွေနဲ့ ဟိုတယ်ကိုရောက်လာခဲ့တယ်။
သူဟိုတယ်ကိုရောက်ရောက်ချင်းမှာပဲ နေ့လည်စာစားဖို့ စားသောက်ခန်းမကြီးဆီကို တန်းပြီး ဝင်သွားခဲ့တယ်။

စားသောက်ခန်းမထဲကို မဝင်ခင်မှာ သူအမြတ်တနိုးနဲ့ အလှဆင်ထားတဲ့ ဆွမ်းအုပ်ကြီးကို လှည့်ပတ်ပြီးကြည့်နေခဲ့တယ်။
အဲဒီဆွမ်းအုပ်ကြီး အထိအခိုက် အပွန်းအပဲ့မရှိပဲ ဒီဟိုတယ်ကိုရောက်ဖို့ မိုင်ပေါင်းများစွာကို ဖြတ်ပြီး တယုတယ သယ်ခဲ့ရတယ်ဆိုတာကို သူသိနေခဲ့တယ်။

အဲဒီနေ့က ဆွမ်းအုပ်ကြီးကို လှည့်ပတ်ပြီး တစိမ့်စိမ့်ကြည့်နေပြီး နေ့လည်စာစားဖို့ စားသောက်ခန်းမကြီးထဲကို သူဝင်သွားခဲ့တယ်။
ထမင်းစားပြီးသူပြန်ထွက်လာတော့လဲ သူ့ဆွမ်းအုပ်ကြီးကို ထုံးစံအတိုင်း တစိမ့်စိမ့်ကြည့်နေခဲ့ပြန်တယ်။

ဒီဟိုတယ်ကြီးမှာရှိတဲ့ အခြားသော အလှဆင်ပစ္စည်းတွေထက် မြန်မာမှု မြန်မာဟန်ကို ပြနေတဲ့ ယွန်းဆွမ်းအုပ်ကြီးကို သူတန်ဘိုးထား မြတ်နိုးခဲ့တယ်ဆိုတာ ဟိုတယ်ဝန်ထမ်းတိုင်းက သိနေခဲ့ပြီးဖြစ်တယ်။

သူဆွမ်းအုပ်ကြီးနားကနေ ခွာဖို့ ခြေလှမ်းပြင်ရင်း ရုတ်တရက် ဆွမ်းအုပ်ကြီးရဲ့ ထိပ်ဖူးလေးကို လက်ဖျားလေးနဲ့ မထိတထိ လှမ်းတို့လိုက်တယ်။

အခါခါ ထိခိုက်ပွန်းပဲ့ထားလို့ ဒဏ်ရာရနေခဲ့တဲ့ ထိပ်ဖူးပိုင်းလေးက သူ့လက်နဲ့ ထိလိုက်ချိန်မှာ ပဲ့ထွက်ပြီး စားပွဲဝိုင်းကြီးပေါ်ကို ကျလာခဲ့တယ်။ ပဲ့ကြွေကျလာတဲ့ ခပ်ချွန်ချွန် ထိပ်ဖူးလေးကို သေသေချာချာ ပွတ်သပ်ပြီး လှည့်ပတ်ပြီးကြည့်နေခဲ့တယ်။

သူ့လက်ထဲက ဆွမ်းအုပ်ကြီးရဲ့ ထိပ်ဖူးပိုင်းလေးကိုတလှည့် ဆွမ်းအုပ်ကြီးရဲ့ မလှပတော့လဲ ကိုယ်ထည်ခပ်ကြွားကြွားကြီးကိုတလှည့် စိတ်မကောင်းခြင်းများစွာနဲ့ အကြာကြီး ကြည့်နေခဲ့တယ်။

သူ့လက်ထဲမှာ ကိုင်ထားတဲ့ ထိပ်ဖူးပိုင်းလေးက ခြောက်သွေ့နေပြီဖြစ်တဲ့ ကော်အစအနလေးကိုလဲ သူသေသေချာချာ တွေ့နေရတာမို့ သူ့မျက်ဝန်းက တစုံတခုကို မသဲမကွဲ ဖြစ်နေတဲ့ အရိပ်အယောင်အချို့ကို လှမ်းမြင်နေခဲ့ရတယ်။

နောက်ဆုံးမှာတော့ ဒဏ်ရာဒဏ်ချက်တွေနဲ့ မလှပတော့တဲ့ သူမြတ်နိုးတန်ဘိုးထားတဲ့ ဆွမ်းအုပ်ကြီးကို စတိုခန်းထဲမှာ အပြီးအပိုင် သိမ်းဆည်းထားဖို့ ဟိုတယ်မန်နေဂျာကို သူညွန်ကြားပြီး ဟိုတယ်ထဲကနေ သူထွက်ခွာသွားခဲ့တယ်။

အဲဒီ ဖြစ်စဉ်တွေအားလုံးကို မြင်ခွင့်ရခဲ့သူ တစ်ဦးတည်းသော မျက်မြင်သက်သေ ဖြစ်သူတစ်ယောက်အနေနဲ့….
ဆွမ်းအုပ်ကြီးကို နှမြောစိတ်နဲ့ အဓိက တရားခံကို စဉ်းစားကြည့်မိတယ်…

ဒီလိုဖြစ်ရတာဟာ
ဒီဆွမ်းအုပ်ကြီးကို လုပ်သူက အချိုးအစား ကျကျနန လုပ်ဖို့ထက် အလှအပကို ဦးစားပေးပြီး ထိပ်ဖူးပိုင်းကို အားနည်းစေခဲ့လို့လား…..

ဒီဆွမ်းအုပ်ကြီးကို
လူသွားလူလာမပြတ်တဲ့ စင်္ကြံလျှောက်လမ်းမှာမှ အလှဆင်မိလို့ (အလှဆင်ထားတဲ့ နေရာကြောင့်လား….) ဒီလိုဖြစ်ရတာလား။။။

ပြီးတော့ လူတွေရဲ့ မတည်ငြိမ်တဲ့ စိတ်…..
အလှဆင်ထားရှိတဲ့ အရာတွေကိုမှ တချိန်လုံး ထိတို့ကစားချင်နေတာ လူတွေရဲ့ သဘာဝများလား..

ဒါမှမဟုတ်
မိမိအပြစ်ကို အမှန်အတိုင်း ဝန်မခံရဲပဲ ဘယ်သူမှမသိနိုင်ပါဘူးလေဆိုတဲ့ စိတ်နဲ့ ဖုံးကွယ်တတ်ကြတဲ့ လူ့မနောတွေကြောင့်လားးးးးး

တချိန်တုန်းက သူ့သဘာဝအတိုင်းလှနေခဲ့တဲ့ ဆွမ်းအုပ်ကြီးကတော့ စတိုခန်းရဲ့ ချောင်တနေရာမှာ ဖုံတွေအလိမ်းလိမ်း တက်နေလောက်ပြီထင်ပါရဲ့………

8 comments:

ကိုဇော် said...

တကယ်တော့ အလှသက်သက် လူမြင်ယုံထားတာ သေချာတယ် ဆိုရင် အဲဒီပဲ့သွားတဲ့ နေရာကို ကော်ပတ်လေးစား ကော်ကောင်းကောင်းလေးနဲ့ ပြန်ကပ်လိုက်ပြီး နောက်ထပ် ဘယ်သူ့မှ ဒါကို မထိရဘူးလို့ အမိန့်ထုတ်လိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။ ဒီသူဌေး နည်းနည်းလိုတယ်။

khin oo may said...

လူသွားလမ်းမှာချခဲ့တဲသူရဲ့အပြစ်။

မေဓာဝီ said...

လူတွေရဲ့ စိတ်ပေါ့နော်။
ကိုယ်သာဆိုလဲ ဘယ်လိုလုပ်မလဲ တွေးမိတယ်။
အဲလို တို့ထိကစားတာ ၀ါသနာမပါပေမဲ့ မတော်တဆ ထိမိရင်း ကိုယ့်ကြောင့် ကျိုးသွားခဲ့ရင် ...
ငြိမ်နေမလား ... ၀န်ခံမလား ...
ကိုယ်တိုင်လဲ တွေဝေနေဆဲပဲ။

~ဏီလင်းညို~ said...

စာလေးဖတ်ရင်း...စဉ်းစားမိတယ်။
ဆွမ်းအုပ်ကြီးကို ဒီလိုအဖြစ်ရောက်သွားအောင် လုပ်ခဲ့တဲ့သူတွေဟာ.....အမှတ်မထင်၊ မရည်ရွယ်ပဲနဲ့ လုပ်မိသွားကြတာများလားလို့။
ရံဖန်ရံခါမှာတော့ ပြောရမယ်ဆိုရင်....အခြေအနေ၊ အချိန်အခါနဲ့ အကြောင်းတရားတွေဟာ....တိုက်ဆိုင်နေတတ်လွန်းတယ်လေ......။
စဉ်းစားစရာအချို့ပေးတဲ့ ပို့စ်အတွက်ကျေးဇူးပါမနှင်း။
(ဒါဒုတိယမြောက် လာဖတ်တာဗျိုး)

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

သူကြီးမင်း (တုံးဖလား) said...

မနှင်း...
အဲဒီလို ဆွမ်းအုပ်ကြီးကို မြန်မာနိုင်ငံ တစ်နေရာရာမှာ မြင်ဖူးသလိုဘဲ။ ဟင်းလင်းပြင်ကြီးမှာပေါ့။

ဒီပုံပြင်လေးကို သုံးသပ်ကြည့်ရင်...
လူတွေဟာ အမှားတစ်ခုအတွက် လူတကာမသိအောင် ဖုံးကွယ်ထားတတ်ကြပါတယ်။ အဲဒီလို ဖုံးကွယ်ကြတဲ့နေရာမှာ တစ်ချို့လဲ အကြောက်တရားနှင့်ဖုံးကွယ်ပါတယ်။ တစ်ချို့လဲ အရှက်တရားနှင့်ဖုံးကွယ်ပါတယ်။ တစ်ချို့ကျပြန်တော့ ဂုဏ်သိက္ခာအတွက် ဖုံးကွယ်ပါတယ်။ တစ်ချို့ကတော့ ဘာအတွက်မှ မဟုတ်ဘူး။ ခေါင်းရှောင်ချင်လို့ ဖုံးကွယ်ကြပါတယ်။

ဘယ်လိုဘဲ ဖြစ်ဖြစ် ကိုယ့်ကြောင့်ဖြစ်ရင် ကိုယ်ခံတာ အကောင်းဆုံးပါဘဲ။ ကိုယ့်ကြောင့် သူတပါး အရမ်းနစ်နာသွားတယ်ဆိုရင်.. အဲဒါ လူသားမဆန်တဲ့ လူအတ္တသမားတွေရဲ့ အပြုအမူတစ်ခုပါဘဲလို့ ကောက်ချက်ချရင်း ဆွမ်းအုပ်ကြီး တဖန် အစဉ်ထာဝရလှပခိုင်ခန့်စေဖို့ဘဲ ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

အုပ်ကြီး said...

ကိုယ့်အတွေးနဲ့ ကိုယ်ပေါ့ဗျာ ...
အပြစ်ဆိုတာကို ဝန်ခံရဲတဲ့သူ
ရှားသလောက် သူများအပေါ်လွှဲချတဲ့သူတွေ
ပေါတယ်လေ ..ဒါကိုပဲ လောကဓံတရား ဆိုပြီးပြောကြပြန်တယ်ဗျ ...

Beauty Studio USA Branded Store said...

ဘယ်သူ့ကြောင့်ပါလိမ့် ဆွမ်းအုပ်ကြီးရယ် ????

Sithu said...

ဟံသာဝတီ အဝိုင်းက ဆွမ်းအုပ်ကြီးများလား...

My Blog List