တို့ရွာ တို့မြေ တို့ရွာမြေဝယ်
“မြန်မာပြည်မှာ လူတစ်သိန်းမှာ တစ်ရာဟာ ကင်ဆာရောဂါဝေဒနာကို ခံစားနေရတယ်” လို့ နာမည်ကြီး ဂျာနယ်တစ်စောင်မှာ ဖော်ပြထားတဲ့သတင်းကို ပုဂလိက ဆေးရုံတစ်ခုရဲ့ ဓါတ်ပုံနဲ့အတူ မကြာသေးခင်က တွေ့လိုက်ရပါသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ် ကျွန်မတို့ ငယ်စဉ်တုန်းကဆို ဆေးရုံဆေးခန်းဆိုတာ ရှာမှရှား နာဖျားသူဆိုတာလဲ မရှိသလောက်။ လူကြီးရော ကလေးပါ ဆေးရုံဆေးခန်းဆို ခပ်ဝေးဝေးက ရှောင်တတ်ကြပါသည်။
ကျွန်မအဘိုးတွေနေတဲ့ မြို့ငယ်လေးမှာလဲ ဆေးခန်းရယ်လို့ မရှိသလောက်ရှားပါသည်။ အဘိုးတို့အိမ်နဲ့ မလှမ်းမကမ်း မြို့လယ်လမ်းမကြီးပေါ်မှာတော့ ဒေါက်တာ စိန်သွယ်ရဲ့ ဆေးခန်းတစ်ခုကို မြင်ဘူးပါသည်။ ဒါပေမယ့် သူ့ဆေးခန်းရှေ့ကနေ ဖြတ်သွားတိုင်းလဲ ဆေးခန်းထဲမှာ လူနာရယ်လို့ မတွေ့ရတတ်ပဲ ခြောက်ကပ်ကပ်နိုင်လွန်းတဲ့ ဆေးခန်းထဲမှာ ဒေါက်တာ စိန်သွယ်က စာအုပ်တွေ ထိုင်ဖတ်နေတာကိုပဲ တွေ့ရတတ်ပါသည်။
ရန်ကုန်မှာကျပြန်တော့လဲ ကျွန်မတို့ အလယ်တန်းကျောင်းသူဘဝရောက်တဲ့ အထိ ကျွန်မတို့ ရပ်ကွက်လေးထဲမှာ ဆေးခန်း နှစ်ခန်းသာရှိပါသည်။ ဆေးမျိုးစုံရောင်းတဲ့ ဆေးဆိုင်ရယ်လို့လဲ မရှိခဲ့ပါ။ ကျွန်မတို့ မိသားစုဝင်တွေထဲမှာလဲ ရောဂါအနာတရ ဖြစ်သူရယ်လို့ မရှိခဲ့။ နှစ်ဘက်သော ဘိုးဘွား ဘေး ဘေးမတွေကအစ ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေသွားကြပါသည်။
နှစ်ဘက်သော အဘိုးများ၏ မိခင် ကျွန်မတို့၏ ဘွားဘွားကြီး ၂ ယောက်စလုံး အသက် ကိုးဆယ်ကျော်သည်အထိ မြေး မြစ်များနှင့် ပျော်ပျော်ပါးပါး နေသွားကြပါသည်။ ကျွန်မအဘွားတစ်ယောက်ကတော့ သက်တမ်းစေ့ မနေခဲ့ရပေမယ့် သူမကွယ်လွန်သည်အထိ ဆေးရုံ ဆေးခန်း ဆရာဝန်တွေဆီ ရောက်ဖူးခဲ့ခြင်းမရှိ။ ကြီးကြီးမားမား နာဖျားခြင်း ရောဂါ ခံစားရခြင်းလဲ မရှိခဲ့။
ဒါပေမယ့် ကျွန်မတို့ အထက်တန်းကျောင်းသူဘဝမှာ နှလုံးရောဂါ ဆိုတဲ့ ရောဂါတစ်မျိုးရဲ့ နာမည်ကို ဆွေမျိုးများထံမှာ စပြီး ကြားဖူးခဲ့ပါသည်။ ကျွန်မဘွဲ့ရချိန်မှာတော့ ဆွေမျိုးတွေအကြားမှာ သွေးတိုးနဲ့ ဆီးချိုရောဂါတွေကို စတင် မြင်တွေ့လာရပါသည်။
ကျွန်မ သတိထားမိသလောက် ၂၀၀၀ ခုနှစ်နောက်ပိုင်းကာလများမှာ လူနေမှုစရိုက်တွေ ပြောင်းလဲလာခဲ့သလို ရန်ကုန်မြို့နဲ့ အနယ်နယ်အရပ်ရပ်မှာ ဆေးရုံဆေးခန်းတွေ မှိုလို ပေါက်လာခဲ့ပါသည်။ ရောဂါဝေဒနာရှင်တွေလဲ တစတစ တိုးပွားလာခဲ့ပါသည်။
ကျွန်မ ခပ်ငယ်ငယ်အရွယ်တုန်းက ဆေးခန်းရှားပါးလွန်းတဲ့ ရပ်ကွက်ငယ်လေးမှာ အခုအချိန်မှာတော့ ဆေးခန်း ၁၀ ခန်းမကတွေ့ရသလို ဆေးဆိုင် ၁၀ ဆိုင်ထက်မနည်း ထပ်တွေ့ရပါသည်။ ပြီးတော့ ကျွန်မတို့လုံးမထင်မှတ်ထားတဲ့ နေရာတွေမှာ Shopping Mall ကြီးတွေလိုခန့်ငြားစွာနေရာယူလာတာက အထူးကုဆေးခန်းကြီးတွေ။
လွန်ခဲ့တဲ့ နှစ်အနည်းကစလို့ ကျွန်မတို့ဆွေမျိုးတွေထဲမှာ ကင်ဆာဖြစ်သူ ၃ ဦးမကရှိလာခဲ့ပါသည်။ ကျွန်မတို့ အိမ်မှာတင်ပဲ သုံးနှစ်အောက် ကလေး သုံးယောက်မှာ နှစ်ယောက်က သုံးနှစ်မပြည့်ခင် ကလေးတီဘီရောဂါရှင်အဖြစ် ကင်ပွန်းတပ်ခံရပါသည်။ ဆေးလိပ်ငွေ့လုံးဝမရှိသော အိမ်မှာ မူကြိုကျောင်းပင် မရောက်သေးသော ကလေးနှစ်ယောက်နှင့် အိမ်တွင်းမှအိမ်ပြင်ထွက်လေ့မရှိသော လူကြီးတစ်ယောက် တီဘီရောဂါဖြစ်ကြပါသည်။
ကျွန်မတို့ ငယ်စဉ်တုန်းက အခုခေတ် ကလေးငယ်တွေလို မိုင်လိုတွေ အိုဗာတင်းတွေနဲ့ နိုးထခွင့်မရခဲ့ပါ။ မနက်စောစောမှာ ထမင်းထချက်လေ့ရှိတဲ့ အဘွားက တမင်းအိုးငှဲ့ချိန်မှာ ရလာတဲ့ ထမင်းရည်ကို ဆားအနည်းငယ်ခတ်ပြီး ကလေးတွေကို မနက်တိုင်းတိုက်ကျွေးလေ့ရှိပါသည်။ တခါတရံ ညနေပိုင်းမှာလဲ အဘွားထမင်းချက်ချိန်တွေကို စောင့်ပြီး ထမင်းရည်သောက်ဖို့ တန်းစီနေကြတဲ့ မြေးတွေကို အဘွားက မညည်းမငြူ ထမင်းရည်တိုက်လေ့ရှိပါသည်။ အဘွားရဲ့ ထမင်းရည်နဲ့ ကြီးလာတဲ့ မြေးတွေအားလုံး ရာသီဥတုအကူးအပြောင်းမှာတောင် နှာစေးချောင်းဆိုး မဖြစ်ဘူးကြပါ။
ကျွန်မမှတ်မိသလောက် ကျွန်မတို့ ကလေးတွေအတွက် စီစဉ်ပေးထားတဲ့ မနက်စာ စားဖွယ်တွေကတော့ ကောက်ညှင်းပေါင်းပူပူ ဒါမှမဟုတ် အဘိုးရဲ့ လက်ရာ ထမင်းကြော် ဒါမှမဟုတ် စားတော်ပဲပြုတ်နဲ့ ထမင်းပူပူလေးကို ပဲဆီမွှေးမွှေးလေးနဲ့ နယ်ထားတဲ့ ပဲပြုတ်ထမင်းတွေပဲ ဖြစ်ပါသည်။
အပြင်ဆိုင်တွေမှာ ဝယ်ရတဲ့ လက်သုတ်စုံ မုန့်ဟင်းခါး စမူဆာ အီကြာကွေး ပလာတာတွေကို ကျွန်မတို့ရဲ့ မနက်စာ ထမင်းဝိုင်းတွေမှာ မတွေ့ရတတ်ပါ။ ကျွန်မတို့ ကလေးတွေသာမက လူကြီးတွေလဲ အပြင်စာတွေ စားတဲ့ အလေ့အကျင့် မရှိသလောက် နည်းပါးလှပါသည်။
ပြီးတော့ ကျွန်မတို့အိမ်က မီးဖိုးချောင်ထဲမှာလဲ နှမ်းဆီနဲ့ ပဲဆီစစ်စစ်ကိုသာ တွေ့ရတတ်ပြီး အခုချိန်မှာ မြန်မာပြည်မှာ လူသုံးများနေတဲ့ စားအုံးဆီ ဟင်းသီးဟင်းရွက်ဆီတွေကို ကျွန်မတို့ ငယ်စဉ်တုန်းက မမြင်ခဲ့ဘူး မစားခဲ့ဘူးပါ။ ကျွန်မတို့ ငယ်စဉ်တုန်းက သမဝါယမဆိုင်တွေမှာ ဟင်းချက်ဖို့အတွက် စားအုံးဆီတွေ ရောင်းချပေးနေရင်တောင် ဘယ်သူမှသွားမဝယ်ကြပါ။ လက်လုပ်လက်စား အခြေခံလူတန်းစားတွေကအစ စားအုံးဆီဆိုတာ ကျန်းမာရေးအတွက် အထောက်အကူမပြုမှန်း အလိုလို နားလည်နေခဲ့ပါသည်။
အင်္ဂလိပ်ခေတ် ဂျပန်ခေတ်ကို သိမီလိုက်သူ အဘိုးအဘွားတွေအားလုံးကလဲ ကျန်းမာရေးအသိတွေ ရှိကြပါသည်။ မနက်မိုးလင်းတာနဲ့ ရေဒီယိုကလာတဲ့ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ်အတိုင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်ကြပါသည်။ ကျွန်မတို့ အဘိုးရဲ့ အမေ ဘွားဘွားကြီးကိုယ်တိုင် အသက် ၉၂ နှစ် ကွယ်လွန်ချိန်အထိ မနက်စောစောမှာ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့ မပျက်ကွက်ခဲ့ဘူးပါ။
ကျွန်မ အထက်တန်းကျောင်းသူဘဝရောက်တဲ့အချိန်ထိ ဆောင်းတွင်း မနက်ခင်းတွေမှာ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေကြတဲ့ လူကြီး လူငယ်တွေကို ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ တွေ့ခဲ့ရဘူးပါသည်။
ကျွန်မတို့ အဘိုးတွေ အဘွားတွေ သက်တမ်းစေ့နေသွားခဲ့ပြီး ကွယ်လွန်ချိန်အထိ ဆေးရုံဆေးခန်းမရောက်ဘူးခဲ့။ ဒါပေမယ့် ဒုတိယ မျိုးဆက်ဖြစ်လာတဲ့ အဘွားရဲ့ သားသမီးတွေကတော့ အသက် ၅၀ ကျော်လာတာနဲ့ ဆေးရုံဆေးခန်းတွေကို မျက်စောင်းထိုးလာကြပါသည်။
မျိုးဆက်တစ်ဆက်နဲ့ တစ်ဆက်အကြားမှာ အစားအသောက် အနေအထိုင်တွေ သိသိသာသာ ကွာခြားလာတာမို့ အဘိုးအဘွားတို့ကွယ်လွန်သည့်အချိန်အထိ မကြားဘူးခဲ့တဲ့ သွေးတိုး ဆီးချို နှလုံးရောဂါတွေက သားသမီးတွေကို ခြိမ်းခြောက်လာခဲ့ပါသည်။
ကျွန်မတို့လို တတိယ မျိုးဆက်တွေကျတော့ အိမ်နီးချင်းနိုင်ငံတွေကနေ ကူးစက်လာတဲ့ လူနေမှုစနစ် အသစ်အဆန်းတွေကြားမှာ ကြီးပြင်းမွေ့ပျော်လာခဲ့ပါသည်။ ကျွန်မတို့ရဲ့ ရိုးရာအစားအစာမဟုတ်တဲ့ မကျက်တကျက် ပြုတ် ကင် ကြော်လှော်ထားတဲ့ အစားအစာတွေကို ခုံမင်စပြုလာပါသည်။
အပြင်မှာ အလွယ်တကူဝယ်ယူလို့ရတဲ့ အမြန်စာတွေက ကျွန်မတို့ရဲ့ နံနက်စာ စားပွဲမှာ နေရာယူလာပါသည်။ အိမ်ထဲကနေ အိမ်ပြင်ကို ထွက်လိုက်တာနဲ့ သဘာဝအရောင်တွေမဟုတ်တဲ့ အရောင်စုံ အသွေးစုံ စားသောက်ဖွယ်ရာတွေက ကျွန်မတို့ကို ကြိုဆိုနေတတ်သလို ကျွန်မတို့ကလဲ မက်မက်မောမော စားသောက်တတ်လာပါသည်။
လူနေမှု ဓလေ့မှာလဲ အခြားနိုင်ငံတွေမှာလို မိသားစုဝင်တွေက သီးသီးသန့်သန့်နေထိုင်လေ့မရှိပဲ နွေးနွေးထွေးထွေးနေလေ့ရှိတာမို့ တစ်ယောက်ချောင်းဆိုးချိန်မှာ တစ်အိမ်လုံးချောင်းဆိုးကြပါသည်။ တစ်ယောက်တုတ်ကွေးမိရင် တစ်အိမ်လုံးကွေးကြပါသည်။ တစ်ယောက်တီဘီဖြစ်ရင် အခြားတစ်ယောက်ကို ကူးဖို့မခဲယဉ်းပါ။
ပြီးတော့ တော်ရုံနှာစေးချောင်းဆိုး ခေါင်းကိုက်ရင်သာက်တဲ့ ဆေးတွေကိုလဲ အိမ်သုံးဆေးအဖြစ် လက်လှမ်းမီတဲ့ နေရာမှာထားပြီး ကလေးတွေရော လူကြီးတွေပါ ပဲကြီးလှော်စားသလို မြိန်ရည်ရှည်ရည် သောက်သုံးတတ်ကြပါသေးသည်။
မြန်မာလူမျိုးမဟုတ်တဲ့ ကျွန်မသူငယ်ချင်းတွေကတော့ နှာစေးချောင်းဆိုး ကိုယ်လက်နာကျင်နေသည့်တိုင်အောင် ဆေးသောက်ဖို့ကို တီနဲ့တို့သလို ကြောက်ရွံ့ကြပါသည်။ သောက်ဆေးတစ်လုံးချင်းစီမှာပါတဲ့ ဓါတုပစ္စည်းတွေရဲ့ ဆိုးကျိုးကို သူတို့ ကောင်းစွာနားလည်ကြသည်လေ။
ရာသီပြောင်းလို့ ဖြစ်တဲ့ တုတ်ကွေးဖြစ်ရင်တောင်မှ ဗိုက်တာမင်စီ အပြည့်ပါတဲ့ အသီးအနှံ ချဉ်ချဉ်တွေစားပြီး အာဟာရ ကုထုံးနဲ့ ဆေးကုကြတာကို မြင်နေရပါသည်။
ကျွန်မတို့ဆီက ဆေးခန်းတွေကလည်း တော်ရုံနာဖျားသူတွေအတွက် ဆေးခွင့်မပေးပါ။ အမှန်တကယ် နာဖျားသူတွေအနေနဲ့ ဆေးခွင့်နဲ့ တစ်ရက်နှစ်ရက်နားချင်ရင် အစိုးရဆေးရုံတွေကိုသွားရပါသည်။
ရန်ကုန်မြို့နဲ့ ဝေးနေချိန် ငါးနှစ်ကျော်ကာလအတွင်း ရန်ကုန်မြို့မှာ ဆေးရုံဆေးခန်းတွေ ဆပွားတိုးနေပေမယ့် ကျွန်မယာယီနေထိုင်တဲ့ နေရာမှာတော့ ဆေးရုံဆေးခန်းအရေအတွက်က အပြောင်းအလဲမရှိ။ နာသူဖျားသူလဲ တိုးပွားလာခြင်းမရှိ။
ကျန်းမာရေး စောင့်ရှောက်မှု ပိုင်းမှာ ကျွန်မတို့လူမျိုးတွေ အရမ်းအားနည်းနေတာတွေ့ရပေမယ့် ရှေးရိုးစွဲနေတဲ့ လူနေမှုစရိုက်တွေကိုတော့ အချိန်တိုအတွင်း ပြောင်းလဲဖို့ဆိုတာ မလွယ်လှပါ။
ကျွန်မသတိမထားမိလိုက်တဲ့ အချိန်တိုတိုလေးအတွင်းမှာပဲ မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားမှာ အစားအသောက် အရောင်တွေ ကွာသထက်ကွာလာပါသည်။ အစားအသောက် အရောင်တွေ စုံလာတာနဲ့အမျှ ခံစားရတဲ့ ဝေဒနာတွေလဲ အရောင်စုံလာပါသည်။ ဆေးရုံဆေးခန်းတွေ အရောင်စုံလာပါသည်။ နောက်ဆုံးတော့ လူဦးရေ တစ်သိန်းမှာ လူတစ်ရာဟာ ကင်ဆာရောဂါကို ခံစားနေရတယ်ဆိုတဲ့ အဆင့်ကို ရောက်သွားပါတော့သည်။
တကယ်လို့သာ အိမ်သုံးဆေးတွေကို အလွယ်တကူ သောက်သုံးတဲ့ ဓလေ့ကို ပြင်မယ်ဆိုရင်
တော်ရုံတန်ရုံ နာဖျားချိန်မှာ ဆေးဆိုင်ဆေးခန်း အားမကိုးပဲ အာဟာရကုထုံးနဲ့ ကုမယ်ဆိုရင်
ကျွန်မတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေကို သေသေချာချာ လေ့လာစိစစ်ပြီး စားသောက်ကြမယ်ဆိုရင်
အလုံးစုံ မဟုတ်တောင် လူနေမှုစရိုက်လေးတွေကို အနည်းငယ်လောက် ဂရုစိုက် ပြုပြင်မယ်ဆိုရင်
နောင်လာမယ့် မျိုးဆက်တွေအကြားမှာ ကင်ဆာရောဂါနဲ့ နာဖျားသူအရေအတွက် လျှော့ကျသွားနိုင်မယ်လို့ ယုံကြည်မိပါသည်။
အခု မျက်မှောက်ခေတ်အခြေအနေကတော့
တို့ရွာ တို့မြေ တို့ရွာမြေဝယ်
လူနာ လူဖျား များလည်းများ၏
တို့ရွာ တို့မြေ တို့ရွာမြေဝယ်
ဆေးဆိုင် ဆေးခန်း များလည်းများ၏ လို့ ကြံဖန်ပြီး ဂုဏ်ယူနေရအုံးမှာ ဖြစ်ပါတယ်။။။။။။
Friday, December 09, 2011
|
Labels:
အက်ဆေး
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
3 comments:
အနေအထိုင်၊ အစားအသောက်ကြောင့် ရောဂါဆန်းတွေ ထူပြားလာပြီ။ ဒီလိုသာ ဆက်သွားရင်ဖြင့်..
လူဦးရေက တိုးပွါး၊ အစားအသောက်တွေက မသန့်၊ လူတွေ ကူးလူးဆက်ဆံမှုကလဲ ကျယ်ပြန့်လာတော့ ရောဂါတွေလဲ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်ကုန်ကြတော့တာပေါ့ မနှင်း။ ကျန်းမာရေးအသိပညာ အများကြီး လိုအပ်နေပါပြီ။ အနာဂါတ်ကလေးတွေ အတွက်လေ။
ခေတ်ကိုက ဆုတ်ကပ်လေ နှင်းရယ်..။
ရောဂါဘယအဆန်းတွေ ထူပြောလာတာ ကြောက်စရာ။ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အသိတွေ အများကြီး ဖွံ့ဖြိုးဖို့ လိုသေးတယ်။ လူတွေရဲ့ သက်တမ်းတွေက အခုဆို တဖြည်းဖြည်း တိုလာပြီရောနော်..။
Post a Comment