စိတ်မကောင်းလို့ရေးတဲ့စာ

ဟောင်ကောင်သတင်းစာတစ်ခုက ပထမဆုံး မြန်မာအိမ်ဖော်တွေရောက်လာတဲ့ သတင်းကို ဓါတ်ပုံတွေနဲ့ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။ မြန်မာမလေးတွေ ဆင်တူ တီရှပ်ဖြူလေးတွေဝတ်လို့ ဟောင်ကောင်ရောက်သွားတဲ့ပုံလေး။ သူတို့မျက်နှာလေးတွေက ပကတိလန်းဆန်းနေတယ် သူတို့မျက်လုံးမှာ မျှော်လင့်ချက်တွေတွေ့နေရတယ်။

ဒီနေ့ ရာက်လာတဲ့အဖွဲ့ဟာ ပထမဆုံး ရောက်လာတဲ့ အဖွဲ့ဖြစ်ပြီး   နောက်ထပ်လည်း အိမ်ဖော်တွေရောက်လာဖို့ရှိကြောင်း စုစုပေါင်း ဒီနှစ်ထဲမှာ အိမ်ဖော် ၂၀၀ ရောက်လာမယ်လို့ မျှော်လင့်ထားတဲ့အကြောင်း နောင်နှစ်ထဲမှာတော့ အိမ်ဖော်ဦးရေ တစ်ထောင်ထပ်ရောက်လာဖို့မှန်းထားတယ်လို့ရေးထားပါတယ်။

ဓါတ်ပုံထဲက မသင်းသင်းမိုးကတော့ တခုခု အခက်အခဲကြုံရင် ဟောင်ကောင်မှာရှိတဲ့ အေးဂျင့်ကို အကြောင်းကြားမယ် ရဲကိုတော့ ဘယ်လိုခေါ်ရမယ် မသိသေးဘူးလို့ပြောရှာပါတယ်။
မေစံပါယ်ကတော့ ဝန်ထမ်းတွေကို ညှင်းပန်းနှိပ်စက်တာတွေကြားဘူးပါတယ်.. ဒါပေမယ့် စိတ်မပူပါဘူး မိဘနဲ့ မောင်နှမတွေအတွက် ပိုက်ဆံရှာဖို့လာခဲ့တာလို့ ပြောပါတယ်...

ကိုသက်ဦးဆွေ ရှယ်ထားတဲ့ ဒီသတင်းလေးဖတ်မိပြီး ကိုသက်ဒေါသထွက်နေတာကို နားလည်မိပါတယ်။ ကိုသက်က မျိုးချစ်စိတ် ရှက်စိတ်နဲ့ ကိုယ့်လူမျိုးနိမ့်ပါးစော်ကားခံရမှာစိုးတဲ့ စိတ်ကြောင့် ဒေါသထွက်တယ်။

ကျွန်မကတော့ ဒေါသမထွက်ဘူး မအံ့သြဘူး  ဒါပေမယ့် ယူကြုံးမရ့ဖြစ်ရတယ် စိတ်မကောင်းဖြစ်ရတယ်။ ဒါတောင် အိမ်ဖော်သွားလုပ်တဲ့သူတွေထဲမှာ ဆွေမျိုးသားချင်းတွေမပါသေးဘူး။ သူတို့သွားချင်တယ်ဆိုရင်လဲ ကျွန်မ မျက်စိနဲ့မြင်ခဲ့တွေ့ခဲ့ဘူးတဲ့ မြင်ကွင်းတွေကို တကွက်ချင်းမြင်အောင် ရှင်းပြပြီးတားမိမှာသေချာတယ်။

ဒူဘိုင်းနဲ့ အရှေ့အလယ်ပိုင်းမှာ အိမ်ဖော်အများစုက အင်ဒိုနီးရှား ဖိလစ်ပိုင် သီရိလင်္ကာနဲ့ အီသီယိုးပီးယားလူမျိုးတွေများပါတယ်။ ပွဲသွားကျော့ကျော့ ပွဲပြန်မျော့မျော့ ဆိုသလိုပါပဲ... အိမ်ဖော်လုပ်ဖို့ရောက်လာတဲ့ အမျိုးသမီးလေးတွေအားလုံး တက်တက်ကြွကြွ ပေါ့ပေါ့ပါးပါးရောက်လာကြပြီး အိမ်ပြန်ချိန်မှာတော့ ခပ်မျော့မျော့သာကျန်တာများပါတယ်။

ကျွန်မတို့ဆီမှာလုပ်နေတဲ့ ဖိလစ်ပိုင်မလေးက အရင်တုန်းက ဆော်ဒီမှာ အိမ်ဖော်လုပ်ဖူးတဲ့အကြောင်းပြောပြဖူးပါတယ်။ မိသားစုဝင် လေးစုလောက်နေတဲ့ ခြံကြီးထဲမှာ အိမ်ဖော်တစ်ယောက်ပဲထားပြီး တနေ့ကို ၁၈ နာရီကနေ နာရီ ၂၀ လောက်လုပ်ရတဲ့အပြင် ပြင်ပနဲ့ ဆက်သွယ်ခွင့်လဲမရခဲ့ပါဘူး။ သူ့ကိုခေါ်လာတဲ့ အေးဂျင့်ဆီဆက်သွယ်ဖို့တောင် ဖုန်းကဒ်ဝယ်ခွင့်မရပါဘူး.... နောက်ဆုံး ဘေးအိမ်က လူမျိုးတူ အိမ်ဖော်မလေးကူညီလို့ အေးဂျင့်နဲ့ အဆက်အသွယ်ရပြီး ခြောက်လကြာတဲ့အချိန်မှာ အခြားအိမ်ကိုပြောင်းပေးပါတယ်။
ဒါပေမယ့် ပထမဆုံးလုပ်ခဲ့တဲ့ အိမ်က ခြောက်လစာလခကိုမပေးပဲ လက်ဗလာနဲ့ပြန်လွှတ်လိုက်လို့ အိမ်အသစ်က အိမ်ရှင်မက နေ့တိုင်းလိုလို ဖုန်းဆက်ပြီး အကြွေးတောင်းပေးရတယ်လို့ပြောပါတယ်။

ဒီလိုအခက်အခဲက သာမာန်အခက်အခဲပါ နောက်ထပ် ဖိလစ်ပိုင်သူအိမ်ဖော်တစ်ယောက်ကတော့ အိမ်ပြန်တဲ့အချိန်မှာ အရိုးပေါ်အရေတင်ရုံသာ ကျန်တာမျိုး တနေ့ကို ၁၆ နာရီကနေ ၁၈ နာရီအထိ အလုပ်လုပ်ရပြီး စားဖို့သောက်ဖို့ကိုတော့ တခါတရံမှာ မုန်လာဥနီ ၂ လုံးသာ စားခွင့်ပြုတယ်လို့ဆိုပါတယ်။

ကျွန်မမျက်စိနဲ့ မြင်တွေ့ခဲ့ရတဲ့ အိမ်ဖော်မလေးတစ်ယောက်ကတော့ အီသီယိုးပီးယားသူလေး။ စိတ်ဖောက်ပြန်ပြီး သောင်းကျန်းနေလို့  လေဆိပ်ထွက်ခွာမှာ ရဲတွေရဲမေတွေဝိုင်းချုပ်ပြီး ဖမ်းခဲ့ရပါတယ် ...လေဆိပ်မှာပဲ ဆေးကုသပေးပြီး နောက် ၃ ရက်လောက်နေမှ သူ့ကို အိမ်ပြန်ဖို့ လေယာဉ်ပေါ်တင်ပေးလိုက်ကြပါတယ်။

လေဆိပ်မှာ မရိုးနိုင်အောင်တွေ့ရတာကတော့ မွေးကင်းစ ကလေးလေးတွေချီပြီး အိမ်ပြန်နေကြတဲ့ အိမ်ဖော်မလေးတွေပါ... တချို့ဖလိုက်တွေမှာ သုံးယောက်ကနေ လေးယောက်အထိ တွေ့ရတတ်ပါတယ်။

တခါတလေမှာလည်း လမ်းမလျှောက်နိုင်လို့ တွန်းလှည်းနဲ့တင်ပြီး အိမ်ပြန်ပို့ရတဲ့ အိမ်ဖော်မလေးတွေကို တွေ့ရတတ်ပါတယ်။ ခြေထောက်တွေ လက်တွေမှာ ပတ်တီးအဖွေးသားနဲ့ ဒုက္ခိတဖြစ်ပြီး အိမ်ပြန်ရသူတွေပေါ့။

တလောတုန်းက ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ကတော့ သီရိလင်္ကာ အိမ်ဖော်တစ်ယောက် အိမ်ပြန်ပြီးမှ အိမ်ရှင်ကို တရားစွဲဖို့ကြိုးစားတဲ့သတင်းတစ်ပုဒ်ရယ်ပါ။ သူမရဲ့ ခြေတွေ လက်တွေ နဖူးတွေထဲကို ရိုက်ထည့်ထားတဲ့ သံချောင်း စုစုပေါင်း ၂၄ ချောင်းကို ဓါတ်မှန်ပေါ်မှာတွေ့ခဲ့ရပြီး ဥပဒေလမ်းကြောင်းအရ သီရိလင်္ကာအစိုးရက တရားစွဲဖို့ ကြိုးစားတဲ့ သတင်းလေးပါ။

ဂူဂယ်ပေါ်မှာ အိမ်ဖော်ရယ်လို့ ရိုက်လိုက်တာနဲ့ မကြားဝံ့ မမြင်ဝံ့စရာ ဗီဒီယိုဖိုင်တွေ ကျလာပါတယ်။ အိမ်ဖော်တွေ နှိပ်စက်ညှင်းပန်းမှုနဲ့ ပက်သက်ပြီး ဖတ်စရာသတင်းတွေကလည်း အင်တာနက်တခွင်မှာ ပလူပျံနေတာပါ။

ဆော်ဒီမှာ နိုင်ငံတကာက အိမ်ဖော် တစ်သန်းခွဲလောက်ရှိပြီး သီရိလင်္ကာနိုင်ငံတစ်နိုင်ငံတည်းက ၃၇၅၀၀၀ ရှိပါတယ်။ အဲ့ဒီအရေအတွက်ထဲကမှ တနေ့ကို တစ်ယောက်မက သေဆုံးနေပြီး တလကို အိမ်ဖော် လေးဆယ်ခန့် သေဆုံးနေတဲ့ သတင်းကိုလဲ ဖြတ်ကနဲ တွေ့လိုက်မိပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လတည်းမှာ အိမ်ဖော်သုံးဦး မိမိကိုယ်မိမိ သတ်သေခဲ့ကြပါတယ် အင်ဒိုနီးရှားနိုင်ငံသူတစ်ဦးနဲ့ အီသီယိုးပီးယား နိုင်ငံသူတစ်ဦးပါပါတယ်။

အချို့အချို့သော အိမ်ဖော်အမျိုးသမီးလေးတွေဆီက မကြားဝံ့မနာသာ ဆင်းရဲဒုက္ခတွေကို ကြားခဲ့ဘူးပါတယ် အိမ်မှုကိစ္စထက်ပိုတဲ့ ဝန်ဆောင်မှုတွေပေးရတဲ့ အိမ်ဖော်တွေအတွက် ပြေးစရာမြေမရှိပါဘူး။

တခါတုန်းကလည်း လေဆိပ်ထွက်ခွာဌာနက သန့်စင်ခန်းတစ်ခုမှာ အီသီယိုးပီးယားသူလေးတစ်ယောက် ကြိုးဆွဲချပြီး သေကြောင်းကြံခဲ့တာကိုတွေ့ခဲ့ဘူးပါတယ်။

လေဆိပ်တွေရဲ့ အများသုံးသန့်စင်ခန်းတွေဟာ အမျိုးသမီးအိမ်ဖော်တွေရဲ့ ထွက်ပေါက်တွေဖြစ်မှန်းမသိဖြစ်နေခဲ့တာကြာပါပြီ။

ဒီနေရာမှာ အိမ်ရှင်တိုင်း မကောင်းဘူးရယ်လို့ မဆိုလိုပါဘူး။ ကျွန်မတွေ့ဘူးတဲ့ အိမ်ရှင်မလေးတစ်ယောက်ကတော့ သူမရဲ့ အိမ်ဖော် ခွင့်ပြန်ပြီး ပြန်လာတိုင်း ပန်းတစ်စည်း ချောကလက်တစ်ဘူးနဲ့ လေဆိပ်မှာ ကြိုလေ့ရှိသူမျိုးပါ....

ကျွန်မသူငယ်ချင်းခေါ်ထားတဲ့ ကလေးထိန်းတွေဆိုရင်လည်း အိမ်မှာ လူကြီးတွေမရှိတော့ဘူးဆိုတာနဲ့ ကလေးကိုပစ်ထားပြီး တီဗီရှေ့မှာ ငြိမ့်နေတတ်သူတွေပါ။

ဒါပေမယ့် အပေးအယူညီတူမျှတတဲ့ အိမ်ရှင်နဲ့ အိမ်ဖော်ဆိုတာ တစ်ရာမှာ တစ်ယောက်ပဲ ရှိနိုင်ပါတယ်။

ကိုယ့်လူမျိုး ကိုယ့်သွေးသားရယ်လို့ မဟုတ်ပေမယ့် ညှိုးငယ်တဲ့ မျက်ဝန်းတွေနဲ့ အိမ်ပြန်သွားကြသူတွေကိုမြင်ရလေတိုင်း စိတ်မချမ်းမသာဖြစ်ရပါတယ်။ ကျွန်မတို့ လူမျိုးတွေကို ကျွန်မ မြင်နေတွေ့နေရတဲ့ အဖြစ်ဆိုးတွေမကြုံရအောင်လဲ အကြိမ်ကြိမ်ဆုတောင်းမိပါတယ်။

မြန်မာလူမျိုးနဲ့ အခြားလူမျိုးတွေကြားမှာ အဓိက ကွာခြားချက်က ဘာသာစကား အားနည်းချက်ပါ။ ဖိလစ်ပိုင်သူ အိမ်ဖော်တွေဟာ အင်္ဂလိပ်စကားကို ရေရေလည်လည်ပြောနိုင်ပါတယ် ။ အခက်အခဲကြုံတိုင်း ဘယ်သူနဲ့တွေ့ပြီး ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိကြပါတယ်။ ဒီလို ဘာသာစကားအခက်အခဲ မရှိ သတ္တိအပြည့်နဲ့ အိမ်ဖော်တွေတောင် မကြာခဏ ဒုက္ခတွေ့ကြပါတယ်။

ဟောင်ကောင်ရောက် အိမ်ဖော်တွေနဲ့ ပက်သက်လို့ ဟောင်ကောင်သံရုံးက ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဒီလို ပြောပါတယ်.. "[The move] will also help reduce the unemployment rate in Myanmar, as well as illegal migration of workers to neighbouring countries."
သူဘာရည်ရွယ်ချက်နဲ့ ဒီလိုပြောသလဲဆိုတာ ကျွန်မ စဉ်းစားလို့မရခဲ့ပါဘူး။

လူဦးရေ သန်းခြောက်ဆယ်ကျော်ထဲက ရာဂဏန်း ထောင်ဂဏန်းလောက်သော မြန်မာ အမျိုးသမီးတွေကို အခြားနိုင်ငံမှာ အိမ်ဖော်လုပ်ဖို့ တရားဝင်ခွင့်ပြုခဲ့တာ အလုပ်လက်မဲ့လူဦးရေ လျော့ကျအောင် တရားမဝင် နိုင်ငံခြားလုပ်သား လျော့ကျအောင် ကူညီပေးခြင်းတစ်မျိုးရယ်လို့ ပြောရက်သူကို ခြေပဖို့စကားလုံးတွေ ပျောက်ဆုံးသွားတဲ့အထိ အံ့သြနေဆဲပါ။

နိုင်ငံတကာ သတင်းစာတွေမှာ အခုလို သတင်းတွေ အတိအကျဖော်ပြလာပြီဆိုမှ အိမ်ဖော်မပို့ပါနဲ့လို့ တားဖို့အချိန်မရှိတော့ပါဘူး။

ဒီနှစ်ထဲမှာ သက်ဆိုင်ရာက အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးပေးနိုင်လို့ ပြည်ပကို အိမ်ဖော်သွားလုပ်ရသူ ၂၀၀ ရင်ဆိုင်ရမယ့် အခက်အခဲတွေ ဖြေရှင်းပေးဖို့ အခြားနိုင်ငံတွေလို မိမိနိုင်ငံသားဘက်က မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးဖို့ ပြောရေးဆိုခွင့်ရှိသူတွေ ကြိုတင်ပြင်ဆင်နိုင်ကြပါစေလို့သာ ဆုတောင်းမိပါတယ်။

အင်ဒိုနီးရှားနိုင်ငံကတော့ နိုင်ငံတကာကို အိမ်ဖော်တွေပို့နေခဲ့ပေမယ့် ၂၀၁၇ မှာတော့ အိမ်ဖော်တွေပို့တာကို ရပ်တော့မယ်လို့ဆိုပါတယ်။

http://www.scmp.com/news/hong-kong/article/1433980/pictures-first-domestic-workers-myanmar-arrive-hong-kong-amid




11 comments:

သူကြီးမင်း (တုံးဖလား) said...

ဘယ်တတ်နိုင်မလဲ မနှင်းရေ။ အကြောင်းကံက သူတို့ကို ဒီလို ဖန်လာတာဘဲကို။ သူတို့ဘ၀ သူတို့ပျော်ကြပြီး ဘေးကင်းရန်ကွာကြပါစေလို့ဘဲ ဆုတောင်းပေးရတော့မှာပေါ့။

Aunty Tint said...

ဖတ်ရတာစိတ်မချမ်းသာပေမယ့် လက်ရှိဘ၀ရဲ့ ၀မ်းစာအတွက် ရှာဖွေရပေအုံးမပေါ့ စနိုးရယ်... ကံတရားလေး မျက်နှာသာပေးဘို့ ဆုတောင်းပေးရမှာပေါ့နော်....

မေတ္တာဖြင့်
တီတင့်

Yin Myo Kaung said...
This comment has been removed by the author.
အမ်တီအန် said...

စိတ်မကောင်းဘူး နှင်းရေ...
အစ်မသိသလောက်ကတော့ အိမ်ရှင်အတော်များများက အိမ်ဖော်ဆိုရင် အဆင့်အတန်းကို ခွဲပြီး ဆက်ဆံကြတယ်။ စိတ်သဘောထားပြည့်ဝတဲ့ အိမ်မျိုးကျတော့လဲ ဆိုးတဲ့အိမ်ဖော်က ရှိပြန်ရော။ အခြေခံ လူ့စိတ်က ပိုအရေးကြီးမယ်ထင်တာပဲရယ်။ စာနာစိတ်လေးတွေထားရင် အပြန်အလှန် အဆင်ပြေနိုင်ကြမှာကိုးနော်။ သက်ဆိုင်ရာက မြန်မာမိန်းကလေးတွေကို ပြည်ပမှာ အိမ်ဖော်သွားလုပ်ကြမှာထက် ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းလေးတွေ ဖန်တီးပေးနိုင်ရင် သိပ်ကောင်းမှာ..။

blackroze said...

အဲလိုသတင်းတွေကြားရတိုင်း ဒေါသထွက်ရတယ်အမရာ..
တချို့သော သူတွေကလည်း နိုင်ငံခြားဆိုတာနဲ့
ချက်ချင်းရွှေ ဖြစ်ငွေဖြစ် ကြတယ် နေရာလို့ ထင်နေတာခက်တယ်..

Yin Myo Kaung said...
This comment has been removed by the author.
Yin Myo Kaung said...

Dear Hninn,
I am very saddened by the news that our Burmese girls have become housekeepers in an unfamiliar land. I have heard of those stories before and always hope that it will never happen to us. Extreme poverty is the center piece of a push factor for them to work as housekeepers. I do not blame them for taking the job. It shows that even though they face material poverty, they don't lose their character poverty to stand up on their own feet by taking whatever jobs available to them. I would like to wish them well and pray for their safe return. Thank you for sharing the story with us.
Regards,
Yin

မြတ်ပန်းနွယ် (Myat Pan Nwe) said...

လူသားအချင်းချင်း ကိုယ်ချင်းစာတရားလေးတွေ လက်ကိုင်ထားကြမယ်ဆို သိပ်ပြီး ကောင်းမှာပါ နှင်းရယ်။ ခုတော့ ဝမ်းရေးက ပိုခက်လေတော့ တို့ဆီက မြန်မာအမျိုးသမီးလေးတွေမှာ စွန့်စားရတော့တာပေါ့။

သက်ဝေ said...

ဒီမှာလည်း များလာတယ် ဟိုဟိုဒီဒီသွားရင် တွေ့ရတယ်... ကလေးလှည်းလေးတွေ ဈေးဝယ်လှည်းလေးတွေ တွန်းလို့... တလောက သတင်းမှာ ကြားလိုက်တာ မြန်မာပြည်ကလည်း အိမ်ဖေါ်တွေကို G to G (Government to Government) တရားဝင် ပို့တော့မယ်တဲ့... တော်တော်စိတ်မကောင်းဖြစ်မိတယ်... ကိုယ့်မြန်မာ မိန်းကလေးတွေကို အဲဒီလို အဖြစ်မျိုးမရောက်စေချင်ဘူး...

mysterysnow said...

အခုလို ဘလော့ဂါတွေ ဘလော့လေးပေါ်မှာ ပြန်တွေ့ရလို့ ဝမ်းလဲသာပါတယ် ကောမန့်လေးတွေအတွက်လည်း ကျေးဇူးပါနော်။။

ချစ်သော
နှင်း

Unknown said...

စိတ်မကောင်းဘူး အမရေ...။
ဒါမဲ့ ကိုယ်တွေကလည်း ဘာမှမကူနိုင်၊ မတတ်နိုင်၊ ကိုယ်တွေတောင် ခက်ခက်ခဲခဲ ရုန်းနေရတော့... သူတို့ဘဝတွေ အလင်းရောင်ကောင်းစွာ ရပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပါပဲ အမ။

ချစ်ခင်လေးစားစွာဖြင့်
ဂျွန်မိုး

My Blog List