အားနာတတ်သူများ


ကျွန်မတို့ မြန်မာလူမျိုးတွေ ဘယ်နေရာကိုပဲရောက်ရောက် ဧည့်သည်နဲ့ အိမ်ရှင်ကြားမှာ မိတ်ဆွေတွေကြားမှာ အများဆုံးကြားရတတ်တဲ့ စကားစုလေးကတော့ " အားနာလိုက်တာ"... "အားမနာပါနဲ့ "..ဆိုတဲ့ စကားစုလေးတွေပါ။

 တကယ်တော့ အားနာပါတယ် အားမနာနဲ့ ဆိုတဲ့ စကားလုံးတွေကို ဘယ်နိုင်ငံ ဘယ်လူမျိုးကမှ မသုံးစွဲကြသလို အားနာတဲ့ အလေ့အထကိုလဲ ကမ္ဘာပေါ်မှာ မြန်မာလူမျိုးတစ်မျိုးတည်းမှာပဲ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အားနာစိတ်တွေကြီးလွန်းတဲ့ မြန်မာလူမျိုးတွေကတော့ အားမနာတတ်တဲ့လူမျိုးတွေကို ယဉ်ကျေးမှုမရှိတဲ့ လူမျိုးရယ်လို့ သတ်မှတ်ချင်ကြပါသေးတယ်။ တကယ်တော့ အားနာခြင်း အားမနာခြင်း ဆိုတာ ယဉ်ကျေးမှုရှိခြင်း မရှိခြင်းနဲ့ မဆိုင်လှပါဘူး။ ဒီလိုပဲ လူ့ကျင့်ဝတ်ကို စောင့်သိခြင်း မသိခြင်းဆိုတဲ့နေရာမှာလဲ အားနာခြင်း အားမနာခြင်းကို မဆီမဆိုင်ဆွဲထည့်ချင်ကြပါသေးတယ်။

ဒါ့ကြောင့်လည်း မြန်မာလူမျိုးမှန်ရင် ဘယ်နိုင်ငံကိုပဲ ရောက်ရောက် ဘယ်အရပ်ဒေသမှာပဲ နေနေ အားနာခြင်း အားမနာခြင်းနဲ့ စောင့်စည်းအပ်သော လူ့ကျင့်ဝတ်ဆိုတာကို ခွဲခွဲခြားခြား သိမြင်ပိုင်းခြားတတ်စေချင်ပါတယ်။
ကျွန်မမြန်မာပြည်နဲ့ ဝေးနေတဲ့ အချိန်တွေမှာ မြန်မာမဟုတ်တဲ့ မိတ်ဆွေတွေဆီက အများဆုံးသင်ယူမိတဲ့ အလေ့အကျင့်က အားမနာတတ်တဲ့ အလေ့အကျင့်ပါပဲ။  ဘယ်လောက်ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်းပဲဖြစ်ဖြစ် နောက်ဆုံး အရင်းနှီးဆုံး လင်မယားတွေကြားမှာတောင် ဘယ်နေရာမှာမှ အားနာတဲ့ စကားလုံး အားနာတဲ့ အရိပ်အယောင်မတွေ့ရပါဘူး။

စားသောက်ဆိုင်တွေသွားရင် ကိုယ်စားတာကိုယ်ရှင်းတဲ့ အလေ့အကျင့် တက္ကစီကားစပ်တူငှားစီးရင် ကျသင့်ငွေကို အချိုးကျ ပေးရတဲ့ အကျင့်တွေအပြင် ကိုယ်မနှစ်သက်တဲ့သူတစ်ယောက်ကို မနှစ်သက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပစ်တတ်တဲ့ အကျင့်တွေကို သင်ယူစမှာတော့ မြန်မာပီပီ အားနာမိပါသေးတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ အားမနာတတ်တဲ့သူတွေကြားမှာ နေသားကျလာချိန်မှာတော့ ကိုယ်တိုင်က အားနာတဲ့ အလေ့အကျင့်ကို ကြိုးစားပြီး မေ့ပစ်ရပါတယ်။

ဒီနိုင်ငံမှာ မြန်မာလူမျိုးတွေ အလုပ်ကြိုးစားတယ် သူများတွေနဲ့ယှဉ်ရင် မြန်မာတွေက အလုပ်ပိုလုပ်နိုင်တယ် အမိန့်နာခံတယ် ရိုကျိုးတယ် အလုပ်ကို လေးစားမှုရှိတယ်ရယ်လို့ နာမည်ကြီးပါတယ်။ မြန်မာတွေ အလုပ်ကို အလုပ်နဲ့တူအောင် ကြိုးစားလုပ်ကြတဲ့ အချိန်မှာ မြန်မာတွေနဲ့တွဲပြီး အလုပ်လုပ်ရတဲ့ လူမျိုးခြားတွေက ခိုကပ်လာပါတယ်။ ရာထူးတူတူခြင်းကို လုပ်စရာရှိရင် မြန်မာတွေကို လုပ်ခိုင်းပြီး ရစရာရှိရင် သူတို့ယူပြီး ခေါင်းပုံဖြတ်လာကြပါတယ် အနိုင်ကျင့် ဗိုလ်ကျချင်ကြပါတယ်။ အဲလိုအဖြစ်သနစ်တွေကို မကြာမကြာ ကြားလာရချိန်မှာ သဘောပေါက်မိတဲ့ အချက်ကတော့ မြန်မာတွေရဲ့ အားနာတတ်တဲ့စိတ်ဟာ သူတပါးအနိုင်ကျင့်ချင်စရာ အငုံ့စိတ်ဖြစ်နေတယ်ဆိုတဲ့ အချက်လေးပါပဲ။

ဒါကြောင့်လည်း နောက်ပိုင်းမှာ ရောက်လာတဲ့ ကလေးတွေကို တွေ့တိုင်း ဘယ်သူ့ကိုမှ အားမနာနဲ့ ဘယ်လိုနေရာမျိုးမှာမှ အားမနာနဲ့ ကိုယ်က အားနာပြီး ပိုလုပ်လို့လဲ လခပိုမရဘူး။ သူများတွေ ဘယ်လိုလုပ်လဲ ဘယ်လို ကျင့်ကြံသလဲဆိုတာကိုကြည့်။ ကိုယ့်တာဝန်ကလွဲပြီး အပိုတာဝန်တွေမယူနဲ့ ဘယ်သူ့ကိုမှ မကူညီနဲ့ အားနာစိတ်ကို မေ့ပစ်လိုက်ဆိုပြီး ပြောဖြစ်ပါတယ်။

ကျွန်မနဲ့ ခင်မင်တဲ့ မိတ်ဆွေနှစ်ယောက်ရှိပါတယ်။ သူတို့ နှစ်ယောက်လုံးက တချိန်လုံး တတွဲတွဲနဲ့ အရမ်းကို ချစ်ကြပါတယ် စည်းလုံးကြပါတယ်။ သူတို့နှစ်ယောက်လုံးက ကျွန်မရဲ့ ဖေ့ဘုတ်ထဲမှာ မိတ်ဆွေတွေပါ။ ဒါပေမယ့် ထူးခြားတာက သူတို့နှစ်ယောက် ဖေ့ဘုတ်မှာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေဖွဲ့မထားပါဘူး.... တစ်ယောက်ကပြောပါတယ်... "သူက သူ့ဖေ့ဘုတ်မှာ စိတ်ထဲရှိတာတွေ လွတ်လွတ်လပ်လပ် ရေးတတ်တင်တတ်တဲ့သူ ငါ့ဖေ့ဘုတ်ထဲမှာက ငါ့မိသားစုဝင်တွေရှိတယ် အဲတော့ သူ့ကို သူငယ်ချင်းအဖြစ်လက်မခံထားဘူး...." နောက်တစ်ယောက်ကလဲပြောပါတယ် "ငါ့ဖေ့ဘုတ်ထဲမှာ သူမရှိဘူး ဒါပေမယ့် အပြင်မှာတော့ ငါတို့က အသက်ပေးပြီး ချစ်ကြတယ်လို့ဆိုပါတယ်။" ဒါဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ လွပ်လပ်ခွင့်တွေထဲမှာ အားနာခြင်းမရှိတဲ့ လက္ခဏာတစ်ရပ်ပါ။

ကျွန်မတို့ မြန်မာလူမျိုးအများစုက မိတ်ဆွေရယ်လို့ ဖြစ်လာရင် စိမ်းစိမ်းကျက်ကျက် အားနာသမှုနဲ့ အရာရာကို ထည့်သွင်းစဉ်းစားတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း မြန်မာတွေရဲ့ မင်္ဂလာပွဲတွေမှာဟိုလူကိုတော့ ဖြင့် မဖိတ်ရင် ရိုင်းရာကျတော့မယ် သည်လူကတော့ဖြင့် ဖိတ်သင့်တယ်ဆိုပြီး လူလေးငါးရာလောက် ဖိတ်ကြားရတဲ့ အစဉ်အလာဖြစ်ခဲ့တာပါ။ ဖိတ်စာလက်ခံရရှိတဲ့သူတွေကလည်း ငါ့ကိုတော့ဖြင့် တကန်တက ဖိတ်ရှာတယ် လူမသွားနိုင်သည့်တိုင်အောင် အားနာသမှုနဲ့ လက်ဖွဲ့လေးပို့မှဖြစ်မှာလို့ တွက်ကြပါတယ်။ လူမျိုးခြားတွေမှာကတော့ မိသားစုနဲ့ သက်ဆိုင်တဲ့ ပွဲတွေမှာ မိတ်ဆွေသူငယ်ချင်းတွေကို ဘယ်တုန်းကမှ ထည့်မတွက်ကြပါဘူး။ မင်္ဂလာပွဲတွေဆိုရင်လည်း အင်မတန် ရင်းခြာလှတဲ့ ဆွေရင်းမျိုးရင်းတွေနဲ့သာ ကျင်းပကြတာပါ။

အားနာရတဲ့ ကိစ္စတွေကို ကျွန်မ မိတ်ဆွေတစ်ယောက်နဲ့ မကြာမကြာပြောဖြစ်ပါတယ်။ သူက ရန်ကုန်နဲ့ ဒူဘိုင်းကို တစ်လတစ်ကြိမ်သွားနေရသူမို့ ဒူဘိုင်းရန်ကုန် လူကြုံပစ္စည်းအများဆုံး သယ်ပေးရသူပါ။ လေယာဉ်ပျံနဲ့သွားရတဲ့ ခရီးတစ်ခုအတွက် လူကြုံထည့်ပေးတဲ့သူတွေက ပစ္စည်းတွေကို အားမနာ ပါးမနာ ထည့်ပေးတဲ့အကြောင်းပြောပြတတ်ပေမယ့် နောက်ဆုံးတော့သူကိုယ်တိုင်က အားနာစိတ်နဲ့ မသယ်ပေးပဲ မနေနိုင်သူပါ။

တခါမှာတော့ လူကြုံပေးမယ့်သူက မနက်စောစောမှာ ဈေးဝယ်ခြင်းတစ်လုံးနဲ့အပြည့် စားစရာတွေသယ်လာပြီး ဒူဘိုင်းကိုသယ်သွားပေးဖို့ပြောပါတယ်။ နို့မှုန့်ဘူးကြီး နှစ်လုံးအပြည့်ထည့်ထားတဲ့ အကြော်အလှော်တွေနဲ့ အခြားအိတ်တွေနဲ့ ထည့်ထားတဲ့ စားစရာတွေက ခြင်းနဲ့ တစ်လုံးလို့ဆိုပါတယ်။ ခရီးသည်တစ်ဦးချင်းအတွက် သတ်မှတ်အလေးချိန်သာ သယ်ယူခွင့်ရှိတဲ့ လေယာဉ်ခရီးစဉ်တွေအကြောင်းကို နိုင်ငံခြားရောက်နေသူတွေရဲ့ မိသားစုဝင်တွေ အသိဆုံးပါ။ တခါတလေမှာလည်း ပြန်ပြောပြဖို့တော်တော်ခက်တဲ့ အဝတ်ဟောင်းအစားဟောင်းတွေကို အသွားအပြန်သယ်ခိုင်းတတ်သူတွေလည်းရှိပါသေးတယ်။ အားမနာ ပါးမနာ လူကြုံပါးသူတွေကို အားနာပြီး သယ်ပေးသူသာလျှင် မကြာခဏ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ကျွန်မမိတ်ဆွေကတော့ ခြောက်နှစ်ကျော်နိုင်ငံခြားအတွေ့အကြုံရှိနေပေမယ့်  နိုးလို့ပြောရမှာ ဝန်လေးသူ မြန်မာပီပီ အားနာတတ်လွန်းသူမို့ ခုချိန်ထိ ဒူဘိုင်းရန်ကုန်ခရီးစဉ်မှာ အမျိုးမျိုးသော လူကြုံပစ္စည်းသယ်ပေးနေတုန်းပါ။

လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ကျွန်မ မြန်မာပြည်ကို ခဏပြန်ဖြစ်ပါတယ်။ ရန်ကုန်မှာနေတဲ့ကာလတုန်းကတော့ အခက်အခဲမရှိပါဘူး။ မြိတ်ကိုသွားလည်ပြီးအပြန်မှာ လေယာဉ်လက်မှတ်အဆင်မပြေတဲ့အတွက် Express နဲ့ပြန်လာပါတယ် ကားပေါ်ကို စတက်တော့ ခုံနံပါတ် ၁ ကိုရပါတယ်။ မြိတ်ကနေ ရန်ကုန်ကို အရောက် နာရီ ၃၀ လောက်စီးရမယ့်ခရီးမို့ ဘေးကခုံမှာ မိန်းကလေးတစ်ယောက်ရောက်လာရင်ကောင်းမယ်လို့ မျှော်မိပါတယ်။ တကယ်တမ်းရောက်လာတာက အသက်၅၀ ကျော်လောက်လူကြီးတစ်ယောက်မို့ စိတ်ပျက်မိပါတယ်။

ကားစပါယ်ယာကိုခေါ်ပြီး နေရာပြောင်းခိုင်းဖို့ စိတ်ထဲက အကြိမ်ကြိမ် ပြင်ဆင်မိပေမယ့် ဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့လူကြီးကို မသိစိတ်ကအားနာစိတ်နဲ့ စကားလုံးတွေပြန်မြိုချမိတာ အကြိမ်ကြိမ်ပါ။ ကျွန်မလက်ရှိအလုပ်လုပ်နေတဲ့ အာရပ်တိုင်းပြည်မှာ ရထားပဲစီးစီး ကားပဲစီးစီး မိန်းကလေးသီးသန့်တွဲတွေ မိန်းကလေးသီးသန့်ခုံတွေမှာ စီးနေကျမို့ အများပြည်သူသုံး ဘတ်စ်တွေရထားတွေစီးတိုင်း စိတ်သောက မရှိခဲ့ပါဘူး။

ခုနစ်နှစ်လောက်နီးပါး မိန်းကလေးသီးသန့် ရထားတွေ ကားတွေနဲ့ ယဉ်ပါးနေခဲ့တာမို့ ပထမဆုံးအကြိမ် နာရီ ၃၀ လောက်သွားရမယ့်ခရီးမှာ သူစိမ်းအမျိုးသားတစ်ယောက် အနားမှာရှိနေခဲ့တာကို စိတ်တိုင်းမကျခဲ့တာ အမှန်ပါ။ ပိုဆိုးတာက ဘေးကလူက လမ်းမှာတောက်လျောက် ဖျားလာပါတယ်။ တလမ်းလုံး ချောင်းတွေ တဟွတ်ဟွတ် ဆိုးနေသလို သူ့ကိုယ်က ပရုပ်ဆီနံ့တွေ ဆေးနံ့တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ညရောက်လို့ သူအိပ်တဲ့အချိန်မှာလဲ ဟောက်ခံကျယ်ကျယ်ထွက်နေတာမို့ စိတ်မသက်မသာဖြစ်ရပြန်ပါတယ်။ အဆိုးဆုံးကတော့ ကွမ်းကို အဆက်မပြတ်ဝါးပြီး သူ့လက်ထဲမှာ ကိုင်ထားတဲ့ကျွတ်ကျွတ်အိတ်ထဲကို ကွမ်းသွေး တပျစ်ပျစ်ထွေးနေတဲ့အချိန်တွေမှာ အသက်ရှုအောင့်ထားရတဲ့အထိ ဆိုးဆိုးရွားရွား စိတ်ပျက်ရတာပါ။ အဲဒီကျွတ်ကျွတ်အိတ်က ထွက်လာတဲ့ အနံ့အသက်ကလဲ တော်တော်ကို ဆိုးရွားလွန်းပါတယ်။

တကယ်တော့ တလမ်းလုံး ကျွန်မသူ့ကို စကားမပြောခဲ့ပါဘူး။ ထားဝယ်မြို့က ထွက်လို့ ကျွန်မဖုန်းပြောမိတဲ့ အချိန်မှာမှ သူက ကျွန်မကို မြန်မာလူမျိုး မြန်မာစကားပြောတဲ့သူလားလို့ ခွကျကျ မေးလာလို့ ဟုတ်ကဲ့ ဆိုတဲ့ တစ်ခွန်းပဲ ပြန်ပြောဖြစ်ပါတယ်။ တကယ်တော့ ကျွန်မရဲ့ အားနာမှု လူကြီးတစ်ယောက်အပေါ်ထားမိတဲ့ ဂါရဝတရားနဲ့ ရိုင်းပြမှာစိုးတဲ့ စိတ်တစ်ခုက ကျွန်မကို နာရီ ၃၀ လုံးလုံး တနုံ့နုံ့နဲ့ ဒုက္ခပေးခဲ့တာပါ။

တကယ်လို့သာ ကားမထွက်ခင်တည်းကအားမနာပဲ နေရာပြောင်းပေးဖို့ ပြောမိခဲ့မယ်ဆိုရင် နာရီ ၃၀ကြာအောင် ခံစားရတဲ့ စိတ်ဒုက္ခက ကင်းလွတ်ခွင့်ရမှာပါ။ ဒါပေမယ့် ဘယ်နေရာကိုပဲရောက်ရောက် နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရာမှာ ဘယ်လောက်ပဲ အားမနာဘူးပြောပြော မြန်မာပီပီ မြန်မာ့မြေကိုရောက်တဲ့အချိန်မှာ အရိုးစွဲနေတဲ့ အားနာစိတ်ကို မဖျောက်နိုင်ခဲ့ပါဘူး။
မြန်မာပြည်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ဆီးဂိမ်းပွဲကြီးမှာတော့ ကျွန်မထက် အားနာတတ်သူတစ်ဦးကို အရှင်လတ်လတ်တွေ့ခွင့်ရလိုက်ပါသေးတယ်။ ကျွန်မရဲ့ အားနာမှုက နာရီ ၃၀ သာ စိတ်ဒုက္ခဖြစ်ခဲ့ရတာပါ။ သူ့ရဲ့ အားနာမှုကတော့ သူ့အတွက် ဘယ်လောက်အထိ ဆိုးကျိုးဖြစ်သွားခဲ့လဲဆိုတာ ကျွန်မ မှန်းဆလို့ မရနိုင်သေးပါဘူး။

အမျိုးသားကရာတေးဒိုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုယူပေးခဲ့တဲ့ အားကစားသမားအေးချမ်းနိုင်ရဲ့ ဗွီဒီယိုဖိုင်လေးကို ကျွန်မလိုပဲ ကြည့်ခွင့်ရသူတွေရှိမှာပါ။ နောက်ဆုံးပြိုင်တဲ့ပွဲမှာ ပွဲပြီးကာနီး သူနာနေလို့ ဒိုင်က ခဏအနားပေးလို့  ဒူးနှစ်ဘက်ပေါ်လက်ထောက်ပြီး ခပ်ကိုင်းကိုင်းလေး နားနေတဲ့ အေးချမ်းနိုင်ကို ပြိုင်ဘက် အင်ဒိုနီးရှား အားကစားသမားက ( ဒိုင်ပွဲရပ်ထားတာကို မသိပဲ နိုင်လိုဇောနဲ့) ပြေးကန်ပါတယ်။ သူ့ကန်ချက်က တော်တော်ပြင်းတဲ့အတွက် အေးချမ်းနိုင်ရဲ့ ဘယ်ဘက်အဆုတ်ကွာထွက်ပီး ခန္ဓာကိုယ်ထဲမှာ သွေးယိုသွားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံတော်အတွက် ရွှေတံဆိပ်ယူပေးလိုတဲ့ စိတ်နဲ့ နောက်ဆုံးအချိန်ထိ အနာခံပြီး ပြိုင်ခဲ့တဲ့အတွက် အေးချမ်းနိုင် ရွှေတံဆိပ်ဆုရခဲ့ပါတယ်။

ဆုယူနေတဲ့အချိန် နိုင်ငံတော်သီချင်းဖွင့်တဲ့အချိန်မှာ သူငိုနေခဲ့တာကို ဗီဒီယိုဖိုင်ထဲမှာ လူတိုင်းတွေ့ပါတယ်။ တကယ်က ရွှေတံဆိပ်ရလို့ပျော်လို့ငိုနေတာမျိုးမဟုတ်ပဲ မချိမဆံ့နာကျင်တဲ့ဒဏ်ကြောင့် အသံမထွက်ပဲ ငိုနေခဲ့တာဆိုတာ သေသေချာချာ ကြည့်မိတဲ့သူတွေ သိကြပါတယ်။သူနာကျင်လွန်းတာကိုသိနေပေမယ့် အကန်ခံရတဲ့ အတွက်သူ့ခန္ဓာကိုယ်ထဲမှာ ကလီစာတွေ ဘာဖြစ်သွားခဲ့တယ်ဆိုတာ သူတွက်ဆမိပုံမရပါဘူး။ သူအကန်ခံရတဲ့ အချိန်ကစလို့ မချိမဆံ့နာနေပေမယ့် သူ့ပရိတ်သတ်ကို သူအားနာတယ် သူ့အဖွဲ့အစည်း သူ့ကစားဖော်တွေ သူ့ဆရာသမားတွေကိုအားနာတယ် သူ့ပါတ်ဝန်းကျင်ကိုအားနာတယ်။

အားနာလွန်းတဲ့စိတ်နဲ့ ဝေဒနာကိုအောင့်ခံပြီးထိုင်နေခဲ့တာ ငါးနာရီလောက်ကြာခဲ့ပါတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမခံနိုင်လို့ ထုတ်ပြောတော့မှ သူ့ကို ဆေးရုံပို့ခဲ့ကြပါတယ် ( ဆေးရုံကိုပို့ခဲ့တဲ့အချိန်ဟာ သူအကန်ခံရပြီး ငါးနာရီတိတိကြာမှပါ)။  သူ့ရဲ့အားနာတတ်ပုံက ဘယ်သူ့ကိုမှမထိခိုက်ပေမယ့် ကာယကံရှင်ကိုတော့ ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ပြောလို့ရပါတယ်။ သူ့ရဲပြိုင်ဘက် အင်ဒိုနီးရှားအားကစားသမားကတော့ ဆေးရုံအထိလိုက်ပြီး အားပေးခဲ့သလို အနိုင်ရလိုဇောနဲ့ ပွဲနားနေတာကို မသိပဲ ပြေးကန်မိတာလို့လဲ တောင်းပန်ခဲ့တယ်လို့ပြောကြပါတယ်။

ဟုတ်ပါတယ် ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ယဉ်ကျေးတဲ့ လူမျိုး နေရာတကာ အားနာတတ်တဲ့လူမျိုး သူတပါးကို ကူညီချင်စိတ်ရှိလွန်းတဲ့ သဒ္ဓါတရား ထက်သန်လွန်းတဲ့လူမျိုးပါ။ ဒါတွေဟာ ဂုဏ်ယူချင်စရာကောင်းတာလည်းမှန်ပါတယ်။
ဒါပေမယ့် သူတပါးကို အားနာမိခြင်းရဲ့ နောက်ကွယ်မှာ ကျွန်မတို့ ခံစားခဲ့ရတဲ့ ထိခိုက်နစ်နာမှုတွေကို ပြန်ဆန်းစစ်ကြည့်ဖို့တော့ လိုပါလိမ့်မယ်။ အားနာမှုရဲ့ နောက်ကွယ်က ဆိုးကျိုးတွေကို ကျွန်မကိုယ်တိုင် မကြာခဏ ခံစားခဲ့ရပါတယ်။ အားကစားသမား အေးချမ်းနိုင်လည်း ခံစားနေရပါတယ်။ ကျွန်မသူငယ်ချင်းတွေလည်း မကြာခဏဆိုသလို ခံစားနေရပါတယ်။ ကျွန်မ မသိမမြင်နိုင်တဲ့ မြန်မာလူမျိုးတော်တော်များများလည်း ခံစားဘူးကြမှာသေချာပါတယ်။

မြန်မာလူမျိုးမှန်ရင် တဘက်သားကို အားမနာတတ်တဲ့သူ အားမနာဘူးတဲ့သူမရှိတာ သေချာပါတယ်။ ဒါပေမယ့် အရိုးစွဲနေတဲ့ အားနာစိတ်တွေကို သူ့နောက်ကွယ်က ရလာမယ့် ကောင်းကျိုး ဆိုးကျိုးတွေနဲ့ ယှဉ်ပြီး ခွဲခြမ်းစိတ်ဖြာတတ်ဖို့တော့ လိုမယ်ထင်ပါတယ်။

နိုင်ငံနဲ့လူမျိုးနဲ့ချီပြီး အရိုးစွဲနေတဲ့ အကျင့်တစ်ခုကို လုံးဝ ပြုပြင်ပြောင်းလဲပစ်ဖို့ မလွယ်ပါဘူး ဖြစ်နိုင်ချေလည်း အင်မတန်နည်းပါတယ်။ ဒါ့ကြောင့် အားနာကြပါ ဒါပေမယ့် စဉ်းစားချင့်ချိန်ပြီး ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် ခပ်ပါးပါးလေးသာ အားနာစိတ်မွေးပါလို့။

1 comments:

NSA said...

အေးချမ်းနိုင်ရဲ့ အဖြစ်ကို ခုမှ သိရတယ်..စိတ်မကောင်းလိုက်တာ ..။

My Blog List