ကျွန်မက တနေ့ကို
၁၂ နာရီနှုန်းနဲ့ လေးရက်ဆက်တိုက်လုပ်ပြီးတိုင်း လေးရက်ဆက်တိုက်နားရတဲ့ ဂျူတီထဲမှာ အလုပ်လုပ်ခဲ့တာ
နှစ်တော်တော်ကြာခဲ့ပါပြီ။ လေးရက်နားရတာကို သူငယ်ချင်းတွေက အားကျနေကြပေမယ့် ၁၂ နာရီဆက်တိုက်
စိတ်ဖိစီးမှုတွေနဲ့အလုပ်လုပ်ရတာမို့ အလုပ်ချိန်ပြီးဆုံးချိန်မှာ အိမ်ကိုပြန်ဖို့ခွန်အားယဲ့ယဲ့လေးသာကျန်တာမျိုးမို့
သိပ်မလွယ်လှဘူးလို့ ယေဘုယျမှတ်ချက်ချမိပါတယ်။
ကျွန်မတို့ဆီမှာ အလုပ်လုပ်ရတဲ့ပုံစံက
မြန်မာပြည်လိုမဟုတ်ပါဘူး။ ၁၂ နာရီမှာ ၁၂ နာရီလုံး မနားတမ်းလုပ်ရလောက်အောင် အလုပ်က ကွက်တိ
ရှိနေတာမျိုးမို့ တခါတလေမှာ ထမင်းစားဖို့တောင် အချိန်မရပါဘူး။ ရုံးစားပွဲမှာထိုင်ပြီး
ကွန်ပြူတာစခရင်နှစ်လုံးနဲ့ ၁၂ နာရီလုံး မျက်စိမနားရအောင် အလုပ်လုပ်ရသလို ဖုန်းတွေလဲ
မနားတမ်းဖြေရပါတယ်။ စီမံရေးရာတာဝန်ခံမို့ ကျွန်မတို့ဌာနခွဲကဝန်ထမ်း ၂၀၀၀ကျော်ရဲ့ အရေးကိစ္စတွေအတွက်
လက်ကလဲ မနားတမ်း အီးမေလ်းတွေရေးနေရပါသေးတယ်။
နောက်ဆုံးအိမ်ပြန်ချိန်မှာတော့ ကိုယ်ပိုင်ကွန်ပြူတာကြည့်ဖို့အတွက်
ခွန်အားလုံးဝမကျန်တော့တဲ့အထိ စိတ်ပင်ပန်းခဲ့ရတာမို့ စာရေးတဲ့အလုပ်အတွက် အများကြီးကို
လစ်ဟင်းခဲ့ပါတယ်။ စာရေးတဲ့သူဆိုတာ အချိန်နဲ့အမျှ စာတွေဖတ်နေနိုင်မှ လူတွေကြားမှာ အမြဲတမ်းသွားလာနေနိုင်မှ
စာရေးဖို့ စိတ်ကူးအသစ်အဆန်းလေးတွေရတတ်တာပါ။ ကျွန်မကတော့ နားရက်ရတဲ့ လေးရက်လုံးလုံးလဲ
အမောတွေမပြေသေးသလိုခံစားရသလို လူမှုရေးတွေတော်တော်များများလဲ လစ်ဟင်းနေခဲ့တာကြာခဲ့ပါပြီ။
အတိုချုံးပြောရမယ်ဆိုရင်တော့ အလုပ်ဒဏ်ပိနေတဲ့သဘောလို့ပြောလို့ရပါတယ်။
တခါတလေမှာ
မနက်စောစော ဂျူတီရှိပေမယ့် အိပ်ရေးမဝလို့ စိတ်မကြည်မလင်ဖြစ်နေတဲ့အချိန်တွေမှာ ကျွဲရိုင်းအချိုရည်အကူအညီနဲ့
အလုပ်သွားခဲ့ဘူးပါတယ်။ ဒါဟာကောင်းတဲ့ အလေ့အကျင့်မဟုတ်ဘူးဆိုတာ သိနေပေမယ့် တစ်နှစ်မှာ
နှစ်ကြိမ်လောက်တော့ လုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ အတွေ့အကြုံအရ ကျွဲရိုင်း သောက်ကာစအချိန်တွေမှာ လန်းဆန်းတက်ကြွနေတာ
မငြင်းလိုပါဘူး ဒါပေမယ့် ကျွဲရိုင်း အချိုရည်ရဲ့ အာနိသင် ပြယ်စပြုလာချိန်မှာတော့ တော်တော်ကြီးကို
နွမ်းနယ်ပင်ပန်းနေတတ်တာကို သတိထားမိပါတယ်။ ကျွန်မလိုပဲ မနက်စောစောအလုပ်ဝင်ဖို့ အင်အားမပြည့်ဘူးလို့
ခံစားရတဲ့သူငယ်ချင်းတွေတော်တော်များများ ကျွဲရိုင်းသောက်ပြီး အလုပ်လုပ်နေတာကို သတိထားမိပါတယ်။
တချို့ကျတော့ ညနက်တဲ့အထိအလုပ်လုပ်ရမှာမို့ ကျွဲရိုင်းသောက်ကြပါတယ်။ လောလောဆယ်လေးမှာ
ကျွန်မ ဖတ်လိုက်ရတဲ့သတင်းလေးက ကျွဲရိုင်းသောက်ခဲ့ဘူးတဲ့ ကျွန်မကို အကြီးအကျယ်တုန်လှုပ်စေပါတယ်။
အင်ဒိုနီးရှားနိုင်ငံသူ
လက်နှိပ်စက်စာရေးမလေး Mita ဟာ အလုပ်တွေများလွန်းလို့ ကျွဲရိုင်းအကူအညီနဲ့ ခွန်အားဖြည့်ခဲ့ပါတယ်။
"အားပါး နာရီသုံးဆယ်လောက်အလုပ်လုပ်ခဲ့တာတောင် လန်းဆန်းတက်ကြွနေတုန်း " လို့
သူက ပြောခဲ့ပါသေးတယ်.... ဒါပေမယ့် သူမဟာ နာရီပိုင်းအတွင်းမှာပဲ လဲပြိုကျပြီးကိုမာရသွားသလို
နေ့မကူးခင်မှာပဲ သူမ အသက်ဆုံးရှုံးခဲ့ပါတယ်။
သူမရဲ့ သေဆုံးမှုကို
ကျွဲရိုင်းကြောင်းလို့ မပြောလိုပါဘူး။ အဓိကကတော့ မနိုင်ဝန်ထမ်းခြင်းရဲ့ အကျိုးဆက်တစ်ခုလို့သာ
မှတ်ယူမိပါတယ်။
ဒါ့ကြောင့်
လိုအပ်တာထက်ပိုပြီး အလုပ်မကြိုးစားသင့်တဲ့ အချက်တွေကို စာဖတ်သူတွေအတွက် မျှဝေလိုက်ပါတယ်။
၁။ မနိုင်ဝန်ထမ်းပြီး
အလုပ်များများလုပ်ခြင်းဟာ အရည်အချင်းကို ကျဆင်းစေပါတယ်။ ဒါ့ကြောင့် အလုပ်ထဲမှာ အဓိကနဲ့
သာမညကို ခွဲခြားပြီး လုပ်တတ်ဖို့လိုပါတယ်။
၂။ အိပ်ချိန်စားချိန်
မှန်ပါစေ။ အောင်မြင်သော တိုးတက်သော လေးစားအားကျ
ဂုဏ်ယူစရာကောင်းသော စံပြလုပ်သားကောင်းတွေဟာ အိပ်ချိန်နဲ့စားချိန်ကို အလေးထားသူတွေဖြစ်ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားနဲ့ မိသားစုဟာ အိပ်ချိန် စားချိန်ကို ဂရုစိုက်တဲ့အပြင် ကျန်းမာရေးကို
အထောက်အကူပြုတဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးကြသလို အားကစားလေ့ကျင့်ခန်းလုပ်ဖို့လဲ
အင်မတန် တက်ကြွကြတယ်လို့ဆိုပါတယ်။
၃။ ပင်ပန်းနွမ်းနယ်မှုက
သင့်ရဲ့ အလုပ်ခွင်အရည်အသွေးကို ကျဆင်းစေပါတယ်။ အိပ်ရေးမဝလို့ဖြစ်ဖြစ် အခြားစိတ်ပင်ပန်းမှုကြောင့်ဖြစ်ဖြစ်
စိတ်ညစ်နေတဲ့အချိန်မှာ အစည်းအဝေးလုပ်မိခဲ့ရင် ကောင်းမွန်တဲ့ အကြံဥာဏ်တွေ အတွေးအခေါ်သစ်တွေ
ပျောက်ဆုံးနေမှာသေချာပါတယ်။ အကျိုးဆက်ကတော့ မိမိကိုယ်တိုင်ရဲ့ အချိန်တွေကို ဖြုန်းတီးရာကျသလို
အစည်းအဝေးတက်လာကြတဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ အချိန်တွေကိုပါ ဖြုန်းတီးရာကျပါတယ်။
၎။ မိမိအလုပ်နဲ့
မသက်ဆိုင်တဲ့ အလုပ်ပိုတွေကြောင့် တကယ်တမ်းလုပ်ရမယ့် အလုပ်တွေ မပြီးတာမျိုး ချိန်းထားတဲ့
အချိန်မှာ နောက်ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လုပ်ငန်းခွင်မှာ အချိန်မတိကျခြင်းဟာ
ကျွန်မတို့ရဲ့ နောင်လာလတ္တံသော လုပ်ငန်းခွင်တိုးတက်မှုတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။
၅။သင်ဟာ ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့သူဆိုရင်
သင့်အတွက် နောက်ထပ်လှမ်းစရာခြေလှမ်းတွေ တိုးချဲ့စရာ အလုပ်တွေ စမ်းသပ်ကြည့်ချင်စရာ စိတ်ဝင်စားစရာ
အသစ်အသစ်တွေနဲ့ မအားလပ်နိုင်ဘူးဆိုတာသေချာပါတယ်။ အလားတူပဲ သူတပါးလက်အောက်မှာလုပ်နေတဲ့သူဆိုရင်လည်း
သင့်အတွက် သတ်မှတ်ပေးထားတဲ့ အလုပ်တွေဟာ သင့်အတွက် လိုအပ်တာထက်ပိုနေသယောင်ရှိနေတတ်သလို
ဘယ်တော့မှပြီးပြတ်သွားတယ်ဆိုတာ မရှိလောက်အောင် အလုပ်ပိနေတတ်ပါတယ်။ ဒါတွေဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့
သဘာဝပါ။ အလုပ်တကယ်ပြီးမြောက်ခြင်းကိုရောက်ဖို့အတွက်ကတော့ အဓိကနဲ့ သာမညခွဲခြား အလျင်စလိုလုပ်ရန်နဲ့
ရွှေ့ဆိုင်းလို့ရတဲ့ အလုပ်ရယ်လို့ သီးခြားခွဲခြမ်းစိတ်ဖြာပြီး အချိန်ဇယားနဲ့ ပြီးပြတ်အောင်
စီမံတတ်ဖို့ အလေ့အကျင့်လုပ်သင့်ပါတယ်။
၆။ အလုပ်ကြိုးစားသူတွေအတွက်
အမြဲတမ်းရင်ဆိုင်ရလေ့ရှိတဲ့ စိမ်ခေါ်မှုတစ်ရပ်ကတော့ အလုပ်နဲ့ မိသားစုဘဝကြားမှာ ချောင်ပိတ်မိနေတဲ့
အခြေအနေတွေပါပဲ။ အလုပ်အတွက် အချိန်ပေးနေသူတွေဟာ လူမှုရေးနယ်ပယ်မှာ မသိမသာဆုံးရှုံးမှုတွေရှိသလို
မိသားစုဘဝတွေမှာလဲ သိသိသာသာဆုံးရှုံးမှုတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် မိမိရဲ့ ကိုယ်ပိုင်ဘဝကို
ဆိုးရွားစွာထိခိုက်စေလောက်တဲ့အထိ အလုပ်မကြိုးစားသင့်ဘူးလို့ ဆိုကြပါတယ်။
၇။ တကယ့်အရေးကြီးတဲ့
အချက်တစ်ချက်ကတော့ ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေတဲ့အထိ အလုပ်မကြိုးစားသင့်ဘူးဆိုတာပါပဲ။
နာရီသုံးဆယ်လောက် မနားတမ်းအလုပ်လုပ်ဖို့ မိမိကိုယ်ကို မနိုင်မနင်းခိုင်းစေခဲ့တဲ့ လက်နှိပ်စက်
စာရေးမလေး Mita ဟာ ကျွန်မတို့ကို သင်ခန်းစာတစ်ရပ်ပေးခဲ့ပြီးပါပြီ။ အလုပ်ထဲမှာ စိတ်ရောကိုယ်ပါ
နှစ်ထားတာကြောင့် အစာအိမ်ရောဂါဖြစ်သူတွေ သွေးတိုးနှလုံးရောဂါ ခံစားနေရသူတွေ ကျွန်မတို့ပတ်ဝန်းကျင်မှာ
အများကြီးရှိပါတယ်။ အာရှတိုက်မှာ အသက်ငယ်ငယ်နဲ့ သေဆုံးသူတွေဟာ အင်မတန်အလုပ်ကြိုးစားကြသူတွေ
ဖြစ်တယ်လို့ သတင်းတစ်ပုဒ်မှာ ဖတ်ဘူးပါတယ်။ ဒါ့ကြောင့် ရေရှည်အလုပ်လုပ်ဖို့ စဉ်းစားထားတယ်ဆိုရင်
ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေလောက်အောင် အလုပ်မကြိုးစားသင့်ပါဘူး။
၈။ အလုပ်အတွက်
ထိုက်တန်စွာပေးဆပ်ခြင်း ဆိုတာ အလုပ်တိုင်းအတွက် မဟုတ်ဘူးလို့ ဒေါက်တာတစ်ယောက်က ဆိုပါတယ်။
တကယ်လို့ အလုပ်ကို တကယ်ကြိုးကြိုးစားစားလုပ်လို့ အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာမယ်ဆိုရင်တော့
ပေးဆပ်ခြင်းဟာ ထိုက်တန်ပါတယ်။ ဒါပေမယ့် သေလောက်အောင်ကြိုးစားသည့်တိုင်အောင် မျှော်လင့်ထားတဲ့
အိပ်မက်တစ်ခု မဖြစ်နိုင်ဘူးဆိုရင်တော့ အစောကြီးတည်းက လက်လျော့လိုက်တာ အကောင်းဆုံးပါပဲ။
တကယ်တော့ ကျွန်မတို့ အရေးကြီးတယ်လို့
ထင်မှတ်ထားတဲ့အရာတွေဟာ တကယ်တမ်းမှာ ထင်သလောက် အရေးမပါလှပါဘူး။
နှင်း (မာယာ)
စာကိုး
INC News
5 comments:
ဖတ်ရှု မှတ်သားသွားပါတယ် နှင်း။
မြတ်ကတော့ ကျွဲရိုင်းကို ကြိုက်တာ အကျင့်ကို ပါနေလို့ မနည်းဖြတ်နေရတယ်။ အဲလို ကျွဲရိုင်းသောက်ပြီးတိုင်းလည်း နောက်နေ့မိုးလင်းရင် မျက်နှာတွေ၊ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်တွေ ရောင်တတ်တာ သိလည်း ခုထိလည်း ကြိုက်ဆဲ။
ဘ၀ရဲ့အခက်အခဲတွေကို ခေါင်းစဉ်ကွဲ ဖြေရှင်းနေရတဲ့ လူတို့ရဲ့ ရင်ဆိုင်ကြုံတွေ့ရတာတွေထဲက တစ်ခုကို ဖတ်ခွင့်ရလို့ ကျေးဇူးပါ စနိုးလေးရေ...
ကျွဲရိုင်းတော့ သိတ်မသောက်နဲ့နော် ကျန်းမာရေးနဲ့ မကိုက်ညီလို့ သတိပေးတာ ...
မေတ္တာဖြင့်
တီတင့်
ဦးဟန်ကြည်ကတော့ ကျွဲရိုင်းအကူအညီလည်းမယူ လီပိုဗီတန်လည်းမကူဘဲ တစ်ရက်အလုပ်ချိန် ၁၂နာရီ နားရက်တစ်လမှာ တစ်ကြိမ်...တစ်နှစ်မှာ တစ်လပဲယူပြီး သည်အချိန်အထိ အောင်အောင်မြင်မြင် ဖြတ်သန်းလာခဲ့တာ ဆယ်နှစ်တောင် ကျော်ပါပေါ့လား ဒေါ်နှင်းရေ...သို့ပေမင့် ကိုယ်ကလည်း ၀ါသနာပါတဲ့ အလုပ်ဖြစ်သလို ကိုယ်ပိုင်လုပ်ငန်းလည်းဖြစ်တာမို့ ပြောလောက်အောင် သိသာတဲ့ ဖိစီးမှုပြင်းပြင်းထန်ထန်တော့ မဖြစ်သေးတာ ၀မ်းသာရတာပါပဲ...
ဘာပဲဖြစ်ဖြစ် သဘာဝကို လွန်ဆန်တဲ့ ဆေးဝါးအကူအညီနဲ့ အခက်အခဲကို ကျော်ဖြတ်ကြတယ်ဆိုတာ ကောင်းကျိုးထက် ဆိုးကျိုးများတာမို့ အားအပေးကြောင်းပါဗျား...
ရုံးက ကျွဲရိုင်းအမြဲသောက်တဲ့ ညီမလေးကို နှင်းရဲ့ပို့စ်လေး ဖတ်ပြလိုက်တယ်။ သူက မသောက်ရင် ခေါင်းမကြည်ဘူးတောင် ခံစားနေရတာလေ။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုရင် မကောင်းပါဘူးနှင်းရယ်..နော်။
ချစ်သော-
မြသွေးနီ
" တကယ်တော့ ကျွန်မတို့ အရေးကြီးတယ်လို့ ထင်မှတ်ထားတဲ့အရာတွေဟာ တကယ်တမ်းမှာ ထင်သလောက် အရေးမပါလှပါဘူး။ "
ဖတ်ရင်းတွေး တွေးရင်းဖတ်သွားခဲ့ပါတယ် မနှင်း။
Post a Comment